ဗုဒ္ဓမြတ်စွယ်တော်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင်ပူဇော်သည့် ဗုဒ္ဓမြတ်စွယ်တော် နေပြည်တော်သို့ ရောက်ရှိစဉ်
သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်နှင့် တရုတ်နိုင်ငံ၊ ဘာသာရေးဌာန အကြီးအကဲ မစ္စတာ Wang Zuo'an တို့ စွယ်တော်လွှဲပြောင်းပင့်ဆောင်ရေးအတွက် လက်မှတ်ထိုးကြပုံ [၁]
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ လင်ကွမ်းဘုန်းကြီးကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်ရာ လင်ကွမ်းဘုန်းကြီးကျောင်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ လင်ကွမ်းဘုန်းကြီးကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်


ဘီစီ ၆၂၃ (ခရစ်တော်မပေါ်မီနှစ်ပေါင်း ၆၂၃) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော်က အိန္ဒိယတိုက်တွင်ဗုဒ္ဓကို မွေးဖွားခဲ့သည်။ ဗုဒ္ဓဝါဒ ကိုစတင်တည်ထောင်ခဲ့သော အမြင့်မြတ်ဆုံးသော မဟာလူသားတစ်ဦး ဖြစ်ပေသည်။ ​ကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ 588 တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။[၂] [၃] မလ္လာမင်းတို့စိုးစံရာ ကုသိနာရုံပြည်၌ BC 543 ဗုဒ္ဓရှင်တော်ဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူလေရာ၊ ရာဇဂြိုဟ်ပြည် အဇာတသတ်မင်း အမှူးရှိသော ရှစ်ပြည်ထောင်သော ဗုဒ္ဓသာသနာဝင် ဘုရင် တို့သည် ဓာတ်တော်များကို တောင်းဆိုလာသဖြင့် ဘုရင်တို့၏ ဆရာဖြစ်သော ဒေါဏပုဏ္ဏားကြီးသည် အသမ္ဘိန္နဓာတ်တော် ဖြစ်တော်မူသော စွယ်တော်မြတ်လေးဆူအပါအဝင် ရှစ်စရွတ်မျှ ပမာဏရှိသည့် ဓာတ်တော်တို့ကို အညီအမျှပြု၍ ခွဲဝေပေးလေသည်။

ယင်းသို့ ဓာတ်တော်ဝေရာ၌၊ ဒေါဏပုဏ္ဏားကြီးသည် မြတ်စွာဘုရားသခင်၏ လက်ျာအထက်စွယ်တော်ကို အမှတ်မဲ့ ယူငင်ကာ မိမိ၏ ဗောင်းထုပ်အကြား၌ ဝှက်ထားလေသည်။ ဤသည်ကို မည်သူမျှ မသိမမြင် လိုက်ကြသော်လည်း သိကြားမင်းကမူ သိလေသဖြင့် ဤပုဏ္ဏားကြီးကား စွယ်တော်မြတ်ကို လျော်ကန် သင့်မြတ်အောင် ကိုးကွယ်နိုင်မည့်သူမဟုတ်ဟု ဆင်ခြင်၍၊ တာဝတိံသာ နတ်ပြည်သို့ ပင့်ဆောင်ကာ စူဠာမဏိစေတီတော်၌ ဌာပနာ၍ ကိုးကွယ်၏။

