ဟင်္သာတမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဟင်္သာတခရိုင်၏ ရုံးစိုက်မြို့ဖြစ်ခဲ့၍ ယခု ဟင်္သာမြို့နယ်၏ရုံးစိုက်မြို့ဖြစ်သော ဟင်္သာတ မြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ အောက်မြန်မာနိုင်ငံတွင် အရောင်းအဝယ် စည်းကားဖွံ့ဖြိုးသော မြို့ကြီးတမြို့ဖြစ်သည့်ပြင် အရေးပါသော ဧရာဝတီမြစ်ဆိပ်မြို့ လည်း ဖြစ်သည်။ စီးပွား ကုန်သွယ်မှု စည်ကားဖွံ့ဖြိုးခြင်းမှာ မြို့၏ကျောထောက်နောက်ခံဒေသများမှ ကုန်ပစ္စည်း အထွက် ကောင်းခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ကူးသန်းသွားလာရေး အတွက် ရေလမ်းကုန်းလမ်း နှစ်မျိုးလုံးဘက်၌ အဆင်ပြေခြင်း တို့ကြောင့် ဖြစ်သည်။

ဟင်္သာတမြို့သည် ရန်ကုန်မြို့နှင့် မီးရထားလမ်းအားဖြင့် မိုင် ၁၁ဝ ကွာဝေး၍ ရေလမ်းအားဖြင့် ၁၄၉ မိုင် ကွာဝေးလေသည်။ မြို့နယ်အတွင်းနှင့် အပသို့ မီးရထားလမ်း၊ မော်တော်ကားလမ်း နှင့်ရေလမ်းခရီးတို့ဖြင့် ဆက်သွယ်နိုင်သည်။ မန္တလေးနှင့်ရန်ကုန် အစုန်အဆန် သွားလာသော မန္တလေးသင်္ဘောကြီးများ ဆိုက်ကပ် ရာ ဖြစ်၍ အထက်နှင့်အောက်ကုန်ပစ္စည်းများ စုံစုံလင်လင် ရနိုင်လေသည်။ ရာဇဝင်သမိုင်းများ၌ ဟင်္သာ၏အမည်ကို အလောင်းဘုရား လက်ထက်ကမှ စတင် တွေ့ရှိရသည်။ အင်းဝနှင့် ပဲခူးခေတ် တွင် ထိုနှစ်ပြည်ထောင်တို့ ကူးလူးဆက်ဆံရာ၌လည်းကောင်း၊ စစ်မက်ကာလ၌လည်းကောင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ရှိ တောင်ငူ(စစ်တောင်းမြစ်ဝှမ်း)ကြောင်းနှင့် လှိုင်မြစ်ကြောင်း တို့ကိုသာ အသုံးများခဲ့ကြ၍ ဧရာဝတီ မြစ်ကြောင်းအားဖြင့် လည်း ပြည်မြို့အထိသာ စုန်ဆင်းကြသည်။ ပြည်မြို့မှ အောက် ဘက် ဟင်္သာတနယ်ဘက်သို့ ကား အရောက်အပေါက် ည်းပါးခဲ့သည်။ ထိုခေတ်က ရေကာတာများလည်း အလုံ အလောက် မဆောက်လုပ်ရသေးသဖြင့် ရေလွှမ်းမိုးမှုဒဏ်ကြောင့် လူနေအိမ်ခြေလည်း အလွန်ပင် နည်းပါးခဲ့လေသည်။ ဟင်္သာတ ဒေသ တဝိုက်သည် ရှေးမြန်မာမင်းများ လက်ထက်က ဟံသာ ဝတီပဲခူး၏လက်အောက်ခံဖြစ်ပြီးလျှင် မွန်လူမျိုးများ နေထိုင်ရာ ဒေသဖြစ်ခဲ့သော်လည်း ယခုအခါ မွန်အဆက်အနွယ် ပပျောက် သလောက် ရှိနေခဲ့သည်။ ဟံသာဝတီကို ခရစ် ၁၇၅၅ ခုနှစ်တွင် အလောင်းမင်း တရားကြီး သိမ်းပိုက်သောအခါ ဟင်္သာတနယ်သည်လည်း မြန်မာမင်းတို့ လက်အောက်ခံဖြစ်လာသည်။ ၁၇၅၉ ခုနှစ်တွင် ပဲခူး၌ မွန်တို့ပုန်ကန်ထကြွကြသော အခါ ဟံသာဝတီပဲခူးရှိ မြန်မာဘုရင်ခံသည် ဟင်္သာတသို့ ဆုတ်ပေးရသည်ဟူသော အဆိုကိုထောက်၍ ထိုစဉ်က ဟင်္သာတသည် ခိုင်လုံသော မြို့တမြို့ ဖြစ်နေပြီဟု ယူဆရပြီးလျှင် မြန်မာလူမျိုးများသည် လည်း ထိုဒေသတွင် အတော်အတန် အခြေစိုက် နေထိုင်လျက် ရှိဟန်တူပေသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအတွင်း အင်္ဂလိပ်တပ်များ ပြည်မြို့သို့ ချီတက်လာစဉ်က ဟင်္သာတမှ အခုအခံ မပြုခဲ့ပေ။ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအတွင်းကမူ ဟင်္သာတနယ်အတွင်း အခြေအနေ မငြိမ်မသက် ရှိလာသည်။ သူကြီးဟောင်းတစ်ဦး ဖြစ်သော ဦးမြတ်ထွန်းဆိုသူ ခေါင်းဆောင်၍ မအူပင်၊ ပုသိမ်၊ ဟင်္သာတတဝိုက်၌ လည်းကောင်း၊ ဦးခေါင်းကြီးဆိုသူ ခေါင်း ဆောင်၍ သာယာဝတီတဝိုက်၌လည်းကောင်း ဆူပူသောင်းကျန်း မှုများကို ဗြိတိသျှအစိုးရသည် အတော်ပင် နှိမ်နင်းယူရလေ သည်။ ဟင်္သာတခရိုင်ဟု ဗြိတိသျှအစိုးရတို့ မူလသတ်မှတ်ထား သော နယ်မြေတွင် မအူပင်ခရိုင်၏ တစိတ်တဒေသနှင့် သာယာဝတီခရိုင်တို့ ပါဝင်ခဲ့သည်။ သို့သော် ဆူပူလှုပ်ရှားမှု များကို နှိမ်နင်းရေးအတွက် အုပ်ချုပ်မှု လွယ်ကူစေရန် နှစ် ပေါင်း ၃ဝ ခန့်အတွင်း ဟင်္သာတခရိုင် နယ်နမိတ်ကို အကြိမ် ကြိမ် ပြောင်းလဲသတ်မှတ် ခဲ့ရလေသည်။ သာယာဝတီမင်းလက်ထက်က ဧရာဝတီမြစ်၏ တစ်ဘက် တစ်ချက်တွင် ရှိကြသော ဟင်္သာတနှင့် သာယာဝတီ တို့သည် ထိုမင်း မင်းသားဘဝက အပိုင်စားရသော နယ်မြေများဖြစ်၍ အင်းဝနေပြည်တော်မှစ၍ တိုက်ရိုက် အုပ်ချုပ်သည်။ နောင်အခါ မြို့ငယ်၊ တိုက်ငယ်များ ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှအစိုးရတို့ အုပ်ချုပ်စအခါက သာယာဝတီမင်းသား အပိုင်စားခဲ့သော နယ်မြေတို့ကို သာရဝေတွင် အရေးပိုင် (ခရိုင် ဝန်)ရုံးစိုက်မြို့ထား၍ အုပ်ချုပ်ခဲ့သည်။ ထိုနယ်မြေ အပိုင်း အခြားမှာ လေးမျက်နှာမြို့နယ်မှ လွဲ၍ ယခု ဟင်္သာတခရိုင်၊ သာယာဝတီခရိုင်၊ တရုတ်မော်မြို့နယ်၊ သုံးဆယ်တိုက်နယ်၊ ယခု မအူပင်ခရိုင်မှ ဓနုဖြူမြို့နယ်တို့ ပါဝင်သည်။ နောင်အခါ သူပုန်သူကန်အရေးကြောင့် အုပ်ချုပ်ရေးလွယ်ကူစေရန် ခရစ် ၁၈၅၃ ခုနှစ်မတိုင်မီကာလတွင် သာရဝေါခရိုင်ကို နှစ်ပိုင်း ခွဲခြားလိုက်ရသည်။ ဧရာဝတီမြစ်အားဖြင့် ပိုင်းခြား ထားသော