ဝါရှင်တန်၊ ဂျော့ချ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျော့ချ် ဝါရှင်တန်
George Washington
ဂျော့ချ် ဝါရှင်တန်ပုံ ပန်းချီကား


မွေးနေ့ ၂၂၊ ဖေဖော်ဝါရီ၊၁၇၃၂
မွေးရပ် ဝိတ်ခ်ဖီးလ် ဗာဂျီးနီးယားပြည်နယ်
ကွယ်လွန်နေ့ ၁၄၊ ဒီဇင်ဘာ၊ ၁၇၉၉
ကွယ်လွန်ရပ် ဝိတ်ခ်ဖီးလ် ဗာဂျီးနီးယားပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတ
အလုပ်အကိုင် လယ်ပိုင်ရှင်၊ စစ်ဗိုလ်ချုပ်၊ အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၃၀၊ ဧပြီ၊ ၁၇၈၉ - ၄၊ မတ်၊ ၁၇၉၇
ဒုတိယ သမ္မတ ဂျွန် အာဒမ်းဇ်
ဆက်ခံသူ ဂျွန် အာဒမ်းဇ်
နိုင်ငံသား အမေရိကန် နိုင်ငံ

ဝါရှင်တန်, ဂျော့(ခရစ် ၁၇၃၂-၁၇၉၉)[ပြင်​ဆင်​ရန်​]

ဂျော့ဝါရှင်တန် သည် အမေရိကန်ပြည်ထောင်စု၏ ပထမဦးဆုံး သမ္မတဖြစ်သည်။ အမေရိကန် ပြည်သူလူထုကလည်းကောင်း၊ အခြားတိုင်းတစ်ပါး တို့ကလည်းကောင်း ဂျော့ဝါရှင်တန်ကို 'အမေရိကန်နိုင်၏ ဖခင်'ဟူသော ဘွဲ့အမည်ဖြင့် ကင်ပွန်း တပ်ခေါ်လေ့ရှိကြသည်။ စင်စစ်အားဖြင့် ဝါရှင်တန်သည် ဖခင်ကောင်း တစ်ဦးက မိမိ၏သားကို ပြုစုစောင့်ရှောက်သည့်နည်းတူ သူ၏နိုင်ငံကို ပြုစု စောင့်ရှောက်ခဲ့သူ ဖြစ်ပေသည်။ မိမိနိုင်ငံအတွက် စစ်တိုက်ရန် အရေးပေါ် လာသည့်အခါ စစ်တိုက်ခဲ့၏။ ကြီးပွားတိုးတက်၍ အင်အားတောင့်တင်းလာရန် ကူညီခဲ့၏။ လွတ်လပ်သည့် အမေရိကန်ပြည်ထောင်စု တည်စအခါက အခြေအနေ မတိမ်းမစောင်းရအောင် ဖေးမထိန်းသိမ်းခဲ့၍ နိုင်ငံသားတို့နှင့် သင့်တော်သော အုပ်ချုပ်ရေး ဖြစ်မြောက်လာရန်အတွက်ကိုလည်း အခြေချ ပေးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့သမိုင်းတွင် ဝါရှင်တန်ကဲ့သို့ မိမိ၏ တိုင်းပြည်အတွက် အကျိုးဆောင်နိုင်သူ မရှိဟူ၍ ဆိုရလောက်အောင်ပင် နိုင်ငံ၏အကျိုးကို သည်ပိုး ခဲ့သူဖြစ်ပေသည်။ ဝါရှင်တန်သည် ငယ်စဉ်အခါကပင် မိမိ၏တိုင်းပြည်ကို ချစ်ခင် သူဖြစ်၏။ တိုင်းပြည်တွင်းရှိ ရေ၊ မြေ၊ တောတောင် တို့ကိုလည်း မြတ်နိုးသူဖြစ်၏။ တိုင်းသူပြည်သားတို့ နေထိုင်ပုံနှင့် ကျင့်သုံးသည့် ဓလေ့ထုံးစံတို့ ကိုလည်း နှစ်သက်သူဖြစ်၏။ ဝါရှင်တန်သည် ထိုအရာများထက် တိုင်းသူ ပြည်သားတို့တွင်ရှိသော လွတ်လပ်မှုကို လိုလားသည့်စိတ်ဓာတ်နှင့် ထိုလွတ် လပ်မှုကို ကာကွယ်လိုသည့် သတ္တိတို့ကို အမြတ်နိုး ဆုံးဖြစ်သည်။ ဝါရှင်တန်သည် ဗာဂျင်းနီးယားပြည်နယ် ဝိက္ကဖီး လယ်တောတွင် ၁၇၃၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ ဖွားမြင်၏။ မျိုးရိုးအားဖြင့် လယ်မြေပိုင်ရှင်များဖြစ်၍ ပစ္စည်းကြွယ်ဝသည်။ ဖခင်ဖြစ်သူ အောဂပ်စတင်း ဝါရှင်တန်တွင် အိမ်ထောင်နှစ်ဆက်ရှိ၍ ပထမအိမ်ထောင်ဖြင့် သားသုံး ယောက်နှင့် သမီးတစ်ယောက် ကျန်ရစ်ခဲ့သည်။ ဂျော့ဝါရှင်တန်ကား ဒုတိယအိမ်ထောင်ဖြင့်ရသော သားဦးဖြစ်သည်။ ဂျော့တွင် ညီသုံးယောက်နှင့် နှမနှစ်ယောက်ရှိသည်။ အသက် ၁၁ နှစ်အရွယ်တွင် ဖခင်ကွယ်လွန်ခဲ့ရာ မိခင်အုပ်ထိန်းမှုဖြင့် ကြီးပြင်းလာရလေသည်။ ဂျော့ကို မွေးပြီးနောက် မကြာမီ သူ၏မိဘတို့သည် ရက်ပါ ဟန္နောက် မြစ်ကမ်းရှိ ဖယ်ရီဖမ်းစိုက်ခင်းသို့ ပြောင်းရွှေ့ နေထိုင်ကြသည်။ ဂျော့ဝါရှင်တန်သည် ကျောင်းတွင် စာကို ကျနစွာသင်ကြားခဲ့ရသည် မဟုတ်ချေ။ မြေတိုင်း ပညာဘက်တွင် ဝါသနာပါသဖြင့် ဂဏန်းသချ‡ာကို အထူး စူးစိုက်သင်ကြားခဲ့သည်။ အသက် ၁၆ နှစ်အရွယ်တွင် အစ်ကိုတော်သူ လောရင့်ဝါရှင်တန်မှတစ်ဆင့် လော့ ဖဲယားဖက်ဆိုသူ မြေပိုင်ရှင်နှင့် ဆက်သွယ်သိကျွမ်းရသဖြင့် ထိုမြေပိုင်ရှင်ထံ၌ မြေတိုင်းစာရေးအလုပ်ကို ရရှိလေ သည်။ ဂျော့ဝါရှင်တန်သည် လော့ ဖဲယားဖက်ထံမှ အခကြေးငွေ ရရှိသည့်အပြင် မြေယာလုပ်ငန်း၌ ငွေအရင်းအနှီး ထည့်ဝင်ခွင့်ကိုလည်း ရရှိသည်။ ၁၇၅၁ ခုနှစ်တွင် လောရင့်သည် မကျန်းမမာသဖြင့် အနောက် အိန္ဒိယကျွန်းစုရှိ ဗာဗေးဒိုးကျွန်းသို့ သွားရောက်နေထိုင်ရာ ဂျော့ဝါရှင်တန် လည်း လိုက်ပါသွားရလေသည်။ ထိုကျွန်းသို့အသွားတွင် ဂျော့ဝါရှင်တန်သည် ကျောက်ပေါက်ခဲ့၍ လေရင့်၏ ရောဂါမှာလည်း မသက်သာခဲ့ချေ။ ထို့ ကြောင့် လောရင့်ပိုင်ဗာဂျင်းနီးယားပြည်နယ်ရှိ မောင့်ဗာနွန်နေအိမ်သို့ ပြန်လာကြသည်။ မကြာမီ လောရင့်သေဆုံးသွားရာ သူပိုင်ဆိုင်သော မောင့် ဗာနွန်ခြံမြေကို ဂျော့ဝါရှင်တန်က ဆက်ခံရရှိလေသည်။ ထိုသို့အားဖြင့် ဂျော့ဝါရှင်တန်သည် မြေပိုင်ရှင်တစ်ဦး ဖြစ်လာလေသည်။ ၁၇၅၃ ခုနှစ်တွင် ပြင်သစ်တို့သည် အိုဟိုင်းအိုကုမ္ပဏီ ပိုင်နယ်မြေကို ထိပါးလာကြရာ ဗာဂျင်းနီးယားဘုရင်ခံက ဂျော့ဝါရှင်တန် အား နယ်ခြား၌ အငြင်းပွားသည့်ကိစ္စကို သွားရောက်စုံစမ်းရန် ရွေးချယ် စေလွှတ်လေသည်။ ထိုစဉ်အခါက ဝါရှင်တန်သည် အသက် ၂၁ နှစ် အရွယ်ရှိ၍ ဗာဂျင်းနီးယားတပ်ဖွဲ့တွင် ဗိုလ်မှူးအဆင့်၌ စစ်မှုထမ်းလျက်ရှိ သည်။ ပြင်သစ်တို့သည် ကုမ္ပဏီပိုင်နက်ထဲမှ ပြန်လည်ဆုတ်ခွာရန် ငြင်းဆို ကြကြောင်း အစီရင်ခံသည်တွင် ဘုရင်ခံသည် ဝါရှင်တန်ကို ဒုဗိုလ်မှူးကြီး အဆင့်သို့ တိုးမြှင့်ခန့်ထားပြီးလျှင် ပြင်သစ်တို့ကို နှိမ်နင်းရန် တာဝန်ပေး အပ်လေသည်။ ထို့ကြောင့် ၁၇၅၄ ခုနှစ်တွင် ဒုဗိုလ်မှူးကြီးဝါရှင်တန်သည် ဗာဂျင်းနီးယား တပ်ဖွဲ့တစ်ဖွဲ့ကို ခေါင်းဆောင်၍ ပြင်သစ်တို့ကို ချီတက် တိုက်ခိုက်သည်။ သို့ရာတွင် ဝါရှင်တန်၏ တပ်ဖွဲ့၌ လက်နက် ပစ္စည်း အင်အား မပြည့်စုံသောကြောင့် အရေးနိမ့်ခဲ့လေသည်။ တစ်ဖန် ၁၇၅၅ ခုနှစ်တွင် ဝါရှင်တန်သည် ဗြိတိသျှဗိုလ်ချုပ် ဗရက်ဒေါ့နှင့်အတူ ပြင်သစ်တို့ကို တိုက်ခိုက်ရန်အတွက် လိုက်ပါခဲ့သည်။ ပြင်သစ်တို့ဘက်မှ တိုင်းရင်းသားရက်အင်ဒီးယန်းတို့က ကူညီတိုက်ခိုက်ကြ သည်။ ထို့ကြောင့် ပြင်သစ်တပ်များသည် တောတွင်းပုန်း၍ တိုက်ခိုက် နည်းကို ကျွမ်းကျင်သော ရက်အင်ဒီးယန်းတို့၏ အကူအညီဖြင့် ဗြိတိသျှ တပ်များကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်ချုပ်ဗရက်ဒေါ့သည် ပြင်းထန်စွာ ဒဏ်ရာရ၍ တပ်လည်းပျက်လေသည်။ အရာရှိ စစ်ဗိုလ်များတွင် ဝါရှင်တန်တစ်ဦးတည်း အသက်မသေဘဲ လွတ်မြောက်ခဲ့သည်။ ထို့နောက် ဝါရှင်တန်ကို ဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်လျက် ဗာဂျင်းနီးယားတပ်တွင် သေနာပတိအဖြစ်ခန့်လေသည်။ သုံးနှစ်မျှ စစ်မှု ထမ်းပြီးနောက် ၁၇၅၈ ခုနှစ်တွင် ရာထူးမှနုတ်ထွက်ခဲ့သည်။ ၁၇၅၉ ခုနှစ် ဇန်နဝါရီလတွင် ဝါရှင်တန်သည် ပစ္စည်းကြွယ်ဝသော မာသာကပ်စတစ် ဆိုသူ မုဆိုးမတစ်ဦးနှင့် လက်ထပ်သည်။ ၁၅ နှစ်မျှ မြေပိုင်ရှင်အဖြစ်နှင့် လည်းကောင်း၊ ဗာဂျင်းနီးယားနယ် ကောင်စီအဖွဲ့ဝင်အဖြစ်နှင့်လည်းကောင်း အေးချမ်းစွာ နေထိုင်လေသည်။ ထိုအချိန်တွင် ဗြိတိသျှအစိုးရနှင့် အမေရိကတိုက်ရှိ ကိုလိုနီတို့

သည် အခွန်ကောက်သည့် ကိစ္စနှင့် စပ်လျဉ်း၍ မသင့်မတင့်ဖြစ်လာကြ သည်။ ယင်းသို့ တစ်ဖက်နှင့်တစ်ဖက် ဆက်ဆံရေး တင်းမာလျက်ရှိစဉ် ဗော့စတန်မြို့၌ လက်ဖက်ခြောက်အရေး ဖြစ်ပွားခြင်းအားဖြင့် အမေရိကန် လွတ်လပ်ရေးစစ်ပွဲကို အစပျိုးခဲ့လေသည်။ ဂျော့ဝါရှင်တန်သည် လွတ်လပ်မှု ကို မြတ်နိုးသူတစ်ဦးဖြစ်သောကြောင့် ဗြိတိသျှအစိုးရ၏ ချုပ်ချယ်ခြင်းကို တိုက်ဖျက်ရန် ဗာဂျင်းနီးယားပြည်နယ်ဖက်တွင် စစ်သားများစုဆောင်း၍ အရေးရှိက အသင့်ဖြစ်စေရန် လေ့ကျင့်ပေးထားလေသည်။ ၁၇၇၄ ခုနှစ်တွင် ဖိလဒဲလဖီယားမြို့၌ ကျင်းပသော ပထမဦးဆုံး ကိုလိုနီကိုယ်စားလှယ်များ ညီလာခံသို့ ဗာဂျင်းနီးယားနယ်မှ ဝါရှင်တန်အား ရွေးချယ်စေလွှတ်ခဲ့သည်။ တစ်ဖန် ၁၇၇၅ ခုနှစ်တွင် ကျင်းပသော ဒုတိယ ညီလာခံ၌ ဂျော့ဝါရှင်တန်ကို အမေရိကန် ကိုလိုနီတပ်ပေါင်းစု၏ သေနာ ပတိအဖြစ် သဘောတူ ခန့်အပ်ကြလေသည်။ ထိုစဉ်အခါက ကိုလိုနီ တပ် ပေါင်းစုတွင် ပါဝင်ကြသူတို့မှာ တိုက်ခိုက်ရေး၌ ကျင့်သားမရှိသော လယ် သမားများဖြစ်သည်။ လက်နက်နှင့် ရိက္ခာပစ္စည်းလည်း မပြည့်စုံသည့်ပြင် ကိုလိုနီများဆိုင်ရာ ကွန်ဂရက်အဖွဲ့ကိုလည်း အားမကိုးရချေ။ ထိုကြောင့် ထိုကဲ့သို့သော စစ်တပ်ကိုခေါင်းဆောင်၍ ဗြိတိန်နိုင်ငံမှ ကျင့်သားရပြီးသော စစ်တပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်မှာ မလွယ်ကူချေ။ သို့သော်လည်း ဝါရှင်တန်သည် ကိုလိုနီတပ်ပေါင်းစုကို မိမိအလိုရှိသော အခြေအနေမျိုးသို့ ရောက်ရန် စိတ်ရှည်စွာ ပြုပြင်ခဲ့လေသည်။ ၁၇၇၆ ခုနှစ်တွင် အမေရိကန်စစ်တပ်သည် ဗော့စတန်မြို့ကို ဗြိတိသျှတို့၏လက်မှ ပြန်၍သိမ်းပိုက်နိုင်ခဲ့လေသည်။ ယင်းသို့ အောင်ပွဲရ ခဲ့သဖြင့် ဝါရှင်တန်သည် သူရဲကောင်းအာဇာနည်အဖြစ် ထင်ရှားလာလေ သည်။ ၁၇၇၈ ခုနှစ်တွင် ပြင်သစ်တို့သည် အမေရိကန်တပ်များဖက်မှ ဝင်ရောက်ကူညီကြသည်။ နောက်ဆုံး ၁၇၈၁ ခုနှစ်တွင် ယော့တောင်းမြို့၌ တပ်စွဲလျက်ရှိသော လော့ကွန်ဝေါလစ်ဦးစီးသည့် ဗြိတိသျှတပ်များသည် ဂျော့ဝါရှင်တန်ထံ လက်နက်ချအညံ့ခံရလေသည်။ ယော့တောင်းတိုက်ပွဲသည် အမေရိကန်လွတ်လပ်ရေးစစ်ပွဲ အရှုံးအနိုင်ကို ဆုံးဖြတ်သော တိုက်ပွဲဖြစ်ရာ ၁၇၈၃ ခုနှစ်တွင် ထိုစစ်ပွဲပြီးဆုံးလေသည်။ စစ်ပွဲအပြီးတွင် ဝါရှင်တန်သည် မောင့်ဗာနွန်ရှိ မိမိ၏ နေအိမ်သို့ ပြန်သွား၍ လုပ်ငန်းများကို စီမံခန့်ခွဲလျက် ချမ်မြေ့စွာနေထိုင်ခဲ့လေ၏။ ထို အချိန်တွင် အမေရိကန် ကိုလိုနီနယ်များသည် လွတ်လပ်ရေးရပြီးဖြစ်သော် လည်း အုပ်ချုပ်ရေး၌ အခြေမကျဘဲရှိကြ၍ ဗဟိုအစိုးရ၌လည်း 0x100သဇာ ကင်းမဲ့လျက်ရှိ၏။ ထို့ကြောင့် ဝါရှင်တန်သည် အခြေမကျဖြစ်နေသော တိုင်းပြည်အရေးအတွက် နိုင်ငံရေးထဲသို့ ပြန်ဝင်ခဲ့ရပြန်လေသည်။ ဝါရှင်တန်သည် အမေရိကန် ကိုလိုနီများမှာ အုပ်ချုပ်ရေးဘက်၌ အင်အားတောင့်တင်းသော ဗဟိုအစိုးရမျိုးနှင့် ဘဏ္ဍာရေးဘက်၌ အခြေခံ ကောင်းသော စနစ်မျိုးလိုအပ်ကြောင်း ထုတ်ဖော်ပြဆိုပြီးလျှင် အကူအညီ ပေးနိုင်သူများထံမှ အကူအညီတောင်းလေသည်။ ထို့ကြောင့် အုပ်ချုပ်ရေး ကို အသစ်ပြုပင်ရန် တတ်စွမ်းသူများ၏ အကူအညီနှင့်ဆောင်ရွက်၍ ထို အုပ်ချုပ်ရေးအခြေခံ ဥပဒေသစ်ကို အမေရိကန်ပြည်နယ်များအားလုံးက လက်ခံဆောင်ရွက်ရန် ကြိုးစားလေ၏။ ဝါရှင်တန်၏ ကြိုးစားမှုကြောင့်ပင်

