နဂါး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နဂါး (နာဂ)

တရုတ်နဂါး ပါးစပ်ပေါက်မှ ထွက်လာသည့် ခေါင်းသုံးလုံး နဂါး
အနန္တစကြာနဂါး၊ ဗိဿနိုး၊ လက်ချ်မီး နှင့်ကြာပန်းမှမွေးသည့် ဗြဟ္မာ

နဂါး(Nāga) ဆိုသည်မှာ သက္ကတနှင့် ပါဋ္ဌိဘာသာ စကားဖြစ်ပြီး အလွန်ကြီးမားသော ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ကျမ်းဂန်လာ မြွေကြီးများကို ခေါ်ခြင်းဖြစ်သည်။ ဒဏ္ဍာရီများတွင် နဂါးသည် ခြေထောက်မပါပဲ မီးလျှံများကို အသက်ရှူသော ၊ ကြည့်လိုက်ရုံနှင့် လောင်းကျွမ်း ပြာကျသွားစေနိုင်သည့် မြွေ ပုံသဏ္ဌာန် သတ္တဝါ ဖြစ်သည်။ ၄င်းအစွမ်းကြောင့် မျက်စောင်းထိုး၍ ညှို့အားကောင်းသော မိန်းကလေးတို့ကိုလည်း နဂါးဟု ယခုထိတိုင် တင်စား ခေါ်တပ်သည်။ မြန်မာ နိုင်ငံတွင် ခြေထောက်ပါသော နဂါးကိုမူ နယားဟု ခေါ်သည်။ မြန်မာတို့က နဂါးနှင့် ပုံသဏ္ဌာန်နှင့် ဂုဏ်သတ္တိချင်း ဆင်တူသော အနောက်တိုင်း နှင့်တရုတ် (Dragon) များကိုလည်း နဂါးဟုပင် အလွယ် တကူ ခေါ်ေဝါ်ကြသည်။

ဗုဒ္ဓဘာသာကျမ်းဂန်များ၌ ဖော်ပြချက်[ပြင်​ဆင်​ရန်​]

နဂါး ပုံသဏ္ဌာန်[ပြင်​ဆင်​ရန်​]

  1. နဂါးခေါင်းသည် ဒရယ်ချိုကဲ့သို့ ချိုရှိသည်။
  2. နဂါးခေါင်းသည် ကုလားအုပ်ခေါင်းနှင့်တူသည်။
  3. နဂါးမျက်လုံးသည် နတ်မိစ္ဆာမျက်လုံးနှင့် တူသည်။
  4. နဂါးလည်ပင်းသည် မြွေနှင့် တူသည်။
  5. နဂါးဝမ်းပိုက်သည် ခုံးခွံနှင့်တူသည်။
  6. နဂါးအကြေးသည် ငါးကြင်းအကြေးခွံနှင့် တူသည်။
  7. နဂါးလက်သည်းသည် လင်းယုန်ငှက်လက်သည်းနှင့် တူသည်။
  8. နဂါးဖဝါးသည် ကျားဖဝါးနှင့် တူသည်။
  9. နဂါးနားရွက်သည် နွားနားရွက်နှင့် တူသည်။

နဂါးအမျိုးမျိုး[ပြင်​ဆင်​ရန်​]

  • ကဌမုခ နဂါး = (ထိုနဂါး ကိုက်လျင် အဆစ်အမျက်များ မကွေးမဆန့်နိုင်တော့ဘဲ သံတံကျင်လို ခိုင်ခံ့မာကျောသွားသည်။)
  • ပုတိမုခ နဂါး = (ထိုနဂါး ကိုက်လျင် ပိန္နဲပုပ်လို အသားထဲမှ အရည်များ ယိုထွက်ကျလာသည်။)
  • အဂ္ဂိမုခ နဂါး = (ထိုနဂါး ကိုက်လျင် လူ၏ အသားတွေသည် မီးလောင်သလို အက်ကွဲလာသည်။)
  • သတ္တသုခ နဂါး = (ထိုနဂါး ကိုက်လျင် လူ၏ အသားတွေသည် မိုးကြိုးပစ်သကဲ့သို့ ကွဲပြတ် ပျက်စီးသွားသည်။)

အထက်ပါ လေးမျိုးထဲမှ တစ်မျိုးစီတွင်

  1. ဒဌဝိသ နဂါး =( ကိုက်မှ အဆိပ်သင့်စေတတ်သည်။)
  2. ဒိဌဝိသ နဂါး =( ကြည့်ရုံနှင့် အဆိပ်သင့်စေတတ်သည်။)
  3. ဖုဌဝိသ နဂါး =( ထိရုံနှင့် အဆိပ်သင့်စေတတ်သည်။)
  4. ဝါတဝိသ နဂါး =( နှာခေါင်းမှ လေမှုတ်ရုံနှင့် အဆိပ်သင့်စေတတ်သည်။) ကွဲသည်။

ပေါင်း(၁၆)မျိုး ထဲမှ တစ်မျိုးစီတွင်

  1. အဆိပ်မြန်ပြီး အဆိပ်မပြင်းသည့် အာဂတ ဝိသန လေဘရ ဝိသ နဂါးမျိုး ၊
  2. အဆိပ်မပြင်း အဆိပ်မြန်သည့် ဃောရဝိသန အာဂတ ဝိသ နဂါးမျိုး ၊
  3. အဆိပ်လဲပြင်း အဆိပ်လဲမြန်သည့် အာဂတ ဝိသ ဃောရဝိသ နဂါးမျိုး ၊
  4. အဆိပ်လဲမပြင်း အဆိပ်လဲမမြန်သည့် နအာဂတဝိသန ဃောရဝိသ နဂါးမျိုး၊ ကွဲပြန်သည်။