ထိုခရိုင်သစ်နှစ်ခုမှာ ဟင်္သာတ(ရုံးစိုက်မြို့ ဟင်္သာတ)နှင့် သာယာဝတီ(ရုံးစိုက်မင်းကြီးမြို့)ဖြစ်ကြ၍ ပြည်ခရိုင်အတွင်း၌ ပါဝင်နေသော တရုတ်မော်မြို့နယ်ကို သာယာဝတီခရိုင်အတွင်း သို့ ပေါင်းထည့်ပေးသည်။ ၁၉၇၂ ခုနှစ် 0x100သဂုတ်လ အုပ်ချုပ်ရေးစံနစ်သစ် ဖော်ထုတ် ရေး အစီအစဉ်အရ ခရိုင်အဆင့် ဖျက်သိမ်းလိုက်သည့်အခါ ဟင်္သာတသည် မြို့နယ်အဆင့်သို့ ရောက်ခဲ့သည်။ ဟင်္သာတမြို့သည် မြို့ခင်းမြို့ကွက် အနေအထား ကောင်း သော်လည်း၊ မြစ်ကမ်းပါးအောက် နိမ့်နေသည်။ ထိုကြောင့် မိုးရာသီအခါ ရေဆင်းမကောင်းသဖြင့် မြို့ထဲတွင် ရေအိုင်ခြင်း၊ ရေဝပ်ခြင်းများ ရှိတတ်သည်။ ဧရာဝတီမြစ်ရေလျှံသည့်ဘေးမှ ကင်းလွတ်နိုင်ရန် မြစ်ဆိပ်ကမ်းပါးတလျှောက် ရေကာတာဖို့ ထားသည်။ ကမ်းနားဘက်မှ အတွင်းကျကျ၌လည်း ပြည်သူ့ လုပ်ငန်းဌာန ရေကာတာကြီးတထပ် ရှိသေးရာ၊ ထိုရေကာတာ ရိုးကြီးသည် မြို့ကို အရှေ့မှအနောက်သို့ ဖြတ်သန်းတည်ရှိသည်။ လမ်းကြီးလမ်းကောင်းများ နေအိမ်တိုက်တာ အဆောက်အအုံ ကောင်းကြီးများ၊ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်သူ့ဘဏ်ခွဲ၊ သစ်တော ရုံး၊ ကုန်သွယ်ရေးရုံး၊ ဘူတာရုံ၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ ပြည်သူ့ ရဲတပ်ဖွဲ့ရုံး၊ စာတိုက်ကြေးနန်းရုံး၊ ကြိုးမဲ့ကြေးနန်းရုံး၊ ဆေးရုံ၊ အကျဉ်းထောင် စသည်တို့ဖြင့် သိုက်မြိုက်ခမ်းနားစွာ ရှိိလေ သည်။ ဟင်္သာတမြို့ရှိ မြစ်ကမ်းပါးသည် ၁၉၅ဝ ပြည့်နှစ်ခန့်မှ စ၍ အပြိုကြမ်းလာသဖြင့် ကမ်းနားနှင့်နီးသော အိုးအိမ်အဆောက် အအုံများစွာတို့သည် ကမ်းပြိုရာထဲသို့ ပါသွားကြသည်။ ရှေး ခေတ်က ဟင်္သာတဈေးကြီး သည် အလွန်ကြီးကျယ်ပြီးလျှင် မြန်မာပန်းပုကျော်များ၏ ပန်းတမော့၊ ပန်းတော့လက်ရာများဖြင့် အလွန်လှပ ခမ်းနား၍ မြို့၏ကျက်သရောဆောင်ဖြစ်ခဲ့သည်။ ထိုဈေးကြီးသည် မြစ်ကမ်းပါးအနီး တည်ရှိခဲ့ရာ ကမ်းပြိုရာသို့ လုံးလုံးလျားလျား ပါသွားခဲ့သဖြင့်၊ ိုဈေးကြီးတည်ခဲ့သော နေရာသည် ယခု မြစ်လယ်ခန့်တွင် ရှိမည်ဟု ခန့်မှန်းကြသည်။ ရွှေ့ပြောင်း၍ရသော အဆောက်အအုံ၊ စေတီဘုရား ကျောင်းကန် တို့ကို ကုန်းပိုင်းသို့ တဖြည်းဖြည်း ပြောင်းရွှေ့ရသည်။ မရွှေ့ ပြောင်းနိုင်၍ ကမ်းပြိုရာသို့ ပါသွားသော မြို့၏အဆောက်အအုံ များသည် သုံးပုံနှစ်ပုံခန့် ရှိလေသည်။

