ဥဒုမ္ဗရိကသုတ်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
[၁] ဤသုတ်တွင် အောက်ပါအချက်အလက်များကို ဟောကြားတော်မူထားပါသည်။
- -ဘုရားရှင်နှင့် သာဝကတို့ထံ ချဉ်းကပ်ချိန်၊ ဘုရားရှင်ပရိသတ်နှင့် ပရိဗိုဇ်ပရိသတ်တို့ အနေအထားကွာခြားချက်၊
- -တိရစ္ဆာနကထာ ၂၇-မျိုး၊
- -နိဂြောဓပရိဗိုဇ်က သန္ဓာနသူကြွယ်အား ချိုးချိုးဖဲ့ဖဲ့ ပြောကြားချက်များ၊ -ပရိဗိုဇ်များက ဘုရားရှင်နှင့် ဗုဒ္ဓသာဝကတို့ သူတို့ကျောင်းသို့ ကြွရောက်သည်ကို လိုလိုလားလားရှိပုံ၊
- -သာဝကတို့ အရဟတ္တဖိုလ်ရောက်ရှိရန် ဘုရားရှင် ဟောကြားတော်မူသည့် အာဒိဗြဟ္မစရိယကို သာသနာ့ပြင်ပ အယူရှိသူများသိဖို့ရန် ခဲရင်းပုံ၊ တိတ္ထိယပရိဗိုဇ်တို့၏ -
- ၁။ အနေအထိုင်နှင့် ပတ်သက်သည့်ကျင့်ဝတ်၃-မျိုး၊
- ၂။အစာအာဟာရခံယူမှုနှင့် ပတ်သက်သည့်ကျင့်ဝတ် ၁၇-မျိုး
- ၃။ အစားအစာနှင့် ပတ်သက်သည့်ကျင့်ဝတ် ၂၆-မျိုး၊
- ၄။အဝတ်အထည်နှင့် ပတ်သက်သည့်ကျင့်ဝတ် ၁၃-မျိုး၊
- ၅။ဆံပင်မုတ်ဆိတ်နှင့် ပတ်သက်သည့်ကျင့်ဝတ် ၁-မျိုး၊
- ၆။ ဣရိယာပုတ်နှင့် ပတ်သက်သည့်ကျင့်ဝတ် ၈-မျိုး၊
- ၇။ စားဖွယ်သောက်ဖွယ်နှင့် ပတ်သက်သည့်ကျင့်ဝတ် ၂-မျိုး၊
- ၈။ ရေချိုးမှုနှင့် ပတ်သက်သည့်ကျင့်ဝတ် ၁-မျိုး၊ အားဖြင့် “တပေါဇိဂုစ္ဆာ”ကျင့်ဝတ် (၇၁-မျိုး)ကို၎င်း။
- ၁။ တပေါဇိဂုစ္ဆာ၏ ဥပက္ကိလေသ ၁၆-မျိုး၊
- ၂။တပဿီ၏ အခွံအသွေးနှင့်တူသော စင်ကြယ်ခြင်း ၁၇-မျိုး၊
- ၃။ အခေါက်နှင့် တူသော စင်ကြယ်ခြင်း
- ၄။ အကာနှင့် တူသော စင်ကြယ်ခြင်း (ပုဗ္ဗေနိဝါသ) ၁-မျိုး၊
- ၅။ အထွတ်အထိတ်သို့ရောက်သော စင်ကြယ်ခြင်း (ဒိဗ္ဗစက္ခု) ၁-မျိုး၊တို့ကို၎င်း၊
-ဘုရားရှင်၏ အရဟတ္တဖိုလ်ရကြောင်း အာဒိဗြဟ္မစရိယသည် တပေါဇိဂုစ္ဆာ၏ အထွတ်အထိတ်သို့ရောက်သော စင်ကြယ်ခြင်း “ဒိဗ္ဗစက္ခုအဘိညာဉ်”ထက် သာလွန် မွန်မြတ်ပုံ၊ -နိဂြောဓပရိဗိုဇ်၏ ဘုရားရှင်အား ချိုးချိုးဖဲ့ဖဲ့ ပြောဆိုထားသည့် စကား ရပ်တို့ကို ဘုရားရှင်ရှေ့တော်တွင် သန္ဓာနသူကြွယ်က တိုက်ရိုက်ပြန်လည် လျှောက်ထားရာ နိဂြောဓပရိဗိုဇ် ပြန်လည်မပြောနိုင်တော့ပဲ ခေါင်းငိုက်စိုက်ကျသွားပုံ၊ ဘုရားရှင်က နိဂြောဓပရိဗိုဇ်အား ရှေးဘုရားရှင်တို့အကြောင်း ဆရာအဆက်ဆက် ထံမှ ကြားသိထားပုံကို မေးမြန်းတော်မူရာ နိဂြောဓပရိဗိုဇ်က မိမိကြားသိခဲ့သည့် အတိုင်း ပြန်လည်လျှောက်ထားပြီး ပြစ်မှားမှုကို ဝန်ချတောင်းပန်ပုံ၊ ဘုရားရှင်က “မစဉ်းလဲ မကောက်ကျစ် မလှည့်မပတ် ဖြောင့်မတ်သောစိတ်ရှိသော ပညာရှိသူသည် ငါဘုရားဟောတော်မူသည့်အတိုင်း ဗြဟ္မစရိယကို ကျင့်သုံးပါက အများဆုံး ၇-နှစ်၊ အနည်းဆုံး ၇-ရက်အတွင်း ဗြဟ္မစရိယအဆုံးဖြစ်သည့် အရဟတ္တဖိုလ်ကို မျက်မှောက် ဘဝမှာပင် ရရှိနိုင်ပုံကို ဟောတော်မူရာ မာရ်နတ်က နှောင့်ယှက်ထားသဖြင့် နိဂြောဓပရိဗိုဇ်နှင့် တကွ ပရိဗိုဇ် ၃-ထောင်တို့ ခေါင်းငိုက်စိုက်ကျနေသည်ကို သိရှိတော်မူသဖြင့် “သီဟနာဒ”ကို မိန့်ကြားတော်မူ၍ ဘုရားရှင် ဂိဇ္ဈကုဋ်တောင်ကျောင်းတော်သို့ ပြန်ကြွတော်မူပါသည်၊ သန္ဓာနသူကြွယ်လည်း ရာဇဂြိုဟ်မြို့တွင်းသို့ ပြန်သွားခဲ့ပါသည်။
အဋ္ဌကထာ၌-ရာဇဂြိုဟ်မြို့တော်ဝယ် ဥပါသကာ ငါးရာစီအခြံအရံရှိသော ခေါင်းဆောင်အနာဂါမ် ဥပါသကာပေါင်း ငါးရာရှိပုံ၊ သန္ဓာနဥပါသကာသည် ထိုအနာဂါမ် ဥပါသကာငါးရာတွင် ပါဝင်ပုံနှင့် မှတ်သားဖွယ်များကို ဖွင့်ဆိုထားပါသည်။ [၂]
ဤသုတ်တွင် ဘုရားမြတ်စွာသည် ဗြဟ္မစာရီ အကြောင်းကို ရှင်းလင်းဟောကြားတော်မူသည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -ဒီ၊၃၊၃၀-၄၇။ ဒီ၊မြန်၊၃။၂၉-၄၇။ ဒီ၊ဋ္ဌ၊၃၊၁၆-၂၈။ ဒီ၊ဋီ၊၃၊၁၄-၂၃။ -ဒီဃနိကာယ၊ ၂-ပါထိကဝဂ္ဂ၊ ဒုတိယသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
- ↑ ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။