ဧကဓမ္မပါဠိ

ဝီကီပီးဒီးယား မှ

[၁] ဧကဓမ္မပါဠိ၌ ဝဂ်ပေါင်း ၄-ဝဂ်၊ သုတ်ပေါင်း ၇၈-သုတ် ပါရှိသည်၊ ပထမဝဂ်၌ (၁၀)သုတ်၊ ဒုတိယဝဂ်၌ (၁၀)သုတ်၊ တတိယဝဂ်၌ (၁၄)သုတ်၊ စတုတ္ထဝဂ်၌ (၄၄)သုတ် ပါရှိသည်။

ဤဧကဓမ္မပါဠိ-ပထမဝဂ်၌ ဗုဒ္ဓါနုဿတိသုတ်၊ ဓမ္မာနုဿတိသုတ်၊ သံဃာနုဿတိသုတ်၊ သီလာနုဿတိသုတ်၊ စာဂါနုဿတိသုတ်၊ ဒေဝတာနုဿတိသုတ်၊ အာနာပါနဿတိသုတ်၊ မရဏဿတိသုတ်၊ ကာယဂတာသတိသုတ်၊ ဥပသမာနုဿတိသုတ်ဟု (၁၀)သုတ် ပါရှိလေသည်။ ဒုတိယဝဂ်၌ -မိစ္ဆာဒိဋ္ဌိ ၅-သုတ်၊ သမ္မာဒိဋ္ဌိ ၅-သုတ်-ဟု (၁၀)သုတ် ပါရှိလေသည်။

တတိယဝဂ်၌ -မိစ္ဆာဒိဋ္ဌိကသုတ်၊ သမ္မာဒိဋ္ဌိကသုတ်၊ မိစ္ဆာဒိဋ္ဌိပရမသုတ်၊ မက္ခလိသုတ်၊ ဒုရက္ခာတသုတ်၊ သွာက္ခာတသုတ်၊ ဒါယကသုတ်၊ ပဋိဂ္ဂါဟကသုတ်၊ အာရဒ္ဓဝီရိယသုတ် ၂-သုတ်၊ ကုသီတ ၂-သုတ်၊ ဂူထသုတ်၊ မုတ္တသုတ်၊ ခေဠသုတ်၊ ပုဗ္ဗသုတ်၊ လောဟိတသုတ်-ဟု (၁၇)သုတ် ပါရှိလေသည်။

စတုတ္ထဝဂ်၌ -ထလဇသုတ်၊ မိလက္ခသုတ်၊ ပညဝန္တသုတ်၊ ပညာစက္ခုသုတ်၊ တထာဂတဒဿနသုတ်၊ ဓမ္မဝိနယသဝနသုတ်၊ ဓမ္မဓရသုတ်၊ အတ္ထဥပပရိက္ခကသုတ်၊ ဓမ္မာနုဓမ္မပဋိပဇ္ဇနသုတ်၊ သံဝေဇနိယသုတ်၊ ယောနိသော ပဒဟနသုတ်၊ စိတ္တဿေကဂ္ဂတာသုတ်၊ အနုဂ္ဂရသဂ္ဂသုတ်၊ အတ္ထာဒိရသလာဘီသုတ်၊ နိရယသုတ် ၁၀၊ တိရစ္ဆာန ယောနိသုတ် ၁၀၊ ပေတ္တိဝိသယသုတ် ၁၀-ဟု (၄၄)သုတ် ပါရှိလေသည်။ ဧကဓမ္မပါဠိ၌ သုတ်ပေါင်း (၇၈)သုတ် ပါရှိလေသည်။

ပထမဝဂ်၌ -အနုဿတိ ၁၀-ပါးတို့တွင် တစ်ပါးပါးကို ပွားများအပ်, ကြိမ်ဖန် များစွာ လေ့လာအပ်သည်ရှိသော် ဧကန္တနိဗ္ဗိန္ဒ, ဧကန္တဝိရာဂ, ဧကန္တနိရောဓ, ဧကန္တဥပသမ, ဧကန္တအဘိညာ, ဧကန္တသမ္ဗောဓ, ဧကန္တနိဗ္ဗာန အကျိုးငှာ ဖြစ်၏-ဟု တစ်သုတ်လျှင် အနုဿတိ တစ်ပါးစီကို ဘုရားရှင် ဟောတော်မူပါသည်။

