ကုသိနာရုံပြည်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကုသိနာရုံပြည်[ပြင်​ဆင်​ရန်​]

ကုသိနာရုံပြည်မှာ အိန္ဒိယနိုင်ငံ၊ မဇ္ဈိမ ဒေသရှိ ပြည်ကြီး ၂ဝ အပါအဝင်ဖြစ်သည်။ ဂေါတမမြတ်စွာ ဘုရားသခင် ပရိနိဗ္ဗာန် စံယူခဲ့သော ပြည်ဖြစ်၍ ဗုဒ္ဓဝါဒီများ အသိများကြသည်။

ထိုပြည်မှာ ဟိမဝန္တာတောင်ခြေရှိ နီပေါနိုင်ငံနှင့် ဂင်္ဂါမြစ်တို့၏အကြားတွင်တည်ရှိ၍၊ ယခုအခါ ယူပိနယ်၊ ဂိုရက်ပူခရိုင်၌ ကသိယဟု အမည်တွင်သည်။

မြတ်စွာဘုရားသခင်သည် သက်တော် (၈ဝ)တွင် သွေးဝမ်း သွန်ရောဂါကို ပြင်းပြစွာခံစားနေရစဉ်၌ပင် ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်တွင်းသို့ တပည့်သံဃာများ ခြံရံလျက် ဆိုက်ရောက်လာသည်။ ဆိုက်ရောက်သည့် ည၏အလွန် မိုးသောက်ယံတွင် မလ္လမင်းတို့ ခင်းကျင်း ထားအပ်သော ညောင်စောင်းသလွန်ပေါ်၌ လျောင်းစက်ယင်း ပရိနိဗ္ဗာန် စံယူတော်မူသည်။

ကုသိနာရုံပြည်ပ ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်ပြုသည့်အကြောင်းကို ဦးပုည၏သာသနာလျှောက်စာတမ်းတွင်

ကောဇာတရာ့လေး ဆဲ့ရှစ်၊ သက္ကရာဇ်ယုဂ၊ ကဆုန်လအချိန်တွင်၊ ကုသိန္နာရုံရဂုံဂနိုင်၊ အင်ကြင်းမြိုင်၌၊ သုံးဆိုင်ဘုမ္မိ၊ ဓိပတိရာဇာ၊ ထွတ်သကျာသည်၊ အနုပါဒိသိသ်၊ တိတ်ဆိတ်ဥပါဒါန်၊ မကျန်ကုန်စင်၊ နိဗ္ဗာန်ဝင်၍၊ သဘင်ပွဲကြီးသိမ်းပါသည် ဟူ၍လည်းကောင်း၊

လယ်တီဆရာတော်ဘုရားရေးသားသော ခုနစ်နေ့ဘုရားရှိခိုးတွင်

ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည် ဟူ၍လည်းကောင်း၊

ဖွဲ့နွဲ့ရေးသားခဲ့ကြလေသည်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံယူတော်မူခဲ့သောနေရာတွင် ယခုအခါ ထူပါရုံစေတီနှင့် လျောင်းတော်မူရုပ်ပွားတော်များကို အထိမ်း အမှတ်အဖြစ် တွေ့မြင်နိုင်သေးသည်။ ကုသိနာရုံပြည်သို့ နှစ်စဉ် နှစ်တိုင်း ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဝါဒီအများအပြား ဘုရားဖူး သွားရောက်ကြသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)