အနာဂတဘယသုတ်

ဝီကီပီးဒီးယား မှ

(၄)သုတ် ရှိပါသည်။

[၁] (၁) မြွေ ကင်းမြီးကောက်, ကင်းခြေများတို့ကိုက်ခဲခြင်းဘေး၊ (၂) ချော်လဲ၍ ကမ်းပါးပြတ်၌ကျခြင်း, အစာမကြေရောဂါ၊ သည်းခြေပျက်ရောဂါ, သလိပ်ပျက်ရောဂါ လေသင်ဓုန်းဖြတ်ခြင်းရောဂါဘေး၊ (၃) ခြင်္သေ့, သစ်, ကျား, ဝက်ဝံ, ဝက်ဝံနက် (အောင်း) စသော သားရဲဘေး၊ (၄) ခိုးသူ, ဒါးပြ, သူပုန်ဘေး၊ (၅) ဘီလူးကြမ်းအစရှိသောဘေး ဟူသော ဘေးတစ်မျိုးမျိုး နှိပ်စက်ခြင်းကြောင့် ဈာန်, ဝိပဿနာ, မဂ်, ဖိုလ်တရားထူး များမရရှိဘဲ အချိန်မရွေး ပျံလွန်သွားနိုင်သည်။ ထိုဘေးဆိုးငါးပါးတို့ မရောက်လာသေးမီ တရားထူးရရန် ကြိုတင်၍ တောကျောင်းနေရဟန်းတော်သည် မမေ့မလျော့ ပြင်းပြင်း ထန်ထန် စိတ်ကို နိဗ္ဗာန်သို့ စေလွှတ်ထားလျက် ကျင့်သုံးနေထိုင်ရန် သင့်မြတ်ပေ၏ဟု ဟောတော်မူသည့်သုတ်။


[၂] အိုဘေး, နာဘေး, ငတ်မွတ်သောဘေး, ပြည်ပျက်ဘေး, သံဃာညီညွတ်ရေး ပျက်ပြားခြင်းဘေး-ဟူသော ဘေးငါးမျိုးတို့ မဖြစ်ပေါ်သေးမီ တောကျောင်းနေသော ရဟန်းတော်သည် တရားထူးရရှိရေးအတွက် မမေ့မလျော့ ပြင်းပြင်းထန်ထန် တရား အလုပ် အားထုတ်ရမည်-ဟု ဟောတော်မူသည့်သုတ်။


