ဂဠုန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြန်မာဟန် ဂဠုန်ငှက်

“ လေးသောဝန်ကို ဆောင်ယူတတ်သော သတ္တဝါသည် ဂဠုန် မည်၏ ” ဟု မဂဓအဘိဓာန်များက အဓိပ္ပာယ် ဖော်ပြသည်။ ထို့အပြင် ဂဠုန်သည် ငှက်တို့၏မင်း ဖြစ်သည်။ ပါဠိဘာသာအားဖြင့် ဂဠုနရာဇာဟု ခေါ်သည်။ နဂါးတို့ကို နှိမ်နင်း သတ်ဖြတ်နိုင်သည်ဟု ကျမ်းဂန်များ၌ဆို၏။ ယင်း၏ အတောင်များမှာ ရွှေအဆင်းကဲ့သို့ တောက်ပြောင်လှပသည်ဟု အဋ္ဌကထာကျမ်းများ၌ ဆိုသည်။ သက္ကတ ဘာသာဖြင့် ဂရုဓ (garuda) ဟုခေါ်ပြီး ဟိန္ဒူဘာသာတွင် ဗိဿနိုး (vishnu) နတ်ဘုရား၏ စီးတော်ယာဉ် ဖြစ်သည်။


ဗုဒ္ဓဘာသာကျမ်းဂန်များ၌ ဖော်ပြချက်[ပြင်​ဆင်​ရန်​]

ဂဠုန်ငှက်များသည် နိုင်ငံတည်ထောင်ကာ နေထိုင်ကြသလို အုပ်ချုပ်သော ဂဠုန်ငှက်မင်း များလည်း ရှိကြသည်။ ဂဠုန်ငှက်မင်းသည် ယူဇနာ ၁၅၀ ခန့်အရွယ်ရှိကြောင်း သုတ်မဟာဝါအဋ္ဌကထာမဟာနိဒါန သုတ်၌ ပါရှိသည်။ ဂဠုန်မင်းသည် ဂဠုန်လေကိုပြုအံ့သောငှာ အားထုတ်လတ်သော် ယူဇနာ ၆၀၀ ရှိသောအရပ်သည် မလောက်ဟူ၍ သံယုတ်အဋ္ဌကထာ၌ လာရှိလေသည်။ မုက္ခပါဌ် ငါးရာ့ငါးဆယ် ဖြစ်စဉ် တိံသနိပါတ်၊ ပဏ္ဍရကဇာတ်တော်၌ကား ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ဂဠုန်မင်း ဖြစ်ဖူးခဲ့သည်ဟု တွေ့ရလေသည်။

ဘုရားဟော မုက္ခပါဌ် ငါးရာ့ငါးဆယ် ဖြစ်စဉ် တိံသနိပါတ်ပဏ္ဍရကဇာတ်တော်၌ကား ဂေါတမမြတ်စွာ ဘုရားအလောင်းတော်သည် ဂဠုန်မင်းဖြစ်ဖူးခဲ့သည်ဟု တွေ့ရ လေသည်။

ဗေဒင်ကျမ်းဂန်များ၌ ဖော်ပြချက်[ပြင်​ဆင်​ရန်​]

ဗေဒင်ကျမ်းဂန်များ၌
`တနင်္ဂနွေဂဠုန်၊ ရှေ့မြောက်ကြုံ၊ နေတုံခြောက်နှစ်မျှ´
ဟူသော သံပေါက်အရ တနင်္ဂနွေဂြိုဟ်၏ အမှတ်အသားမှာ ဂဠုန်ဖြစ်သည်။ ရဲရင့်ခြင်း၊ အားခွန်ဗလကြီး ခြင်း၊ အောင်မြင်ခြင်းတို့ကိုဆောင်သည်။

ဟိန္ဒူဘာသာကျမ်းဂန်များ၌ ဖော်ပြချက်[ပြင်​ဆင်​ရန်​]