ထိုနဂါးမျိုး(၆၄)မျိုးထဲမှာ တစ်မျိုးစီတွင်

  1. ဥကပေါက်သည့် အဏ္ဍဇ နဂါးမျိုး ၊
  2. ဝမ်းပိုက်ကမွေးဖွားသည့် ဇလာဗုဇ နဂါးမျိုး ၊
  3. အညှိကဖြစ်လာသည့် သံသေဒဇ နဂါးမျိုး ၊
  4. ကိုယ်ထင်ရှား အလိုလိုဖြစ်လာသည့် ဩပပါတိက နဂါးမျိုး ၊ လေးမျိုးစီ ကွဲပြန်သည်။

ထိုနဂါးမျိုး(၂၅၆)မျိုးထဲမှာ တစ်မျိုးစီတွင်

  1. ရေ၌ဖြစ်သော ဇလဇ နဂါးမျိုး ၊
  2. ကုန်းမှာဖြစ်သော ထလဇ နဂါးမျိုး ၊ နှစ်မျိုးစီ ကွဲပြန်သည်။

အထက်ပါ(၅၁၂)မျိုးထဲမှာ တစ်မျိုးစီတွင်

  1. ကာမဂုဏ်ခံစားသည့် ကာမရူပီ နဂါးမျိုး ၊
  2. ကာမဂုဏ်မခံစားသည့် အကာမရူပီ နဂါးမျိုး ၊ နှစ်မျိုးစီ ကွဲပြန်သည်။

နဂါးမျိုးပေါင်း တစ်ထောင့်နှစ်ဆယ့်လေး (၁၀၂၄) မျိုး ရှိသည်။

ဂဠုန်ငှက်ဘေးမှ ကင်းဝေးသော နဂါးမျိုး ၇-ပါး[ပြင်​ဆင်​ရန်​]

  1. ပဏီတ တရာ-ဇလာဗုဇ, ဂဗ္ဘသေယျက, ဥပပါတိက, ဟုဆိုအပ်သော မိမိတို့ဇာတ်သဘောအားဖြင့် မြတ်သော နဂါးတို့လည်း တစ်မျိုး၊
  2. ကမ္ဗလဿ တရာနဂါးစစ်သူကြီး, စစ်ဗိုလ်မှူး, စစ်ဘုရင်များဖြစ်ကြသော ကမ္ဗလနဂါး, အဿတရနဂါး တို့လည်းတစ်မျိုး၊
  3. ဓတရဋ္ဌာ-ဓတရဋ္ဌမည်သော နဂါးဘုရင် တို့လည်းတစ်မျိုး၊
  4. သတ္တသိဒန္တရ ဝါသိနော- တောင်စဉ်သီဒါ မဟာသမုဒ္ဒရာ၌ နေကြကုန်သော နဂါး တို့လည်းတစ်မျိုး၊
  5. ပထဝိဋ္ဌကာ-မြေအတွင်း၌ မှီတင်းပုန်းအောင်းကာ နေလေ့ရှိကြကုန်သော မြေအောင်းနဂါး တို့လည်းတစ်မျိုး၊
  6. ပဗ္ဗတဋ္ဌကာ-တောင်ခေါင်း တောင်တွင်း၌ မှီတင်းနေထိုင်ကြကုန်သော တောင်တွင်းနဂါး တို့လည်းတစ်မျိုး၊
  7. ဝိမာနဋ္ဌကာ-ဘောဂဝတီ နဂါးပြည်၌ရွှေငွေဗိမာန် စံအိမ်ပျံဖြင့် ဇိမ်ခံပျော်ပါး၍ နေကြကုန်သော နတ်နဂါး တို့လည်းတစ်မျိုး။[၁]

ဘူရိဒတ္တနဂါးမင်း[ပြင်​ဆင်​ရန်​]

လူသဏ္ဍာန်ဖန်ဆင်းပြီး နတ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော နဂါးများကို ဘူရိဒတ္တနဂါးများ ဟုခေါ်သည်။ ဘူရိဒတ္တနဂါးမင်းများသည် လူမိန်းမများနှင့် အတူနေလျှင် နဂါးမှန်းမသိအောင် နဂါးသဏ္ဌာန်နှင့် မနေဘဲ လူသဏ္ဌာန်ဖန်ဆင်းပြီး နတ်ဝတ်တန်ဆာနှင့် နေကြသည်။ ထိုနဂါးတို့သည် အမြဲ လူသဏ္ဌာန်ဖန်ဆင်းပြီး နေလို့မရပါ။

  • ၁။ နဂါးမများ ကိုယ်ဝန်ရှိလာသောအခါ၊
  • ၂။ အရေလဲချိန်ကျသောအခါ၊
  • ၃။ ဇာတ်တူသော နဂါးချင်း မေထုန်မှီဝဲသောအခါ၊
  • ၄။ ကိုယ်လွတ်လက်လွတ် အိပ်ပျော်နေသောအခါ၊
  • ၅။ သေသောအခါ များတွင် နဂို နဂါးရုပ် ပြန်ပေါ်လာသည်။ [၂]

နဂါးဌာနေ[ပြင်​ဆင်​ရန်​]

