အေဘရာဟမ် လင်ကွန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အေဘရာဟမ် လင်ကွန်း
Abraham Lincoln(၁၈၀၉-၁၈၆၅)
Abraham Lincoln head on shoulders photo portrait.jpg
မွေးနေ့ ၁၂၊ဖေဖော်ဝါရီ၊ ၁၈၀၉
မွေးရပ် ဟာဒင်းကောင်တီ ကင်တက်ကီပြည်နယ်
ကွယ်လွန်နေ့ ၈၊ အောက်တိုဘာ၊ ၁၈၆၉
ကွယ်လွန်ရပ် ဝါရှင်တန် ဒီစီ
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၁၆ ဦးမြောက်သမ္မတ၊ ပြည်တွင်းစစ်ကို အောင်နိုင်သူ၊ ကျွန်စနစ်ပပျောက်အောင်ဦးဆောင်သူ
အလုပ်အကိုင် အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၄၊ မတ်၊ ၁၈၆၁- ၁၅၊ ဧပြီ၊ ၁၈၆၅
ဒုတိယ သမ္မတ ဟာနီဘယ်လ် ဟမ်းလင်း(၁၈၆၁-၁၈၆၅)


အင်ဒရူး ဂျွန်ဆင် (၁၈၆၅)

လွှဲအပ်သူ ဂျိမ်းစ် ဘွတ်ခ်နန်
ဆက်ခံသူ အင်ဒရူး ဂျွန်ဆင်
နိုင်ငံသား အမေရိကန် နိုင်ငံ


အမေရိကန်သမိုင်းတွင် ပထမဆုံးသော သမ္မတဖြစ်သည့် ဂျော့ချ်ဝါရှင်တန် မှလွဲလျှင် အကြီးမြတ်ဆုံး၊ အလေးစားခံထိုက်ဆုံးသော သမ္မတကို ပြပါဆိုလျှင် အေဘရာဟမ်လင်ကွန်းသာ ရှိတော့သည် ဖြစ်သည်။ အမေရိကန် ပြည်တွင်းစစ် ကို အဆုံးသတ်ပေးသူ၊ ကျွန်စနစ်ကို ဖျက်သိမ်းပေးသူ၊ ပြည်ထောင်စု နှစ်ခြမ်းကွဲမည့် အဖြစ်မှ ဆယ်မယူသူ စသည်ဖြင့် များမြောင်လှသည့် ဂုဏ်ဒြပ်တို့သည် လင်ကွန်း၏ ထင်ရှားသော အချက်များဖြစ်ကြသည်။ အရပ်ကလန်ကလား၊ မုတ်ဆိတ်မွေးဗလပစ်၊ ရှည်ငေါငေါမျက်နှာ၊ ကိုယ့်ကိုယ်ကို အေ(A) ဟုနာမ်စားသုံးလေ့ရှိသူ စသဖြင့် ရုပ်ပိုင်းဆိုင်ရာ ထူးခြားချက်များလည်း ရှိသေးသည်။

ဘဝအစ[ပြင်​ဆင်​ရန်​]

ငယ်စဉ်က ကျောင်းမနေနိုင်၊ အိမ်တွင်သာ ကိုယ့်ထူးကိုယ်ချွန်ကြိုးပမ်းမှုဖြင့် ရှေ့နေပေါက်စဖြစ်လာသည်။ ပြည်သူ့စစ်တွင် ပါဖူးသော်လည်း သာမာန်မျှသာ။ လွှတ်တော်အမတ်အဖြစ် လူမသိသူမသိ ထမ်းဆောင်ဖူးပြီး အထက်လွှတ်တော်အမတ် မဖြစ်ဖူးပေ။ သံကြီးတမန်ကြီးလည်း မဖြစ်ဖူး၊ ဝန်ထမ်းအတွေ့အကြုံလည်း ပြောပလောက်အောင် မရှိ၊ ရှိသမျှ အတွေ့အကြုံမှာ သူနှင့် သူ့လက်ထောက် နှစ်ယောက်ပေါင်းဖွင့်ဖူးသည့် ရှေ့နေရုံခန်းလေးသာ ဖြစ်သည်။