ဟိန္ဒူဘာသာတွင် ဂရုဓ ခေါ် ဂဠုန်ငှက်သည် ရွှေရောင်အဆင်း ရှိသော လူသားကိုယ်၊ အဖြူရောင်မျက်နှာ၊ အနီရောင်တောင်ပံ နှင့် သိမ်းငှက်နှုတ်သီး ရှိသည်ဟု ဖေါ်ပြ ကြသည်။ ခေါင်းပေါ်တွင် သရဖူဆောင်းကာ နေရောင်အား ပိတ်ဆို့ထားနိုင်အောင်ပင် ကြီးမားသည်ဟု ဆိုသည်။

မဟာဗြရတ္တကျမ်းပါ ဂဠုန်ငှက်[ပြင်​ဆင်​ရန်​]

ဗိဿနိုးနှင့် လက်ချ်မီးတို့အား သယ်ဆောင်လာသောဂဠုန်ငှက်

ဖန်ဆင်းရှင်ဗြဟ္မသည် ကမ္ဘာနှင့် သက်ရှိသက်မဲ့ တို့အားဖန်ဆင်းရာတွင် ကူညီရန် ရီရှိ(rishi)ခေါ် ပညာရှိကြီး၁၀ဦးအား ဦးစွာ ဖန်ဆင်း သည်။ ထို၁၀ဦးအနက် ကရှက်ပ(Kashyapa) မှာ တစ်ဦးအပါအဝင် ဖြစ်ပြီး ဗိနတ္တ (vinata) နှင့် ကဒရူ (kadru) ဟူသော ညီအမ တော်စပ်သူ မယားနှစ်ဦး ရှိသည်။ ဗိနတ္တမှ ပေါက်ဖွါးလာသော သားမှာ ဂဠုန်ဖြစ်ပြီး၊ ကဒရူမှ ပေါက်ဖွါးလာသူများမှာ နဂါးများ ဖြစ်ကြသည်။ ဂဠုန်သည် ဥမှစပေါက်စဉ်တွင် ကမ္ဘာပျက်စဉ် ကောင်းကင်၌ ကျသောလောင်မီး ကဲ့သို့ အလျှံညီးညီး မီးလျံကြီးဖြစ်သည် ဟုဆိုသည်။ နတ်သိကြားများမှ တောင်းပန်သောကြောင့် ၄င်း၏ အရွယ်အစားနှင့် ခွန်အားကို လျော့ချပေးသည် ဟုဆိုသည်။

ဂဠုန်၏မိခင် ဗိနတ္တသည် ညီမဖြစ်သူ ကဒရူနှင့် မိုက်မဲသော အလောင်းအစားပြုလုပ်ရာမှ ရှုံးနိမ့်ကာ ကျွန်အဖြစ်ရောက်ရှိ သွားသည်။ ထို့ကြောင့် ဂဠုန်မှ နဂါးတို့ထံ ချည်းကပ်ကာ ကျွန်အဖြစ်မှ မည့်သည့်အရာနှင့် ပြန်လည်ဝယ်ယူ ရမည်နည်းဟု မေးမြန်းရာ နတ်ပြည်ရှိ မသေဆေး ပျားရည်ကို ဆောင်ယူ ရမည်ဟု ဖြေသည်။ ထိုမသေဆေးပျားရည်အား နတ်များမှ အစောင့်အကြတ် အစီအမံ ယန္တရား များဖြင့် ကာကွယ်ထားသည်။ ဂဠုန်သည် နတ်ပြည်သို့တက်၍ စစ်ခင်းရာ နတ်များနေရာအနှံအပြားသို့ ထွက်ပြေးကြရသည်။ ထို့နောက် ကိုယ်ခန္တာအား သေးငယ်အောင့်ကြုံ၍ စက်ယန္တရား မျာကြားမှ ဖြတ်ကာ နောက်ဆုံးတွင် အစောင့်မြွေကြီးနှစ်ကောင်အား တိုက်ခိုက်အောင်မြင်သည်။

