ဥတ္တိယသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] အရှင်ဥတ္တိယထေရ်၏ လျှောက်ထားချက်အရ “စက္ခုဝိညေယျ, သောတဝိညေယျ, ဃာနဝိညေယျ, ဇိဝှါဝိညေယျ, ကာယဝိညေယျ၊ ဣဋ္ဌ, ကန္တ, မနာပ, ပိယရူပ, ကာမူပသံဟိတဖြစ်သည့် အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ပယ်ရှားနိုင်ရန် အဋ္ဌက အရိယာမဂ်ကိုပွားများရမည်”ဟု ဟောတော်မူသည့်သုတ်။


[၂] အရှင်ဥတ္တရထေရ်၏ အကျဉ်းချုပ်တရားဟောတော်မူပါရန် လျှောက်ထားမှုကို အကြောင်းပြု၍ ဘုရားရှင်က “ကုသိုလ်တရားတို့၏ အစသည် သုဝိသုဒ္ဓသီလနှင့် ဥဇုကဒိဋ္ဌိဖြစ်ပုံ သုဝိသုဒ္ဓသီလ၌တည်၍ သတိပဋ္ဌာန်လေးပါးကို ပွားများလျှင် မာရ်မင်း၏ တည်ရာ တေဘူမကဝဋ်၏ တဖက်ကမ်းဖြစ်ရာနိဗ္ဗာန်သို့ရောက်နိုင်ပုံ”ကို သတိပဋ္ဌာန် တစ်ပါးစီနှလုံးသွင်းပုံကို ဟောတော်မူပါသည်၊ ဟောတော်မူတိုင်း ကျင့်သုံးသဖြင့် အရှင်ဥတ္တိယ ရဟန္တာဖြစ်ပုံကို ဟောတော်မူသည့်သုတ်။


[၃] ဥတ္တိယပရိဗိုဇ်က ဘုရားရှင်အား “သဿတော လောကော”အစရှိသော သတ္တဝါ-ဟုသိသော အသိဉာဏ်၌ ရပ်တည်၍ ဌပနီယပုစ္ဆာဖြစ်သော မိစ္ဆာအယူများကို မေးလျှောက်ပါသည်၊ ဘုရားရှင်က ထိုမိစ္ဆာအယူများကို ငါဘုရားဖြေကြားတော် မမူဟု မိန့်တော်မူလျှင် အဘယ်အရာကို ဖြေတော်မူပါသနည်း-ဟု ဆက်လက်၍ လျှောက်ထားပါသည်။ ဘုရားရှင်က “ငါဘုရား ထူးသောဉာဏ်ဖြင့်သိမြင်အပ်သော သတ္တဝါတို့စင်ကြယ်ရန် သောက, ပရိဒေဝတို့ကို လွန်မြောက်နိုင်ရန် ဒုက္ခ, ဒေါမနဿတို့ ချုပ်ငြိမ်းစေရန် အရိယာမဂ်ဉာဏ်ကို ရနိုင်ရန် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် တရားတော်ကို ဟောတော်မူ၏”ဟု မိန့်တော်မူသည်။ ဥတ္တိယပရိဗိုဇ်က “ထိုသို့ဖြစ်လျှင် အလုံးစုံသော လောကကိုဖြစ်စေ, လောက ထက်ဝက်ကိုဖြစ်စေ, လောကသုံးပုံ တစ်ပုံကိုဖြစ်စေ ထုတ်ဆောင်ပါသလော”ဟု မေးလျှောက်သည့်အခါ ဘုရားရှင်က မည်သို့မျှ မိန့်တော်မမူတော့ပါ။ ထိုအခါ အရှင်အာနန္ဒာက ဥတ္တိယပရိဗိုဇ်အား မိစ္ဆာအယူမဖြစ်စေရန်အတွက် နယ်စပ်မြို့ ဥပမာဖြင့် ရှင်းလင်းမိန့်ကြားပြီး သင်၏ မေးခွန်းသည် မူလမေးခွန်းကို တမျိုးပြင်၍ မေးခြင်းဖြစ်၍ ဘုရားရှင် ဖြေကြားတော်မမူခြင်းအကြောင်းကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌-ဘုရားရှင် ဖြေဆိုတော်မမူခြင်းအကြောင်းနှင့် တကွ ဥပမာ စကားရပ်များကို ဖွင့်ပြထားပါသည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၁၇-၈။ သံ၊မြန်၊၃၊၂၀။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁-မဂ္ဂသံယုတ္တ၊ ၃-မိစ္ဆတ္တဝဂ္ဂ၊ ဒသမသုတ်။
  2. -သံ၊၃၊၁၄၃-၄။ သံ၊မြန်၊၃၊၁၄၉။ သံ၊ဋ္ဌ၊၃၊၂၅၈။ သံ၊ဋီ၊၂၊၄၈၀။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၃-သတိပဋ္ဌာနသံယုတ္တ၊ ၂-နာဠန္ဒဝဂ္ဂ၊ ဆဋ္ဌသုတ်။
  3. -အံ၊၃၊၄၁၂-၄။ အံ၊မြန်၊၃၊၄၀၅-၇။ အံ၊ဋ္ဌ၊၃၊၃၃၁။ အံ၊ဋီ၊၃၊၃၅၀။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ဒုတိယပဏ္ဏက၊ (၁၀)၅-ဥပါလိဝဂ္ဂ၊ ပဉ္စမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