စူဠာမဏိစေတီ

ဝီကီပီးဒီးယား မှ

စူဠာမဏိစေတီကား နတ်ပြည်ခြောက်ထပ်တွင် နှစ်ထပ်မြောက်ဖြစ်သော တာဝတိံသာနတ်ပြည်ဝယ် နတ်များ တည်ထားကိုးကွယ်အပ်သော စေတီဖြစ်၏။ ယင်းစေတီ တည်ထားကိုးကွယ်ခြင်း အကြောင်းကား ဤသို့တည်း။

ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ကပိလဝတ်ပြည်ကြီးဝယ် ထီးနန်းစည်းစိမ်ကို ခံစား၍နေရာ အသက်တော် နှစ်ဆယ့်ကိုးနှစ်သို့ ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း၏အသွင် နိမိတ်ကြီးလေးပါးကို မြင်သဖြင့် သံဝေဂရ၍ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်လျက် ဘိုးတော်အဉ္ဇန မင်း ဖြိုကြွင်း သက္ကရာဇ် ၉၇ ခု ဝါဆိုလပြည့် တနင်္လာနေ့ သန်းခေါင်ယံအချိန်တွင် ဆန္ဒအမတ်ကို နောက်လိုက်ခေါ်၍ ကဏ္ဍကမြင်းကို စီးနင်းကာ တောထွက်တော်မူ၏။ တစ်ညအတွင်းမှာပင် ယူဇနာသုံးဆယ်မျှ ခရီးကိုလွန်၍ ရှစ်ဥသဘမျှ ကျယ်သော အနောမာမြစ်ကိုကူးပြီးလျှင် မြင်းတော်မှ ဆင်းသက်၍ ဝတ်ဆင်သောတန်ဆာနှင့် မြင်းတော်ကို ဆန္ဒအမတ်အား အပ်နှင်းကာ ကပိလဝတ် နေပြည်တော်သို့ ပြန်လွှတ်လိုက်၏။

ထိုနောက် လက်စွဲတော်သန်လျက်ဖြင့် ဆံတော်ကိုဖြတ်ပြီးလျှင် 'ငါသည် စင်စစ် ဘုရားဖြစ်မည်မှန်မူ ဆံတော်သည် မြေသို့မကျဘဲ အထက်ကောင်းကင်၌ တည်စေသော'ဟု အဓိဋ္ဌာန်၍ ကောင်းကင်သို့ လွှင့်မြှောက်လတ်သော် တစ်ယူဇနာမျှ လောက်သောအရပ် လေထဲ၌ ပန်းဆိုင်းဆွဲသကဲ့သို့ တည်လေ၏။ ထိုအခါ သိကြားမင်းသည် ဆံတော်ကိုမြင်လျှင် ရတနာ ပန်းတောင်းဖြင့် ခံယူကာ တာဝတိန်သာနတ်ပြည်ဝယ် ဆံတော်ကို ဌာပနာ၍ ရတနာခုနစ်ပါးခြယ် ခြယ်လယ်လျက် စူဠာမဏိစေတီကို တည်ထားကိုးကွယ်လေ၏။ ဉာဏ်တော်အမြင့်ကား သုံးယူဇနာ မြင့်သည်ဟု ဗုဒ္ဓဝံအဋ္ဌကထာ၌ ဆို၏။

ထိုစူဠာမဏိစေတီဝယ် အလောင်းတော်၏ ဆံတော်ဓာတ်တစ်မျိုးသာ ဌာပနာသည်မဟုတ်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူသောအခါ ကြွင်းကျန်ရစ်သော ဓာတ်တော်တို့ကို ရှစ်ပြည်ထောင်မင်းတို့အား ဒေါဏပုဏ္ဏား ဝေငှစဉ် ဦးရစ်ကြား၌ ဝှက်ထားသည့် လကျာ်စွယ်တော်ကိုလည်း သိကြားမင်းပင် ယူဆောင်ကာ ဌာပနာသည်ဟု ဗုဒ္ဓဝံသ အဋ္ဌကထာ၌ပင် ဆို၏။

