အနာထပိဏ္ဍိကောဝါဒသုတ်

ဝီကီပီးဒီးယား မှ

အနာထပိဏ်သူဌေးက “မိမိမှာ ဝေဒနာပြင်းထန်စွာ ခံစားနေရပုံကို ဘုရားရှင် နှင့် အရှင်သာရိပုတ္တရာတို့ထံ အသိပေး၍ အရှင်သာရိပုတ္တရာ ကိုယ်တော်တိုင် မိမိအိမ်သို့ ကြွတော်မူပါရန်” ပင့်လျှောက်စေပါသည်။ အရှင်သာရိပုတ္တရာသည် အရှင်အာနန္ဒာမထေရ်နှင့် အနာထပိဏ်သူဌေးအိမ်သို့ ကြွတော်မူပြီး ကျန်းမာရေးအခြေအနေကို မေးမြန်းပါသည်။ အနာထပိဏ်သူဌေးက မိမိ ဝေဒနာပြင်းထန်စွာ ခံစားနေရပုံကို ဥပမာလေးမျိုးဖြင့် လျှောက်ထားပါသည်။ အရှင်သာရိပုတ္တရာက အနာထပိဏ်သူဌေးအား “အဇ္ဈတ္တိကာယတန (၆) ပါး၊ ဗဟိဒ္ဓါယတန (၆)ပါး၊ ဝိညာဏ် (၆)ပါး၊ ဖဿ (၆)ပါး၊ ဝေဒနာ (၆)ပါး၊ ဓာတ် (၆)ပါး၊ ခန္ဓာ (၅)ပါး၊ အရူပဈာန် (၄)ပါး၊ ပစ္စုပ္ပန်လောက, တမလွန်လောက, ဒိဋ္ဌ, သုတ, မုတ, ဝိညာတ, ပတ္တ, ပရိယေသိတ, အနုပရိယေသိတ, မနသာနုစရိတ တရားတို့ကို တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းသင့်ပုံ၊ ယင်းတို့ကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့-ဟု ကျင့်ရမည်” ဟု တရားစကားကို အကျယ်ဟောတော်မူပါသည်။ ။ တရားတော်၏အဆုံး၌ အနာထပိဏ်သူဌေး ငိုကြွေးပုံ၊ အရှင်အာနန္ဒာ၏ မေးမြန်းချက် ဖြေကြားပြီး၊ ဤတရားမျိုးကို မိမိမကြားနာခဲ့ရပုံကို လျှောက်ထားပါသည်။ အရှင်သာရိပုတ္တရာမထေရ်အား “ဤတရားမျိုးကို လူတို့အားဟောတော်မူပါ၊ တရားသိလွယ်သူတို့ ရှိပါလိမ့်မည်” အစရှိသည်ဖြင့် လျှောက်ထားပါသည်။ ။

အရှင်သာရိပုတ္တရာထေရ်နှင့် အရှင်အာနန္ဒာထေရ်တို့ ပြန်ကြွပြီး မကြာမီ အနာထပိဏ်သူဌေးကွယ်လွန်ပုံ၊ အနာထပိဏ္ဍိကနတ်သားက ဘုရားရှင်ထံ လာရောက်ပြီး လေးဂါထာဖြင့် ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က ရဟန်းတို့အား ပြန်၍ မိန့်ကြားတော်မူပုံ၊ အရှင်အာနန္ဒာမထေရ်၏ အနုမာနဉာဏ်စွမ်းအင်တို့ကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -အနာထပိဏ်သူဌေး ဘုရားရှင်ထံဆည်းကပ်ပုံ၊ မာရဏန္တိက ဝေဒနာ၊ ဤတရားမျိုး မနာကြားဖူးပုံ၊ အနာထပိဏ်သူဌေး၏ ဒါနကောင်းမှုအားကြီးပုံ (၂၄) နှစ်လုံးလုံး ဘုရားရှင်က အနာထပိဏ်သူဌေးအား ဒါနကထာကို ဟောတော်မူပုံ၊ တုသိတာနတ်ပြည်၌ ဖြစ်ရပုံ စသည်တို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌ -ဥဿာ၊ ဂါယာသုံးပါး အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၃၊၃၀၁-၇။ မ၊မြန်၊၃၊၃၀၆-၃၁၁။ မ၊ဋ္ဌ၊၄၊၂၂၉-၂၃၂။ မ၊ဋီ၊၃၊၄၁၆-၉။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၅-သဠာယတနဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