ယမမင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တိဘက်အယူအဆအရ ယမမင်း

ယမမင်း(English:Yama, Sanskrit: यम, यमराज(yamaraja) )ဆိုသည်မှာ ပါဠိဘာသာ`ယမ´၊ မြန်မာစကား`မင်း´ကို ပေါင်းပြီးခေါ်ခြင်း ဖြစ်သည်။ အကုသိုလ်ကံ အလျောက် ငရဲထိန်း တို့ ဆောင်ယူပို့လာသော သတ္တဝါတွေကို ဒေဝဒူတ တမန်ငါးပါး ကိုပြပြီး ကောင်းမှုကုသိုလ်တွေကို အောက်မေ့စေတတ်၊ အမှတ်ရစေတတ်သောကြောင့် `ယမမင်း´မည်သည်။ ငရဲမင်းကြီး(ယမမင်း) များသည် အပြစ်ကြီးကြီးနှင့် ရောက်လာသော ငရဲသားများကို စစ်ဆေးရန်မလိုပေ၊ အပြစ်နဲနဲနှင့် ရောက်လာသော ငရဲသားများကိုသာ စစ်ဆေးရန်ဖြစ်သည်။

မြန်မာတို့၏အယူအဆဖြင့် ရေးဆွဲထားသော ယမနတ်မင်းပုံ

ပဉ္စာနန္တရိယကံ ကျူးလွန်သူ၊ စေတီပုထိုးဖြိုဖျက်သူ၊ မိစ္ဆာဒိဋ္ဌိ အယူရှိသူ စသောအပြစ်ကြီးသော ငရဲသားများကို တစ်ခါတည်း ငရဲချ၏။ အကုသိုလ်နည်းပါးသူများ အတွက် ငရဲမှ လွတ်လိုလွတ်ငြား ယမမင်းက စစ်ဆေးခြင်း ဖြစ်သဖြင့် ယမမင်းများကို မင်းကောင်းမင်းမြတ်များဟု သတ်မှတ်ကြသည်။ ငရဲတစ်ထပ်စီတွင် ငရဲမင်းကြီး(ယမမင်း) (၄)ဦးစီ ရှိသည်။ အရှေ့ဘက်တံခါးမုခ် တွင်တစ်ယောက်၊ အနောက်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ မြောက်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ တောင်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ ပေါင်း(၄)ယောက် ရှိသည်။ ငရဲကြီးရှစ်ထပ်တွင် ငရဲမင်းကြီး(ယမမင်း) ပေါင်း(၃၂)ယောက် ရှိသည်။ ငရဲငယ်(၁၂၈)ခုမှာ ငရဲမင်းကြီး(ယမမင်း) များမရှိပါ။ ငရဲမင်းကြီး(ယမမင်း) များ၏ဇာတိမှာ စတုမဟာဇာရ်နတ်ဘုံမှ ဖြစ်သည်။ `ဝေမာနိက ပြိတ္တာ´ များကို အုပ်ချုပ်ရသော မင်းဖြစ်သည်။ `မဟိဒ္ဓိက ပြိတ္တာ´ မျိုးဖြစ်သည်။ မသန့်စင်သည့် ကုသိုလ်ကံ(မိဿက ကုသိုလ်ကံ)ကြောင့် ငရဲမင်းကြီး ဖြစ်လာသည်။


တိဘက်အယူအဆအရ ယမမင်းက ကျွဲခေါင်းနဲ့လို့ ယူဆပါသည်။ ဘေးက သူ၏နှမပုံ ဖြစ်သည်။ ယမမင်း၏ လက်ယာဘက်မှာ အရိုးနှင်တံကို ကိုင်ထားပြီး လက်ဝဲဘက်မှာ မိစ္ဆာများကို ဖမ်းဖို့ ကျော့ကွင်းကို ကိုင်ထားပါသည်။ တိဘက်များက ယမမင်းသည် ဗုဒ္ဓဘာသာကို စောင့်ရှောက်သော နတ်မင်းတစ်ပါးဟု ယူဆကြသည်။

ဒေဝဒူတ (သေမင်းတမန်)ငါးပါး[ပြင်​ဆင်​ရန်​]