လကျာ်ညှပ်ရိုးတော်ကိုကား အထူးမဆို။ သို့မဆိုသော်လည်း ထိုစဉ်အခါမှာပင် သိကြားမင်း ယူဆောင်၍ လက်ျာစွယ်တော်နှင့်အတူ ဌာပနာသည်ဟု ယူဆရန်ရှိ၏။ သို့အတွက် စူဠာမဏိစေတီများ ဗုဒ္ဓဓာတ်တော်သုံးမျိုး ဌာပနာ၍ တည်ထားသောစေတီ ဖြစ်၏။

မှတ်ချက်[ပြင်ဆင်ရန်]

(လကျာ်ညှပ်ရိုးတော်ကို ဌာပနာသည်ဟု ဗုဒ္ဓ ဝံသအဋ္ဌကထာ၊ သုတ်မဟာဝါပါဠိနှင့် သုတ်မဟာဝါ အဋ္ဌကထာ စသည်တို့၌ တိုက်ရိုက်အဆိုမရှိသော်လည်း ပါရာဇိ ကဏ် အဋ္ဌကထာ ဗာဟိရနိဒါန်း၌ကား သီဟိုဠ်ကျွန်းရောက် အရှင်အဟိန္ဒ မထေရ်က သုမဏသာမဏေကို သိကြားမင်းထံသို့ ဓာတ်တော်အတောင်းခိုင်းရာ လကျာ်ညှပ်ရိုးတော်ကိုလည်း သိကြားမင်းပင် ယူဆောင်၍ ဌာပနာကြောင်း ထင်ရှား၏။)


ဤသို့ ဆိုအပ်ခဲ့ပြီးသော စူဠာမဏိစေတီကား နတ်ပြည်တွင် ရှိသောစေတီ ဖြစ်၏။ လူ့ပြည်တွင်လည်း ပုဂံမြို့၌ စူဠာမဏိဘုရားတစ်ဆူ ရှိ၏။ ယင်းစေတီ တည်ထားကိုးကွယ်ခြင်းအကြောင်းကား ဤသို့တည်း။

သက္ကရာဇ် ၅၃၆ ခုနှစ်တွင် နန်းတက်သော နရပတိစည်သူ မင်းကြီးသည် သက်တော် ၄၆ နှစ်၊ နန်းစံ ၉ နှစ်၊ သက္ကရာဇ် ၅၄၅-ခုနှစ်တွင် ပုဂံမြို့ အရှေ့ တုံ့ဝပ်တောင်သို့တက်၍ ဘေးတော် နော်ရထာမင်းကြီး ကောင်းမှုတော် စွယ်တော်ရှင် စေတီကို ဖူးမြော်ပူဇော်ပြီးလျှင် ပြန်လာခဲ့ရာ ချောက်ကမ်းပါးတစ်ခုသို့ ရောက်၍ ယင်းချောက်ကမ်းပါးဝယ် ညအခါ ပဝင်းတောက်မြောက် အရောင်တစ်လက်လက် ထွတ်လတ်သည်ကိုမြင်လျှင် မှူးမတ်တို့ကို မေးတော်မူ၏။


မှူးမတ် တို့သည် မီးကိုလည်း မတွေ့ရ၊ တစ်စုံတစ်ရာကျောက်ကိုလည်း မတွေ့ရသဖြင့် မည့်သည့် အရာဝတ္ထုမှထွက်သော အရောင်ဖြစ်သည်ဟု တပ်အပ်သေချာ မလျှောက်ထားနိုင်ကြကုန်။ ထိုအခါ ငါ့အား ဤနေရာဌာန၌ ဘုရားတည်စေလို၍ ဗုဒ္ဓဓာတ်တော်မှ ရောင်ခြည်တော်ကွန့်မြူးသည် ဖြစ်လိမ့်မည်ဟု ဆင်ခြင်တော် မူပြီးလျှင် ပြည်သူပြည်သားတို့အား အပူတစ်ပြင်း ဆင့်ဆိုကာ ထိုချောက်ကို ပြည့်အောင်ဖို့စေ၏။ စည်မျက်နှာကဲ့သို့ ညီညွတ်၍ စင်ကြယ်သန့်ရှင်းသော မြေအပြင်ဝယ် လိုဏ်နှစ်ဆင့်ရှိ စေတီတစ်ဆူကို တည်ထားကိုးကွယ်လေ၏။ ထိုစေတီ၏ ဘွဲ့တော်ကိုလည်း တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီ၏ ဘွဲ့တော်ကိုယူ၍ သဒီသူပစာအားဖြင့် တင်စားကာ စူဠာမဏိ စေတီဟူ၍ပင် ဘွဲ့တော် ကမ္ပည်းတပ်တော် မူ၏။