ဒုတိယဝဂ်၌ -မိစ္ဆာဒိဋ္ဌိနှင့် မိစ္ဆာအယူရှိသူအား (၁)မဖြစ်သေးသော အကုသိုလ် တရားတို့ ဖြစ်ကုန်၏၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ လွန်စွာများပြားလာခြင်းငှာ, ပြန့်ပွားခြင်းငှာ ဖြစ်၏။ (၂)မဖြစ်သေးသော ကုသိုလ်တရားတို့ မဖြစ်ကုန်၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ ဆုတ်ယုတ်ပျက်ပြားကုန်၏-ဟု လည်းကောင်း၊

သမ္မာဒိဋ္ဌိနှင့် သမ္မာအယူရှိသူအား (၁)မဖြစ်သေးသော ကုသိုလ်တရားတို့ ဖြစ်ကုန်၏၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ လွန်စွာများပြားလာခြင်း, ပြန့်ပွားလာ ခြင်းငှာ ဖြစ်၏၊ (၂)မဖြစ်သေးသော အကုသိုလ်တရားတို့ မဖြစ်ကုန်၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ ဆုတ်ယုတ်ပျက်ပြားကုန်၏-ဟု လည်းကောင်း၊ လေးသုတ်ခွဲ၍ ဟောတော်မူပါသည်။ ။

ပဉ္စမသုတ်၌ -အယောနိသောမနသိကာရနှင့် အယောနိသောမနသိကာရရှိသူအား မဖြစ်သေးသော မိစ္ဆာအယူ ဖြစ်ပေါ်လာ၏၊ ဖြစ်ပြီးသော မိစ္ဆာအယူ တိုးပွား လာ၏-ဟု ဟောတော်မူပါသည်။

ဆဋ္ဌသုတ်၌ -ယောနိသောမနသိကာရနှင့် ယောနိသောမနသိကာရရှိသူအား မဖြစ်သေးသော သမ္မာဒိဋ္ဌိ (မှန်ကန်သောအယူ) ဖြစ်၏။ ဖြစ်ပြီးသော သမ္မာဒိဋ္ဌိ တိုးပွားလာ၏-ဟု ဟောတော်မူပါသည်။ ။

သတ္တမသုတ်၌ -မိစ္ဆာဒိဋ္ဌိနှင့် မိစ္ဆာအယူရှိသူတို့သည် ကွယ်လွန်ပြီးနောက် အပါယ, ဒုဂ္ဂတိ, ဝိနိပါတ, နိရယ၌ ဖြစ်ကြရကုန်၏-ဟု ဟောတော်မူပါသည်။

အဋ္ဌမသုတ်၌ -သမ္မာဒိဋ္ဌိနှင့် သမ္မာအယူရှိသူများသည် ကွယ်လွန်ပြီးနောက် သုဂတိ သဂ္ဂလောက၌ ဖြစ်ရ၏-ဟု ဘုရားရှင် ဟောတော်မူပါသည်။

နဝမသုတ်၌ -မိစ္ဆာအယူရှိသူသည် မိစ္ဆာအယူအားလျော်စွာ ပြည့်ပြည့်စုံစုံ ဆောက်တည်အပ်သော ကာယကံ, ဝစီကံ, မနောကံနှင့် စေတနာ, ပတ္ထနာ, ပဏိဓိ, သင်္ခါရတို့သည် အနိဋ္ဌ, အကန္တ, အမနာပ, အဟိတ, ဒုက္ခအကျိုးငှာ ဖြစ်၏၊ အဘယ့်ကြောင့်နည်းဟူမူ တမာစေ့, သဘွတ်ခါးစေ့, ဗူးခါးစေ့တို့ကို စိုက်ပျိုးသော ဥပမာ ဖြင့်နှိုင်းယှဉ်၍ ဘုရားရှင် ဟောတော်မူသည်။

ဒသမသုတ်၌ -သမ္မာအယူရှိသူသည် ထိုသမ္မာအယူအားလျော်စွာ ပြည့်ပြည့် စုံစုံ ဆောက်တည်အပ်သော ကာယကံ, ဝစီကံ, မနောကံနှင့် စေတနာ, ပတ္ထနာ, ပဏိဓိ, သင်္ခါရတို့သည် ဣဋ္ဌ, မနာပ, ဟိတ, သုခ အကျိုးငှာ ဖြစ်ကုန်၏-ဟု ကြံမျိုးစေ့, သလေးမျိုးစေ့, သပျက်မျိုးစေ့တို့ စိုက်ပျိုးအပ်သော ဥပမာဖြင့် ဘုရားရှင် ဟောတော်မူပါသည်။