ဒါဌာဓာတုပကာသနီကျမ်းအဆို၌ ဒေါဏပုဏ္ဏားကြီးသည် လက်ျာအထက်စွယ်တော် ကို ဝှက်ရုံမကသေး လက်ျာအောက်စွယ်တော်မြတ် ကိုလည်း ခြေဖျားစွန်းဖြင့်နင်း၍ ဝှက်ထားသည် ဟုဆိုသည်။ နဂါးပြည်မှ ဇေယျသေနအမည်ရှိသော နဂါးမင်းသည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူကြောင်း ကြားသိရသဖြင့် ပူဇော်ကန်တော့ရန် ရောက်လာ၏။ ထိုအခါ ဒေါဏ ပုဏ္ဏားက ခြေဖျားစွန်းဖြင့်နင်း၍ ဝှက်ယူထားသော လက်ျာအောက်စွယ်တော်ကို မြင်လတ်၍၊ နဂါးမင်းသည် တန်ခိုးဖြင့် နဂါးပြည်သို့ ပင့်ဆောင်ပြီးလျှင်၊ ကြီးကျယ်ခန်းနားစွာ ကိုး ကွယ်လေသည်။ နောင်အခါတွင် သီဟိုဠ်ကျွန်း ကာကဝဏ္ဏတိဿမင်းကြီး လက်ထက်၊ မဟာဒေဝမထေရ်၏ တပည့် တစ်ပါးဖြစ်သော မဟိန္ဒအမည်ရှိ မထေရ်သည် ထိုလက်ျာအောက်စွယ်တော်ကို နဂါးပြည်မှ ပင့်ဆောင်၍၊ သီဟိုဠ်ကျွန်း၊ သေရုမြို့ အဘယမင်းထံ အပ်နှံပြီးလျှင် သေရုတောင်ကြား၌ စေတီတည်ကာ ဌာပနာ၍ ကိုးကွယ်၏။

ထို့ပြင်လည်း ဒေါဏပုဏ္ဏားကြီးသည် လက်ဝဲ အထက်စွယ်တော်မြတ်ကို အပေါ်ရုံအဝတ်အကြား၌ ဝှက်ယူထားသည် ဖြစ်ရကား၊ ဂန္ဓာရတိုင်းသား ရဟန်းတော်တစ်ပါးသည် သိမြင် တော်မူသဖြင့်၊ ပုဏ္ဏားကြီး မသိမမြင်အောင် ယင်းစွယ်တော်ကို ပင့်ဆောင်ကာ၊ မိမိနေထိုင်ရာ ဂန္ဓာရတိုင်း၊ စေတိယတောအုပ်၌ စေတီတည်ထား၍ ကိုးကွယ်လေသည်။ ယခုအချိန်၌ ဗုဒ္ဓသာသနာဝင်သူတော်စင်အပေါင်းတို့သည် ကောင်းကျိုးချမ်းသာကို မျှော်မှန်းလျက် သီဟိုဠ်ရှိ ထိုစွယ်တော်မြတ်ကို ဆည်းကပ်ရိုကျိုး ရှိခိုးပူဇော်ရန် ဘုရားဖူး သွားလေ့ရှိကြသတည်း။[၄]

ဗုဒ္ဓမြတ်စွယ်တော်သမိုင်း[ပြင်​ဆင်​ရန်​]

ဗုဒ္ဓမြတ်စွာဘုရားသခင်သည် (၄၅)ဝါ ကာလပတ်လုံး လောကသုံးပါးအား တရားဖြင့် စောင့်ရှောက်ပြီးနေစဉ် သက်တော်(၈၀)အရောက်BC 543[၅] ကဆုန်လပြည့်နေ့တွင် ကုသိနာရုံပြည်၊ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပါသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်၍ တေဇောဓာတ်လောင်ကျွမ်းပြီးနောက် မကွဲမပြား တစ်သားတည်းတည်သော အသမ္ဘိန္နဓာတ်တော်များ ဖြစ်သည့် စွယ်တော်လေးဆူ၊ ညှပ်ရိုးတော်နှစ်ဆူ၊ နဖူးသင်းကျစ်တော်တစ်ဆူ စုစုပေါင်း ခုနစ်ဆူနှင့် ဓာတ်တော်မွေတော်များ ကျန်ရစ်တော်မူခဲ့ပါသည်။ ကြွင်းကျန်ခဲ့သော ဓာတ်တော်အရွယ်ပမာဏမှာ ၁၉၅၉ခုနှစ်တွင် ဆရာတော် ဦးအာလောက ရေးသားသည့် တစ်ဆယ့်ခြောက်ဌာနဘုရားရှိခိုးတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။

