ကိန္နရာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကိန္နရာ မောင်နှံ

ကိန္နရာသည် လူတစ်ပိုင်း ငှက်တစ်ပိုင်း တိရစ္ဆာန်မျိုးဖြစ်သည်။ ကိန္နရာများ၏ ပုံသဏ္ဌာန်မှာ ခေါင်း၊ ကိုယ်၊ လက်တို့သည် လူကဲ့သို့ ခက်မငါးဖြာရှိသည်။ မျက်နှာသဏ္ဌာန်၊ ခြေလက်သဏ္ဌာန်တို့သည် လူနှင့်မတူ။ ကိန္နရာ၏ ခံတွင်းမှ လည်ပင်းအထိ မြင်းနှင့် တူ၍ လည်ပင်းမှ အောက်ခြေဖျားအထိ နှုတ်သီး၊ လက်ခြေတို့သည် ငှက်နှင့်တူသည်။ ရွှေရောင်အဆင်း ရှိသည်။ ကိန္နရာသည် အထီးဖြစ်၍ ကိန္နရီသည် အမဖြစ်သည်။ ကိန္နရာ၊ကိန္နရီများသည် ဟိမဝန္တာတောတောင်ကြီးများတွင် နေထိုင်ကြသည်။ မြန်မာနိုင်ငံ ကယားပြည် ငွေတောင်ပေါ်တွင်လည်း နေခဲ့ဟန်တူသည်။ ကယားလူမျိုးများသည် ကိန္နရာ၊ ကိန္နရီများမှ ဆင်းသက်ပေါက်ဖွား လာသည်ဟု ယူဆဟန်တူသည်။ ၎င်းတို့၏ အလံ၌ အလယ်ဗဟိုတွင် ကိန္နရာရုပ်ကို ဂုဏ်ပြုသည့်သဘော ထည့်သွင်းထားသည်။ ကိန္နရာများသည် အတီးအမှုတ်၊ အကအခုန် တတ်သည်။ ကိန္နရာများသည် ရေကိုကြောက်တတ်သည်။ ချောင်းမြောင်းများတွေ ရေပြည့်လျှံလျင် မကူးဝံ့ပေ။ ရေကျသည်အထိ စောင့်ဆိုင်းတတ်သည်။

မဃဒေဝလင်္ကာသစ်[ပြင်​ဆင်​ရန်​]

မန်လည်ဆရာတော်မဃဒေဝလင်္ကာသစ် တွင်

`ဟေမာလယ၊ တောမြိုင်ဝက၊ ဒေဝစန္ဒ၊ သကုဏနှင့်၊ ဒုမကောန္တ၊ ထိုပြီအပ၊ ကဏ္ဏပါဝု၊ အစပြုသား၊ လူ့ကိုယ် လူ့လက်၊ လူ့မျက်ခွက်နှင့်၊ တချက်ရုပ်ဆောင်း၊ မြင်းခေါင်းတူလှည့်၊ ငှက်၏ကိုယ်မှာ၊ လူမျက်နှာက၊ လူဝါလူသွင်၊ ဆံပင်နောက်လန်၊ ယမံငယ်သွေး၊ ငှက်မွှေးတောင်ပေါက်၊ ရွယ်မဖောက်ဘဲ´စသည်ဖြင့် စပ်ဆိုထားသည်။

ကိန္နရာမျိုးစုံ[ပြင်​ဆင်​ရန်​]

  • ၁။ ဒေဝကိန္နရာ
  • ၂။ စန္ဒကိန္နရာ
  • ၃။ ဒုမကိန္နရာ
  • ၄။ ဒဏ္ဍမာနကိန္နရာ
  • ၅။ ကောန္တကိန္နရာ
  • ၆။ သကုဏကိန္နရာ
  • ၇။ ကဏ္ဏပါဝုရဏကိန္နရာ တို့အပြင်

ဝေဿဝဏ္ဏ(ကုဝေရ)နတ်မင်းကြီးစံရာ အာဠကမန္ဒာဝီသာဏမြို့၊ ဓရဏီရေကန်တွင်လည်း လှံတံ တောင်ဝှေး စွဲကိုင်သည့် ဒဏ္ဍမာဏဝိကကိန္နရာမျိုး တို့ရှိကြသည်။

သာရတ္ထသင်္ဂဟ ကျမ်းလာ ကိန္နရီ[ပြင်​ဆင်​ရန်​]