သမ္မတ ဘဝနှင့် ပြည်တွင်းစစ်[ပြင်​ဆင်​ရန်​]

သမ္မတဖြစ်လာချိန်တွင် ပြည်တွင်းစစ်ကြီးဖြစ်ဆဲဖြစ်သည်။ မြောက်ပိုင်းအတွက်အခြေအနေမကောင်းလှပေ။ ဆမ်တာခံတပ်မှာလည်း အဝိုင်းခံထားရဆဲဖြစ်သည်။ ဗိုလ်ချုပ်ကြီး ဝင်းဖီးလ် စကော့တ်၊ ရေတပ်ဝန်ကြီး ဂီဒီယွန် ဝဲလ်စ် စသူတို့က အရေးမပါလှသော နေရာတွင် ရှိပြီး၊ စစ်ရေးအရလည်း ဘာနည်းဗျူဟာမှ အရာမရောက်ဟု ဆိုကာလက်လွတ်ရန် တင်ပြကြသည်။ နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဆီးဝပ်ဒ် ကမူ စစ်သားများကို ဦးစွာကယ်ထုတ်ပေးရန် အဆိုပြုသည်။ သို့သော် လင်ကွန်းက အနှေးနှင့်အမြန် စစ်ကြီးဖြစ်လာမည်ကို တွေးဆပြီး စစ်ကူများပို့စေသည်။ မကြာမီတွင် ခံတပ်ကျသွားပြီးနောက် လေးနှစ်ကြာကာ အသက်ပေါင်း ခြောက်သိန်းနှစ်သောင်း ပေးဆပ်လိုက်ရသည့် ပြည်တွင်းစစ်ကြီးတိုက်ကြသည်။

စစ်ပွဲအတွက် ဗိုလ်ချုပ်ကြီးများခန့်အပ်သည်။ သို့သော် တိုက်ခိုင်းသည့်အတိုင်းမတိုက်၊ မတိုက်ခိုင်းသည်ကိုတိုက်၊ အချို့က မတိုက်တတ်ကြသဖြင့် တစ်ဗိုလ်ကျ၊ တစ်ဗိုလ်တက်ဖြစ်နေရသည်။ ထိုသို့လူရွေးမှားသည့်အတွက် ဝေဖန်ခံရသည်များကို တစ်ကိုယ်တည်းကြိတ်ကာ စိတ်ဆင်းရဲရသည်။ သမ္မတသက်တမ်း လေးနှစ်ပြည့်ချိန်တွင် ပြန်လည်အရွေးခံရသည်။ ထိုအတွင်း ဒီမိုကရေစီနှင့် မလျှော်ညီသော စာအိတ်ဖောက်စစ်ခြင်း၊ သတင်းစာတိုက်များကို ပိတ်ပင်ခြင်း၊ လူဖမ်းဆီးခြင်းများကြောင့် ဝေဖန်ခံနေရပြန်သည်။

သို့သော် စစ်ကာလရှည်ကြာလာသည်နှင့်အမျှ ပြည်သူတို့က စစ်ပြီးဆုံးရေးကို လိုလားလာကြသည်။ ဆူပူမှုများ ဖြစ်လာသည်။ ထိုအချိန်တွင် လင်ကွန်းခန့်အပ်လိုက်သည့် ဗိုလ်ချုပ်ကြီး ယူလီဆီးစ် ဆင်ပဆန် ဂရန့် အနိုင်ရရှိရေးပေါ်တွင် မူတည်လာသည်။ တောင်-မြောက် နှစ်ဖက်မှ တပ်ပြေးများမှာလည်း အရေအတွက်အားဖြင့် နှစ်သိန်းနီးပါးရှိလာသည်။ ဂတ်တီးစ်ဘာ့ဂ်တိုက်ပွဲအပြီးတွင် နယူယောက်တွင် လေးရက်ကြာ အဓိကရုဏ်းများဖြစ်သောကြောင့် လူတစ်ထောင်ခန့် သေကြရသည်။