ယခင်က မြို့အလယ်ဟု ခေါ်ဆိုသော နေရာတွင် မိုင်ဒါ ကွင်းကျယ်ကြီး ရှိသည်။ ထိုကွင်းကျယ်ကြီး အတွင်း နှစ်စဉ် ဒါဘာပွဲ၊ ပြေးပွဲ၊ ပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပလေ့ရှိသည်။ ထိုကွင်းကြီး၏ တဘက်တွင် ဘောလုံးကွင်း ပြုလုပ်ထားသည်။ ဟင်္သာတဈေးကြီး ကမ်းပြိုရာသို့ ပါသွားသောအခါ ထိုဈေးကြီး အစား တည်ဆောက်ရန်အတွက် ဘဏ္ဍာကြေးငွေ နည်းပါးမှု၊ သင့်လျော်ကျယ်ဝန်းသော မြေကွက်ရမှုစသော ကိစ္စ အဝဝတို့ အဆင်မပြေနိုင်သဖြင့် ထိုမိုင်ဒါကွင်းကြီးထဲတွင်ပင် သွပ်မိုးပျဉ် ကာ ဈေးဆိုင်ကန္နာများ တည်ဆောက်၍ ဈေးအဖြစ် အလျင် အမြန်ဆောင်ရွက်ပေးခဲ့ရသည်။ ထိုကြောင့် ယခင်က ဟင်္သာတ မြို့လယ်၏ ကျယ်လွင့်သော မိုင်ဒါကွင်းကြီး ပျောက်ကွယ်ခဲ့ရ လေသည်။ ယခုဈေးသည် ကမ်းခြေနှင့် အတန်ဝေးပြီးလျှင် မြို့အလယ်၌ တည်ရှိ၍ ယခင်ကမြို့နှင့် အလှမ်းကွာကွာ တွင်ရှိခဲ့သော ဆေးရုံ၊ သစ်တောရုံး၊ ပြည်သူ့ ရဲတပ်ဖွဲ့စခန်း၊ အကျဉ်းထောင်၊ အစိုးရရုံးများနှင့် မဝေးလှတော့ချေ။