နဂါးများသည် -

၁။ အိုင်ကြီးများ၊ သမုဒ္ဒရာကြီးများ၊ တောင်ကြီးများ၏ အောက်မှာလည်း နေတတ်သည်။

၂။ ဝေဘာရတောင်၏ အောက်တွင် မြေနေနဂါးများနေသည် ယူဇနာ(၅၀၀)ရှိသော နဂါးပြည် ရှိသည်။

၃။ ဟိမဝန္တာတော ဒဒ္ဒရတောင်ခြေတွင် မြေနေနဂါးများနေသည် နဂါးပြည် ရှိသည်။

၄။ မြင့်မိုရ်တောင် ခြေရင်းတွင် ရေနေနဂါးများနေသည်။

၅။ အနဝတတ်အိုင်တွင် ပဏ္ဏကနဂါးနေသည်။

၆။ မုစလိန္ဒအိုင်တွင် မုစလိန္ဒနဂါးနေသည်။

၇။ ဥရေု၀လမြစ်မှာ ဥရေု၀လနဂါးနေသည်။

၈။ ဂယာမြစ်မှာ အဂ္ဂိဒဎု နဂါးနေသည်။

ဟိန္ဒူဘာသာကျမ်းဂန်များ၌ ဖော်ပြချက်[ပြင်​ဆင်​ရန်​]

မဟာဗြရတ္တကျမ်းပါနဂါး[ပြင်​ဆင်​ရန်​]

ဟိန္ဒူဘာသာတွင် နဂါးသည် အနှုတ်လက္ခဏာ ဆောင်သော သတ္တဝါဖြစ်ပြီး မြွေနဂါးယစ်ပူဇော် စတေးမှုနှင့် ဂဠုန်၏အစား ခံထိုက်သူများ အဖြစ် ဖေါ်ပြကြသည်။ ထို့အတူ ကျမ်းဂန်တွင် အလွန်အရေးပါသော ဇာတ်ကောင်များဖြစ်ကာ တခါတရံတွင် နတ်ဘုရားတို့၏ ဘက်တော်သားများလည်း ဖြစ်ကြ ပြန်သည်။ ဥပမာ နဂါးမင်းသား အနန္တ စကြာ (Ananta-Shesha)သည် မိမိကိုယ်ကို လူအသွင်ဖန်ဆင်း၍ ကောင်းသောဆံထုံး နှင့် သင်္ကန်း ဝတ်ဆင်က မြင့်မြတ်သော ရသေ့အကျင့်ကို ကျင့်၏။ ထိုအခါ ဗြဟ္မာမှ လွန်စွာ နှစ်သက်သဖြင့် ကမ္ဘာမြေကြီးအား သယ်ဆောင် ထမ်းပိုးရန် တာဝန်ပေး လိုက်သည် ဟုဆိုသည်။ နဂါးမင်းသားလည်း နဂါးအသွင်ဖြင့် တွင်းနက်ကြီး အတိုင်း မြေအဆုံးထိ ဆင်းကာ ကမ္ဘာကြီးအား ခေါင်းပေါ် တင်ထားလေသည်။ ထို့ကြောင့် ကမ္ဘာပျက်သည့် အချိန်ကျရောက်တိုင်းတွင် ထိုနဂါးမှာ အသက်ဘေးမှ လွတ်ကင်းကာ အတိုင်းအဆမရှိ အသက်ရှည်သူ "အနန္တ" ဟူသောဘွဲ့ကို ရသည်ဟု ဆိုထားသည်။

မဟာဗြရတ္တကျမ်းတွင် ညီအစ်ကို ဝမ်းကွဲ တော်စပ်သူ နဂါးနှင့် ဂဠုန်တို့၏ ရန်ညှိး ဖွဲ့တည်ပုံ အားလည်း ဖေါ်ပြထားသည်။ ဖန်ဆင်းရှင်ဗြဟ္မသည် ကမ္ဘာနှင့် သက်ရှိသက်မဲ့ တို့အားဖန်ဆင်းရာတွင် ကူညီရန် ရီရှိ(rishi)ခေါ် ပညာရှိကြီး၁၀ဦးအား ဦးစွာ ဖန်ဆင်း သည်။ ထို၁၀ဦးအနက် ကရှက်ပ(Kashyapa) မှာ တစ်ဦးအပါအဝင် ဖြစ်ပြီး ဗိနတ္တ (vinata) နှင့် ကဒရူ (kadru) ဟူသော ညီအမ တော်စပ်သူ မယားနှစ်ဦး ရှိသည်။ ဗိနတ္တမှာ ခွန်အားကြီးသော သားအနည်းငယ်သာ လိုချင်သူဖြစ်ပြီး၊ ကဒရူမှာ သားပေါင်း မြောက်များစွာကို တောင့်တသူဖြစ်သည်။ အချိန်တန်သော် ဗိနတ္တတွင် ဥနှစ်လုံးရ၍ နေနတ်သား နှင့်ဂဠုန်တို့ ပေါက်ဖွါးလာကြသည်။ ကဒရူတွင် ဥပေါင်းတစ်ထောင်ရ၍ နဂါးများ ပေါက်ဖွားလာကြသည်။