ပြည်နယ်များက ထိုအုပ်ချုပ်ရေးအခြေခံ ဥပဒေသစ်ကို လက်ခံခဲ့ကြ၍ ဝါရှင်တန်ကိုလည်း ထိုဥပဒေသစ်အရ ၁၇၈၉ ခုနှစ်တွင် ပြည်ထောင်စု အစိုးရ၏ ပထမဦးဆုံး သမ္မတအဖြစ် တင်မြေ|ာက်ကြလေသည်။ ၁၇၉၃ ခုနှစ်တွင် သမ္မတအဖြစ် ဒုတိယအကြိမ် ထပ်မံအရွေးခံရပြီးနောက်၊ တတိယအကြိမ်မြောက် ထပ်မံရွေးကောက်ကြ သော်လည်း ဝါရှင်တန်က လက်မခံခဲ့ပေ။ ယင်းသို့ဖြင့် အမေရိကန် ပြည်ထောင်စုတွင် သမ္မတများသည် နှစ်ကြိမ်မျှသာ ဆက်၍ဆောင်ရွက်ရန် အစဉ်အလာတစ်ရပ် ဖြစ်ပေါ်ခဲ့ရာ ၂ဝ ရာစုနှစ်အတွင်း ဖရန်ကလင် ရူးဇဗဲ့ လက်ထက်တွင်မှာ ထိုအစဉ်အလာ ပျက်ခဲ့လေ၏။ ၁၇၉၇ ခုနှစ်တွင် ဝါရှင်တန်သည် နိုင်ငံရေးမှ အနားယူပြီးလျှင် မောင့်ဗာနွန်သို့ပြန်၍ မိမိတို့၏ လယ်မြေ ယာမြေလုပ်ငန်းတွင်သာ လုံးပန်း လျက် စိတ်အေးချမ်းသာစွာ နေထိုင်ခဲ့လေသည်။ ၁၇၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မိမိနယ်မြေကို လှည့်လည်ကြည့်ရှုရန် မြင်းစီး၍ ထွက် သွားရာမှ အအေးမိလာလေသည်။ ထိုအအေးမိသည့်ဒဏ်မှာ ဆိုးရွားပြင်းထန် လာခဲ့ရာ နောက်တစ်နေ့ညဉ့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကွယ်လွန်လေ ၏။ သူ၏အလိုဆန္ဒအတိုင်း အလောင်းကို မောင့်ဗာနွန်၌ပင် မြှုပ်နှံထားကြ လေသည်။ ဂျော့ဝါရှင်တန်သည် ရုပ်ရည်ခန့်ညား၍ မျက်နှာထားတည်သူဖြစ် သည်။ သွားလာနေထိုင်ပုံကို ကြည့်ရခြင်းအားဖြင့် မာန်မာနကြီးသူဟု ထင်ရ သော်လည်း စင်စစ်အားဖြင့် သူတစ်ပါးအား ကြင်နာတတ်သူဖြစ်သည်။ အထူးသဖြင့် ကလေးသူငယ်များကို ချစ်ခင်သည်။ လက်တွေ့သမားတစ်ဦး ဖြစ်သောကြောင့် အရေးကိစ္စပေါ်လျှင် မဖြစ်မနေ လုပ်ဆောင်တတ်သည်။ ထို့ကြောင့် 'ဂျော့ဝါရှင်တန်သည် စစ်ပွဲ၌လည်း ထိပ်ဆုံး၊ ငြိမ်းချမ်းသည့် အခါ၌လည်းထိပ်ဆုံး၊ ပြည်သူလူထု၏ အသည်းနှလုံး၌လည်း ထိပ်ဆုံး ရောက်ရှိသူ' ဟူ၍ ချီးကျူးထောမနာပြုခြင်းကို ခံရသူဖြစ်ပေသည်။[၁]


ဂျော့ချ် ဝါရှင်တန် (George Washington; တခြား အသံထွက်။ ဂျော့ဂျ် ဝေါရှင်တင်; ၁၇၃၂-၁၇၉၉) အား အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်၊ ဝိတ်ခ်ဖီးလ် တွင် ချမ်းသာသည့်မြေပိုင်ရှင် မိသာစုမှ မွေးဖွားသည်။ အသက် ၂၀တွင် အမွေအများအပြားရသဖြင့် ငယ်ငယ်နှင့် သူကြွယ်ဖြစ်လာသည်။ ၁၇၅၃ မှ ၅၈ ထိ ပြင်သစ်-အင်ဒီးယန်း စစ်ပွဲများတွင် လိုက်ပါ စစ်မှုထမ်းဖူးပြီး တိုက်ခိုက်ရေးဖက်တွင် နာမည်ရခဲ့သည်။ စစ်မှ နုတ်ထွက်ပြီး ဇာတိသို့ ပြန်လာကာ ကလေး ၂ ယောက်မိခင် ချမ်းသာသော မုဆိုးမနှင့် အိမ်ထောင်ပြုသည်။ သို့သော် သားသမီးမထွန်းကာပေ။ ၁၅နှစ်တိုင်တိုင် မိမိပိုင်စိုက်ခင်းတွင် နေထိုင်လုပ်ကိုင်ခဲ့သည်။