တောင်ပိုင်းဗိုလ်ချုပ်ကြီး လီး နှင့် မြောက်ပိုင်းဗိုလ်ချုပ်ကြီး ဂရန့်တို့ ဝိုင်းဒါးနက်စ် တိုက်ပွဲကာလလေးရက်တာတွင် အိမ်ဖြူတော် ကော်ရစ်ဒါများတွင် လမ်းလျှောက်ရင်း တစ်တွတ်တွတ်ရေရွတ်ညီးတွား နေခဲ့ရှာသည်။ အိမ်ဖြူတော်တွင် အခန်းပေါင်း ၃၁ ခန်းရှိရာ တစ်ခန်းမှ လင်ကွန်းအိပ်မပျော်ဟု ဆိုသည်။ စစ်ပွဲမှာ ပြီးပြတ်မည့် အရိပ်အရောင် မရှိသေး။ အနောက်ဖက် စစ်မျက်နှာတွင် ဗိုလ်ချုပ် ရှားမင်း၏ တပ်များကလည်း အရေးနှိမ့်နေသည်။ သို့ဖြင့် ဗိုလ်ချုပ်ဂရန့်ကို ဖြုတ်ရန် တောင်းဆိုသံတွေထွက်လာသည်။ သို့သော် လင်ကွန်းက လက်မခံခဲ့ပေ။ ခပ်တုံးတုံး လူဖြူအမှိုက်၊ အာဏာရှင် စသည့် ရှုံချမှုများနှင့် ကြုံသည်။

သို့ဖြင့် ၁၈၆၄ နွေရာသီရောက်သာအခါ တိုက်စစ်ကိုမြှင့်တင်လိုက်သည်။ ဘက်စုံမှအပြတ်တိုက်ရန် စီမံသည်။ မျှော်လင့်မထားသည့် တောင်ပိုင်းတပ်များ အထိနာကြသည်။ ဗိုလ်ချုပ်ကြီး ရှားမင်းက ပင်လယ်ကမ်းခြေအထိ အကြမ်းတိုက်သည်။ အတ္တလန္တာမြို့ ကျသွားပြီးသည်မှစကာ တောင်ပိုင်းသားတို့သည် မျှော်လင့်ချက်များကုန်ခန်းသွားပြီဖြစ်ကြောင်းနားလည်းလိုက်ကြသည်။ (အတ္တလန္တာမှာ Gone with the wind ဇာတ်လမ်း၏ ဇာတ်အိမ်တည်ရာဖြစ်သည်။ အတ္တလန္တာ၏ မီးခိုးများနှင့်အတူ တောင်ပိုင်းသားတို့၏ ဘဝများ၊ အိမ်မက်များလွှင့်ပါသွားရခြင်းကို ရည်ညွှန်းသည်။) စစ်ရှုံးဗိုလ်ချုပ်ကြီး လီးက ကျွန်တော်ဟာ ဗိုလ်ချုပ်ကြီးဂရန့်ရဲ့ စစ်တပ်ကို ရှုံးနှိမ့်ခဲ့ပါတယ်။ သမ္မတ လင်ကွန်းရဲ့ မေတ္တာ၊ ဂရုဏာကိုလည်း အညံ့ခံလိုက်ရပါတယ် ဟုဆိုခဲ့သည်။ ထိုစကားအတိုင်း စစ်ပြီးသည်နှင့် စစ်ရှုံးပြည်နယ်များကို ပြန်လည်ထူထောင်ရေး လုပ်ပေးသည်။ အငြိုးအတေးထားခြင်းကို ခွင့်မပြု၊ ရန်ငြိုးမပြေနိုင်ရှိမည်ကို တားဆီးခဲ့သည်။ လူမည်းများအတွက်လည်း အခွင့်အရေးပြဌာန်းပေးရန် ကြံသည်။ ထိုအကြောင်းမိန့်ခွန်းပြောရာ ဂျွန် ဘု ဆိုသော ပြဇာတ်မင်းသားက မကျေမနပ်ဖြင့် ကန့်ကွက်သည်။

ဘဝ ဇာတ်သိမ်း[ပြင်​ဆင်​ရန်​]

