အဇာတသတ်မင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အဇာ​တ​သတ်​မင်း[ပြင်​ဆင်​ရန်​]

အဇာ​တ​သတ်​မင်း(အဇာ​တ​သတ္တု) သည် ဂေါတမ​မြတ်​စွာ ဘုရား​လက်ထက် ရာဇ​ဂြိုဟ်​ပြည့်​ရှင် ဘုရင်ဗိမ္မိ​သာ​ရ​မင်းကြီး နှင့်​ဝေ​ဒေ​ဟီ​မည်​သော မိဖုရား​ကြီး​တို့​မှ မွေး​ဖွား​သော မင်းသား ဖြစ်​သည်။


အဇာ​တ​သတ်​မင်းသား​သည် ဝေ​ဒေ​ဟီ​မိဖုရား​ကြီး​ဝမ်း​၌ ပဋိသန္ဓေ တည်​နေ​လေ​သော​အခါ မိဖုရား​ကြီး​တွင် ဗိမ္ဗိ​သာ​ရ​မင်းကြီး​၏​လက်ျာ​လက်ရုံး​သွေး​ကို ကိုက်​ဖောက်​၍ သောက်​လို​သော ချင်ခြင်း​သည် ပြင်း​စွာ​ဖြစ်​လေ​ရကား မ​တင်​ဝံ​ဘဲ မ​စား​မ​စက်​နိုင်​သ​ဖြင့် ကြုံလှီ​ဖျော့​တော့​ခြင်း​သို့ ရောက်​လေ​သည်။ မင်းကြီး​လည်း အကြောင်း​ကို မေး​လတ်သော် ဟုတ်​တိုင်း​တင်လျှောက်​သ​ဖြင့် သိ​ရ​လျှင် ရုတ်​ချည်း​ပင် လက်ရုံး​သွေး​ကို ဖောက်​၍ တိုက်​ခြင်း​ဖြင့် မိဖုရား​ကြီး​အား နှစ်သိမ့်စေ​လေ​သည်။ ထို​အကြောင်း​ကို ပညာရှိ​တို့ ကြား​လတ်သော် မိဖုရား​ဝမ်း​၌​ကိန်း​သော သူငယ်​သည် ခ​မည်းတော်​မင်း​မြတ်​ကို မချွတ်​သတ်​လတ္တံ့​ဟု နိမိတ်​ဖတ်​ကြား​ကြ​လေ​သည်။ ထို​အခါ မိဖုရား​ကြီး​လည်း အဖ​သတ်​မည့်​သား​ဖြစ်​သော ပဋိသန္ဓေ​ကို မ​စောင့်ရှောက်​လို​ဘဲ သန္ဓေ​ကို ဖျက်​ရန်​အားထုတ်​လေ​သည်။


ထို​အကြောင်း​ကို မင်းကြီး​သိ​လေ​လျှင် ငါ့ကို​သတ်​လို​လည်း သတ်​ပါ​စေ၊ သား​၏​မျက်နှာ​ကို မြင်​ရ​လျှင် တော်​ပါ​ပြီ၊ ကိုယ်ဝန်​ကို မ​ဖျက်​ပါ​လင့်​ဟု အခါခါ တားမြစ်​လေ​သည်။ ထို​သတို့သား ဖွား​လတ်သော် မ​ဖွား​မီ​က​ပင် ရန်သူ​ဖြစ်​မည်​ဟု ပုဏ္ဏား​တို့ လျှောက်​တင်​သည်​ကို အကြောင်းပြု​၍ အဇာ​တ​သတ္တု ဟု​မှည့်ခေါ်​လေ​သည်။ (အဇာ​တ=မ​မွေး​ဖွား​မီ+သတ္တု=ရန်သူ။) ဖွား မြောက်​၍ လာ​လျှင် မင်းကြီး​သည် ဝါဂွမ်း​ကို ဆီ​ထိ​သကဲ့သို့ ပီ​တိ​ပြန့်​ပွား​လျက် စားတော်​မျှ မခေါ်​နိုင်​ပဲ ဖက်​လဲ​ဖက်​ရမ်း မီးနေ​နန်း​၌ ပင်ပန်း​စွာ စောင့်တော်​မူ​သည်။ အနည်းငယ် ကြီးပြင်း​၍ လက်မ​၌​ခူ​နာ (အိုင်း​အမာ​နာ)ပေါက်​ရာ ဆောက်တည်​ရာ​မ​ရ ပြည်​ကိုက်​လှ​သည်​ကို မင်းကြီး​သည် ခံတွင်း​ဖြင့် ငုံ​၍ ပြည်​ကို ယူ​ပေး​သည်။