တတိယဝဂ်, ပဌမသုတ်၌ -မိစ္ဆာအယူ (မှားယွင်းအယူ)ရှိသူသည် လူများ အပေါင်းကို သဒ္ဓမ္မမှ ထစေ၍ အဿဒ္ဓမ္မ၌ တည်စေသောကြောင့် ဤမိစ္ဆာအယူရှိသူ တစ်ယောက် လောက၌ ပေါ်ပေါက်လာသည်ရှိသော် လူများအပေါင်း၏ အဟိတ, အသုခ နတ်လူတို့၏ ဆင်းရဲခြင်းငှာ ဖြစ်၏-ဟု ဟောတော်မူပါသည်။

ဒုတိယသုတ်၌ -သမ္မာအယူ (မဖောက်ပြန် မှန်ကန်သောအယူ)ရှိသူသည် လူများအပေါင်းကို အဿဒ္ဓမ္မမှ ထစေ၍ သဒ္ဓမ္မ၌ တည်စေသောကြောင့် သမ္မာအယူ (မှန်ကန်သောအယူ)ရှိသူ တစ်ယောက် ပေါ်ပေါက်လာသည်ရှိသော် လူအများ၏ ဟိတ, သုခ နတ်လူတို့၏ သုခဖြစ်ရန် ဖြစ်၏-ဟု ဘုရားရှင် ဟောတော်မူပါသည်။

တတိယသုတ်၌ -ကြီးလေးသော အပြစ်အားလုံးတို့သည် မိစ္ဆာအယူလျှင် အတိုင်းအရှည်ရှိကုန်သောကြောင့် မိစ္ဆာအယူထက် သာလွန်၍ အပြစ်ကြီးသော အခြား တစ်ခုသော တရားကိုမျှ ငါဘုရားမြင်တော်မမူ-ဟု ဘုရားရှင် ဟောတော်မူသည်။

စတုတ္ထသုတ်၌ -မြစ်ဝ၌ ထောင်ထားသောမြုံးကဲ့သို့ မက္ခလိ မောဃပုရိသ၏ လောက၌ ဖြစ်ပေါ်လာခြင်းသည် လူတို့ကိုထောင်သော မြုံကဲ့သို့ သတ္တဝါများစွာတို့၏ အစီးအပွားမဲ့ရန်, ဆင်းရဲရန်, အကျိုးမဲ့ ပျက်စီးရန် ဖြစ်၏-ဟု ဘုရားရှင် ဟောတော်မူသည်။

ပဉ္စမသုတ်မှ ဒွါဒသမသုတ်အထိ (၁၂)သုတ်တို့၌ “ဒုရက္ခာတ ဓမ္မ ဝိနယ”နှင့် “သွာက္ခာတ ဓမ္မ ဝိနယ”တို့၏ ခြားနားချက်များကို ဟောတော်မူပါသည်။ ။

တေရသမ, စုဒ္ဒသမသုတ်တို့၌ -ဂူထ (ကျင်ကြီး), မုတ္တ (ကျင်ငယ်)တို့သည် အနည်းငယ်မျှပင်ဖြစ်သော်လည်း ပုတ်နံလှီလှောင်း အနံ့ မကောင်းကုန်သကဲ့သို့ အယုတ်ဆုံးအားဖြင့် လက်ဖျစ်တစ်တွက်ခန့် ကာလအနည်းငယ်မျှဖြင့်လည်း ဘဝ၌ ဖြစ်ရခြင်းကို ငါဘုရား ချီးမွမ်းတော်မမူ-ဟု ဘုရားရှင် ဟောတော်မူပါသည်။

စတုတ္ထဝဂ်, ပဌမသုတ်၌ -ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော ဥယျာဉ်, တောအုပ်, မြေပြင်, ရေကန်တို့ တည်ရှိရာအရပ်ထက် မညီမညွတ်သည့်နေရာ, မြစ်ခြားနေသည့် နေရာ, သစ်ငုတ်ဆူးငြောင့်များရှိရာ အရပ်, တောင်ကုန်းများက ပို၍များပြားသကဲ့သို့ ကုန်းနေသတ္တဝါတို့ထက် ရေနေသတ္တဝါတို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။ ။