ဒေဝဒူတ (သေမင်းတမန်)ငါးပါး ဆိုသည်မှာ ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား ထို(၅)ဦးကို ပမာပြုခြင်းဖြစ်သည်။ ငရဲမင်းကြီးက အပြစ်နဲနဲနှင့် ရောက်လာသော ငရဲသားများကို စစ်ဆေးသောအခါ ဒေဝဒူတ (သေမင်းတမန်)ငါးပါးကို ပမာထားပြီး ငါးကြိမ်တိုင်တိုင် စစ်မေးရ၏။ ငရဲသားက မိမိပြုခဲ့သော ကုသိုလ်ကောင်းမှုကို သတိမရလျှင် ကုသိုလ်ပြုစဉ် ငရဲမင်းကြီးအား အမျှပေးဝေခြင်း ရှိမရှိကို ငရဲမင်းကြီးက စဉ်းစားကြည့်ရ၏။ အမျှပေးဝေခြင်းရှိလျှင် ငရဲသားအား ကုသိုလ်ကောင်းမှုကို ပြန်လည် သတိရအောင် လုပ်ပေးပြီး ငရဲမှ လွှတ်သည်။ ကုသိုလ်ကောင်းမှု၊ အမျှပေးဝေခြင်းမရှိလျှင် ငရဲသားအား ငရဲထိန်းတို့လက်သို့ အပ်လိုက်သည်။

ဒေဝဒူတ တရား ၅-ပါး လူတို့ သံဝေဂရမှုအတွက် နတ်တမန်ခေါ် သေမင်းတမန်ငါးပါး။

  1. ဇာတိ- ပဋိသန္ဓေတည်နေ မွေးဖွားရမှု၊
  2. ဇိဏ္ဏ- အိုမင်းရင့်ရော်ရမှု၊
  3. အာတုရ-ကျင်နာကိုက်ခဲ ရောဂါသည်းခြင်း၊
  4. အာဝုဓ- ဓား လှံ သေနတ်စသောလက်နက်မျိုး၊
  5. မတ- သေသူ, သူသေကောင်။ [၁]

ယမမင်းစစ်တမ်း[ပြင်​ဆင်​ရန်​]

လူ့ပြည်မှာ ရှိနေသော (၁) ကလေး (၂) သူအို (၃) သူနာ (၄) သူသေ (၅) အကျဉ်းသမား ဤငါးဦးသားကို ယမမင်း စေလွှတ်အပ်သော တမန်တော်နှင့် အလားတူသောကြောင့် ဒေဝဒူတ-ဟုခေါ်ဝေါ်ရသည်။ (ဒေဝ-ယမမင်း၊ ဒူတ-တမန်းတော်)။ ယမမင်းသည် မိမိထံမှောက်သို့ ရောက်လာသော ငရဲသားများကို ဒေဝဒူတ ငါးမျိုးကို ဖေါ်ပြလျက် စစ်ဆေးလေ့ရှိသည်။

ယမမင်း။ ။ မောင်မင်း- လူ့ပြည်မှာတုန်းက ကျင်းကြီး ကျင်ငယ်ကိုပင် မသုတ်သင်နိုင်ပဲ ကျင်ကြီးကျင်ငယ်ထဲ၌ လူးကာလှိမ့်ကာ နေရရှာသော ကလေးများကို မတွေ့ဘူးခဲ့ဘူးလား?

ငရဲသား။ ။ တွေ့ခဲ့ဘူးပါသည်ဘုရား

ယမမင်း။ ။ မိမိကိုယ်တိုင် နားလည်သောအရွယ်သို့ ရောက်တဲ့အခါ ထိုကလေးများကို ကြည့်ရှု့၍ ငါသည် ဘာမှနားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဖို့ရာ နောင်အခါ ပဋိသန္ဓေ နေရဦးမည်။ ပဋိသန္ဓေနေခြင်းသဘောကို မလွန်မြောက်နိုင်သေးပါတကား။ ယခုနှယ်က ကိုယ်နှုတ် စိတ်များကို စောင့်စည်းလျက် ကောင်းကောင်းကြီး နေမှတော်မည်-ဟု အကြံအစည်းများ မဖြစ်ခဲ့ဘူးလား မောင်မင်း။

ငရဲသား။ ။ ကျွန်တော် မေ့လျော့သည့်အတွက် ကုသိုလ်ကောင်းမှုကို စိတ်မဝင်စားမိခဲ့ပါ။

ယမမင်း။ ။ မောင်မင်း- မကောင်းမှုကို ဆွေးမျိုး ဉာတကာ ဆရာမိဘ စသူတို့က ပြုပေးကြသည် မဟုတ်။ မောင်မင်း ကိုယ်တိုင် ပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျော့သူတို့ထုံးစံ အတိုင်း မောင်မင်း ခံရချေတော့မည်။

