ကယ်လ်ဗင် ကူးလစ်ဂျ်
| ခယ်လ်ဗင် ခူးလစ်ဂျ် Calvin Coolidge |
|
| မွေးနေ့ | ၄၊ဇူလိုင်လ၊၁၈၇၂ခုနှစ် |
| မွေးရပ် | ပလိုင်းမောက်မြို့ဗားမောင့်ပြည်နယ် |
| ကွယ်လွန်နေ့ | ၅၊ ဇန်နဝါရီလ၊ ၁၉၃၃ခုနှစ် |
| ကွယ်လွန်ရပ် | နော့သင်တန်မြို့၊မက်ဆာချူးဆက်ပြည်နယ် |
| အခြားအမည် | |
| လူသိများရခြင်း | အမေရိကန်ပြည်ထောင်စု၏ ၃၀ဦးမြှောက်သမ္မတ |
| အလုပ်အကိုင် | အမေရိကန်သမ္မတ |
| ရာထူးသက်တမ်းကာလ | ၂၊ ဩဂုတ်၊ ၁၉၂၃-၄၊ မတ်၊ ၁၉၂၉ |
| ဒုတိယ သမ္မတ | ချားလ်စ် ဒွဲ့စ် |
| လွှဲအပ်သူ | ဝေါရင် ဂမားလီယယ်လ် ဟားဒင် |
| ဆက်ခံသူ | ဟားဘတ် ဟူးဗား |
| နိုင်ငံသား | |
ဂျွန်ကယ်လ်ဗင် ကူးလစ်ချ်(၁၈၇၂-၁၉၃၃)[ပြင်ဆင်ရန်]
အမေရိကန်ပြည်ထောင်စု၏ ၃၀ဦးမြှောက် သမ္မတ ဂျွန်ကယ်လ်ဗင် ကူးလစ်ချ်အား ၁၈၇၂ခုနှစ်၊ ဇူလိုင်လ ၄ရက်နေ့တွင် ဂျွန်ကယ်လ်ဗင်နှင့် ဗစ်တိုးရီးယား ဂျေမိုကူးလစ်ချ်တို့မှ ဖွားမြင်သည်။ မွေးရပ်မှာ ဗားမောင့်ပြည်နယ်၊ ပလိုင်းမောက်မြို့ဖြစ်သည်။ ၁၈၉၅ခုနှစ်တွင် အမ်းဟတ်စ်ကောလိပ်မှ ဘွဲ့ရပြီးနောင် ရီပါပလီကန်ပါတီဝင်ဖြစ်လာသည်။ မက်ဆာချူးဆက်ပြည်နယ်၊ နော့သင်တန်မြို့တွင် မြို့တော်ဝန်၊ ထိုမှပြည်နယ်အထက်လွှတ်တော်အမတ်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှုး အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၁၉ခုနှစ်တွင် ပြည်နယ်အုပ်ချုပ်ရေးမှုးအဖြစ်ရွေးချယ်ခံရသည်။
ဘော်စတွန်ရဲတပ်ဖွဲ့၏ သပိတ်မှောက်မှုကြောင့် ပြည်နယ်စစ်ဘက်လုံခြုံရေးတပ်ဖွဲ့အား ခေါ်ယူခဲ့ပြီး ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်အား ဘေးဖြစ်စေမည့် ဆန္ဒပြမှုများကို ခွင့်မပြုနိုင်ကြောင်း ဆုံးဖြတ်ပြခဲ့သည်။ ထိုသို့ပြတ်သားသည့်ဆောင်ရွက်ချက်ကြောင့် လူသိများလာပြီး ၁၉၂၀ခုနှစ် ရိပါပလီကန်ညီလာခံတွင် သမ္မတလောင်း ဝါရင်း ဂမ်မယ်လီယဲ ဟာဒင်း၏ ဒုသမ္မတလောင်းအဖြစ် သတ်မှတ်ရွေးချယ်ခံရသည်။ သမ္မတ ဟာဒင်းကွယ်လွန်သော ၁၉၂၃ခုနှစ်တွင် သမ္မတရာထူးတာဝန်ကို ထမ်းဆောင်သည်။ နိုင်ငံပေါင်းချုပ် အသင်းကြီးအား ဆက်လက်ဆန့်ကျင်ခဲ့ကာ နောက်တစ်ကြိမ် ၁၉၂၄ခုနှစ်သမ္မတ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရကာ သမ္မတအဖြစ်ဆက်လက် တာဝန်ယူခဲ့သည်။ ၄င်းလက်ထက်တွင် အမေရိကန်အနေဖြင့် တင်ရှိနေသော ကြွေးမြှီအမြောက်အများကို လျော့ချနိုင်ခဲ့သည်။ ငွေကြေးမလုံလောက်သည့် လယ်သမားများအား ထောက်ပံ့ကူညီပေးမည့် ဥပဒေကို နှစ်ကြိမ်တိုင် ဗီတိုအာဏာဖြင့်ပယ်ချခဲ့သည်။ ၁၉၂၈ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါတီအနေဖြင့် ကူးလစ်ချ်အား ဆက်လက်ယှဉ်ပြိုင်စေလိုသော်လည်း ၁၉၂၇၊ဩဂုတ်လ၊ ၂ရက်တွင် ကူးလစ်ချ်က တရားဝင် ငြင်းဆန်ကာ ရွေးကောက်ပွဲမဝင်တော့ပေ။
၁၉၃၃ခုနှစ်၊ ဇန်နဝါရီလ၊ ၅ရက်နေ့တွင် သမ္မတဟောင်း ကူးလစ်ချ်သည် မက်ဆာချူးဆက်ပြည်နယ်၊ နော့သင်တန်မြို့တွင်ပင် ကွယ်လွန်ခဲ့သည်။