၁၇၇၄ ဗာဂျီးနီးယားပြည်နယ်တွင် ပထမအကြိမ်ကွန်တီနယ်တယ်ကွန်ဂရတ် တွင်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပါဝင်တက်ရောက်သည်။ သို့သော် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် လှုံဆော်ကြိုးပမ်းသူများထဲတွင် မပါဝင်ပေ။သို့သော် ၁၇၇၅ ဇွန်လဒုတိယအကြိမ်ကွန်တီနယ်တယ်ကွန်ဂရတ်တွင် အမေရိကန်လွတ်မြှောက်ရေး အတွက် စစ်ဦးစီးချုပ်အဖြစ် အများသဘောတူ (ကန့်ကွက်သူမရှိ) ခန့်အပ်ကြသည်။ တည်ကြည်သောဥပဓိ၊ အကျင့်စာရိတ္တ၊ ထူးချွန်သည့် အုပ်ချုပ်ရေးနှင့် စစ်ရေး တို့ကြောင့် ၄င်းအားအများက ကိုးစားကြခြင်းဖြစ်သည်။ စစ်အတွင်းကာလများတွင် လစာမယူပဲ တာဝန်ထမ်းဆောင်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုအတွက် ဝါရှင်တန်၏ စွမ်းဆောင်ချက်များကိုကြည့်လျှင်

  1. လွတ်လပ်ရေးစစ်ပွဲတွင် အောင်မြင်သည့် စစ်ခေါင်းဆောင်ဖြစ်သည်။အလွန်တော်သည်ဟု မဆိုနိုင်သော်လည်း သူနှင့်ရင်ဆိုင်တိုက်သည့် ရန်သူအင်္ဂလိပ်ဗိုလ်ချုပ်တို့ ညံ့ဖျင်းမှုများကို ကောင်းစွာ အသုံးချနိုင်သည့်အတွက် ဖြစ်သည်။ မိမိဖက်မှ အထိမနာရအောင် ထိန်းသိမ်းစွမ်းဆောင်နိုင်သည်။ ထို့ပြင် မြင်းစီးကောင်းသည့် မြင်းသည်ကျော် တစ်ဦးလည်းဖြစ်သည်။
  2. ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာတွင် အထွေအထူး အကြံဉာဏ်ထုတ်သည် မရှိပေ။ သို့သော် ဖွဲ့စည်းပုံ ရေးဆွဲစဉ်အတွင်း အငြင်းပွားမှုများအကြား သူ၏ကြီးမားသည့် ဂုဏ်ရှိန်ကြောင့် သူထောက်ခံလျှင် ကန့်ကွက်သူ နည်းရသည်ဟု ဆိုနိုင်သည်။
  3. အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတအဖြစ် သူကဲ့သို့ အကျင့်စာရိတ္တ၊ အတွေးအခေါ်၊ အုပ်ချုပ်ရေး ဘက်စုံကောင်းသူအား တင်မြှောက်နိုင်သည်မှာလည်း အလွန်အကျိုးများသည်ဟုဆိုနိုင်သည်။ နိုင်ငံအများစုတွင် ထိုကဲ့သို့ ရာထူးနေရာမျိုးတွင် အရွေးခံရသူအများစုမှာ အဖျားရှုးသွားလေ့ရှိသဖြင့် ဝါရှင်တန်မှာ အလွန်သင့်တော်မြတ်သည့် ခေါင်းဆောင်ဖြစ်သည်ဟုဆိုရမည်။ မူလချမှတ်ထားသည့် အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း နှင့် ဖွဲ့စည်းပုံအခြေခံပါ အနှစ်သာရများမပျက် အုပ်ချုပ်နိုင်ခဲ့သည်။ လက်ရအာဏာကို တည်ငြိမ်စွာ လက်လွှဲသည့် အစဉ်အလာကို ဖော်ဆောင်ပေးခဲ့သည်။
  4. ထို့ပြင် သမ္မတသက်တမ်း နှစ်ကြိမ်သာ ထမ်းဆောင်ခြင်းဖြင့် အစဉ်အလာကောင်းကို စတင်သူလည်းဖြစ်သည်။ ထိုစဉ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ သမ္မတအဖြစ် အကြိမ်အရေအတွက် ကန့်သက်မဲ့ ထမ်းဆောင်နိုင်သော်လည်း၊ တစ်ဦးတစ်ယောက်မှ အာဏာထူထောင်ပြီး အာဏာရှင်ဆန်သည့် အုပ်ချုပ်ရေးဖြစ်မည်ကို တွေးဆကာ ရာထူးသက်တမ်းနှစ်ကြိမ်သာ ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