  • စွယ်တော်လုံးပတ်၊ မြဲမှတ်ကြစေ၊ အချင်းထိပ်ဦး၊ ခြောက်မူးခန့်ပေ
  • နှစ်ကျပ်မူးယွန်း၊ အဝန်းမှန်ပေ၊ အလျားမှတ်၊ နှစ်ကျပ်မတ်တင်းနေ
  • အမြစ်လုံးပတ်၊ ငါးမတ်ခန့်သာ၊ အောက်ထိပ်အမှူး၊ သုံးမူးပမာ
  • ရောင်ခြည်လောဟိ၊ နီဘိဖြူဝါ၊ နီဖန်များ၊ နည်းငြားဖြူအဝါ

တေဇောဓာတ် လောင်ကျွမ်းသဖြင့် ရရှိလာသော ဓာတ်တော် မွေတော်များအား ရယူလိုသဖြင့် တိုင်းပြည် (၈)ပြည်ထောင်မှဘုရင်များ စစ်တပ်ချီ၍ စုဝေးရောက်ရှိခဲ့ကြသည် မြတ်စွာဘုရားသခင်၏ ဓာတ်တော်များအား ငြိမ်းချမ်းစွာဖြင့် အညီအမျှသုံးပုံ စုပုံစေပြီး လူ့ပြည်နဂါးပြည်နတ်ပြည်တို့ ခွဲဝေယူခဲ့ကြသည်။ လူ့ပြည်အတွက် ဝေစုကို ရှင်ဘုရင် ရှစ်ပါးတို့ အညီအမျှထပ်မံခွဲဝေယူကြရာတွင် စွယ်တော်နှစ်ဆူလည်း ပါဝင်သည်။ ကျန်စွယ်တော်နှစ်ဆူမှာ နတ်ပြည်နှင့် နဂါးပြည်သို့ ပင့်ဆောင် သွားခဲ့ကြောင်း မှတ်သားရပါသည်။ လူ့ပြည်ရှိစွယ်တော်နှစ်ဆူအနက် တစ်ဆူမှာ သီရိလင်္ကာနိုင်ငံသို့ ပင့်ဆောင်သွားခဲ့ပြီး ကျန်တစ်ဆူမှာ တရုတ်နိုင်ငံလင်ကွမ်းကျောင်းတော်၌ မူရင်းအတိုင်းစံပယ်လျက်ရှိပါသည်။ သီရိလင်္ကာရှိ စွယ်တော်မှာ လက်ဝဲအောက်စွယ်တော်ဖြစ်ပြီး တရုတ်နိုင်ငံရှိ စွယ်တော်မှာ လက်ဝဲအထက်စွယ်တော် ဖြစ်ပါသည်။[၆]

တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်[ပြင်​ဆင်​ရန်​]

တေဇောဓာတ်လောင်ကျွမ်းပြီး ကြွင်းကျန်ရစ်သော ဓာတ်တော်မွေတော်များကို နတ်ပြည်၊ နဂါးပြည်နှင့် လူ့ပြည်တို့ သုံးပုံအညီအမျှပုံပြီး ခွဲဝေယူခဲ့ကြသည်။ လူ့ပြည်မှ ဝေစုကို ဘုရင်ရှစ်ပါးတို့ ငြိမ်းချမ်းစွာထပ်မံခွဲဝေယူကြရာ၌ မင်းတို့၏ဆရာ ဒေါနပုဏ္ဏားကြီးသည် မြတ်စွာဘုရားအား ကြည်ညိုသဒ္ဓါ ရှိလှသဖြင့် အထက်လက်ဝဲစွယ်တော်အား ၎င်း၏အင်္ကျီကြား၌ သိုဝှက်ထားခဲ့သည်။ ၎င်း စွယ်တော်မြတ်သည် ဂန္ဓာရတိုင်း (ယခု ပါကစ္စတန်နိုင်ငံ) တွင် ဦးစွာစံပယ်ခဲ့သည်။ ရဟန်းတော်တစ်ပါးက ပါကစ္စတန်နိုင်ငံ၊ သိန္ဓုမြစ်ကမ်း (ယခု တက္ကသီလာမြို့အနီး)တွင် စေတီကိုးကွယ်ဌာနပနာထားခဲ့သည်။ တက္ကသီလာသည် အစ္စလမ္မာဘတ်မြို့တော်မှ အနောက်ဘက် ကားဖြင့်သွားလျှင် တစ်နာရီကျော်ခန့်သာ ကွာဝေးပါသည်။ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့မှဆိုလျှင် ယူဇနာ ၂၀၀ ကွာဝေးပြီး မြတ်စွာဘုရားလက်ထက် တိုင်းကြီး ကိုးတိုင်းသို့ သာသနာပြုရဟန်းသံဃာများ စေလွှတ်ခဲ့ရာတွင် အပါအဝင်တိုင်းတစ်ခူ ဖြစ်ခဲ့ပါသည်။