ဟင်္သာတမြို့၏ အခြားအန္တရာယ်တစ်ခုမှာ မီးဘေးဖြစ်သည်။ နွေရာသီတွင် ဟင်္သာတမြို့ပေါ်၌ ရေရှားပါးသည်။ မြစ်ဆိပ်ကမ်း များတွင် မိုးကုန်လျှင် သောင်များထွန်းလာသဖြင့် မြစ်ရေရရန် ခက်ခဲမှု၊ ရေတွင်းများ နည်းမှုကြောင့် ရေအခက်အခဲ ပြဿနာ ရှိပြီးလျှင် နှစ်စဉ် မီးလောင်သည့် ကိစ္စများ ဖြစ်ပေါ်တတ်လေ သည်။

မီးဘေးဒဏ်ခံရသူများ၊ ကမ်းပြိုသဖြင့် အိုးအိမ်မဲ့သူများနှင့် နယ်အခြေအနေ မလုံခြုံသဖြင့် တောမှ ပြောင်းရွှေ့လာသူများ အတွက် မြို့၏အရှေ့ဘက် ဘူတာရုံ အနီးတဝိုက်၊ ယခင်က အကျဉ်းထောင်ပိုင် လယ်မြေ များကို အကွက်သစ်များ ရိုက်ကာ နေရာချထားပေးရသည်။ ဘူတာရုံ၏ အရှေ့ကွင်း၊ မြို့၏ မြောက်ဘက်ပိုင်း စသည်တို့၌လည်း ကွက်သစ်များ ထူထောင် ပေးရလေသည်။

၁၉၆၃ ခုနှစ်ခန့်မှန်း သန်ကောင်စာရင်းအရ ဟင်္သာတ မြို့ပေါ်ရှိ လူဦးရေသည် ၆၇၈၆၄ ယောက်ဖြစ်၍ ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးတို့သည် အများဆုံးဖြစ်သည်။ ဒုတိယအများစုသည် ကရင်လူမျိုးမှားဖြစ်ကြသည်။ မြို့သူမြို့သားများသည် အစိုးရ အမှုထမ်းများအပြင် ကုန်သည်ပွဲစားများဖြစ်၍ အထက်အောက် ကုန်စည်ပစ္စည်း မျိုးစုံကို ရောင်းဝယ်ဖောက်ကား လုပ်ကိုင်ကြ သည်။

ဗြိတိသျှ အစိုးရတို့ မြန်မာနိုင်ငံအလုံးကို မသိမ်းပိုက်မီ၊ ၁၈ ရာစုနှစ်အတွင်းက ဗြိတိသျှကိုယ်စားလှယ် တော်တစ်ဦး ဖြစ်သော ကာနယ်ဆိုင်းသည် ရန်ကုန်မှ အင်းဝသို့ ဆန်တက် ရာတွင် ဟင်္သာတမြို့ကိုလည်း ဖြတ်သန်းသွားသည်။ ကာနယ် ဆိုင်းသည် ထိုခေတ် ဟင်္သာတမြို့သည် စီးပွားရေးအခြေအနေ တိုးတက် ကောင်းမွန်လျ်က မြို့သူမြို့သားတို့သည်လည်း ပြုမူ နေထိုင်စားဝတ်ပုံမှအစ ယဉ်ကျေးသိမ်မွေ့ကြပေသည်ဟု ယင်း ၏မှတ်တမ်းတွင် ဖော်ပြထားလေသည်။

မြို့တည်သည့် သက္ကရာဇ်ကို အချို့က ၁၃ ရာစုနှစ် အလယ် ပိုင်း၊ အချို့က ၁၆ ရာစုနှစ် စောစောပိုင်းဟု အမျိုးမျိုး ပြောဆို ကြသည်။ ရာဇဝင် အထောက်အထားမရသော်လည်း ၁၆ ရာစု နှစ်အတွင်း တည်ခဲ့သည် ဆိုသော အဆိုသည် ပို၍ မှန်ကန် ဖွယ်ရှိသည်။