အခြားသော အမေရိကန်ခေါင်းဆောင်များဖြစ်ကြသည့် ဂျွန် အဒမ်ဂျိမ်း မဒီဆင်သောမတ် ဂျက်ဖာဆင်ဘင်ဂျမင် ဖရမ်ကလင် တို့ကဲ့သို့ အတွေးအခေါ်၊ ထိုးထွင်းဉာဏ် ကောင်းလွန်းသူမဟုတ်သော်ငြား စစ်အတွင်း၊ စစ်လွန် ကာလများတွင် စံပြအဖြစ်အများကို ဩဇာလွှမ်းမိုးပြီး ထိန်းသိမ်းနိုင်သူဖြစ်သည်ကိုမူမငြင်းသာပေ။

သမ္မတရာထူး လက်ခံရန်အတွက် မောင့်ဗာနွန်မှ နယူးယောက်ခ်မြို့တော်သို့ သွားခဲ့သည့် အချိန်က ခံစားချက်ကို “လူသတ်ကုန်း အပို့ခံနေရတဲ့ တရားခံနှင့်တူသည်။” ဟုနောင်တွင်ဖော်ပြခဲ့သည်။ (ထိုစဉ်က ဝါရှင်တန် ဒီစီ မြို့တော်မတည်ရသေးပါ။ နယူးယောက်ခ်ကို မြို့တော်အဖြစ် သတ်မှတ်သည်။) သူ့လက်ထက်တွင် အမေရိကန်သည် သမ္မတစနစ်ကျင့်သုံးသည့် နိုင်ငံသစ်ဖြစ်လာသော်လည်း ပဒေသရာဇ်ဟန်ပန် မကုန်တတ်သေးပေ။ အင်္ဂလန်ပြည့်ရှင် ဂျော့ချ်ထက် အမေရိကန်ပြည့်ရှင် ဂျော့ချ်က ရှေ့ဝင်းနောက်ဝင်း ပိုမိုခင်းကျင်းသည်ဟုပင် ပြောစမှတ်ရှိခဲ့သည်။ ထို့ပြင် အာဏာရှင်ကြီး၊ ဘုရင်ကြီးဟုပင် သတင်းစာများ၊ စာပေများက ရေးသားခဲ့ကြသည်။ သို့သော် စာရိတ္တနှင့် စိတ်ဓါတ်ခိုင်မာသူ ဂျော့ချ်ဝါရှင်တန်အတွက်မူ တိုင်းပြည်အာဏာသည် မက်မောဖွယ်မဟုတ်ခဲ့ပေ။

ရင်ဆိုင်ရသည့် အခက်အခဲများ[ပြင်​ဆင်​ရန်​]

သမ္မတအဖြစ်သို့ရောက်သောအခါ ဝါရှင်တန်အနေဖြင့် ပြဿနာကြီး နှစ်ရပ်ဖြင့် ရင်ဆိုင်ရပြီး နောက်ပိုင်းတွင် နောက်ထပ် ပြဿနာတစ်ရပ်ဖြင့် ထပ်မံကြုံတွေ့ခဲ့ရသည်။

  1. ပထမအခက်အခဲမှာ သမ္မတ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ကို ပြဌာန်းနိုင်ရန်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသည့်အာဏာဆိုသည်မှာလည်း စီမံခန့်ခွဲရေးအာဏာဟုသာဆိုထားပြီး အုပ်ချုပ်ရေးနှင့် နိုင်ငံခြားရေးတာဝန်များကို လွှတ်တော်၏ထောက်ခံမှုဖြင့်ဆောင်ရွက်နိုင်သည် ဟုသာ အကြမ်းဖျဉ်းအားဖြင့် ဖော်ပြထားသည်။ ထို့ကြောင့် မည်သည့်အကြောင်းကိစ္စမဆို လွှတ်တော်၏ ထောက်ခံမှုရရှိရန် မဖြစ်မနေတင်ပြရမည့် သဘောဆောင်နေသည်။ အစပိုင်းတွင် အထက်ပါအတိုင်း ဆောင်ရွက်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သည်းမခံနိုင်တော့သဖြင့် (ရှားရှားပါးပါး) ဒေါသပေါက်ကွဲကာ လွှတ်တော်တွင်းမှ ထွက်ခွာခဲ့သည့်နောက်တွင် ထိုအစဉ်အလာချုပ်ငြိမ်းခဲ့သည်။