ဗုဒ္ဓမြတ်စွယ်တော်သည် ဥဓနနိုင်ငံ (ယခု ပါကစ္စတန်နိုင်ငံ) မှတစ်ဆင့် နယ်မြေချင်းဆက်စပ်နေသော တရုတ်နိုင်ငံရှင်းကျန်းပြည်နယ်၊ ဟေထရန်းခရိုင်၊ ခိုတန်မြို့သို့ ပင့်ဆောင်ရောက်ရှိခဲ့သည်။ ထို့နောက် တရုတ်တောင်ပိုင်း နန်ချောင် မင်းဆက်ကာလ ဘုန်းတော်ကြီးဖာရှန်း (အေဒီ ၄၂၄-၄၉၈) က ဗုဒ္ဓမြတ်စွယ်တော်အား ခိုတန်အရပ်မှ တရုတ်တောင်ပိုင်း ချီမင်းဆက်မြို့တော် နန်ကျင်းမြို့သို့ ပင့်ဆောင်ခဲ့သည်။ ၎င်းနောက် ဆွေမင်းဆက်လက်ထက်တွင် တရုတ်တစ်နိုင်ငံလုံးအား စည်းရုံးသိမ်းသွင်းခဲ့ပြီးနောက် မြို့တော်သစ် ချန်အမ်း (ယခု ရှီးအန်းမြို့) သို့ ပင့်ဆောင်သွားခဲ့သည်။ ထို့နောက် တရုတ်မင်းဆက် (၅)ဆက်ကာလ (၁၀)ပြည်ထောင်ခေတ်တွင် တရုတ်အလယ်ပိုင်းဒေသများမှာ တရုတ်ချောင်ထရယ်မင်းနိုင်ငံအတွင်း ကျရောက်ခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်မှာလည်း နေရာတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခဲ့ရပါသည်။ လျောင်မင်းဆက်လက်ထက်တွင် ယန့်ကျင်းမြို့ (ယခု ပေကျင်းမြို့) သို့ ရောက်ရှိလာခဲ့ပါသည်။ လျောင်မင်းဆက်အကြောင်းရေးသားထားသည့် အတွဲပေါင်း ၂၂တွဲရှိသည့် မင်းဧကရာဇ်တောက်ကျုံး၏ သမိုင်း မှတ်တမ်းများအရ ဗုဒ္ဓမြတ်စွယ်တော်သည် ခရစ်နှစ် ၁၀၇၁ခုနှစ်၊ ဩဂုတ်လ၌ ကျောင်းရှန်စေတီတွင် ကိန်းဝပ်စံပယ်ခဲ့ကြောင်း သိရှိရပါသည်။ ကျောင်းရှန်စေတီမှာ တရုတ်ကျောက်များဖြင့် တည်ဆောက်ထားသော အဌဂံပုံစံ အထပ်(၁၀)ထပ်ရှိ စေတီဖြစ်သည်။ စေတီတော်နံရံတွင် ကျောက်ဆစ်ပန်းချီလက်ရာများဖြင့် ဘုရားစေတီပုံတော်များအား မွမ်းမံထားသောကြောင့် ပုံတော်တစ်ထောင်ပန်းချီကားဘုရား ဟုလည်း ထင်ရှားသည်။ ၁၉၀၀ပြည့်နှစ်တွင် ပြည်ပနိုင်ငံ ရှစ်နိုင်ငံမှ တရုတ်ပြည်အား ကျူးကျော်သိမ်းပိုက်ဖျက်ဆီးကြသဖြင့် ရှေးဟောင်းအမွေအနှစ်များစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ ကျောင်းရှန်စေတီနှင့် ၎င်းအနီးရှိ လင်ကွမ်းဘုရားကျောင်းတို့မှာ ပေကျင်းမြို့၏ ဆင်ခြေဖုံးနေရာတွင် ရှိသောကြောင့် အမြောက်ဒဏ်၊ ဗုံးဒဏ် အနည်းငယ်သာ ခံခဲ့ရသည်။ ဘေးရန်များ ကင်းဝေးပြီးနောက် ဘုန်းတော်ကြီးတို့ စေတီတော်အား ပြန်လည်ရှင်းလင်းကြစဉ် စေတီ၏အောက်ခြေမြေအောက်မှ ကျောက်သားသေတ္တာတစ်လုံးကို တွေ့ရှိခဲ့ကြသည်။ ၎င်းကျောက်သေတ္တာအတွင်းမှ စန္ဒကူးသားဖြင့် ပြုလုပ်ထားသော သစ်သားသေတ္တာငယ်တစ်လုံးကို ထပ်မံတွေ့ရှိကြရာသေတ္တာပေါ်တွင် အောက်ပါစာတမ်းကို တွေ့ရှိခဲ့ကြရသည်။