ယမမင်းအား အမျှဝေရကျိုး။ ။ ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယ တစ်ကြိမ်မေး၏။ သူနာကို ညွှန်ပြ၍ တတိယတစ်ကြိမ် မေး၏။ သူသေကိုညွှန်၍ စတုတ္ထ တစ်ကြိမ်၊ အကျဉ်းသမားကို ညွှန်၍ ပဉ္စမ တစ်ကြိမ် မေး၏။ ငါးကြိမ်တိုင်းအောင် မေး၍ ကုသိုလ်ကောင်းမှု ကို သတိမရသေးလျှင် ယမမင်းကိုတိုင် ထိုသူ၏ ကုသိုလ်ပြုစဉ်က မိမိအား အမျှဝေဖူးသလား ဟုစဉ်းစား၏။ စဉ်းစား၍ ရလျှင် ထိုကုသိုလ်ကို ဖေါ်၍ ဖြစ်စေ၊ မိမိက ဘာသာသတိရ၍ ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့်တပြိုင်နက် ငရဲမှလွတ်မြောက်၍ နတ်ပြည်ရောက်သူများလည်း အများပင်။ ထိုနေရာမျိုးကျမှ မိမိကုသိုလ်များ အားထားရကြောင်း ထင်ရှာသည်။ ယမမင်း စဉ်းစား၍ မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ ထိုအခါ ငရဲသားကို ငရဲထိန်းတို့ ယူဆောင်လျက် အမျိုးမျိုး နှိပ်စက်ကြလေတော့သည်။

  • (ထို့ကြောင့် ကုသိုလ်ပြုသောအခါ ယမမင်းအား အမျှဝေသင့်သည်)

[၂]

စာတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနိက ပြိတ္တာမင်းကို ခေါ်ခြင်းကိုဖြစ်သည်။ ထိုယမမင်းသည် တစ်ခါ တစ်ရံ နတ်စည်းစိမ်ကိုခံစား၍ တစ်ခါတစ်ရံတွင်မူ မကောင်းမှု ကံ၏အကျိုးကို သာမန် ပြိတ္တာများကဲ့သို့ပင် ခံစားရသည်။ ယမမင်းသည် တစ်ဦးတည်းရှိသည် မဟုတ်။ အဝီစိငရဲကြီး တွင် တံခါးလေးမျက်နှာရှိရာ တစ်မျက်နှာလျှင် တစ်ယောက် ကျစီ စိုးအုပ်စောင့်နေရသည်ဖြစ်၍ လေးသီးရှိသည်။ အဝီစိငရဲကြီး၌ ယမမင်း လေးဦးရှိသကဲ့သို့ ကြွင်းသော ငရဲ ခုနစ်ထပ်တို့၌လည်း ယမမင်း လေးယောက် လေးယောက်စီ ရှိသဖြင့် ငရဲကြီး ရှစ်ထပ်တို့၌ ယမင်းပေါင်း သုံးဆဲ့နှစ်ယောက် ရှိလေသည်။

ငရဲသို့ ကျရောက်လာသူတိုင်းပင် ယမမင်း၏ အစစ်အဆေး ကို ခံရသည်မဟုတ်။ အကုသိုလ်အားကြီး၍ ပြစ်မှုထင်ရှားသူ တို့သည် တစ်ခါတည်း ငရဲသို့ ကျကြရကုန်သည်။ အကုသိုလ် နည်းပါးသူများအတွက်သာ လွတ်လိုလွတ်ငြား အနေဖြင့် ယမမင်းထံတွင် အစစ်ဆေးခံခွင့် ရရှိလေသည်။ ယမမင်းသည် မိမိရှေ့မှောက်သို့ ရောက်ရှိလာသော ငရဲသားအား ဒေဝဒူတ ငါးမျိုးကိုဖော်ပြလျက် စစ်ဆေးလေ့ရှိသည်။ ဒေဝဒူတဆိုသည်မှာ ယမမင်း၏ တမန်တော်ဟု အဓိပ္ပာယ်ရသည်။ ယမမင်း၌ တမန်တော် ငါးဦးရှိရာ (၁) ကလေး၊ (၂) သူအို၊ (၃) သူနာ၊ (၄) သူသေနှင့် (၅) အာဏာသားတို့ ဖြစ်သည်။ စစ်ဆေးပုံမှာ- ယမမင်း-မောင်မင်းသည် လူ့ပြည်၌ရှိစဉ် မိမိ၏ ကျင်ကြီး ကျင်ငယ်ကိုပင် မသုတ်သင်နိုင်ဘဲ ကျင်ကြီး ကျင်ငယ်ထဲ၌ လူးကာလှိမ့်ကာ နေရရှာသော ကလေးများကို မတွေ့ခဲ့ဘူး သလော။