နတ်ပျားရည်အား နှုတ်သီးဖြင့် ဆောင်ယူရင်း နဂါးတို့ထံ ပြန်အလာ လမ်းတွင် ဗိဿနိုးနတ်ဘုရားနှင့် ဆုံတွေ့သည်။ ထိုအခါ ဗိဿနိုးက ဂဠုန်အား နတ်ပျားရည် သောက်သုံးရန်မလိုပဲ ထာဝရအသက်ကို ပေးသနားလိုက်သည်။ ကျေးဇူးတုံ့ပြန်သောအားဖြင့် ဗိဿနိုး၏ စီးတော်ယာဉ်အဖြစ် အသုံးတော်ခံ မည်ဖြစ်ကြောင့် ဂဠုန်က ကတိစကားဆိုသည်။ ထို့နောက် ဆက်လက်ထွက်ခွါလာရာ လမ်းတွင် အိန္ဒြာသိကြားမင်း (indra) နှင့် ဆုံတွေ့ ပြန်သည်။ နတ်ပျားရည်အား နဂါးတို့အသုံးပြုပြီး ပါက နတ်ပြည်သို့ ပြန်ပေးရန် တောင်းဆိုရာ ဂဠုန်က သဘောတူ ကြောင်းဆိုသည်။ ထို့ကြောင့် သိကြားမင်းက ငှက်တို့၏ ဘုရင်အဖြစ် ဘွဲ့ပေးကာ၊ နဂါးအားလည်း အစာအဖြစ် အသုံးပြုရန် ခွင့်ပေးသည်။

နဂါးတို့ထံ ပြန်လည်ရောက်ရှိသော် မိခင်ဖြစ်သူအား နတ်ပျားရည်ဖြင့် ပြန်လည်ရွေးချယ်၍ ကျွန်အဖြစ်မှ လွတ်စေပြီး နဂါးတို့အားလည်း မသောက်သုံးမည် ပူဇော်မှု အခန်းအနား ကျင်းပရန် လှည့်ဖျားတိုက်တွန်း လေသည်။ နဂါးတို့ အခမ်းအနား ဆောင်ရွက်နေချိန်တွင် အိန္ဒြာသိကြားမှ ပျားရည်အိုးအား နတ်ပြည်သို့ ပြည်လည် ဆောင်ယူသွားလေသည်။ ထိုနေ့မှ အစပြု၍ ဂဠုန်သည် နတ်ဘုရားတို့၏ ဘက်တော်သားဖြစ်ပြီး၊ ဗိဿနိုး၏ စီးတော်ယာဉ်ဖြစ်လာသည်။ နဂါးတို့၏ ရန်သူသာမက အလျင်းသင့်သလို စားသောက်သည် ဟုဆိုသည်။

ဂဠုန်နှင့် မြန်မာနိုင်ငံရေး[ပြင်​ဆင်​ရန်​]

ခရစ် ၁၉၃၀ ပြည့် နှစ်၌ မြန်မာနိုင်ငံတွင် ဗြိတိသျှအစိုးရအား ပုန်ကန်တော်လှန်သော ဆရာစံဦးဆောင်သည့် တောင်သူလယ်သမားအရေးတော်ပုံ ခေါ် လယ်သမားသူပုန်ထမှုကြီး ပေါ်ပေါက်ခဲ့ဖူးသည်။ စနေနံ(နဂါးဏ္ဍုပ်)ဖြစ်သော အင်္ဂလိပ်ကိုအောင်နိုင်စေခြင်းငှာ ဆရာစံသည် သုပဏ္ဏက ဂဠုနရာဇာ (ဂဠုန်မင်း)ဘွဲ့ကို ခံယူခဲ့သည်။

မြန်မာစာပေလာ ဂဠုန်[ပြင်​ဆင်​ရန်​]

မြန်မာစာပေတို့တွင် ဂဠုန်အကြောင်းကို ဤသို့တွေ့ရသည်။

`ဂဠုန်နဂါး ပုံမခြား စုံများတဲ့ဏ္ဍုပ်ကောင်၊
မှန်စွာဖွေရှာ သေချာမှန်းထင်ကြည့်၊
လွမ်းချင်သည့်စိတ်က ဝိပ္ပလ္လာ´
ဟူ၍ စိန်ခြယ်ဖြာရောင်လင်း ကြိုးသီချင်းတွင် တိမ်ကို တင်စားနှိုင်းဖွဲ့ခဲ့သည်။


