အလဂဒ္ဒူပမသုတ်

ဝီကီပီးဒီးယား မှ

ဂဒ္ဓဗာဓိပုဗ္ဗ (ဗဟုဿုတ၊ ဓမ္မကထိက)ဖြစ်သော အရိဋ္ဌရဟန်းအား ကာမဂုဏ် နှင့် ဆက်စပ်သည့် မိစ္ဆာအယူဖြစ်ပုံ၊ ရဟန်းများက ပြောဆိုတားမြစ်ကြပုံ၊ တားမြစ်မရ၍ ဘုရားရှင်အား လျှောက်ထားကြပုံ၊ ဘုရားရှင်က မေးမြန်းစိစစ်တော်မူ၍ အရိဋ္ဌရဟန်း၏ အပြစ်များကို မိန့်ကြားတော်မူပုံ၊ ကာမဂုဏ်နှင့် ဆက်စပ်နေသည့် ဥပမာ ၁၀-မျိုး၊ ကာမဂုဏ်၏အပြစ်များ၊ အရိဋ္ဌရဟန်း လက်မှိုင်ချသွားပုံ၊ ဘုရားရှင်က ရဟန်းတော်များအား ဆက်လက်၍ မိန့်ကြားတော်မူပုံ၊ ပိဋကတ်တော်လာ အင်္ဂါကိုးတန်၊ အလဂဒျူပမာဖြင့် ပညာသင်ယူနည်း နှစ်မျိုး၊ ကုလှူပမာဖြင့် နိဿရဏတ္ထ ပညာ သင်ယူနည်း၊ မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း ၆-ပါး၊ ပြင်ပ အသုံးအဆောင်ပစ္စည်းများ ပျက်စီးရာ၌ တသ်မက်ခြင်း ရှိ/မရှိသူ-ဟူသော စတုက္ကုဋိကသုညတ၊ ဗဟိဒ္ဓ ပရိက္ခရာတို့ကို သိမ်းပိုက်ခြင်းကြောင့် သက္ကာယဒိဋ္ဌိ, အတ္တဝါဒုပါဒါန်နှင့် ၆၂-ပါးသော မိစ္ဆာအယူဖြစ်ပုံ၊ အဇ္ဈတ္တသန္တာန်၌ အတ္တ ဗဟိဒ္ဓ ပရိက္ခရာ၌ အတ္တနိယ-ဟု စွဲယူသူအား အတ္တ, အတ္တနိယ အဟုတ် အမှန်ကိုမသိလျှင် ဗာလဓမ္မများ ဖြစ်ပေါ်လာပုံ၊ အနတ္တလက္ခဏသုတ် ဒေသနာ၊ ရဟန္တာပုဂ္ဂိုလ်၏ အမည်ငါးမျိုးနှင့် အကျယ်၊ ရဟန္တာပုဂ္ဂိုလ် ဝိညာဏ်၏ တည်ရာကို နတ်, သိကြား, ဗြဟ္မာတို့ မသိနိုင်ကြပုံ၊ သတ္တဝါမရှိဟု မိန့်တော်မူသော ဘုရားရှင်ကို အချို့သော သမဏ, ဗြာဟ္မဏတို့က မဟုတ်မမှန် စွပ်စွဲကြပုံ၊ ဒုက္ခသစ္စာနှင့် နိရောဓ သစ္စာကို ပညတ်တော်မူသော ဘုရားရှင်အား အချို့က ဆဲရေးကြပုံ၊ အချို့က ချီးမွမ်းကြပုံ၊ ဆဲရေးသောသူတို့အပေါ် ဘုရားရှင်က ဒေါသထွက်ခြင်း, စိတ်ဆိုးခြင်း, မနှစ်မြို့ခြင်း မဖြစ်ပုံ၊ ချီးမွမ်းသော သတ္တဝါတို့အပေါ် နှစ်သက်ဝမ်း မြောက်မှု မဖြစ်ပုံ၊ ရဟန်းတို့အား ကဲ့ရဲ့မှု ချီးမွမ်းမှုနှင့် ပတ်သက်လာလျှင် ဘုရားရှင်အတိုင်း ကျင့်ကြရ မည်ဟု မိန့်တော်မူပုံ သင်တို့၏ ဥစ္စာမဟုတ်သော ခန္ဓာတစ်ပါးစီ တစ်ပါးစီ၌ ဆန္ဒ ရာဂကို ပယ်ကြကုန်လော့၊ ထိုဆန္ဒရာဂကိုပယ်ခြင်းသည် နေ့၊ ညဉ့်ရှည်မြင့်စွာ စီးပွား ချမ်းသာ ဖြစ်လိမ့်မည်၊ ငါဘုရား ဟောကြားတော်မူအပ်သောပုဆိုးသစ်သဖွယ်ဖြစ်သော တရားကို ပေါ်ပေါ် လွင်လွင် ပွင့်ပွင့် လင်းလင်း ပြုနိုင်သည်ရှိသော် ရဟန္တာ, အနာဂါမ်, သကဒါဂါမ်, သောတာပန်ဖြစ်နိုင်ပုံ၊ ယင်းတရားတော်နှင့်စပ်၍ ဘုရားရှင်အပေါ်၌ သဒ္ဓါမတ္တ, ပေမမတ္တဖြစ်ရုံမျှဖြင့် နတ်ပြည်သို့ ရောက်နိုင်ပုံကို ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -အန္တရာယိကဓမ္မ ၅-ပါး၊ အရိဋ္ဌရဟန်းအကြောင်း၊ အရိဋ္ဌ ရဟန်း၏ သဗ္ဗညုတဉာဏ်တော်နှင့် ဆန့်ကျင်ဘက်ပြုပုံ၊ ဘုရားရှင်၏ အာဏာစက်ကို ပုတ်ခတ်ပုံ၊ ကာမဂုဏ်ဥပမာ ၁၀-ပါးအဖွင့်၊ အရိရဟန်း၏ အကြံအစီများ၊ အရိဋ္ဌ ရဟန်း မဂ်ဖိုလ် မရနိုင်တော့ပုံ၊ ပရိသတ်ကို သုတ်သင်၍ အရိဋ္ဌရဟန်းကို နှင်ထုတ်ရာ ရောက်ပုံ၊ ကဝါသည် ဥပမာ၊ အင်္ဂါကိုးတန် အဖွင့်၊ ပရိယတ္တိစာသင်ခြင်း သုံးမျိုး၊ အဂါရိယသောစနာ၊ အနဂါရိယ သောစနာ၊ ဥပဓိ ၅-မျိုး၊ ရုပ်တရား၏ အနတ္တဖြစ်ပုံ ၄-မျိုး၊ လက္ခဏာရေး သုံးပါး အကြောင်းနှင့် သုတ်အမျိုးမျိုး၊ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏ အမည်များ၊ ဘာရ (ဝန်)ငါးမျိုး၊ ရဟန္တာဖြစ်ရာကာလနှင့် မြို့နှစ်မြို့ ဥပမာ၊ ရဟန္တာကို ပုဂ္ဂိုလ် သတ္တဝါဟု မိန့်တော်မမူပုံ၊ ရဟန္တာပုဂ္ဂိုလ်၏ ဝိပဿနာ မဂ်ဖိုလ်စိတ်၏ အာရုံများကို သိကြား, နတ်, ဗြဟ္မာ, မာရ်နတ်တို့ မသိနိုင်ကြပုံ၊ ဓမ္မာနုသာရိနှင့် သဒ္ဓါနုသာရိပုဂ္ဂိုလ်များ၊ စူဠသောတာပန် ရဟန်း အစရှိသည်တို့ကို လေ့လာနိုင်ပါသည်။ ။

ဋီကာ၌ -“ရသေန ရသံ သံသန္ဒိတွာ” အဖွင့်၊ ဘုရားရှင်တို့အား မဆင်မခြင် အလျင် အမြန်ပြုမှု မရှိပုံ၊ အင်္ဂါ ၉-တန် အဖွင့်၊ ဒေသနာဝိလာသ အဖွင့်၊ ယာနနှင့် ဝါဟနအဖွင့်တို့ကို ဖွင့်ပြထားပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၁၊၁၈၂-၁၉၅။ မ၊မြန်၊၁၊၁၈၅-၂၀၀။ မ၊ဋ္ဌ၊၂၊၉-၂၆။ မ၊ဋီ၊၂၊၈၂-၁၀၁။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၃-ဩပမ္မဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