ငရဲသား-တွေ့ခဲ့ဖူးပါသည်။ ယမမင်း-မိမိကိုယ်တိုင် နားလည်သောအရွယ်သို့ ရောက် သောအခါ ထိုကလေးများကို ကြည့်ရှု၍ ငါသည် ဤကဲ့သို့ ဘာမျှ နားမလည်ရှာသော ယခုကလေးကဲ့သို့ဖြစ်ရန် နောင်ခါ ပဋိသန္ဓေ နေရချေဦးမည်။ ပဋိသန္ဓေ နေခြင်းသဘောကို မလွတ်မြောက်နိုင်သေး။ ယခုအခါမှစ၍ ကိုယ်၊ နှုတ်နှင့် စိတ်ကို စောင့်စည်းလျက် ကောင်းကောင်းနေမှ တော်တော့ မည်ဟုု အကြံအစည်များ မဖြစ်ခဲ့ဘူးလား။ ငရဲသား-ကျွန်တော် မေ့လျော့သည့်အတွက် ကုသိုလ် ကောင်းမှုဖက်၌ စိတ်မဝင်စားခဲ့မိပါ။ ယမမင်း-မကောင်းမှုကို ဆွေမျိုး၊ ညာတိ၊ ဆရာ၊ မိဘ စသည်တို့က ပြုပေးကြသည် မဟုတ်။ မောင်မင်း ကိုယ်တိုင် ပြုခဲ့သည်ဖြစ်၍ ပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျော့သူတို့ ထုံးစံအတိုင်း မောင်မင်းသာ ခံရချေတော့မည်။

အထက်ပါနည်းအတိုင်း ဒုတိယအကြိမ် သူအိုကိုညွှန်ပြ၍ တတိယအကြမ် သူနာကိုညွှန်ပြ၍၊ စတုတ္ထအကြိမ် သူသေကို ညွှန်ပြ၍၊ တစ်ဖန် ပဉ္စမအကြိမ် အာဏာသားကို ညွှန်ပြ၍ မေး ပြန်သည်။ ထိုသို့ ယမမင်း က မေးမြန်းသဖြင့် ပထမအကြိမ် တွင် ကုသိုလ်ကောင်းမှု ပြုခဲ့ဖူးသည်ကို သတိပြန်ရသော ငရဲ သားသည် ငရဲသားဘဝမှ စုတေပြီးလျှင် သုဂတိဘဝသို့ ရောက်သွားလေသည်။ ထိုသို့ ပထမတမန်တော်နည်းဖြင့် သတိ ပေး၍ ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ဖူးသည်ကို သတိရမရသေး လျှင် ဒုတိယတမန်တော်နည်းဖြင့် မေး၍ သတိပေး ပြန်သည်။