စကြာမုနိဘုရားရှင်၏ အံ့ချီးဖွယ်ရာ မြတ်စွယ်တော်၊ ရေးသားသူ -ရှန်းဟွေ့၊ ၄ လပိုင်း၊ ၂၃ ရက်၊ တရုတ် ထရန်းဟွေ့နှစ် (၇)။

တရုတ် ထရန်းဟွေ့နှစ် (၇)နှစ်မှာ တရုတ်မြောက်ပိုင်း ဟန်မင်းဆက်လက်ထက်က အသုံးပြုသော နှစ်ဖြစ်ပြီး ခရစ်နှစ် (၉၆၃)ခုနှစ်ဖြစ်သည်။ သေတ္တာပေါ်တွင် မှတ်တမ်းရေးထိုးထားသည့် ရှန်းဟွေ့အမည်မှာ တရုတ်မင်းဆက်(၅)ဆက်ကာလတွင် မြောက်ပိုင်း ဟန်မင်းနယ်မှ တရုတ်ဘုန်းတော်ကြီး၏ အမည်ဖြစ်သည်။ ဟန်မင်းဆက်မှာ တရုတ်မင်းဆက်(၅)ဆက် ကျဆုံးပြီးနောက် ရှန်းရှီးမြောက်ပိုင်းမှ တရုတ် စုန့်ဘုရင်အား တော်လှန်ပုန်ကန်၍ အင်အားကြီးထွားလာခဲ့သည်။ သို့သော် ၎င်းမင်းဆက်မှာနောက်ပိုင်းတွင် တရုတ်စုန့်မင်း၏ ချေမှုန်းတိုက်ခိုက်ခြင်းခံရသည်။ ဗုဒ္ဓမြတ်စွယ်တော်အား (၁၀၇၁)ခုနှစ်တွင် စေတီတော်အတွင်း ဌာပနာခဲ့ပြီး (၁၉၀၀)ခုနှစ်မှတစ်ဖန် ပြန်လည်ဖူးမြင်ရခြင်း ဖြစ်သောကြောင့် နှစ်ပေါင်း (၈၃၀)မျှ ကျောင်းရှန်စေတီအတွင်း ကိန်းဝပ်ခဲ့ပါသည်။ ဗုဒ္ဓမြတ်စွယ်တော်အား ပြန်လည်တွေ့ရှိခဲ့ပြီးနောက် ယခုအခါ ပေကျင်းမြို့ အနောက်ဘက်ရှိ ထင်ရှားသော ပါ့တာ့ချူးတောင်၊ လင်ကွမ်းကျောင်းတော် စွယ်တော်တိုက်တွင် မြန်မာနိုင်ငံမှ လှူဒါန်းထားသော ကျွန်းသစ်ရတနာ တန်(၃၀၀)ဖြင့် မွမ်းမံတည်ဆောက်ထားသော ကျောင်းဆောင်တစ်ခုရံလျက် ခမ်းနားထည်ဝါသော ဂန္ဓကုဋိတိုက်အတွင်း တင့်တယ်သပ္ပယ်စွာ စံတောမူလျက် ရှိပြီ ဖြစ်ပါသည်။
တရုတ်ပြည်သစ် ထူထောင်ပြီးချိန်တွင် တရုတ်ဗုဒ္ဓဘာသာဝင်များ၊ ဘုန်းတော်ကြီးများနှင့် ပြည်သူ့အစိုးရတို့ ပူးပေါင်းညီညွတ်စွာဖြင့် ဗုဒ္ဓမြတ်စွယ်တော်အား ကွမ်ကျီးကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြသည်။ ရတနာခုနစ်သွယ်စီခြယ်ထားသည့် စွယ်တော်ပလ္လင်နှင့် စီစဉ်၍ တင့်တယ်ခမ်းနား ထည့်ဝါစွာ သပ္ပယ်စွာ အထွတ်အမြတ်ထား ကိုးကွယ်ခဲ့ကြသည်။ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသို့ ဒေသစာရီ ကြွချီ၍ ဗုဒ္ဓဘာသာဝင် ပြည်သူများ၏ ပူဇော်အထူးကို ခံယူခဲ့သည်။ [၇]

သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်[ပြင်​ဆင်​ရန်​]

သီဟိုဠ်ကျွန်း၌ ရှေးဦးစွာ တည်ထောင်သော ဝိဇယဗာဟု မင်းမှစ၍ ၆၆ ဆက်မြောက်သော ကိတ္တိသိရိ မေဃမင်း၏ လက်ထက်တော်၌ သာသနာတော် ၈၃ဝ ပြည့်နှစ်တွင် ကာလိင်္ဂရာဇ်ပြည်မှ စွယ်တော်သည် သီဟိုဠ်ကျွန်းသို့ ရောက်၏။ ရောက်ရှိပုံကား ဤသို့တည်း။