၁၄၊ ဧပြီ၊ ၁၈၆၅တွင် ပြဇာတ်ရုံသို့သွားသည်။ လုပ်ကြံမှုရှိနိုင်သည်ဟု သတိပေးသော်လည်း ပုံမှန်အတိုင်း သက်တော်စောင့် တစ်ဦးအပြင် အပိုခေါ်သွားခြင်း မပြုခဲ့ပေ။ အထက်တွင်ဆိုခဲ့သည့် ပြဇာတ်မင်းသား ဘု က အနီးကပ်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသဖြင့် ကျည်ဆန်က ဦးခေါင်းတည့်တည့်ဖောက်ဝင်သွားသည်။ သို့ဖြင့် လင်ကွန်းကွယ်လွန်ရှာသည်။ သူကွယ်လွန်သော် ဒုသမ္မတ အင်ဒရူး ဂျွန်ဆင်( Andrew Jackson ) မှ သမ္မတ အဖြစ်ဆက်ခံသည်။

ထင်ရှားသော ပြောစကားများ[ပြင်​ဆင်​ရန်​]

  • ကျွန်တော် ရီတာဟာ မငိုနိုင်လို့ပါဗျာ။
  • ဒီဥပဒေကို လေးစားလိုက်နာနေလို့ တိုင်းပြည်ကြီး အစိတ်စိတ်အမြွာမြွာကွဲသွားမှာထက် စာရင်တော့ ဒီတစ်နေရာလေးမှာ ဥပဒေကို ကျော်လွှားရတာမျိုးကို ကျုပ်ရွေးချယ်ရမှာပါပဲ။
  • မဖြုတ်နိုင်ဘူး..။ သူကမှ တိုက်ဖော်ရသေးတယ်။ (ဗိုလ်ချုပ်ကြီး ယူလီဆီးစ် ဂရန့် နှင့်ပတ်သက်သော မှတ်ချက်)

လင်ကွန်း၊ အေဗရာဟမ်(ခရစ် ၁၈ဝ၉-၁၈၆၅) ။ ။ တောရွာကလေး တစ်ရွာတွင် သစ်လုံးများဖြင့် ဆောက်လုပ်သည့် အလွန်နုံခြာသော အိမ် ကလေး၌မွေးဖွား၍ ထိုနေရာမှ မိမိ၏ ပကတိကိုယ်စွမ်းဖြင့် အစိုးရအိမ်ဖြူ တော်သို့ တက်လှမ်းကြံစည်ခဲ့သူကား အမေရိကန်ပြည်ထောင်စု၏ ၁၆ ယောက်မြောက်သမ္မတ အေဗရာဟမ်လင်ကွန်း ဖြစ်လေသည်။ အေဗရာဟမ်လင်ကွန်းကို အမေရိကန်ပြည်ထောင်စု ကင်တပ်ကီ ပြည်နယ် ဟာဒင်ခရိုင်တွင် ၁၈ဝ၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ဖွားမြင်၍ မိဘများသည် ဆင်းရဲလှသောကြောင့် ငယ်စဉ်က ပညာကို ကောင်းစွာမသင်ရရှာချေ။ အလုပ်အားလပ်ချိန်များတွင် ကွက်တိကွက်ကြား ကြိုးစားအားထုတ်ရင်းဖြင့်သာ စာပေအတော်အတန် တတ်မြောက်ခဲ့ရလေ သည်။ ဖခင်မှာ အိမ်ထောင်ပရိဘောဂ လုပ်ကိုင်ရောင်းချသူဖြစ်၍ ဖခင်၏ အလုပ်များကို အရွယ်အင်အားနှင့်မမျှအောင် ဝင်ရောက်ကူညီခဲ့ရ၏။ စာပေဝါသနာပါလှ၍ လင်ကွန်းသည် မီးခွက်ဖယောင်းတိုင် မတတ်နိုင်သောကြောင့် မီးလင်းဖိုအနီးတွင် စာဖတ်ရ၏။ လက်ရေးကို ပျဉ် ချပ်ပေါ်တွင် မီးသွေးဖြင့် ရေးခြစ်လေ့ကျင့်ခဲ့ရ၏။