အဇာ​တ​သတ်​မင်းသား​အရွယ်ရောက်​လတ်သော် မင်းကြီး​သည် အလွန်​ချစ်​မြတ်နိုး​ရကား အိမ်ရှေ့မင်း​အဖြစ် အပ်​နှင်းတော်​မူ​လေ​သည်။ အိမ်ရှေ့မင်း​အဖြစ်​နှင့်​နေ​စဉ် တစ်​နေ့​သ​၌ ဘုရား​၏​ယောက်​ဖတော် ရှင်​ဒေဝဒတ် ရောက်​ရှိ​လာ​ပြီး​လျှင် မင်းသား​ကို ဆိတ်ငြိမ်​ရာ​သို့ခေါ်​၍ မလျော်​သော​ဩဝါဒ​ဖြင့် သင်​လည်း ခ​မည်းတော်​ကြီး​ကို သတ်​၍ မင်းလုပ်​လော့၊ ငါ​လည်း ယောက်​ဖတော်​ဂေါတမ​ကို​သတ်​၍ ဘုရား​လုပ်​အံ့​ဟု လှည့်ပတ် တိုက်တွန်း​လေ​၏။ ထို​တိုက်တွန်း​ချက်​အရ မင်းသား​လည်း ပ​ထ​မသော် သန်လျက်​ဓား​ကို ပေါင်​ကြား​ဝှက်​၍ မင်းကြီး​အား သတ်​ရန်​အားထုတ်​၏။ ထို​အကြောင်း​ကို မင်းကြီး​သိ​လျှင် သား​ကိုခေါ်​၍ အဘယ်​ကြောင့် ငါ့​အား သတ်​ရန်ပြု​သ​နည်း၊ မင်း​စည်းစိမ်​ကို အလို​ရှိ​မူ ငါ​ပေး​အံ့​ဟု​ဆို​လျက် မင်း အဖြစ်​ကို ဆောင်နှင်း​ပေး​၏။ သို့သော် ရှင်​ဒေဝဒတ်​က မင်းသား​အား ခ​မည်းတော်​မင်းကြီး​ကို အဆုံးစီရင်​ရန် လှည့်ဖြား​တိုက်တွန်း​ပြန်​သ​ဖြင့် မင်းကြီး​အား နှောင်​အိမ်​တွင်း​သွင်း​လျက် ထမင်း​အာဟာရ​ကို မ​ပေး​ဘဲ သတ်​စေ​၏။ သို့သော် မိဖုရား​ကြီး​က နည်း​အမျိုး​မျိုး​ဖြင့် မင်းကြီး​၌ အာဟာရ​မျှတ​အောင် ပြု​သ​ဖြင့် မ​သေ​သေး​ကြောင်း​ကြား​လျှင် မယ်တော်​ကို​လည်း ဝင်​ခွင့်​မ​ပေး​တော့​ဘဲ နောက်ဆုံး​၌ မင်းကြီး​၏​ဖဝါး​ကို သားလှီးဓား​ဖြင့် အမြွာ​မြွာ​မွှန်း​၍ ဆား​ရော​သော ဆီ​နယ်​ပြီးသော် မင်း​ကျီး​စု​ဖြင့်​ကင်​၍ သတ်​လေ​တော့​၏။ အဇာ​တ​သတ်​မင်း​တွင် သားတော်​ဥ​ဒ​ယ​ဘဒ္ဒ ဖွားမြင်​သည်​နေ့​၌​ပင် ဗိမ္ဗိ​သာ​ရ​မင်း ကံကုန်​လေ​သည်။