ထိုနည်းဖြင့် သတိမရသေးလျှင် တတိယတမန်တော်နည်းဖြင့် မေး၍ သတိပေးပြန်သည်။ ထိုနည်းဖြင့် သတိမရသေးလျှင် စတုတ္ထတမန်တော်နည်းဖြင့် မေး၍ သတိပေးပြန်သည်။ ထိုနည်း ဖြင့် သတိမရသေး လျှင် ပဉ္စမတမန်တော်နည်းဖြစ်သော အာဏာသားနည်းဖြင့် သတိပေးပြန်သည်။ သတိပေးပုံမှာ - ယမမင်း-မောင်မင်းသည် လူ့ပြည်၌ ဖြစ်သောအခါက အိုလူများအပေါင်းတို့၊ ငါ့ကိုရှုကြကုန်လော့၊ ငါသည် လက်ခြေကိုဖြတ်ခြင်း အစရှိသော သုံးဆဲ့နှစ်ပါးသော မကောင်း မှုတို့ကို ပြုသဖြင့် နှိပ်စက်ညှဉ်းပန်း သည်ရှိသော်၊ တော တောင်၊ မြေပြင်၊ သစ်ပင်၊ အုတ်ကျောက် စသည်တို့၌ နှိပ်စက်ညှဉ်းပန်းသည် မဟုတ်။ သင်တို့ကဲ့သို့ ဝိညာဉ်ရှိသူ လူတို့၌သာ နှိပ်စက် ညှဉ်းပန်းသည်။ ထိုကြောင့် သုံးဆဲ့ နှစ်ပါးသော မကောင်းမှုတို့ကို ပြုသဖြင့် မနှိပ်စက် မညှဉ်းပမ်း မီကာလ မဂ်ဖိုလ်နိဗ္ဗာန်သို့ရောက်ကြောင်း ကောင်းမှုကုသိုလ်ကို ကြိုးစား အားထုတ်ကြကုန်လောဟု မတိုက်တွန်းသော်လည်း တိုက်တွန်းဘိသကဲ့သို့ အာဏာသားကို မြင်သောအခါ ဤသူ သည် သူတစ်ပါးကိုသာ နှိပ်စက်ည|ဉ်းပန်းသည် မဟုတ်။ ငါ့ကို လည်း နှိပ်စက်ညှဉ်းပန်း လိမ့်မည်ဟု နှလုံးပိုက်၍ မဂ်ဖိုလ် နိဗ္ဗာန်သို့ရောက်ကြောင်း ကောင်းမှုကုသိုလ်တရားကို အောက်မေ့ အားထုတ်ခဲ့ဖူး၏လော။

ငရဲသား-အားမထုတ်ခဲ့ဘူးပါ။ ယမမင်း-မကောင်းမှုကို မောင်းမင်း၏ ဆွေမျိုး ဉာတိ၊ ဆရာ၊ မိဘ စသည်တို့က ပြုပေးကြသည် မဟုတ်။ မောင်မင်း ကိုယ်တိုင် ပြုခဲ့သည်ဖြစ်၍ ပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျော့ သူတို့ ထုံးစံအတိုင်း မောင်မင်းသာလျှင် ခံရချေတော့မည်။ ထိုသို့ သတိပေးလျက်နှင့်မှ ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ဖူး သည်ကို သတိမသေးလျှင် ယမမင်းသည် ထိုငရဲသား လူဖြစ်စဉ် က ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးလျှင် မိမိအား အမျှပေးဝေခဲ့ ဘူးသလောဟု စဉ်းစားပြန်သည်။ စဉ်းစား၍ သတိရလျှင် ထို ငရဲသား ပြုလုပ်ခဲ့ဖူးသည့် ကုသိုလ်ကောင်းမှုကို သတိပေး လေသည်။ ထိုသို့ သတိပေးသဖြင့် ငရဲသားက မိမိပြုလုပ်ခဲ့ ဖူးသည့် ကုသိုလ်ကောင်းမှုကို သတိရလျှင် ငရဲသားဘဝမှ စုတေပြီးလျှင် သုဂတိဘဝသို့ ရောက်သွားလေသည်။

ထိုသို့ အထက်ပါ ဒေဝဒူတ ငါးမျိုးကိုဖော်ပြလျက် ငရဲသား ကို သတိပေးလျက်နှင့် ငရဲသားက မိမိ ကုသိုလ်ကောင်းမှု ပြုလပ်ခဲ့ဖူးသည်ကို သတိမရလျှင်ဖြစ်စေ၊ ယမမင်းက ငရဲသား သည် လူဖြစ်စဉ်က ကုသိုလ် ကောင်းမှုကို ပြုလုပ်ပြီးလျှင် မိမိအား အမျှပေးဝေခဲ့ဖူးသည်ကို စဉ်းစား၍ မရသောအခါတွင် ဖြစ်စေ ဆိတ်ဆိတ်သာနေလိုက်လျှင် ငရဲထိန်းတို့က ထို ငရဲသားအား အလျှံတပြောင်ပြောင် တောက်လောင်လျက် ရှိသော သံမြေပြင်သို့ ဆွဲငင်ပြီးလျှင် အလျှံတပြောင်ပြောင် တောက်လောင်နေသော သံဆောက်ပုတ်တို့ဖြင့် ရိုက်နှက်၍ အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခြင်းကို ပြုလုပ်ကုန်ကြလေသည်။[၃]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဥပရိပဏ္ဏာသပါဠိတော်။
  2. ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)“၃၁ဘုံခရီးသည်”
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)