ဂဠုန်၏မိခင် ဗိနတ္တသည် ညီမဖြစ်သူ ကဒရူနှင့် မိုက်မဲသော အလောင်းအစားပြုလုပ်ရာမှ ရှုံးနိမ့်ကာ ကျွန်အဖြစ်ရောက်ရှိ သွားသည်။ ထို့ကြောင့် ဂဠုန်မှ နဂါးတို့ထံ ချည်းကပ် ကာကျွန်အဖြစ်မှ မည့်သည့်အရာနှင့် ပြန်လည်ဝယ်ယူ ရမည်နည်းဟု မေးမြန်းရာ နတ်ပြည်ရှိ မသေဆေး ပျားရည်ကို ဆောင်ယူ ရမည်ဟု ဖြေသည်။ ဂဠုန်သည် နတ်ပျား ရည်ကို အခက်အခဲအမျိုးမျိုး ကျော်ဖြတ်၍ ဆောင်ယူအပြီး နဂါးတို့အား ပေးကာ မသောက်သုံးမှီ ပူဇော်မှု အခန်းအနားပြုရန်ပါ လှည့်ဖြားတိုက်တွန်းသည်။ နဂါးတို့ ပူဇော်မှု ဆောင်ရွက်နေချိန် တွင်အိန္ဒြာသိကြားမှာ နတ်ပျားရည် အားပြန်လည် ဆောင်ယူသွားတော့သည်။ သို့သော် ပျားရည်အိုးမှ ဖိတ်စင်ကျ လာသော ပျားရည်စက် အကြွင်း အကျန် များမှာ မြက်ခင်းပြင် ပေါ်တွင် ကျန်ခဲ့ရာ နဂါးတို့ လျှာဖြင့်လျက် ရာမှ ထာ၀ရအသက်ကို ရလာသည် ဟုဆိုသည်။ ထိုသို့မြက်ကို လျက်ခြင်းကြောင့် မြက်ပင်တို့ဖြင့် ထိရှကာ လျှာနှစ်ခွ ဖြစ်ရသည် ဟုလည်း ဆိုထားသည်။

မြန်မာ့နဂါး သမိုင်း[ပြင်​ဆင်​ရန်​]

File:85001,1218048666,61.jpg
စစ်ကိုင်းတောင်၊ မြန်မာ

ဗုဒ္ဓကျမ်းဂန်လာ ကာဠနဂါး[ပြင်​ဆင်​ရန်​]