လင်ကွန်းတို့မိသားတစ်စုသည် ၁၈၁၆ ခုနှစ်တွင် အင်ဒီးယားနား ပြည်နယ် တောင်ပိုင်းသို့ ရွှေ့ပြောင်းနေထိုင်ကြလေရာ၊ ၁၈၁၈ ခုနှစ်၌ပင် သူ၏မိခင်သည် အသက်အရွယ်မကြီးရင့်သေးဘဲ ဆေးဝါးမလုံလောက်မှု၊ အနေအထိုင်ချို့တဲ့မှုတို့ကြောင့် ကွယ်လွန်အနိစ္စရောက်ခဲ့၏။ ထိုအခါက လင် ကွန်းသည် ကိုးနှစ်အရွယ်မျှသာ ရှိသေး၏။ မိခင်မကွယ်လွန်မီက လင်ကွန်း အား တတ်နိုင်သမျှ ပညာသင်ကြား၍ ကမ္ဘာပေါ်တွင် ပေါ်လွင်ထင်ရှား အောင် ကြိုးစားနိုင်သမျှကြိုးစားရန် မှာထားခဲ့ဖူးရာ မိထွေးရပြန်သောအခါ၌ လည်း မိထွေးသည် အမြော်အမြင်ကြီးစွာဖြင့် လင်ကွန်းအား ကိုယ်ကျင့် တရားကောင်းစေရန် အမျိုးမျိုးဆုံးမပဲ့ပြင်ခဲ့လေသည်။

အသက် ၂၁ နှစ်အရွယ်တွင် လင်ကွန်းသည် နယူးအော်လီယန်း မြို့သို့ သစ်ဖောင်များနှင် နှစ်ကြိမ်မျှရောက်ခဲ့ဖူး၏။ ထိုအခါက အမေရိကန် မြေပိုင်ရှင်ကြီးများသည် မိမိတို့ စိုက်ပျိုးခင်းများတွင် အလုပ်ကြမ်း၌ခိုင်းစေ ရန် အာဖရိကတိုက်မှ ကပ္ပလီလူမည်းများအား ငွေဝယ်ကျွန်အဖြစ် အပိုင် ဝယ်ယူကြ၏။ လူမည်းမများကိုပင် လမ်းသလားပြစေ၍ တိရစ္ဆာန်များသဖွယ် ကိုင်တွယ်ကြည့်ရှု ဝယ်ခြမ်းနေသည်ကိုမြင်ရ၍ ထိုငွေဝယ်ကျွန် စနစ်ကြီးကို လင်ကွန်းသည် မုန်းတီးရွံရှာလာပြီးလျှင် အသားဖြူသည်၊ အသားမည်းသည် ပဓာနမထားဘဲ လူအချင်းချင်း တူညီသောအခွင့်အရေး ရထိုက်ကြောင်းကို စိတ်ဝင်စားခဲ့၏။ ထို့နောက် လင်ကွန်းသည် နယူးဆာလင်ရွာတွင် ကုန်စုံရောင်းချ သူအဖြစ်ဖြင့်လည်းကောင်း၊ ရွာတစ်ရွာတွင် စာတိုက်ဗိုလ်အဖြစ်ဖြင့်လည်း ကောင်း၊ မြေတိုင်းစာရေးအဖြစ်ဖြင့်လည်းကောင်း၊ အပျော်ထမ်း စစ်တပ်အဖွဲ့ တစ်ဖွဲ့တွင် ဗိုလ်ကြီးအဖြစ်ဖြင့်လည်းကောင်း အကြမ်းအနု အလုပ်မျိုးစုံ လုပ် ကိုင်ခဲ့ဖူး၏။

