ဂန္ဓာရတိုင်း

ဝီကီပီးဒီးယား မှ

ဤတိုင်းသည် တိုင်းကြီး ၁၆ တိုင်း၌ တတိုင်းအပါအဝင် ဖြစ်၏။ [၁] [၂]

တတိယသင်္ဂါယနာ တင်ပြီးနောက် မောဂ္ဂလိပုတ္တတိဿထေရ်သည် ကသ္မီရဂန္ဓာရတိုင်းသို့ သာသနာပြုရန် မဇ္ဈန္တိကမထေရ်ကို စေလွှတ်သည်၊ ကသ္မီရနှင့် တွဲ၍သုံးသည်ကို ထောက်ဆက “ဂန္ဓာရတိုင်း၌ ကသ္မီရနယ်ပါဝင်၏” ဟု ယူဆဖွယ်ရှိသည် [၃][၂]

တည်ရာအားဖြင့် ဂန္ဓာရတိုင်းသည် သိန္ဓုဝမြစ် အနောက်ဖက်မှာ တည်ရှိသည်ဟု သင်္ခတ ကျမ်းများမှာ အဆိုရှိသောကြောင့် မြေပုံ အနေကိုထောက်သော် ဣန္ဒြိယပြည် အနောက် မြောက်ဖက်စွန်း, သိန္ဓုမြစ် အနောက်ဖက် အာဖဂန်နစ္စတန်ပြည်နယ်အတွင်းမှာ ပါဝင် လျက်ရှိပြီး၎င်းအမည်ကို ယခုအိန္ဒိယတိုင်း သားများက ကန္ဒာဟာရ(သို့မဟုတ်)ကန္ဒာရ ဟု ခေါ်ဆိုကြသည် [၄]။ ထိုကျမ်းပါ မြေပုံအရဆိုလျှင် ကမ္ဘောဇတိုင်း, သိဝိတိုင်း, ကသ္မီရတိုင်း ၃-တိုင်းတို့၏ အကြား၌ ဂန္ဓာရတိုင်း တည်ရှိသည်။ ဤ ပက်ရှဝါ, ရဝါ(လ်)ပင်ဒီ ဒိစတြိတ်တို့သည် ဂန္ဓာရတိုင်း ဖြစ်သည်ဟု ဆို၏။ မြို့တော်မှာ တက္ကသိုလ် ဖြစ်သည် [၅]။ (တက္ကသီလာ) လည်းကြည့်။[၂]

ဘုရားရှင်လက်ထက် ပုက္ကုသာတိမင်းအုပ်စိုးသည် [၆]။ ယူဇနာ ၃၀၀-ကျော် ကျယ်ဝန်း၍ တက္ကသိုလ်မြို့တော်နှင့် - ရာဇဂြိုဟ် ၁၉၂-ယူဇန, သာဝတ္ထိ ၄၅-ယူဇနာဝေးသည် [၇]။ ပက္ကုသာတိမင်းက ဗိမ္မိသာရမင်းထံ လက်ဆောင်ပို့သော ကမ္ဗလာတို့သည် အဖိုး မဖြတ်နိုင်ဟု ဆိုသဖြင့်လည်းကောင်း, ဂန္ဓာရတိုင်းဖြစ် တသိန်းတန်ကမ္ဗလာနီဟု ဆိုသဖြင့်၎င်း ကမ္ဗလာကောင်းများ ထွက်ရာ တိုင်းဖြစ်သည် [၈][၂]

ယခုအခါအိန္ဒိယ၌ သားမွေးစောင် အကျော်ကြားဆုံးနယ်မှာ ကသ္မီရဖြစ်၍ ဂန္ဓာရတိုင်း၌ ကသ္မီရနယ်ပါဝင်၏ဟု ယူဆဖွယ်ဖြစ်သည်။ ဘုရားရှင် စွယ်တော် ၄ ဆူအနက် တဆူမှာ ဤတိုင်း၌ တည်ရှိသည် [၉][၁၀] [၂]

မဇ္ဈိမဒေသ၏ အနောက်မြောက် နိုင်ငံများဖြစ်ကြသော ဂန္ဓာရတိုင်း, ကသ္မီရတိုင်း စသော တိုင်းနိုင်ငံတို့မှာပင် မြတ်စွာဘုရားလက်ထက်တော်က သာသနာတော် ဓမ္မစက် ပြန့်နှံ့သဖြင့် ဂန္ဓာရတိုင်း၊ တက္ကသိုလ်မြို့တော်မှ ပုက္ကုသာတိမင်းကြီးသည် မြတ်စွာဘုရားအား ရည်ရော်မှန်းထားလျက် ရဟန်းပြုပြီးလျှင် မြတ်စွာဘုရား သီတင်းသုံးတော် မူရာ မဇ္ဈိမသို့ ထွက်ခွာကြွသွားကြောင်း၊ မြတ်စွာဘုရားနှင့်တွေ့ဆုံ၍ ဓာတုဝိဘင်္ဂသုတ် ဒေသနာတော်မြတ်ကို ကြားရ၍ အနာဂါမ်တည်ကြောင်း လာရှိသည်။[၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အံ၊၁၊၂၁၃။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ တိပိဋကအဘိဓာန် အတွဲ-၆
  3. (ဝိ၊ဋ္ဌ၊၁၊၄၈)။
  4. (ဗုဒ္ဓသာသနိက ပဌဝီဝင်)
  5. (ဇာ၊ဋ္ဌ၊၁၊၂၀၇)
  6. (မ၊ဋ္ဌ၊၄၊၁၉၄)
  7. (မ၊ဋ္ဌ၊၄၊၂၀၃)
  8. (မ၊ဋ္ဌ၊၄၊၁၉၆။ သုတ္တနိ၊ဋ္ဌ၊၂၊၂၀၆။ ဇာ၊ဋ္ဌ၊၇၊၂၆၈)
  9. (ဒီ၊၂၊၁၃၈)
  10. အဿကာနံ အဝန္တီနံ ဂန္ဓာရာနံ ကမ္ဗောဇာနံ။ အံ၊၁၊၂၁၃။ (ဇာ၊၂၊၃၂၀။ ဝိ၊ဋ္ဌ၊၁၊၄၈။)ဂန္ဓာရာ ပဏ္ဍုကမ္ဗလာတိ ဂန္ဓာရရဋ္ဌေ ဥပ္ပန္နာ သတသဟဿဂ္ဃနကာ သေနာယ ပါရုတာ ရတ္တကမ္ဗလာ။ ဇာ၊ဋ္ဌ၊၇၊၂၆၇။
  11. အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)