  • (ကျမ်းစာအများအပြားတွင် ကာလ ဟု လ-လေးနှင့် အတွေ့ရ နည်းပြီး ကာဠ ဟု ဠ-ကြီးနှင့်သာ အတွေ့ရများပါသည်။ ရှေ့မှမဟာသဒ္ဒါထည့်၍ မဟာကာဠ-ဟု အသုံးများ၏။) ထိုမဟာကာဠ နဂါးမင်းသည် “ ကာဠော နာဂရာဇာ စတုန္နံ ဗုဒ္ဓါနံ သမ္မုခီဘာဝံ လဘိတွာ ဌိတော မေတ္တေယျဿပိ ဘဂ၀တော သမ္မုခီဘာဝံ လဘိဿတီတိ ၀ဒန္တိ ၊ ယံ တဿ ကပ္ပါယုကတာ ဝုတ္တာ ။” “ကာဠ နဂါးမင်းသည် ဘုရားလေးဆူတို့ကို မျက်မှောက်ထင်ထင် ဖူးမြင်ရပြီး၍ သူ၏အသက်တမ်းသည် တစ်ကမ္ဘာတိုင်တိုင် ရှည်ကြာသည် ၏ အဖြစ်ကြောင့် အရိမေတ္တေယျ ဘုရားရှင်တို့လည်း မျက်မှောက်ထင်ထင် ဖူးမြင်ခွင့်ရလတ္တံ့ ဟု ဆိုကြကုန်၏ -ဟု မဟာဝဂ္ဂဋီကာတွင် ဆိုထားသောကြောင့် ကာလနဂါးသည် ယခုထိ ရှိပါသေးသည်။
  • ကာလနဂါးသည် အဘယ်ကြောင့် ဘုရားတစ်ဆူပွင့်သည်အထိ အိပ်စက်ရပါသနည်း ။ ဘုရားတစ်ဆူတစ်ဆူပွင့်သည်အထိ အိပ်စက်သည်ဟု မည်သည့် အဋ္ဌကထာ.ဋီကာကျမ်းတွင်မှ မပါပါ။ ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သော်လည်း ဘုရားတစ်ဆူနှင့် တစ်ဆူကြား အိပ်နေပြီး၊ ဘုရားတစ်ဆူပွင့်လာမှ အိပ်ရာမှ နိုးသည်ဆိုလျှင် ဤကမ္ဘာ၌ ဘုရားငါးဆူပွင့်သဖြင့် ငါးကြိမ်သာအိပ်ရရာ၏။ (ဘုရားငါးဆူထက်ပို၍ ပွင့်သောကမ္ဘာဟူ၍လည်းမရှိ။) ထိုမျှအအိပ်ကြီးသော သတ္တဝါဟူ၍ မကြားမသိရပါ။
  • ရှေးဘုရားရှင်တို့၏ ရွှေခွက်တို့နှင့် ထိခတ်မိကာ အသံမြည်သောကြောင့်ဟု မှတ်အပ်၏။ မဟာဗုဒ္ဓဝင်၌ ဤသို့ဆိုထား၏- “ ဘုရားအလောင်းတော်သည် ထိုသုဇာတာ လှူဒါန်းသော ဃနာနို့ဆွမ်း ကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် ရွှေခွက်ကို ကိုင်ယူကာ “ အကယ်၍ ငါသည် ယနေ့ ဘုရားဖြစ်ခြင်းငှါ စွမ်းနိုင်သည်ဖြစ်ပါမူ ဤရွှေခွက်သည် ရေညာသို့ ဆန်ပါစေသား ဘုရားဖြစ်ခြင့်ငှါ မစွမ်းနိုင်ပါမူ ရေစုန်သို့ မျှောပါစေသား ” ဟု အဓိဋ္ဌာန်တော်မူပြီးသော် ထိုရွှေခွက်ကို နေရဉ္ဖရာမြစ်ကျောသို့ မျှောလိုက်လေ၏ ။ ထိုရွှေခွက်သည် ရေစီးရေယဉ်ကို ဖြတ်လျက် မြစ်လယ်သို့ တည့်တည့်မတ်မတ်သွားပြီးလျှင် မြစ်၏ အလယ် ချက်မ အရပ်မှပင် မြင်းလျင်ကိုစိုင်းသကဲ့သို့ အတောင်ရှစ်ဆယ်ခန့် ရေညာသို့ ဆန်တက်သွား၍ ဝဲဇလုပ်၌ နစ်မြုပ်ကာ ကာဠနဂါးမင်း၏ ဘုံဗိမာန်သို့ရောက်၍ ကကုသန်-ကောဏာဂုံ- ကဿပတည်းဟူသော ပွင့်တော်မူပြီးကြသည့် ဘုရားသုံးဆူတို့၏ ( ဘုရားဖြစ်မည့်နေ့၌) အသုံးပြုအပ်သော ရွှေခွက်သုံးလုံးတို့၏ အောက်၌ တည်လေ၏။
  • ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ “ ယမန်နေ့ကပင် ဘုရားတစ်ဆူပွင့်တော်မူခဲ့လေပြီ ယနေ့တစ်ဖန် ဘုရားတစ်ဆူပွင့်တော်မူပြန်ပြီ ”ဟု ပြောဆိုကာ ပိုဒ်ပေါင်းများစွာ ဂါထာတို့ဖြင့် ထောမနာချီးမွမ်းစကားကို မြွက်ကြားရွတ်ဆို၍ ထလေ၏ ။ ( ကာဠနဂါး၏ အဖို့မှာ ကဿပ မြတ်စွာဘုရားနှင့် ဤငါတို့ မြတ်စွာဘုရား နှစ်ဆူတို့၏ အကြားကာလ မဟာပထဝီမြေကြီး တစ်ယူဇနာနှင့် သုံးဂါဝုတ်ခန့် မြင့်တက်လာအောင် ရှည်လျား လှသော အချိန်ကာလ သမယသည်ပင် ယမန်နေ့ကနှင့် ယနေ့ဟူ၍ ပြောဆိုရလောက်အောင် တိုတောင်းသကဲ့သို့ ဖြစ်ရှိနေပေ၏။) ( မဟာဗုဒ္ဓ္ဓဝင် ၊ ဒု၊၂၇၈ )
  • (ကာဠ နာဂရာဇံ သုပန္တံ ဗောဓေသိ ” `“အိပ်ပျော်နေသော ကာဠနဂါးမင်းကို သိစေ နိုးစေပြီ ” ဟူသော ဗုဒ္ဓဝံသ အဋ္ဌကထာအရ ရွှေခွက်ချင်း ထိခတ်မိသောအချိန်တွင် ကာဠနဂါးအိပ်ပျော်နေကြောင်း ရေးကြပြောကြ၏။ သို့ရာတွင် အခြားကျမ်းများစွာတို့၌ကား `“ကာဠော နာဂရာဇံ တံ သဒ္ဒံ သုတွာ” `“ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ ” ဟု သာမညဆိုထားသောကြောင့် အိပ်ပျော်နေခိုက်ဖြစ်နိုင်သလို ပုံမှန် နဂါးစည်းစိမ် ခံစားနေခိုက်လည်း ဖြစ်နိုင်၏။)
  • ကာလနဂါး၏ သက်တမ်းကား တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးဖြစ်သည်ဟု ဆိုပါသည်။
  • ကာဠနဂါး၏ အရွယ်ပမာဏကို ကျမ်းဂန်တို့၌ မတွေ့မိပါ။ သို့ရာတွင် ကာဠနဂါး မင်းသည် တန်ခိုးကြီးသော နဂါးဖြစ်၍
  1. နဂါးချင်း မေထုန်မှီဝဲသောအခါ
  2. စိတ်ချလက်ချ အိပ်ပျော်သော အခါ
  3. ပဋိသန္ဓေနေစဉ်အခါ
  4. အရေဟောင်းကို စွန့်သောအခါ
  5. စုတေစိတ်ကျသောအခါ ဟူသော နဂါးတတ်ကို မစွန့်နိုင်ရာ အချိန်အခါ ငါးမျိုးမှတစ်ပါး များစွာသောအချိန်တို့၌ လူယောင်ဖန်ဆင်း၍သာ နေဖို့များ၏ ။ နဂါး ခန္ဓာကိုယ်နှင့် သွားလာလိုရာ၌လည်း အလိုရှိသလို ငယ်နိုင်ကြီးနိုင် ပြောင်းလဲနိုင်သော ကမ္မဇိဒ္ဓိ တန်ခိုးရှိ၏ ။