ကိုယ့်ဒူးကိုယ်ချွန်၍ ပညာသင်ကြားကာ အလုပ်အကိုင်လုပ်ရင်း ဗဟုသုတဆည်းပူးလာရာမှ ၁၈၃၇ ခုနှစ်တွင် ရှေ့နေစာမေးပွဲကို ဝင်ရောက် ဖြေဆိုအောင်မြင်ခဲ့ပြီးလျှင် ထိုအခါမှစ၍ နိုင်ငံရေးနယ်ပယ်သို့ဝင်ရောက်ကာ နိုင်ငံရေးကိစ္စများကို ဆောင်ရွက်ခဲ့၏။ သို့သော် ရှေ့နေအလုပ်တွင် မအား မလပ်နိုင်အောင်ရှိခဲ့သဖြင့် နိုင်ငံရေးဘက်၌ များစွာအချိန်ကုန်မခံနိုင်သေးချေ။ ၁၈၃၄ ခုနှစ်၌ လင်ကွန်းသည် အီလီနွိုင်ပြည်နယ်ဥပဒေပြုလွှတ် တော်အမတ်အဖြစ် အရွေးခံရ၍ တတ်နိုင်သမျှ လူထုအကျိုးကို သည်ပိုးရွက် ဆောင်ခဲ့ရာ ၁၈၄၂ ခုနှစ်အထိ အမတ် အကြိမ်ကြိမ်ဖြစ်ခဲ့၏။ ထိုနှစ်၌ပင် မေရီတော့ခေါ် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့လေသည်။ ၁၈၄၆ ခုနှစ်သို့ ရောက်သောအခါ ပြည်ထောင်စုလုံးဆိုင်ရာ ကွန်ဂရက်အမတ်ဖြစ် လာ၍ ဝါရှင်တန်မြို့တော်သို့ သွားရောက်ရ၏။ မြို့တော်သို့ရောက်၍ မကြာမီပင် စကားပြောကောင်းသူ၊ အမှု လိုက်ကောင်းသူဟူ၍ နာမည်ထွက်လာလေသည်။ ထိုအခါက ဒီမိုကရက်တစ် အဖွဲ့က အစိုးရဖြစ်နေ၍ သူကား ဝှစ်ပါတီဝင်အမတ်ဖြစ်နေရာ ကြိုးစား သလောက် ခရီးမရောက်ရှိခဲ့၏။ နောက်မှ ရီပတ်ဗလီကင် ပါတီသစ်ဝင် တစ်ဦးဖြစ်လာ၏။

ထို့နောက် လင်ကွန်းသည် ၁၈၃၈ ခုနှစ်မှ ၁၈၅၄ ခုနှစ်တိုင် နိုင်ငံရေးအလုပ်များ၌ ပါဝင်ဆောင်ရွက်ခြင်းမပြုဘဲ နေခဲ့သော်လည်း အမှု အလိုက်ကောင်းခြင်း၊ စကားပြောကောင်းခြင်းတို့ကြောင့် တစ်နေ့တခြား ထင်ရှား၍သာ လာခဲ့လေသည်။ ထိုအခါက ကပ္ပလီလူမျိုးများအား ကျွန် အဖြစ် အသုံးပြုသင့် မပြုသင့် ပြဿနာမှာ နိုင်ငံအဝန်းတွင် ခေတ်စားလျက် ရှိ၏။

သို့ဖြင့် လင်ကွန်းသည် ၁၈၅၄ ခုနှစ်မှစ၍ မိမိစိတ်ဝင်စားခဲ့သော ငွေဝယ်ကျွန်ပြဿနာ ပပျောက်ရေးအတွက် အပြင်းအထန် စတင်ဆောင်ရွက် တော့၏။ လင်ကွန်း၏ အတိုက်အခံဖြစ်သူမှာ အမေရိကန်ပြည်ထောင်စု ဥပဒေပြုကွန်ဂရက်အဖွဲ့သို့ဝင်ရန် အမတ်လောင်းအဖြစ် အရွေးခံသော အီလီနွိုင်ပြည်နယ်မှ စတီဖင် အေ ဒေါက်ဂလပ်ဖြစ်လေသည်။ နောက်ဆုံး၌ လင်ကွန်းပင် အမတ်ဖြစ်သွား၏။