ဤသည်တို့ကား မန္တလေးမြို့ မဏိရတနာမြတောင်တိုက်၊ မြတောင် ဆရာတော်ဘုရားကြီး ရေးသားစီရင်အပ်သော ပုဂံမြို့ ဘုရားဆယ့်ခုနစ်ဆူ သမိုင်းတွင် ရေးသားပါရှိသည့်အတိုင်း ဖြစ်၏။ ထိုသမိုင်းလာ တုံ့ဝပ်တောင်ကို ပုဂံမြို့ စူဠာမဏိ ကျောက်စာရင်း၌ တုရင်ဟု ပြသည်။ ကျောက်စာပါ စကားကို အောက်တွင် ဖော်ပြလိုက်ပါသည်။ (ခေတ်ပုံနှိပ်စာကို ငဲ့၍ ခေတ်သုံး စားလုံးအတိုင်း ဖော်ပြပါသည်။) 'သက္ကရစ် ၅၄၅ ခု စိဿနှစ် တန်ဆောင်မုန်းလဆန်း ၃ ရက် ကြာသပတေးနေ့အား စံပ္ပုတိတ်ကျွန်းထက်တော် တေနိယ်အရောင်သိုဝ် တောက်ပစွာစသော နတ်နှင့်တူသော စည်သူမင်ကြီသည်ကာ အရှေ့တုရင်သိုဝ် ထွက်တ်မုလတ်သော အခါ၌လျှင် ထိုတောက်သည်သာ မီလောဟုမေတ်မု၏။

သုမျာတိုဝ်ကာ မီဟုရုယ် နာတ်ငလျာက်၏ မင်ကြီ(ကာ)ပတ္တမြား တောက်စသအမှတ်ကိုဝ် သိတ်မုရုယ်ဆ(င်)တ်ပြန်လတ်ရုယ် ဩဤမြေအရပ်ကာ မြတ်စွာတကားဟု ဆိုဝ်တ်မူရုယ် ကူတ်အ (ရာ)နင်ခ၏ နှင်မြီမှလျှင် မြေထွက်ဓွင်ရုယ်ထာမနာ၏ ကုတ်အရောလေတေ၏ ကုတ်တဆင်ပြိကလျှင်။ ဩဖုရာလေ ပြုတ်မု၏။ ထိုဝ်ပြိမှလျှင် အထက်တဘင်ပြုတ်မုဆုံဧပြိ၏။ ထိုဝ်ပြိမှလျှင် အထက်ဖုရာပြုတ်မူသည်ပြီဟူ မင်ကြီကိုဝ်နာတ်လျောက်၏ (မင်) ကီဟူတ်တွင် ဝင်ရွှေဖုရာရှေ နေတ်မူသအခာနှိုက်လျှင် မဟာ(သ္မကြီ) ကိုခဝ်တ်မူရုယ် ရေစင်တ်ချ သည်ကာ ' ကျောက်စာပါ တုရင်တောင်ကို မှန်နန်းမဟာရာဇဝင်၌ တူရွင်းတောင်ဟု ရေးသည်။ ယခုခေတ်၌ တုံ့ဝပ်တောင်ဟုလည်း ခေါ်ကြသည်။ (ဦးကြီးဖေ)[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)