  • မည်သည့်မြစ် သို့မဟုတ် သမုဒ္ဒရာမြစ် သုပ္ပတိဋ္ဌိတဆိပ်ကမ်း ဟု ဆိုသောကြောင့် ထိုနေရဉ္ဖရာမြစ်၏ အောက်၌ ဟုရှိ၏ ဟုယူဆရ၏။ အသောကမင်းကြီးသည် မြေအောက်တစ်ယူဇနာ အာဏာစက်ပျံ့နှံ၏။ သူ ဗုဒ္ဓဘာသာ ဖြစ်လာသောအခါ ဘုရားရှင်ကို ဖူးမြင်လို၍ ကာဠနဂါးမင်းကို ရွှေချေခြင်းအဖွဲ့ (ရွှေလက်ထိပ်) လွှတ်ကာခေါ်ခိုင်း၏။ ကာဠနဂါးမင်းနေရာသည် ထိုမင်း၏အာဏာစက်ပျံ့နှံ့ရာ တစ်ယူဇနာအတွင်း၌ မရှိသော်လည်း နယ်မြေချင်းစပ်နေ သောကြောင့် နေရဉ္ဖရာမြစ်အောက် တစ်ယူဇနာကျော်အရပ်တွင် ယူဇနာငါးရာကျယ်ဝန်းသော မေဉ္ဖရိက နဂါးဘုံတွင်နေ၏ -ဟု မှတ်သင့်၏ ။ မြစ် သမုဒ္ဒရာ တို့၌နေသော ဂင်္ဂါ၀ဟေယျ သာမုဒ္ဒိက နဂါးမျိုးမဟုတ် ။ တော တောင်တို့၌ နေသော ဘူမိဂတ ပဗ္ဗတဋ္ဌ နဂါးမျိုးလည်း မဟုတ် ။
  • ရွှေခွက်သံကြားသော အခိုက်ဂါထာပိုဒ် အထောင်တို့ဖြင့် ဝမ်းမြောက်ဝမ်းသာ ချီးကျူးထောမနာ ဂါထာများ ရွတ်ဆိုခြင်း မာရ်နတ်သားကို အောင်မြင်တော်မူခါနီး အချိန် ဗောဓိမဏ္ဍိုင်သို့ လာ၍ ဂါထာတစ်ရာကျော်တို့ဖြင့် လာရောက်ပူဇော်ခြင်း အသောကမင်းကြီးအား ဘုရာရှင်၏ ပုံသဏ္ဌာန်လာရောက်ဖန်းဆင်းပြခြင်း ရာမရွာတွင် ဌာပနာထားသော မြတ်ဗုဒ္ဓ၏စွယ်တော်များ ရေတိုက်စား၍ သမုဒ္ဒရာသို့ မျော့ပါရောက်ရှိသွားရာ သမုဒ္ဒရာ ၌နေသော နဂါးတို့ လာရောက် အကြောင်းကြားသဖြင့် ဆယ်ယူစေကာ မိမိနေရာတွင် စေတီတည်၍ အကြီးအကျယ် ပူဇော်ထားရှိခြင်း စသော အကြောင်းတို့ကို ထောက်ဆ၍ ကာဠနဂါး အမြဲတမ်း အိပ်မနေပါ ။
  • စည်းစိမ်ရှိသော ကာမရူပီ နဂါး စည်းစိမ်မရှိသော အကာမရူပီ နဂါး ဟု နဂါးနှစ်မျိုးရှိရာတွင် ကာဠနဂါးမင်း သည် စည်းစိမ်ရှိသော နဂါးမျိုးဖြစ်သောကြောင့် အခြားနဂါးမင်းများကဲ့သို့ နဂါးမင်း၏ စည်းစိမ်ကိုခံစားရပါသည် ။
  • တစ် နံပါတ် ပုစၦာအဖြေပါအတိုင်း ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးမျိုးဖြစ်သောကြောင့် ကကုသန် ဘုရားရှင် ပွင့်တော် မမူခင် ကာလကတည်းရှိ၏ ။

[၃]

သရေခေတ္တရာဗိဿနိုးဟန်လင်းကြီး စသော ပျူနိုင်ငံများ ထွန်းကားခဲ့စဉ်ကပင် နဂါးရုပ်များ ရှိခဲ့သည်။ ပျူလူမျိုးတို့ ဝတ်ဆင်ခဲ့သော လက်ဝတ်တန်ဆာများတွင် နဂါးရုပ်များပါဝင်ပေသည်။ လက်ကောက်၊ ခြေကျင်း စသော ပန်းထိမ်လက်ရာများတွင် နဂါးခေါင်း၌ အချွန်အမောက်များ ပါရှိပြီး ကိုယ်ထည်တွင် ရွှေနန်းလိမ်များဖြင့် ကျစ်ကာ ဖော်ထားသည်။

တကောင်းခေတ် မင်းခမ်းတော် ပစ္စည်းများတွင် နဂါးကွမ်းအစ်၊ ကလပ်တို့အပြင် နဂါးရုပ်ထုသည်လည်း ထီးသုံးနန်းသုံး အဆောင်အယောင်ပစ္စည်း တစ်ခုဖြစ်ပေသည်။

ပုဂံခေတ်တွင် နဂါးစသော အနုပညာအရုပ်များသည် မြန်မာဆန်ပြီး မြန်မာဟန် ပေါ်လွင်လာသည်။

အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း ခေတ်များတွင်လည်း တံကဲများနှင့် သာသနိက အဆောက်အဦများ၌ နဂါး၊ နယားရုပ်များဖြင့် မွမ်းမံမှုများ ပေါကြွယ်လာသည်။

ကုန်းဘောင်ခေတ်တွင် ကနုတ်ပန်းနှင့် ယှဉ်တွဲကာ နဂါးရုပ်များကို သစ်ထွင်းပန်းပုများ ထွင်းထုလာကြသည်။