ဗုဒ္ဓမြတ်စွာဘုရား၏ အလောင်းတော်ကို မီးသဂြိုဟ်၍ မီးဟုန်းဟုန်း လောင်မြိုက်နေစဉ်၊ ရှင်သာရိ ပုတ္တရာ၏ တပည့် ခေမအမည်ရှိသော ရဟန္တာမြတ်တစ်ပါးသည် စန္ဒကူးနံ့သာထင်း ပုံထဲမှ လက်ဝဲ အောက်စွယ်တော်ကို ပင့်ဆောင်ယူကာ၊ ကာလိင်္ဂတိုင်း၊ ဒန္တပူရမြို့အရှင်၊ ဗြဟ္မဒတ်မင်းအား ခံယူစေလျက် ကိုးကွယ် ပူဇော်လေသည်။ ထိုကာလိင်္ဂတိုင်း ဗြဟ္မဒတ်မင်းမှသည် သားစဉ်မြေးဆက် မပြတ်ဘဲ၊ ကိုးကွယ်လာခဲ့ကြရာ၊ ဂုဟသီဝမင်း လက်ထက်၌ စွယ်တော်ကို အကြောင်းပြု၍ စစ်ပွဲများစွာ တိုက်ခိုက်ကြရလေသည်။ စွယ်တော်ကို အသက်ပေး၍ ကြည်ညိုလျက်ရှိပေသော ဂုဟသီဝမင်းသည် ခီရဓာရ မင်း၏ တူတော်များနှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်ရသည့် စစ်ပွဲသို့ မထွက်မီကပင်၊ သမီးတော်ဟေမမာလာနှင့် တူတော် ဒန္တကုမာရ ဇနီးမောင်နှံနှစ်ဦးတို့အား အကယ်၍ စစ်ရှုံးသွားပါက၊ စွယ်တော်မြတ်ကို တိတ်တဆိတ် ပင့်ဆောင်လျက် သီဟိုဠ်ကျွန်း မဟာသေနမင်းထံ အရောက်သွားကြရန် စီမံထားခဲ့လေ သည်။ ဂုဟသီဝမင်း ကျဆုံးသည်နှင့် တစ်ပြိုင်နက် သမီးတော် နှင့် သမက်တော်တို့လည်း စွယ်တော်ကို ပင့်ဆောင်ကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြ ပြီးနောက် သီဟိုဠ်ကျွန်း၊ အနုရာဓ မြို့တော်သို့ ပင်ပန်းကြီးစွာနှင့် ရောက်လာကြလေသည်။ သို့သော် ထိုအခါ၌ မဟာသေနမင်းတရားကြီးကား နတ်ရွာစံလွန်တော်မူခဲ့ပြီဖြစ်သဖြင့် သားတော် ကိတ္တိသိရိမေဃဝဏ္ဏ ဘုရင် နန်းတက်လျက်ရှိလေပြီ။ ထိုမင်းလည်း စွယ်တော်တိုက်ကြီးဆောက်လုပ်ပူဇော်လေသည်။ သီဟိုဠ်တွင် ပထမဆုံး ဆောက်လုပ်ကိုးကွယ်သော ကိတ္တိသိရိမေဃဝဏ္ဏမင်း၏ အဆိုပါ စွယ်တော်တိုက်ကြီးမှာ၊ ယခုအခါ အနုရာဓမြို့ ထူပါရုံစေတီတော်၏ အရှေ့ဘက် တစ်ဖာလုံခန့်တွင်ရှိ၏။

သီဟိုဠ်ကျွန်းတွင် အဆိုပါကိတ္တိသိရိမေဃဝဏ္ဏမင်းမှ ဓမ္မပါလမင်းတိုင်အောင် မင်းဆက်တစ်ရာကျော် ရှိခဲ့ပေသည်။ ထိုမင်းပေါင်း တစ်ရာကျော်တို့သည် အနုရာဓနေပြည်တော်၌သာ စံတော်မူခဲ့ကြသည်မဟုတ်ပေ။ မြန်မာနိုင်ငံ၌ သရေခေတ္တရာ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ရွှေဘို စသည်ဖြင့် မြို့တော်များ ရွေ့ပြောင်းစံတော်မူသကဲ့သို့ပင်၊ သီဟိုဠ်၌လည်း အနုရာဓ၊ ပေါရဏရူဝ၊ ဂမ်ပေါလ၊ ကော့တေ၊ ကန္ဒီ၊ ကိုလံဗို စသည်ဖြင့် မြို့တော်အစဉ်အဆက် ရှိခဲ့ပေသည်။ သီဟိုဠ်မင်း တို့သည် နန်းပြောင်း၍စိုက်ရာသို့ စွယ်တော်ကို တစ်ပါတည်း ပင့်ဆောင် ကိုးကွယ်လေ့ရှိခဲ့ကြသည်။ ထိုစွယ်တော်မြတ်ကို အချိန်အခါအားလျော်စွာ အဆက်ဆက် နေရာဌာန၊ ကိုးကွယ်သူတို့ လက်ဆင့်ပြောင်းလဲကာ ပူဇော်လာခဲ့ကြရာ၊ နောက်ဆုံး တွင် ကန္ဒီမြို့စွယ်တော်တိုက်တွင်း ကိန်းဝပ်နေတော်မူလေသည်။ [၈]

