ဥဒါယိသုတ်

ဝီကီပီးဒီးယား မှ

(၅)သုတ် ရှိပါသည်။

[၁] အရှင်အာနန္ဒာထေရ်နှင့် အရှင်ဥဒါယီထေရ်တို့ ဝံသနိုင်ငံ၊ ကောသမ္ဗီမြို့၊ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးနေစဉ် အရှင်ဥဒါယီ၏ “ဤကာယကို ဘုရားရှင်က နည်းအမျိုးမျိုးဖြင့် အနတ္တ-ဟု ဟောတော်မူသကဲ့သို့ ဝိညာဏ်ကိုလည်း အနတ္တ-ဟု ဟောကြားရန် သင့်/မသင့် မေးလျှောက်ထားချက်အရ -ဝိညာဏ်ကိုလည်း အနတ္တ-ဟု ဟောဆိုသင့်ပုံကို အကျယ်တဝင့် ရှင်းလင်းဟောကြား၍ ငှက်ပျောတုံး၌ အနှစ်ရှာပုံဥပမာဖြင့် မိန့်ကြားပြီး ဖဿာယတန ၆-ပါးတို့၌ ငါ (အတ္တ)မဟုတ်, ငါ့ဟာ (အတ္တနိယ)မဟုတ်ဟု ရှုမြင်သောပုဂ္ဂိုလ်သည် အာသဝေါကင်းကွာ ရဟန္တာ ဖြစ်နိုင်ပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ဤသုတ်၌ အနိစ္စလက္ခဏာဖြင့် အနတ္တလက္ခဏာကို ဟောတော်မူကြောင်း ဖွင့်ဆိုထားပါသည်။


[၂] ဘုရားရှင် သမ္ဘဇနပုဒ် သေတကနိဂုံး၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဥဒါယီ က “ဘုရားရှင်အပေါ်၌ ချစ်ခင်ခြင်း, ရိုသေခြင်း, ရှက်ခြင်း ကြောက်ခြင်း၏ ကျေးဇူး များလှပုံ၊ မိမိအား ဘုရားရှင်က ဥပါဒါနက္ခန္ဓာငါးပါး, ယင်းတို့၏ ဖြစ်ကြောင်း ချုပ်ရာတရားတော်ကို တစ်ခုစီ တစ်ခုစီ ဟောတော်မူပုံ၊ မိမိသည် ယင်းဥပါဒါနက္ခန္ဓာတို့၏ ဖြစ်ဟန် ပျက်ပုံကို အပြန်ပြန် အလှန်လှန် ဆင်ခြင်သုံးသပ်သည်ရှိသော် သစ္စာလေးပါးကို သိခဲ့ရပုံ, ရဟန္တာပုဂ္ဂိုလ်၏အဖြစ်ကို သိနိုင်သော ပစ္စဝေက္ခဏာဉာဏ်ဖြစ်ပုံ, သတိ သမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများပုံ-အစရှိသည်တို့ကို လျှောက်ထားပါသည်။

ဘုရားရှင်က သာဓုခေါ်တော်မူပြီး “သင်သည် ပွားများအပ်သောမဂ်ကို ရပြီးပုံ၊ အရဟတ္တဖိုလ်ကို သိမြင်နိုင်သော ပစ္စဝေက္ခဏာဉာဏ်ဖြစ်ပုံ၊ အရဟတ္တဖိုလ်သို့ ရောက်နိုင် ပုံတို့ကို ဟောတော်မူသည့်သုတ်။


[၃] ဥဒါယီဗြာဟ္မဏကြီး၏ ဘုရားရှင်အား “အရှင်ဂေါတမသည် ယာဇ်ပူဇော်ခြင်းကို ချီးမွမ်းပါသလော”ဟု လျှောက်ထားသည်ကို အကြောင်းပြု၍ ဘုရားရှင် ချီးမွမ်းတော်မူအပ်သော ယာဇ်ပူဇော်ခြင်း, ချီးမွမ်းတော်မမူအပ်သော ယာဇ်ပူဇော်ခြင်းတို့ကို ခွဲခြား၍ ဟောတော်မူသည့်သုတ်။


[၄] ဘုရားရှင် ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားချက်အရ တရားဟောမည့်ပုဂ္ဂိုလ်များ တရားငါးမျိုးတို့ကို မိမိသန္တာန်၌ဖြစ်စေပြီးမှ တရားဟောသင့်ပုံကို မိန့်ကြားတော်မူသည့်သုတ်။


[၅] ဘုရားရှင်က “အနုဿတိဌာန အဘယ်မျှရှိသနည်း”ဟု အရှင်ဥဒါယီအား မေးတော်မူရာ မှန်ကန်စွာ မဖြေဆိုနိုင်သဖြင့် အရှင်အာနန္ဒာအား မေးတော်မူရာ အရှင်အာနန္ဒာက-(၁)မျက်မှောက်ဘဝ၌ ချမ်းသာစွာနေနိုင်သော အနုဿတိဌာန၊ (၂)သိမြင်တတ်သောဝိပဿနာဉာဏ်အမြင်ကို ရနိုင်သော အနုဿတိဌာန၊ (၃)ကာမရာဂကို ပယ်နိုင်သော အနုဿတိဌာန၊ (၄)ငါ-ဟူသော မာန်မာနကို ပယ်နိုင်သော အနုဿတိဌာန၊ (၅)များစွာသောဓာတ်တို့ကို ထိုးထွင်း၍ သိနိုင်သော အနုဿတိဌာနဟု အနုဿတိ (၅)မျိုးရှိကြောင်း လျှောက်ထားပါသည်။ ဘုရားရှင်က သတိသမ္ပဇဉ် ဖြစ်နိုင်သော အနုဿတိဌာနကိုလည်း မှတ်သားဦးဟု ဟောတော်မူသည့်သုတ်။ [၆]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၃၇၅-၇။ သံ၊မြန်၊၂၊၃၇၂-၃။ သံ၊ဋ္ဌ၊၃၊၅၀။ သံ၊ဋီ၊၂၊၃၂၂။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၁၈)၃-သမုဒ္ဒဝဂ္ဂ၊ သတ္တမသုတ်။
  2. -သံ၊၃၊၇၉-၈၀။ သံ၊မြန်၊၃၊၈၄-၅။ သံ၊ဋ္ဌ၊၃၊၁၈၇-၈။ သံ၊ဋီ၊၂၊၄၂၇။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၃-ဥဒါယိဝဂ္ဂ၊ ဒသမသုတ်။
  3. -အံ၊၁၊၃၅၂-၃။ အံ၊မြန်၊၁၊၃၆၆-၇။ အံ၊ဋ္ဌ၊၂၊၃၀၂-၃။ အံ၊ဋီ၊၂၊၂၉၉။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄-စက္ကဝဂ္ဂ၊ ဒသမသုတ်။
  4. -အံ၊၂၊၁၆၂။ အံ၊မြန်၊၂၊၂၀၇-၈။ အံ၊ဋ္ဌ၊၃၊၅၅။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ စတုတ္ထပဏ္ဏာသက၊ (၁၆)၁-သဒ္ဓမ္မဝဂ္ဂ၊ နဝမသုတ်။
  5. -အံ၊၂၊၂၈၄။ အံ၊မြန်၊၂၊၃၆၅-၈။ အံ၊ဋ္ဌ၊၃၊၁၀၂-၄။ အံ၊ဋီ၊၃၊၁၀၃-၄။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ပဌမပဏ္ဏာသက၊ ၃-အနုတ္တရိယဝဂ္ဂ၊ နဝမသုတ်။
  6. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