ဟင်္သာတဟူသောအမည်ခေါ်တွင်ခြင်းနှင့်စပ်လျဉ်း၍ အကြောင်းပြချက် သုံးမျိုးရှိသော်လည်း ခိုင်လုံသော အချက် များဟူ၍ကား မဆိုနိုင်ချေ။ ပထမအကြောင်းပြချက်မှာ အချို့ ရှေးသူဟောင်းတို့၏ အဆိုအရ ရှေးအခါက ဟင်္သာတမြို့ တည်ရာအရပ်သည် ဟင်္သာငှက်များ ကျက်စားရာ ညွှန်ပျောင်း ထူသော မြေနိမ့်ဒေသတစ်ခု ဖြစ်သည်။ အလောင်းစည်သူ မင်းသည် ဖောင်စကြာဖြင့် တိုင်းခမ်းလှည့်လည်လာရာ ဟင်္သာတမြို့နေရာသို့ ရောက်လျှင် ဖောင်တော်ကို ရပ်နား၍ စခန်းချသည်။ ယင်းသည့်အခိုက်တွင် မျက်နှာချင်းဆိုင်ရှိ သဲသောင်တစ်ခုပေါ်၌ ကျက်စားနေသော ဟင်္သာမောင်နှံအနက် ဟင်္သာဖိုသည် ရုတ်တရက် သေဆုံးသွားလေရာ ဟင်္သာမသည် ဟင်္သာဖိုအား လွမ်းဆွတ်တမ်းတနေသည်ကို ဘုရင်မင်းမြတ် မြင်တော်မူသဖြင့် ထိုအရပ်ကို ဟင်္သာတ တွင်စေခဲ့သည်ဟု ဆိုကြသည်။

ဒုတိယအကြောင်းပြချက်မှာ တရုတ်ပြေးမင်း နရသီဟပတေ့ သည် တရုတ်တို့၏ရန်ကြောင့် ဧရာဝတီမြစ်ကို စုန်ဆင်းလာရာ၊ ဟင်္သာတမြို့ တည်ရာအရပ်သို့ရောက်လျှင် ခေတ္တစခန်းချနေခိုက် ပွဲတော်တည်ရန် ဟင်းမယ် ၃ဝဝ မပြည့်သဖြင့် ဟင်းလျာတ ခြင်းကို အစွဲပြု၍ ဟင်းလျာတဟု ဆိုကြရာမှ ဟင်္သာတသို့ ရွေ့လျောလာသည်ဟု တစ်မျိုးဆိုကြသည်။

တတိယအကြောင်းပြချက်မှာ မွန်တို့ခေတ်က ဟင်္သာတမြို့ နေရာတွင် ဓနုန်းပင် အများအပြား ပေါက်ရောက်ရာ မွန် ဘာသာစကားဖြင့် ဓနုန်းပင်ကို ဟမ်းဇဒါးဟု ခေါ်ကြရာ၊ မြန်မာအသံဖြင့် ဟမ်းသဒါးဟု လိုက်၍ ခေါ်ကြရာမှ ဟင်္သာတ တွင်လာသည်ဟု ဆိုကြပြန်လေသည်။