တရုတ်နိုင်ငံမှဗုဒ္ဓမြတ်စွယ်တော်ပင့်ဆောင်ပူဇော်မှုမှတ်တမ်း[ပြင်​ဆင်​ရန်​]

စဉ် ပင့်ဆောင်ပူဇော်မှူအကြိမ် အချိန်ကာလ ပူဇော်သည့်နေရာ အပူဇော်ခံမှုကြာမြင့်ချိန်
ပထမအကြိမ် ၁၉၅၅ ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေမဟာပါသဏလိုဏ်ဂူတော်ကြီး (၈)လ
ဒုတိယအကြိမ် ၁၉၉၄ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏလိုဏ်ဂူတော်ကြီး၊ ညောင်လေးပင်မြို့တောင်ငူမြို့ပျဉ်းမနားမြို့မိတ္ထီလာမြို့မန္တလေးမြို့များ (၄၅)ရက်
တတိယအကြိမ် ၁၉၉၆ -၁၉၉၇ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏလိုဏ်ဂူတော်ကြီး ရက် (၉၀)
စတုတ္ထအကြိမ် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ နေပြည်တော်ဥပ္ပါတသန္တိစေတီ၊ လိုဏ်ဂူတော်တွင် (၁၅) ရက်၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏလိုဏ်ဂူတော်တွင် (၁၅) ရက်၊ မန္တလေးမြို့ မဟာအတုလေဝယန်(အတုမရှိကျောင်းတော်ကြီး)တွင် (၁၅) ရက် (၄၅) ရက်

ပထမအကြိမ်[ပြင်​ဆင်​ရန်​]

ဒုတိယအကြိမ်[ပြင်​ဆင်​ရန်​]

တတိယအကြိမ်[ပြင်​ဆင်​ရန်​]

စတုတ္ထအကြိမ်[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်သည့် တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော် ဥပ္ပါတသန္တိစေတီလိုဏ်ဂူတော်တွင် ၁၅ ရက်၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏလိုဏ်ဂူတော်တွင် ၁၅ ရက်၊ မန္တလေးမြို့ မဟာအတုလေဝယန်(အတုမရှိ) ကျောင်းတော်ကြီးတွင် ၁၅ရက်၊ စုစုပေါင်း(၄၅)ရက် အပူဇော်ခံမည်ဖြစ်ပြီး အပူဇော်ခံကာလ ပြည့်မြောက်သည့်အခါတွင် မန္တလေးမှ ဗုဒ္ဓမြတ်စွယ်တော်၏ မူလကိန်းဝပ်စံပယ်တော်မူရာဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ကွမ်ကျီးဘုရားကျောင်းသို့ ပြန်လည်ပင့်ဆောင်သွားမည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွယ်တော်သည် တရုတ်နိုင်ငံအတွက် အလွန်တန်ဖိုးထား အလေးအနက် ထားသည့် အတွက် မြန် မာနိုင်ငံသို့ ပင့်ဆောင်နိုင်ရန်အတွက် လုံခြုံရေးအာမခံချက်ပေးပြီး စာချုပ်ချုပ်ဆို ပင့်ဆောင်ရခြင်းဖြစ်ကြောင်း Eleven Media Media Group တွင်ဖော်ပြထားသည်။ [၉]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://news.xinhuanet.com/english2010/photo/2011-11/06/c_131231592.htm
  2. http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
  3. http://www.thisismyanmar.com/nibbana/lhistory.htm
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  5. http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
  6. ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ။ [[၁]]
  7. ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ။ [[၂]]
  8. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  9. http://www.news-eleven.com/index.php?option=com_content&view=article&id=10866:2011-11-06-19-41-30&catid=42:2009-11-10-07-36-59&Itemid=112