အဇာ​တ​သတ်​မင်း​သည် ခ​မည်းတော်​ကို သတ်​ပြီး​သော​အခါ​မှ နောင်တ​ကြီး​စွာ​ရ​လျက် ဘုရားရှင်​အား ပြစ်​မှား​သော​ဒေဝဒတ်​ကို လည်း မြေ​မျို​ကြောင်း ထပ်မံ​ကြားသိ​ရ​သော​အခါ မင်း​စည်းစိမ်​၌ မပျော်​မ​ရွင်​နိုင်​ဖြစ်​၍ အလွန်​ထိတ်လန့်​သ​ဖြင့် ဇီဝကကို အကြောင်းပြု​လျက် မြတ်​စွာ​ဘုရား​ထံ ဆည်းကပ်​ရ​လေ​သည်။ ဘုရားသခင်​လည်း မင်း​နှင့်​တ​ကွ ပရိသတ်​တို့​အား သာမည​ဖ​လ သုတ် ဒေသနာ​ဖြင့် တရား​ရေ​အေး တိုက်​ကျွေးတော်​မူ​၏။ ထို​အခါ အဇာ​တ​သတ်​မင်း​ကား လွန်​မင်း​သော ပိ​တု​ဃာ​တ​က ကံ​ကြောင့် မဂ်​ဉာဏ်​ဖိုလ်​ဉာဏ်​သို့ မ​ရောက်​ဘဲ ဥပါသကာ မြောက်​ရုံ​သာ သရဏဂုံ​ပဉ္စ​သီ​၌​တည်​၏။ အဇာ​တ​သတ်​မင်း​သည် မဂ်ဖိုလ်​ရ​ထိုက်​သော​သူ​ဖြစ်​လျက် အဆွေခင်ပွန်း​ယုတ်​ဖြစ်​သော ဒေဝဒတ်​နှင့် ပေါင်းဖော်​၍ မ​ပြစ်​မှား​အပ်​သော ခ​မည်းတော်​ကို ပြစ်​မှား​ချေ​သော​ကြောင့် ကာလ​ရှည်​စွာ အဝီစိ​ငရဲ​၌​ခံ​ရ​ကောင်း လျက် ဘုရားရှင်​ကို လွန်စွာ​သဒ္ဓါ​ကိုးကွယ်​၍ ခ​မည်းတော်​အား ပြစ်​မှား​မိ​သော အပြစ်​ကို ကန်တော့​သော​ကြောင့် လောဟကုမ္ဘီ ငရဲ​၌ အနှစ်​ခြောက်​သောင်း​ခံ​၍ လွတ်​လျှင် ဝိ​ဇိ​တ​ဝိသေသ မည်​သော ပစ္စေ​က​ဗုဒ္ဓါ ဖြစ်​လတ္တံ့​ဟု ဆို​သည်။အဇာ​တ​သတ်​မင်း​နန်း တက်​သည့်​နောက် ရှစ်​နှစ်​မြောက်​၌ မြတ်​စွာ​ဘုရား ပရိနိဗ္ဗာန်စံ​တော ်​မူ​လေ​သည်။ ဘုရား​ပရိနိဗ္ဗာန် စံ​ဝင်တော်​မူ​ပြီး​နောက် ရှင်မ​ဟာ​က ဿ​ပ​မထေရ် အကြီးအမှူး​ပြု​သော သံ​ဃာတော်​တို့​သည် အဇာ​တ​သတ်​မင်းကို မှီ​၍ ပထမ သင်္ဂါယနာတင်​လေ​သည်။


ထို​ပြင်​အဇာ​တ​သတ်​မင်း​သည် ဒေါန​ပုဏ္ဏား​ဓာတ်တော် ဝေ​ပြီး လျှင် ထိုထို​မင်း​တို့​သည် မိမိ​နေရာ​မြို့​သို့ ပင့်ဆောင်​၍ စေတီ တ​ညီ​တည်း​တည်ထား​သည်​ကို ရှင်မ​ဟာ​က​ဿ​ပ​ထေရ်​က နောင် အခါ ဓာတ်တော်​တို့​၏ အန္တရာယ်​ဖြစ်​ရာ​လတ္တံ့​သည်​ကို မြင် သ​ဖြင့် မိမိ​တန်​ခိုးတော်​ဖြင့် ယူဆောင်​ပေး​သော​ကြောင့် ဘူ​တာ ဝါ​ဟ​န ယန္တရားစက်​နှင့်​တ​ကွ အထူး​တ​လည် ပြုလုပ်​ထား​သော ဌာပနာတိုက်​တွင် သိုမှီး​ကိုးကွယ်​လေ​သည်။အဇာ​တ​သတ်​မင်း​သည် အစဉ်​အတိုင်း မင်းပြု​၍ မင်း​စည်းစိမ် ၃​၂ နှစ်​ရှိ​သော​အခါ သာသနာ သက္ကရာဇ် ၂​၄ ခု​နှစ်​တွင် သားတော်​ဥ​ဒ​ယ​ဘဒ္ဒ လုပ်ကြံ​၍ ကံကုန် လေ​သည်။[၁]

ကိုး​ကား[ပြင်​ဆင်​ရန်​]

  1. မြန်​မာ့​စွယ်စုံ​ကျမ်း၊ အတွဲ(၁​၄)