ဟင်္သာတမြို့သည် ရှေးခေတ်ဟောင်းမြို့ကြီးတမြို့ မဟုတ် သဖြင့် မြို့ပေါ်တွင် ရှေးဟောင်းအဆောက်အအုံကြီးများ မရှိလှ ချေ။ ကုန်းဘောင်ခေတ် နောက်ပိုင်းတွင်သာ မြို့ဝန်တစ်ဦး အုပ်ချုပ်သော မြို့တမြို့ဖြစ်လာသည်။ သို့သော် စီးပွားရေး ချောင်လည်သူများ များပြားသဖြင့် ခမ်းနာလှပသော စေတီပုထိုး ဘုရားကျောင်းကန်များ ရှိသည်။ ယခင်က မြစ်ကမ်းပါးနှင့်ဝေး သော်လည်း ကမ်းအပြိုကြမ်းသဖြင့် ယခုအခါ မြစ်ကမ်းနဖူးတွင် တဲတဲ ကလေးမျှကျန်နေသောရွှေပြောင်ပြောင်ဘုရားနှင့် ဦးဘုရဲ ဘုရားတို့အား ကမ်းပြိုရာသို့ မပါအောင် အထူးကြပ်မ စောင့်ရှောက်နေကြရသည်။ ထို့ကြောင့်ပင် အနီးအနားရှိ အခြားနေအိမ် အဆောက်အအုံများ ကမ်းပြိုရာသို့ ပါသွားသော်လည်း ထိုဘုရားနှစ်ဆူနေရာတွင် ကမ်းသည် ဝိုက်၍ ကျန်နေလေသည်။ ထိုစေတီနှစ်ဆူအနက် ဦးဘရဲ ဘုရားသည် ဟင်္သာတမြို့၏မြို့သူကြီးဦးဘရဲက ခရစ် ၁၈ဝ၄ ခုနှစ်တွင် တည်ထားသည်။ ရွှေ ပြောင်ပြောင်ဘုရားမှာမူ ဘုရင်မင်းမြတ်၏ ဥယျာဉ်တော်အုပ် ဦးပါလူက၊ ၁၈၁၇ ခုနှစ်တွင် တည်ထား၍ ၁၈၄၆ ခုနှစ်တွင် မြို့သူကြီးတစ်ဦး ဖြစ်သူ ဦးမြတ်သာနော်က ထပ်မံ မွန်းမံပြုပြင်ခဲ့သည်။

အလောင်းမင်းတရားကြီး၏ ပထမဆုံး မြန်အောင်မြို့ ူကြီးဦးမူတည်ခဲ့သော ငါးမျက်နှာဘုရားသည် မူလ နေရာ ဟောင်းမှ ကမ်းပြိုရာသို့ ပါမည်စိုးသဖြင့် မိုင်ဒါကွင်းအနီးသို့ ပြောင်းရွှေ့ခဲ့ရသည်။ ထိုဘုရားကို ခရစ်နှစ် ၁၈၁၅ ခုတွင် တည်ခဲ့သည်။ ခရစ်နှစ် ၁၈၁၂ ခုတွင် ပုဂံမင်းမိဖုရား၏ မယ်တော်တည်ခဲ့သည် ဆိုသော မယ်တော်ဘုရားကိုလည်း ကမ်းပြိုရာသို့ ပါမည်စိုးသဖြင့် မူလနေရာမှ ပြောင်းရွှေ့ခဲ့ရသည်။

ကမ်းနှင့်ဝေးကွာ၍ ဆောက်လုပ်ရေးဌာန ရေကာတာ၏ ့အတွင်းဘက်ကျသော ကျောက်တော်ကြီးဘုရားနှင့် ဆယ်ထပ်ကြီး ဘုရားတို့သည် ဗြိတိသျှခေတ်၌ တည်ခဲ့သော ဘုရားများဖြစ်ကြ ပြီးလျှင် အခြံအရံ ဇရပ် တန်ဆောင်းများဖြင့်တင့်တယ်ခန့်ညားစွာ ဖူးတွေ့ကြရသည်။ ထိုပြင် ဆီစက်နှင့်ဆန်စက်ပိုင်ရှင် ဦးအောင်မြတ်ကျော်၏ကောင်းမှုဖြစ်သောဘုရားလည်း ရှိပေသေးသည်။ ဟင်္သာတမြို့ပေါ်၌ ယခင်က ကျမ်းဂန်တတ် ဆရာတော်ကြီး များ သီတင်းသုံးခဲ့ရာ ကျောင်းတိုက်ကြီးများမှာ လယ်တီ ကျောင်းတိုက်၊ မိုးကောင်းကျောင်းတိုက်၊ ရေတံခွန်ကျောင်း တိုက်၊ ပတ္တမြားကျောင်းတိုက်၊ ဘုရားကြီး ကျောင်းတိုက်၊ သပြေပင်ကျောင်းတိုက်တို့အပြင် မြို့အတွင်းပိုင်း၌မူ မြစ်ကွေ့ ကျောင်းတိုက်၊ ရန်ကုန်ကျောင်း တိုက်၊ ပိုးစတောကျောင်း စသည်တို့ ရှိကြသည်။ သီလရှင်စာသင်ကျောင်းတိုက်ကြီး များလည်း ရှိပေသေးသည်။