မြန်မာစာပေလောကတွင် စာဆိုအကျော်အမော်တစ်ပါးဖြစ်သော ရှင်ဥတ္တမကျော်တောလားရတုတွင်လည်း
`တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊
တိမ်ပြာရောယှက်၊ မရန်းဖက်၍၊
တိမ်သက်တံ့ရောင်၊ အဝါပေါင်ဝယ်၊
မှောင်ခဲ့တခါ၊ ပြာခဲ့တစ်မျိုး၊
ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊
မှုန်ခဲ့တချက်၊ ယုဂန်ထက်က၊
လေးဖက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊
နဂါးဏ္ဍုံကြွေ့၊ ရန်ချင်းတွေ့သော်၊
ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့´
ဟူ၍ တိမ်ကိုပင် သက်ဝင်လှုပ်ရှား ဂဠုန်ငှက်အလား တင်စားနှုန်းဖွဲ့ခဲ့သည်။

“တောင်ဟုန်ပြင်းလျက်၊ ဂဠုန်စက်”

“တနင်္ဂနွေဂဠုန်၊ ရှေ့မြောက်ကြုံ၊ နေတုံခြောက်နှစ်မျှ”

“ဂဠုန်နဂါး၊ ပုံမခြား၊ စုံများတဲ့ရုပ်ကောင်၊ မှန်စွာဖွေရှာ၊ သေချာမှန်းထင်ကြည့်၊ လွမ်းချင်သည့်စိတ်က ဝိပ္ပလ္လာ”

ဆက်စပ်သောဝေါဟာရ[ပြင်​ဆင်​ရန်​]

မြန်မာတို့ ဝေါဟာရ အသုံးအနှုန်းတွင် စစ်ဆင်စစ်တက်ရာ၌ ဂဠုန်တောင်ပံဖြန့်သည် ဟူ၍၄င်း၊ ဏ္ဍုန်းရင်းဆန်ခတ်ဖြစ်သည်ကို နဂါး ဂဠုန် လိုက်သည် ဟူ၍၄င်း၊ ဆေးပင်ဝါးပင်များတွင် ဂဠုန်လက်သည်းပင်ဟူ၍၄င်း၊ ဂဠုန်ဆိုသောငှက်ကို အထူးတင်စား၍ ဆိုလေ့ရှိကြသည်။ ပသီပုံပြင်များတွင်လည်း ဂဠုန်ကဲ့သို့ကြီးမားသောငှက်များရှိကြောင်း ဖော်ပြပါရှိလေသည်။

အခြားအာရှနိုင်ငံများမှဂဠုန်ငှက်[ပြင်​ဆင်​ရန်​]

ဂဠုန်ငှက်နှင့်ပတ်သက်သည့် ပုံပြင်၊ ဒဏ္ဍာရီ၊ ဆိုရိုးနှင့် အနုပညာလက်ရာများကို ဟိန္ဒူနှင့် ဗုဒ္ဓဘာသာပြန့်ပွားခဲ့ဖူးရာ ဒေသများတွင် အမည်အမျိုးမျိုး ပုံသဏ္ဍန်အမျိုးမျိုးဖြင့် တွေ့ရသည်။

ထိုင်းနိုင်ငံတွင် ဂဠုန်ငှက်အား (ครุฑ krut) ဟုခေါ်ဆိုပြီး နိုင်ငံတော်အမှတ်တံဆိပ် အဖြစ် အသုံးပြုသည်။ ထိုင်းဘုရင့် မိသားစု၏အမှတ်တံဆိပ် အဖြစ်အသုံးပြုသော ဂဠုန်ငှက် ပုံသဏ္ဍန်မှာ (Krut Pha) ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ တွင်လည်း ဂဠုန်ငှက်အား နိုင်ငံတော် အမှတ်တံဆိပ်အဖြစ်ပင် အသုံးပြုသည်။ ထို့အပြင် အင်ဒိုနီးရှား နိုင်ငံပိုင် လေကြောင်းလိုင်းမှာလည်း ဂရုဓလေကြောင်း (Garuda Airways)ဖြစ်သည်။ မွန်ဂိုးလီးယား နိုင်ငံတွင် (Khangarid) ဟုခေါ်ဆိုပြီး မြို့တော် Ulan Bator၏တရားဝင် အမှတ်တံဆိပ် ဖြစ်သည်။ ဂျပန်ဘာသာဖြင့်မူ Karura ဟုခေါ်ကြသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)