၁၈၅၈ ခုနှစ်တွင် ဒေါက်ဂလပ်သည် အီလီနွိုင်ပြည်နယ်မှနေ၍ သူ့ဝါဒအတိုင်း ငွေဝယ်ကျွန်များထားနိုင်ကြောင်း ဟောပြော၍ အထက်လွှတ် တော်အမတ် အရွေးခံပြန်ရာ လင်ကွန်းကလည်း မထားနိုင်ကြောင်း အတိုက် အခံ ချေပဟောပြောလေသည်။ လင်ကွန်းမှာ အပြောလည်းကောင်း စေတနာ လည်းကောင်းလှသဖြင့် လူအများ ချီးကျူးကျေးဇူးတင်ခြင်းကို ခံရလေသည်။ သို့ဖြင့် နောက်ဆုံးတွင် ၁၈၆ဝ ပြည့်နှစ်၊ မေလ၌ကျင်းပသည့် ရီပတ် ဗာလီကင်ပါတီ အစည်းအဝေးကြီးက လင်ကွန်းအား အမေရိကန်ပြည် ထောင်စု သမ္မတလောင်းအဖြစ် အရွေးခံရန် ရွေးချယ်လိုုက်ကြ၏။ ယှဉ်ပြိုင် ရွေးချယ် မဲပေးသောအခါ၌လည်း လင်ကွန်းသည် မဲပေါင်းများစွာ အသာ ရရှိပြီးလျှင် သမ္မတရာထူးကို ဆွတ်ခူးရရှိခဲ့လေသည်။

၁၈၆၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် လင်ကွန်းသည် သမ္မတ ရာထူးကို လက်ခံသောအခါ ကျွန်ပိုင်ထားလိုသော ပြည်နယ်ခုနစ်နယ်သည် ပြည်ထောင်စုကြီးမှထွက်ကာ သီးခြားပြည်ထောင်စုအဖြစ် ဖွဲ့စည်းကြ၏။ များမကြာမီ နောက်ထပ်ပြည်နယ်လေးခု ခွဲထွက်ပြန်လေသည်။ တစ်လခန့်မျှ ကြာသော် အေဗရာဟမ်လင်ကွန်းသည် တပ်ပျက်တွင် ဗိုလ်ခန့်ခြင်း ခံရဘိ သကဲ့သို့ ကျွန်ပိုင်ပြဿနာများနှင့် ရင်ဆိုင်ရတော့၏။ သို့ဖြင့် စစ်သားစု ဆောင်းခြင်းကို ပြုလုပ်ရလေ၏။ ပြည်ထောင်စုအတွင်းရှိ ပြည်နယ်တို့သည် တစ်ဖက်စီ ကွဲသွားပြီးလျှင် ပြည်တွင်းစစ်ပွဲကြီး ဖြစ်ပွားတိုက်ခိုက်ကြလေ သည်။

ပထမနှစ်နှစ်တွင် လင်ကွန်းသည် ပြည်ထောင်စုအား မယိမ်း မယိုင်အောင် ထိန်းသိမ်း၍သာနေရ၏။ ထိုအခါကား လင်ကွန်းသည် လှိုင်း ကြမ်း လေကြမ်းကိုခံနိုင်အောင် ပဲ့ကိုင်၍နေရသော သဘေ‡ာသူကြီးနှင့် တူနေ ၏။ နောက်နှစ်နှစ်တွင်မူကား ပြည်ထောင်အချင်းချင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလေရာ လူသူအမြောက်အမြား ကျဆုံးရလေသည်။ စစ်ပွဲများ၌ ကွပ်ကဲတိုက်ခိုက်နေရသည့် အတွင်း၌ပင် အိမ်မှုကိစ္စ များကလည်း စိတ်ဒုက္ခရောက်စရာ ပို၍လာပြန်၏။ ဇနီးဖြစ်သူနှင့် မကြာ ခဏ ခိုက်ရန်ဖြစ်ရသည့်ပြင် သားတစ်ယောက် သေဆုံးသွားပြန်လေသည်။ ၁၈၆၄ ခုနှစ်၌ အေဗရာဟမ် လင်ကွန်းကိုပင် ဒုတိယအကြိမ် သမ္မတအဖြစ်ဖြင့် ရွေးကောက်ကြပြန်၏။ ဤသို့ ရွေးကောက်တင်မြေ|ာက်ကြ သည်မှာလည်း သူ့အပေါ်တွင် စေတနာမေတ္တာထားခြင်း၊ ရိုသေကိုင်းရှိုင်း ခြင်း၊ ကျေးဇူးတင်ခြင်း စသည်တို့ကြောင့်ဖြစ်လေသည်။ ထိုအကြိမ်၌ ကွန် ဂရက်လွှတ်တော်ကြီးတွင် သမ္မတဝါရှင်တန်လက်ထက်ကကဲ့သို့ပင် အဖွဲ့ အမျိုးမျိုး ကွဲလျက်ရှိနေ၏။