ဒုတိယသုတ်၌ -လူသားတို့ထက် အခြားသတ္တဝါတို့က ပို၍ များပြားသကဲ့သို့ မဇ္ဈိမဒေသ၌ဖြစ်သော သတ္တဝါတို့ထက် ပစ္စန္တဒေသ၌ဖြစ်သော သတ္တဝါတို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

တတိယသုတ်၌ -အသိဉာဏ်ပညာရှိပြီး မဆွံ့မအသူ သုဘာသိတ, ဒုဗ္ဘာသိတ စကား၏ အနက်အဓိပ္ပါယ်ကို သိရှိနားလည်သောသူတို့ထက် ပညာဉာဏ်မရှိ ဆွံ့အသူ သုဘာသိတ, ဒုဗ္ဘာသိတ၏ အနက်အဓိပ္ပါယ်ကို မသိနားမလည်သူတို့က ပို၍ များပြား သည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

စတုတ္ထသုတ်၌ -အရိယပညာစက္ခုနှင့် ပြည့်စုံသောသူတို့ထက် အဝိဇ္ဇာဂတ သူပုဂ္ဂိုလ်တို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

ပဉ္စမသုတ်၌ -သဗ္ဗညုဘုရားရှင်ကို ဖူးမြင်ခွင့်ရသူတို့ထက် ဖူးမြင်ခွင့်မရသူတို့က ပို၍ များသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

ဆဋ္ဌသုတ်၌ -သဗ္ဗညုဘုရားရှင် ဟောကြားတော်မူအပ်သောဓမ္မဝိနယကို နာယူခွင့်ရသူတို့ထက် နာယူခွင့်မရသူတို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

သတ္တမသုတ်၌ -ဘုရားရှင် ဟောကြားတော်မူအပ်သောဓမ္မဝိနယကို နာကြားပြီး မမေ့မပျောက်အောင် ဆောင်ထားသူတို့ထက် မဆောင်ထားနိုင်သူတို့က ပို၍ များသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။ ။

အဋ္ဌမသုတ်၌ -ဆောင်ထားအပ်သော ဓမ္မဝိနယ၏ အနက်အဓိပ္ပါယ်ကို သိရှိ အောင် စူးစမ်းဆင်ခြင်ဉာဏ်ရှိသူတို့ထက် စူးစမ်းဆင်ခြင်ဉာဏ်မရှိသူတို့က ပို၍ များပြား သည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။ ။

နဝမသုတ်၌ -ဘုရားရှင် ဟောတော်မူအပ်သောပါဠိ၏ အတ္ထ, ဓမ္မကို အမှန် အတိုင်းသိ၍ ဓမ္မာနုဓမ္မကို ကျင့်သော သတ္တဝါတို့ထက် မကျင့်သော သတ္တဝါတို့က ပို၍ များသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။ ။

ဒသမသုတ်၌ -သံဝေဇနိယဌာနတို့၌ ထိတ်လန့်သော သတ္တဝါတို့ထက် မထိတ်လန့်သော သတ္တဝါတို့က ပို၍ များသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

ဧကာဒသမသုတ်၌ -သံဝေဇနိယဌာနတို့၌ ထိတ်လန့်သော သဟောတ္တပ္ပဉာဏ် ဖြစ်ပြီး ကုသိုလ်ဖြစ်အောင် အားထုတ်သော သတ္တဝါတို့ထက် အားမထုတ်သော သတ္တဝါတို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

ဒွါဒသမသုတ်၌ -နိဗ္ဗာန်ကိုအာရုံပြု၍ မဂ်ဖိုလ်သမာဓိနှင့် စိတ်တည်ကြည်ခြင်းကို ရကြသော သတ္တဝါတို့ထက် မရသော သတ္တဝါတို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

တေရသမသုတ်၌ -မွန်မြတ်သော ထမင်း အရသာကိုရကြသော သတ္တဝါတို့ ထက် မရသော သတ္တဝါတို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

စုဒ္ဒသမသုတ်၌ -အတ္ထရသ, ဓမ္မရသ, နိရုတ္တိရသကို ရသော သတ္တဝါတို့ထက် မရသော သတ္တဝါတို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