  2. ဒုတိယပြဿနာမှာ ငွေကြေးနှင့် ဘဏ္ဍာရေးဖြစ်သည်။ တော်လှန်ရေးစစ်ပွဲကာလတွင်းက ငွေကြေး လိုအပ်ချက်များကြောင့် တိုင်းပြည်စီးပွားရေးကျဆင်းကာ ငွေကြေးတန်ဖိုးလည်း အလွန်မှနှိမ့်ပါးနေခဲ့ရသည်။ အစိုးရငွေတိုက်စာချုပ်(ဘွန်း)များ၏ တန်ဖိုးမှာ ဥရောပတန်ဖိုး၏ အဆ ၄၀ မျှ တန်ဖိုးလျော့နည်းနေသည်။ စစ်ဗိုလ်ချုပ်သာဖြစ်၍ ဘဏ္ဍာရေးပိုင်းကို အားမသာသည့် ဝါရှင်တန်သည် အသက်ငယ်ရွယ်ပြီး လုပ်ရဲကိုင်ရဲရှိသည့် ဗိုလ်မှုးအလက်ဇန္ဒားဟာလ်မီတန်အား ဗဟိုဘဏ် ဥက္ကဌအဖြစ် ခန့်အပ်ကာ စီမံဆောင်ရွက်စေသဖြင့် သမ္မတသက်တမ်း နှစ်ဆက်အပြီး ရာထူးမှ အနားယူချိန်တွင် အမေရိကန်အစိုးရ ငွေတိုက်စာချုပ်များမှာ များစွာတန်ဖိုးတက်လာပြီး၊ ငွေကြေးဖောင်းပွနှုန်းလည်း ကျဆင်းခဲ့သည်။ အစပိုင်းတွင် ဘဏ္ဍာရေး လိုအပ်ချက်ကြောင့် အခွန်အတုပ်များတိုးမြင့်ခဲ့ရာ နေရာအတော်များများတွင် ဆူပူပုန်ကန်မှုများဖြစ်ခဲ့ရသည့်အတွက် စစ်တပ်ဖြင့်ပင်နှိမ်နှင်းခဲ့ရသည်။
  3. သမ္မတသက်တမ်းနောက်ပိုင်းတွင် ပြင်သစ်နိုင်ငံတွင် အပြောင်းအလဲကြီးမားစွာဖြစ်လာခဲ့သည်။ ဝါရှင်တန်၏ မိတ်ဆွေကြီး လာဖာရက် ပြည်ပြေးဘဝရောက်ပြီး၊ စာတမ်းရှင် တွမ်ပိန်း (သောမက် ပိန်း) လည်းအချုပ်ကျသည်။ သို့ဖြင့် မိတ်ဖက် ပြင်သစ်အရေးတွင် အကူအညီပေးရေးအတွက် သောမက် ဂျက်ဖာဆင်ကတစ်ဖက်၊ အင်္ဂလန်နှင့် စီးပွားလမ်းသင့်နေသည်ကို မပျက်ဆီးစေလိုသည့် အလက်ဇန္ဒားဟာလ်မီတန် ကတစ်ဖက် အငြင်းပွားလာသည်။ (ပြင်သစ် တော်လှန်ရေးတွင် အင်္ဂလန်မှပါဝင်ပက်သက်ခဲ့သည်။) သို့သော် ဝါရှင်တန်အနေဖြင့် မည်သည့်ဖက်မှ မယိမ်းယိုင်စေပဲ မျှတစွာဆက်ဆံနိုင်ခဲ့သည်။ မကျေနပ်သည့် အမေရိကန်ဆိုင်ရာ ပြင်သစ်သံအမတ်က ဆူပူနှောင့်ယှက်သဖြင့် သံအမတ်အဖြစ်မှ ရုတ်သိမ်းရန် တောင်းဆိုရသည်။ သို့ဖြင့် ရာထူးမှ အနားယူချိန်တွင် မိန့်ကြားခဲ့သည့် နောက်ဆုံ နှုတ်ဆက်စကားပါ “တစ်ချိန်မှာတော့ အမေရိကားဟာ စစ်နဲ့ ငြိမ်းချမ်းရေး ကိုကြိုက်ရာရွေးနိုင်တဲ့ ပြည်သူတွေ ဦးဆောင်တဲ့နိုင်ငံ ဖြစ်လာမှာပါ။ လက်ရှိအချိန်မှာတော့ စိတ်ရှည်လက်ရှည် စောင့်ကြပါစို့။” ဆိုသည့်အတိုင်း သူဦးဆောင်ရသည့် နုနုနုယ်နုယ်တိုင်းပြည်သစ်လေးကို မဆုံးနိုင်သည့် စစ်ပွဲများဆီသို့သွားရာလမ်းမှ လွှဲဖယ်စေနိုင်ခဲ့သည်။

ရာထူးမှ အနားယူပြီးနောက် ဂျော့ချ် ဝါရှင်တန်သည် အောင်မြင်သည့် လူချမ်းသာလယ်ပိုင်ရှင်ကြီးအဖြစ် ဇာတိရပ်ရွာတွင် ငြိမ်းချမ်းစွာနေထိုင်ပြီး ၁၇၉၉ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)