ကိန္နရီမနှင့် လူသားမုဆိုးတစ်ဦး အကြောင်းပါကာ တိဿ နှင့် သုမန မည်သော သားနှစ်ဦးကို ဖွားမြင်ခဲ့သည်။ ထိုသားနှစ်ဦးသည် ဝရုဏရဟန္တာ ထံတွင် တပည့်ခံ၍ ရဟန်းပြုသည်။ တိဿရဟန္တာ နှင့် သုမိတ္တာရဟန္တာ ဖြစ်လာသည်။ တိဿရဟန္တာ(ကောန္တပုတ္တတိဿထေရ်)သည် သိရိဓမ္မာသောကမင်းကြီး လက်ထက်တွင် ပရိနိဗ္ဗာန်စံ သည်။ ပရိနိဗ္ဗာန်စံသည့်အခါ လောင်တိုက် တလား အဆောက်အဦများမှာ လက်ဝဲလင်္ကျာ ကိန္နရီမရုပ်များ ဆင်ယင်ထားကြသည်။ ထို့ကြောင့် နောက်ပိုင်း ဘုန်းကြီးပျံများတွင် လောင်တိုက် တလား တို့၌ ကောန္တကိန္နရီရုပ်များကို ထုလုပ်ကြသည်။

ဟံသာဝတီရောက် မင်းတရားစာတမ်းတွင်လည်း ငါးထပ်ကြီးဒါယကာမင်း လက်ထက် အနောက်သလ္လာဝတီမြစ်မှာ ကိန္နရာတစ်ကောင် မျောလာ၍ ဆယ်ယူရဘူးသည်။

ထိုသဘောကို ဝိနိစ္ဆယပကာသနီ ဓမ္မသတ်လင်္ကာ နိဂုံး၌

`နတ်ကိန္နရာ၊ ဟေဝန္တာက၊ ချိန်ခါရေဦး၊ မျောလာဘူးဟု၊ ချီးကျူးကျေညာ၊ ထင်ရှားစွာသား၊ သလ္လာဝတီ၊ ရေသီတာလျှမ်း၊ ထိုမြစ်ကမ်းမှ၊´

စသည်ဖြင့် ရေးစပ်ထားသည်။

  • ကိန္နရာများသည် နူးညံ့သည့် အမူအရာရှိခြင်း၊
  • ပန်းဝတ်ဆံကိုသာ စားသုံးခြင်း၊
  • ငါးပါးသော အဆင်းအင်္ဂါနှင့် ပြည့်စုံခြင်း၊
  • ဘုရားပွင့်တော်မူသည့်နေ့တွင် ဝမ်းမြောက်ဝမ်းသာ ကခုန်မြူးတူးခြင်း စသော မင်္ဂလာများကြောင့်

မြန်မာမင်းများ၏ ရာဇပလ္လင် ဥကင်လက်ဝဲ၊ လက်ျာတွင် ကိန္နရာကနေသည့်အသွင် ထုလုပ်ကြသည်။

မြန်မာဗေဒင်ကျမ်း ၁၂-ရာသီတွင် မေထုန်ရာသီအိမ်၌ ကိန္နရာဖိုမအရုပ်နှင့် အမှတ်အသားပြုထားသည်။

ကိန္နရာ အက[ပြင်​ဆင်​ရန်​]

ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိသည်။

ကယားတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိသည်။

ကိန္နရာနာ[ပြင်​ဆင်​ရန်​]

ကိန္နရာနာဆိုသည်မှာ မြန်မာ့တိုင်းရင်းဆေးအရ လူတို့၏ လက်မောင်းအောက်(ဂျိုင်းကြား) တွင်ပေါက်သောအနာကို ခေါ်သည်။

ကိန္နရာ ချစ်ပုံပြင်[ပြင်​ဆင်​ရန်​]

ကိန္နရီ ကိန္နရာ မောင်နှံတို့သည် တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်ခင်ကြပြီး ကွဲကွာနေသောအခါ ငိုယိုခြင်းကြောင့် သံလွင်မြစ် ဖြစ်လာသည်ဟုဆိုသည်။ အချစ်ကြီးသူတို့ကို ကိန္နရီ ကိန္နရာ မောင်နှံ အဖြစ် တင်စားလေ့ရှိသည်။

[၁] [၂] [၃] [၄] [၅]--Mayor mt 04:26, 20 အောက်တိုဘာ 2008 (UTC)

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. မဟာဝင်
  2. အာဋာနာဋိယသုတ်
  3. အဘိဓာန်ဋီကာ နှင့် သဒ္ဒါငယ်ကာရိကင်ဋီကာ
  4. ဘလ္လာတိယဇာတ် အဌကထာ
  5. သာရတ္ထသင်္ဂဟ ကျမ်း