ပန္နရသမသုတ်, သောဠသမသုတ်, သတ္တရသမသုတ်တို့၌ -လူဘဝမှ စုတေ၍ လူပြည်၌ ဖြစ်သောသူတို့ထက် ငရဲဘုံ, တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံတို့၌ ဖြစ်သူတို့က ပို၍ များသည်-ဟု အာရာမရာမဏေယျကသုတ်လာ ဥပမာတို့ဖြင့် ဟောတော်မူပါသည်။

အဋ္ဌာရသမသုတ်, ဧကူနဝီသတိမသုတ်, ဝီသတိမသုတ်တို့၌ -လူ့ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်သောသူတို့ထက် လူ့ပြည်မှ စုတေ၍ ငရဲဘုံ, တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံတို့၌ ဖြစ်သောသူတို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။ ။

ဧကဝီသတိမသုတ်, ဗာဝီသတိမသုတ်, တေဝီသတိမသုတ်တို့၌ -နတ်ပြည်မှ စုတေ၍ နတ်ပြည်၌ ဖြစ်သောသူတို့ထက် နတ်ပြည်မှ စုတေ၍ ငရဲဘုံ, တိရစ္ဆာန်ဘုံ, ပြိတ္တာဘုံတို့၌ ဖြစ်သောသူတို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

စတုဝီသတိမသုတ်, ပဉ္စဝီသတိမသုတ်, ဆဗ္ဗီသတိမသုတ်တို့၌ -နတ်ပြည်မှ စုတေ၍ လူ့ပြည်၌ ဖြစ်သောသူတို့ထက် နတ်ပြည်မှ စုတေ၍ ငရဲဘုံ, တိရစ္ဆာန်ဘုံ ပြိတ္တာဘုံတို့၌ ဖြစ်သောသူတို့က ပို၍ များလှသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

သတ္တဝီသတိမသုတ်၌, အဋ္ဌဝီသတိမသုတ်, ဧကူနတီသတိမသုတ်တို့၌ -ငရဲမှ စုတေ၍ လူပြည်၌ဖြစ်သောသူတို့ထက် ငရဲမှ စုတေ၍ ငရဲဘုံ, တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံတို့၌ ဖြစ်ကုန်သောသူတို့က ပို၍ များလှသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

တိံသတိမသုတ်, ဧကတ္တိံသတိမသုတ်, ဗာတ္တိံသတိမသုတ်တို့၌ -ငရဲမှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်သောသူတို့ထက် ငရဲဘုံမှ စုတေ၍ ငရဲဘုံ, တိရစ္ဆာန်ဘုံ, ပြိတ္တာဘုံတို့၌ ဖြစ်သောသူတို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

တေတ္တိံမတိမသုတ်, စတုတ္တိံသတိမသုတ်, ပဉ္စတ္တိံသတိမသုတ်တို့၌ -တိရစ္ဆာန် ဘုံမှ စုတေ၍ လူပြည်၌ ဖြစ်သောသူတို့ထက် တိရစ္ဆာန်ဘုံမှ စုတေ၍ ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံတို့၌ ဖြစ်သောတို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

ဆတ္တိံသတိမသုတ်, သတ္တတ္တိံသတိမသုတ်, အဋ္ဌတ္တိံသတိမသုတ်တို့၌ -တိရစ္ဆာန် ဘုံမှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်သောသူတို့ထက် တိရစ္ဆာန်ဘုံမှ စုတေ၍ ငရဲဘုံ, တိရစ္ဆာန်ဘုံ, ပြိတ္တာဘုံတို့၌ ဖြစ်သောသူတို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

ဧကူနစတ္တာလီသသုတ်, စတ္တာလီသသုတ်, ဧကစတ္တာလီသသုတ်တို့၌ -ပြိတ္တာဘုံမှ စုတေ၍ လူပြည်၌ ဖြစ်သောသူတို့ထက် ပြိတ္တာဘုံမှ စုတေ၍ ငရဲဘုံ, တိရစ္ဆာန်ဘုံ ပြိတ္တာဘုံတို့၌ ဖြစ်သောသူတို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