ခေတ်အဆက်ဆက်မှ ဗုဒ္ဓရုပ်ပွား ဆင်းတုတော် ဘုဇင်္ဂါသန(မုစလိန္ဒာသန) ပုံတော်များတွင် နဂါးရုပ်တုများ သုံးခဲ့ကြသည်။ မုစလိန္ဒာအိုင်တွင် ဗုဒ္ဓမြတ်စွာ သီတင်းသုံးစဉ်က နဂါးမင်းက ပါးပျဉ်းမိုး၍ ထားပုံများကို ပြုလုပ် ကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် နေ့နံအလိုက် ရုပ်ပုံရုပ်တုများ ထုလုပ်ခဲ့ရာ စနေနံကို နဂါးရုပ်ဖြင့် အမှတ်အသားပြုကြသည်။ မြန်မာတို့သည် နဂါးကြီး၏ ဦးခေါင်းလှည့်ပုံ`နဂါးလှည့်´ အယူအဆအရ သုံးလတစ်ကြိမ် ဦးခေါင်းပြုရာအရပ် ပြောင်းသည့် ယုံကြည်ချက်ဖြင့်

  • (တော်၊ ကျွတ်၊ မုန်း = ရှေ့)
  • ( နတ်၊ ပြာ၊ တွဲ = တောင်)
  • ( ပေါင်း၊ ခူး၊ ဆုန် = နောက်)
  • ( န၊ ဝါ၊ ဝါ = မြောက်) ဟု၍ပင် သတ်မှတ်ကြသည်။

မြန်မာ့နက္ခတ်ပညာရှင်တို့ကလည်း ရောဟဏီနက္ခတ် နှင့် သွာတိနက္ခတ် တို့ကို မြွေဦးခေါင်း ဟူ၍၎င်း၊ ဇေဋ္ဌနက္ခတ်ကို နဂါးချက်ဟူ၍၎င်း ဖော်ညွှန်းကြသည်။ နဂါးသည် ဗေဒင်ပညာအရ စနေဂြိုဟ်၏ အမှတ်အသား ဖြစ်သည်။ ဂြိုဟ်သက် (၁၀)နှစ် ဖြစ်သည်။ အရပ်မျက်နှာမှာ အနောက်တောင် အရပ်ဖြစ်သည်။

ကမ္ဘာဦးအစက မြွေနဂါးကို ကိုးကွယ်မှုရှိခဲ့သည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓသာသနာ မထွန်းကားမီ ပုဂံခေတ်ကြိုကာလ သက္ကရာဇ် (၂၇၉)ခုနှစ်၊ ပုဂံခေတ် တောင်သူကြီးမင်းလက်ထက်တွင် နဂါးကိုးကွယ်မှုရှိခဲ့သည်။ နဂါးရုပ်တုကြီးကို စိတ်တိုင်းကျ ထုလုပ်စေပြီး ကိုးကွယ်ခဲ့သည် ဟုဆိုသည်။

[၄] [၅] [၆] [၇] [၈]

အခြားအာရှနိုင်ငံများမှနဂါး[ပြင်​ဆင်​ရန်​]

အင်ဒိုနှင့်မလေးကျွန်းဆွယ်[ပြင်​ဆင်​ရန်​]

နဂါးကို အင်ဒိုနီးရှားနိုင်ငံတွင် နာဂါဟုခေါ်ပြီး၊ ဂျားဗားကျွန်းတွင် နိုဂိုဟုလည်း ခေါ်ကြသည်။ မလေးရှားသင်္ဘောသား ဒဏ္ဍာရီများတွင် နဂါးသည် ခေါင်းများစွာရှိသည် ဟုဆိုသည်။ မလေးရှားနိုင်ငံ ပါဟန်း(Pahang)ပြည်နည်ရှိ Chinniရေကန်ကြီးတွင် သီရိဂုမာမ်(Sri Gumum) အမည်ရှိ နဂါး နေထိုင်သည်ဟု ယုံကြည်ကြသည်။ အင်ဒိုနီးရှားနိုင်ငံရှိ ကိုမိုဒို၊ ရင်ကာ၊ ဖလောရက်စ် နှင့် ဂီလီမိုတန်း နှင့် ပါဒါကျွန်းများပေါ်တွင် နေထိုင် ကျက်စားသော အဆိပ်အလွန်ပြင်းထန်သည့် ဖွတ်ကြီးတစ်မျိုးကိုလည်း ကိုမိုဒိုနဂါးဟု ခေါ်သည်။

အိန္ဒိယ[ပြင်​ဆင်​ရန်​]

အိန္ဒိယနိုင်ငံတွင် နဂါးသည် မြစ်၊ချောင်း၊ အင်းအိုင် နှင့် ရေတွင်း၊ ရေကန် များကို စောင့်ကြပ်သည်ဟု အယူရှိကြသည်။ ထို့အပြင် မိုးခေါ်ပေးသူများ လည်းဖြစ်သဖြင့် ကောက်ပဲသီးနှံများ ကိုအထွက်တိုးစေသူ ဟုလည်း ယုံကြည်ကြသည်။ သို့သော် ရေကြီး၊ ရေလျံခြင်း စသည့် သဘာ၀ ဘေးအန္တရာယ်များပါ ဆောင်ယူတတ်သည် ဟုလည်း ဆိုသည်။ ဒဏ္ဍာရီများ အရ နဂါးတို့မှာ လူသားတို့ မရိုမသေ ပြုသော အခါတွင်သာ အမျက်ထွက် တတ်ကြသည်။ အိန္ဒိယတောင်ပိုင်းတွင် သီးနှံများအောင်မြင်ရန်နှင့် ကြီးပွါး တိုးတက်စေရန် နဂါးမန္တလ (Nagamandala) ဟူသော နဂါးပူဇော်ပွဲ များကျင်းပလေ့ရှိကြသည်။

ကမ္ဘောဒီးယား[ပြင်​ဆင်​ရန်​]