စာတတ် ကျမ်းတတ် ရဟန်း၊ သီလရှင်တို့ များပြားသော မြို့ဖြစ်သည့်ပြင် မြို့သူမြို့သားများအနေဖြင့်လည်း စာပေပညာ၊ အနုပညာလေ့လာလိုက်စားသူများ အတော်များများ ရှိသည်။ ပညာရေးအတွက် အစိုးရ အထက်တန်းကျောင်း လေးကျောင်း နှင့်စက်မှုအထက်တန်းကျောင်း တကျောင်းရှိသည်ကို ထောက်၍ ပညာရေး အဆင့်အတန်းကို အကဲခတ်နိုင်ပေသည်။

ဟင်္သာတမြို့သည် ဗြိတိသျှအစိုးရလက်ထက် မျူနီစီပယ်အဖွဲ့ အစောဆုံးတည်ထောင်ခဲ့သော မြို့ကြီးခုနစ်မြို့တွင် ပါဝင်၍၊ ထို အဖွဲ့တည်ထောင်သည့်နှစ်မှာ ခရစ် ၁၈၇၄ ခုနှစ်ဖြစ်လေသည်။ ဟင်္သာတမြို့သည် ယခင် ဟင်္သာတခရိုင်၏ တောင်ဘက် ပိုင်းတွင် တန်းလျက် တည်ရှိသော မြို့နယ်သုံးနယ် အနက်၊ အလယ်မြို့နယ်ဖြစ်သည်။ မြို့နယ်တစ်ခုလုံး၏ မြေမျက်နှာပြင် သည် နုံးတင်မြေနုလွင်ပြင်ကြီးဖြစ်၍ အကျယ်အဝန်းသည် ၃၆၃ စတုရန်းမိုင်ဖြစ်ပြီးလျှင် သူကြီးတပိုင်နယ်ပေါင်း ၁၁၉ ခု ရှိ လေသည်။

မြေဩဇာထက်သန်ကောင်းမွန်သော မြို့နယ်ဖြစ်သဖြင့် ဆန် စပါးကို အများဆုံးစိုက်ပျိုးကြသည်။ အချို့ ဒေသများတွင် တနှစ်လျှင် နှစ်သီးစိုက်ပျိုးရန် ဆောင်ရွက်နေကြသည်။

ဧရာဝတီမြစ်အတွင်းရှိ မြေနုကျွန်းများနှင့် ရေကာတာ၏ အပြင်ဘက် သောင်ပြင်များတွင် ပဲအမျိုးမျိုး၊ ပြောင်း၊ ဆေး၊ ငရုတ် စသည်တို့ကို စိုက်ပျိုး သောကိုင်းခင်းများကို အများ အပြား လုပ်ကိုင်ကြသည်။ အခြားလုပ်ငန်းများမှာ အိမ်ထောင် ပရိဘောဂလုပ်ငန်း၊ သင်ဖြူးသင်ဖျာလုပ်ငန်း စသည်တို့ဖြစ်၍ ချည်ထည်များရက်လုပ်သော စက်ရက်ကန်းရုံများလည်း ရှိသည်။ မြို့၏အနီးအနားတဝိုက်တွင် ဆီစက်များ၊ အုန်းဆီစက်များ ရှိသည်။

ဝင်ငွေကောင်းသော လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်နိုင်ကြ၍ ဟင်္သာတမြို့နယ်တွင် လူဦးရေ ထူထပ်သည်။ ၁၉၇၂ ခုနှစ် ခန့်မှန်းသန်ကောင်စာရင်းအရ မြို့နယ်လူဦးရေသည် ၃၂၈ဝဝဝ ယောက် ဖြစ်လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)