ဒွေစတ္တာလီသသုတ်, တေစတ္တာလီသသုတ်, စတုစတ္တာလီသသုတ်တို့၌-ပြိတ္တာဘုံမှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်သောသူတို့ထက် ပြိတ္တာဘုံမှ စုတေ၍ ငရဲဘုံ, တိရစ္ဆာန် ဘုံ, ပြိတ္တာဘုံတို့၌ ဖြစ်သောသူတို့က ပို၍ များပြားသည်-ဟု ဘုရားရှင် ဟောတော်မူပါသည်။

အဋ္ဌကထာ၌-“ဧကန္တနိဗ္ဗိဒါယ ... နိဗ္ဗာနာယ-ဟူသော ၇-ပုဒ်သည် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၏ ဂုဏ်ပုဒ်များဖြစ်ပုံ၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၏ (၁)စိတ္တသမ္ပဟံ သနတ္ထ (၂)ဝိပဿနတ္ထ ဖြစ်ပုံ ဖွင့်ပြချက်၊ အနုဿတိ ၁၀-ပါးတို့တွင် အာနာပါဿတိ, မရဏဿတိ, ကာယဂတာသတိကမ္မဋ္ဌာန်းတို့သည် ဝိပဿနတ္ထ ဖြစ်ပုံ၊ ကျန် ၇-ပါးသော ကမ္မဋ္ဌာန်းတို့သည် စိတ္တသမ္ပဟံသနတ္ထ ဖြစ်ပုံ ဖွင့်ပြထားပါသည်။

မိစ္ဆာအယူတို့တွင် (က)သဂ္ဂါဝရဏ, မဂ္ဂါဝရဏ နှစ်မျိုးလုံးဖြစ်သော မိစ္ဆာအယူ ၃-မျိုး၊ (ခ)မဂ္ဂါဝရဏသာဖြစ်၍ သဂ္ဂါဝရဏမဖြစ်သော မိစ္ဆာအယူ၊ (ဂ)သဂ္ဂါဝရဏ, မဂ္ဂါဝရဏ နှစ်မျိုးလုံးမဖြစ်သော သက္ကာယဒိဋ္ဌိ-ဟု ဒိဋ္ဌိအမျိုးအစား ခွဲပြချက်၊ သမ္မာ ဒိဋ္ဌိ ၅-မျိုး အကျယ်အဖွင့်နှင့် ယူရမည့် သမ္မာဒိဋ္ဌိ၊ ဧကပုဂ္ဂလ-အရ ယူရမည့်ပုဂ္ဂိုလ်များ၊ မိစ္ဆာဒိဋ္ဌိက အာနန္ဒရိယကံထက် အပြစ်ကြီးပုံ၊ ဗာဟိရက (တိတ္ထိ)သာသနာ အလှူခံနှင့် ဗုဒ္ဓမြတ်စွာသာသနာ အလှူခံပုဂ္ဂိုလ်များ ခြားနားချက်၊ အပ္ပိစ္ဆပုဂ္ဂိုလ်၏ အကျိုး ၆-ပါး အကျယ်အဖွင့်၊ သီဟိုဠ်ဝတ္ထုများ၊ ဗုဒ္ဓမြတ်စွာသာသနာ၌ အလှူဒါယကာများ အကျိုး များပုံ၊ ပျင်းရိသောပုဂ္ဂိုလ်, ဝီရိယရှိသောပုဂ္ဂိုလ်များနှင့် သာသနာများ ခြားနားချက်၊ ကျွန်းကြီး လေးကျွန်း၏ တစ်ကမ္ဘာပတ်လုံးတည်သောသစ်ပင်ကြီးများ, ရေသတ္တဝါများ များပြားလှပုံ၊ ကျွန်းကြီး လေးကျွန်းသည် တန်ခိုးရှင်တို့အား ထင်ရှားပုံ၊ မဇ္ဈိမဒေသ သတ်မှတ်ချက်၊ အန္နဂ္ဂရသဂ္ဂ ရ/မရသော ပုဂ္ဂိုလ်များ-အစရှိသည် ဖွင့်ပြချက်များ မှတ်သားဖွယ်ရာများ ပါရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၃၂-၄၀။ အံ၊မြန်၊၁၊၄၀-၄၉။ အံ၊ဋ္ဌ၊၁၊၃၆၅-၃၈၀။ အံ၊ဋီ၊၁၊၂၂၂-၂၃၂။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၆-ဧကဓမ္မပါဠိ။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