ခမာဘာသာဖြင့် နဂါးကို (neak) ဟုခေါ်ကြပြီး ပစိဖိတ် သမုဒ္ဒရာအတွင်းတွင် နဂါးပြည် ရှိသည်ဟု ယုံကြည်ကြသည်။ နဂါးမင်းသမီးနှင့် ဗြဟ္မဏလုလင်တို့ ပေါင်းဖက်၍ ခမာလူမျိုးများ မွေးဖွါးလာသောကြောင့် နဂါးအနွယ်များ ဖြစ်ကြသည်ဟုလည်း ယနေ့တိုင် ဆိုကြသည်။ အန်ကောဝတ် ကဲ့သို့ ဘုရားများတွင် ခေါင်းခုနှစ်လုံးပါ နဂါး ရုပ်တုများ တွေ့ရပြီး နဂါးမျိုးနွယ်ခုနှစ်မျိုးသာမက သက်တန့်ရောင်စဉ် ခုနှစ်သွယ်ကိုလည်း ကိုယ်စားပြုသည် ဟုဆိုသည်။ ကမ္ဘောဒီးယား နဂါး ယုံကြည် မှုများတွင် ခေါင်းမဂဏန်း အရေအတွက် ရှိသော နဂါးမှာ အဖိုဓာတ် ဆောင်ပြီး ခေါင်းစုံဂဏန်း အရေအတွက် ရှိသော နဂါးမှာ အမဓာတ် ဆောင်သည်ဟု ဖေါ်ပြထားသည်။

မဲခေါင်ဒေသ[ပြင်​ဆင်​ရန်​]

မဲခေါင်မြစ် တစ်လျှောက်ရှိ လာအိုနှင့်ထိုင်း လူမျိုးများတွင်လည်း ရိုးရာ နဂါးယုံကြည်မှု ပေါင်းများစွာ ရှိကြသည်။ ထိုဒေသ ခံများသည် မြစ်ချောင်းများအား နဂါးမင်း ပိုင်စိုးသည် ဟုယုံကြည် သောကြောင့် အထွဋ်အမြတ် ထားကြသည်။ နှစ်စဉ် ငါးနှင့်လှေသင်္ဘော လုပ်ငန်းများ လုပ်ကို်င်သော ကျေးရွာများတွင် အစဉ်အလာအရ နဂါးပူဇော်ပွဲ များကျင်းပ လေ့ရှိပြီး ရေလမ်းခရီးအား ဘေးအန္တရာယ် ကင်းရှင်းစေသည်ဟု ယုံကြည်ကြသည်။

အနောက်တိုင်းအယူအဆ[ပြင်​ဆင်​ရန်​]

အနောက်တိုင်းအယူအဆတွင်လည်း နဂါးရှိခဲ့သည်။ ရှေးယခင်အချိန်က နဂါးနှင့်လူတို့တိုက်ပွဲများဖြစ်ခဲ့ခြင်းနှင့် နဂါးစီးသူရဲကောင်းများအကြောင်း ဒဏ္ဍာရီများရှိသည်။ အနောက်တိုင်းအယူအဆအရ နဂါး၏ပုံသဏ္ဌန်မှာ ကြီးမားသော ဒိုင်နိုဆောကဲ့သို့ ခန္ဓာကိုယ်နှင့် အတောင်ပံပါဝင်သည်။

မြန်မာအယူအဆတွင် နဂါးပုံသဏ္ဍန်ကို မြွေခန္ဓာကိုယ်နှင့် ဦးခေါင်းတွင်အမောက်ပါရှိပြီး အမြီးမှာ ငါးကဲ့သို့ဖြစ်သည်ဟု ယူဆကြသည် … နဂါးရုပ်ထုများပြုလုပ်ရာတွင်ပင် ထိုကဲ့သို့ပြုလုပ်ကြသည်။

နဂါးများသည် မီးမှုတ်နိုင်ခြင်း အမြုတေပိုင်ဆိုင်ခြင်း အဆိပ်ပြင်းခြင်း မျက်စောင်းထိုးလျှင် အရာဝတ္ထုများပြာကျနိုင်ခြင်းစသည့် အစွမ်းများရှိသည်ဟု အရှေ့တိုင်းတွင်သာမက အနောက်တိုင်းတွင်ပါယူဆကြပါသည်။

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. ခန္ဓဝဂ္ဂသံယုတ် ။ပါ။ ၂ဝ၂ ။ဋ္ဌ။၃၁၉။ အပဒါန် ။ဋ္ဌ။ ပအုပ်၂၆၇။ သုတ္တနိပါတ် ။ပါ။ ၂၇၉ ။ဋ္ဌ။ ပ-အုပ်။၁၂-
  2. ဓမ္မပဒ ဒုအုပ်။ ၁၅၂၊၁၅၃။ ဝိနည်းမဟာဝါ ။ပါ။ ၁၂၁ ။ဋ္ဌ။ ၃ဝ၄။ သုတ္တနိပါတ်။ပါ။ ၂၇၉ ။ဋ္ဌ။ ပ-အုပ်၊ ၁၂-၁၃။
  3. အရှင်ကောဝိဒ (ယော)၏ မြတ်ပန်းရဂုံ ဘလောဂ့်မှ
  4. ပါရာဇိကဏ်အဌကထာ၊ စတုတ္ထပါရာဇိက၊ တပေါဒါဝတ္တု
  5. ဒဒ္ဒရဇာတ်
  6. ဇိနလင်္ကာရဋီကာနှင့် လောကဒီပနီကျမ်း
  7. ဓမ္မပဒ အဌကထာ
  8. တရုတ်စာရေးဆရာကြီး ဝန်ဖူး