ပြည်တွင်းစစ်ပွဲကြီး၌ ပထမတွင် မြောက်ပိုင်းသားများအတော်ပင် အနစ်နာခံရသော်လည်း ၁၈၆၅ ခုနှစ်တွင် တောင်ပိုင်းပြည်နယ် သမဂ္ဂအစိုးရ ၏ စစ်တပ်များသည် နောက်ဆုံးတွင် အပြီးသတ်အရှုံးပေးကာ လက်နက်ချ ကြရကုန်၏။ လေးနှစ်ကြာခဲ့သော ပြည်တွင်းစစ်ကြီးကား ပြီးဆုံးခြင်းသို့ ရောက်၍ နောင်အခါ အမေရိကန်ပြညေ်ထောင်စု၌ ငွေဝယ်ကျွန်စနစ် မရှိ စေရဟူသော ၁၃ ခုမြောက် ပြင်ဆင်ချက်ကို ဥပဒေတစ်ရပ်အဖြစ်ဖြင့် ပြဋ္ဌာန်းနိုင်လေတော့၏။

သို့ဖြင့် တိရစ္ဆာန်ကဲ့သို့ ရောင်စားခြင်းခံရသော ကပ္ပလီလူမည်း များလည်း လွတ်လပ်ခွင့်ရကြကုန်၏။ စစ်ဒဏ်ကိုခံခဲ့ရသော ပြည်ထောင်စု နိုင်ငံကြီး ပြန်လည်ထူထောင်ရန်နှင့် သဘောမပေါက်သေးသော တောင်ပိုင်း သားများအား နားလည်စေရန် သူ၌တာဝန်ကျန်သေး၏။ သို့သော် ထိုတာဝန် ကြီးများကို အပြီးတိုင် ထမ်းဆောင်ခွင့်မရတော့ချေ။ ၁၈၆၅ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ ညနေချမ်း၌ အေဗရာဟမ် လင်ကွန်းသည် ဝါရှင်တန်မြို့ရှိ ဖို့ဇာတ်ရုံကြီးတွင် ဇာတ်ပွဲကို ကြည့်ရှုလျက်ရှိစဉ် ဂျွန်ဝီလကီ ဗုသဆိုသူ သဘင်သည်တစ်ဦးက ပစ်စတိုသေနတ်နှင့် ပစ်လိုက်သဖြင့် နောက်တစ်နေ့၌ ပင် ကွယ်လွန်အနိစ္စရောက်ရရှာလေသည်။

ပြည်တွင်းစစ်အတွင်း ဂက်တစ်စဗတ် တိုက်ပွဲအပြီး၌ သမ္မတကြီး သည် အောက်ပါအတိုင်း မိန့်မြွက်ခဲ့ဖူး၏။ 'ကျွန်ုပ်တို့၏သူရဲကောင်းများ အချည်းနှီးမသေစေရန်နှင့် ပြည်သူတို့က ပြည်သူတို့အတွက် တင်မြေ|ာက် ထားသော ပြည်သူ့အစိုးရသည် ဤကမ္ဘာပေါ် မှပျောက်ကွယ်မသွားရန် ကျွန်ုပ်တို့ လေးနက်စွာ သန္နိဋ္ဌာန်ချပါသည်' ဟူ၍ဖြစ်သည်။ သမ္မတကြီး လင်ကွန်း၏ အထက်ပါမိန့်ခွန်းစကားများမှာ ကမ္ဘာကျော်အောင် ဥဒါန်းတွင် ရစ်ခဲ့လေသည်။

အေဗရာဟမ် လင်ကွန်းအား တစ်နိုင်ငံတည်းအတွက်သာမဟုတ်၊ တလောကလုံး ကောင်းစားရေးအတွက် ဆောင်ရွက်ခဲ့သဖြင့် တစ်ကမ္ဘာလုံး ကပင် ချစ်ခင်လေးစားကြကုန်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)

အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း