[၃] သာသနာ့ဝန်ထမ်း ရဟန်းတော်ကောင်းတစ်ပါး၌ ပြည့်စုံရမည့် ဘာဝိတကာယ, ဘာဝိတသီလ, ဘာဝိတစိတ္တ၊ ဘာဝိတပညာနှင့် မပြည့်စုံသော (၁) ဥပဇ္ဈာယ်ဆရာ၊ (၂) နိဿရည်းဆရာများနှင့် တပည့်ရဟန်းများ ဤသာသနာတော်၌ များလာရာအခါ၊ (၃) သီလအစရှိသော မြတ်သောတရားစကား, အသိဉာဏ်ပညာကိုရခြင်းနှင့် စပ်သော တရားစကားကို ဟောပြောသည်ရှိသော် ထိုတရားစကားတို့၌ အပြစ်ရှာလိုခြင်း, ထိပါး စော်ကားလိုခြင်း အစရှိသော သဘောသို့သာ သက်ဝင်တည်နေကြပြီး ထိုတရားတို့ (၏အနှစ်သာရကို ထိုထွင်းမသိနိုင်ကြရာအခါ၊ (၄) ဘုရားမြတ်စွာ ဟောကြားတော် မူအပ်သော ပါဠိ, အနက်အားဖြင့် နက်နဲခက်ခဲပြီး လောကုတ္တရာတရား ကိုးပါးကို ပြတတ်ကုန်သော ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်တရားတို့နှင့် စပ်ယှဉ်ကုန်သော တရားတော်တို့ကို ဟောသည်ရှိသော် လိုလိုချင်ချင် နားမထောင်လိုခြင်း, စိတ်ပါလက်ပါ နားမထောင်ခြင်း (အနက်အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း) သိလိုစိတ်မရှိခြင်း၊ ထိုတရားတော်တို့ကို သင်ယူထိုက်၏ဟု မထင်မှတ်ခြင်း၊ ဆန်းကြယ်လှပသော အသုံးအနှုံး စကားလုံးတို့ဖြင့် သာသနာပြင်ပ ပညာရှင်များ, သာဝကများ ရေးသားအပ်သော ဂါထာ, ကဗျာတို့ကို ရွတ်ဆိုအပ်သည်ရှိသော် လိုလိုချင်ချင် နားထောင်ခြင်း စိတ်ပါလက်ပါ နားထောင်ခြင်း, (အနက် အဓိပ္ပါယ်ကို သိရှိနားလည်လိုသော စိတ်ရှိခြင်း, ထိုဂါထာ, ကဗျာတို့ကို သင်ကြားလေ့လာဆည်းပူးထိုက်၏ဟု မှတ်ထင်ခြင်းဟူသောဘေး၊ (၅) ထေရ်ကြီး ရဟန်းများ၏ ပစ္စည်းလေးပါး ပေါများခြင်းငှာ အားထုတ်ကြခြင်း, သိက္ခာပုဒ်တော်များ၌ လျော့လျော့ပေါ့ပေါ့ကျင့်ခြင်း, အပါယ်ဘုံရောက်ကြောင်း မကောင်းသော အကျင့်များ၌ ရှေ့သွားခေါင်းဆောင်များ ဖြစ်ကြပြီး မဂ်, ဖိုလ်ရကြောင်း ကျင့်စဉ်များ၌ တာဝန်မဲ့ အားထုတ်မှု လုံ့လအားနည်းခြင်းများကို နောင်လာနောင်သား ရဟန်းများတို့ အားကျ၍ အတုယူကျင့်ကြခြင်းဘေးတို့ ဤသာသနာတော်၌ ဖြစ်ပေါ်လာလျှင် သမထ, ဝိပဿနာ ဓမ္မများ ပျက်စီးခြင်း, ဝိနည်းငါးမျိုးတို့ ပျက်စီးခြင်း ဖြစ်လိမ့်မည်။ ထိုဘေးငါးမျိုးတို့ ဖြစ်လိမ့်မည်ကို သိရှိအောင်အားထုတ်ကြပြီး ထိုဘေးအန္တရာယ်ဆိုကြီးများကို ပယ်ဖျောက် ဖျက်ဆီးနိုင်အောင် အားထုတ်ကြရမည်-ဟု ဟောတော်မူသည့်သုတ်။


[၄] ရဟန်းတို့သည် သင်္ကန်း ဆွမ်း, ကျောင်း အိပ်ရာ နေရာဟူသော ပစ္စည်းသုံးမျိုးတို့၌ ကောင်းမွန်သည်ကို အလိုရှိကြကုန်သဖြင့် ပံသုကူဓုတင်ဆောင်, ပိဏ္ဍပါတ်ဓုတင်ဆောင်, ရုက္ခမူဓုတင်ဆောင် ပုဂ္ဂိုလ်များဆိတ်သုဉ်းကြပြီး ယင်းပစ္စည်းသုံးမျိုးနှင့် ဆက်စပ်၍ ရဟန်းတော်များနှင့် မလျောက်ပတ်သော ရှာမှီးခြင်းဖြင့် ရှာမှီးခြင်းဘေး သုံးမျိုး၊ (၄) ဘိက္ခုနီ, သိက္ခမာန်, သာမဏေတို့နှင့် ရောနှောဆက်ဆံသဖြင့် သာသနာတော်၌ မမွေ့လျော်တော့ဘဲ ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့ သက်ရောက်ခြင်း သိက္ခာချ၍ လူထွက်ခြင်းဘေး၊ (၅) အာရာမ်စောင့်, သာမဏေတို့နှင့် ရောနှောဆက်ဆံ ကြသဖြင့် ဘောဇဉ်တို့ကို သိုမှီး သိမ်းဆည်း၍ သုံးဆောင်ခြင်း, မြေကြီး, မြက်သစ်ပင် အစရှိသည်တို့၌ ထင်ရှားပေါ်လွင်သော အရိပ်နိမိတ်ပြုခြင်းဘေးများ ဤသာသနာတော်၌ ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘေးများကို သိအောင်အားထုတ်ကြပြီး ပယ်ဖျောက် ဖျက်ဆီးနိုင်ရန် အားထုတ်ကြရမည်ဟု ဟောတော်မူသည့်သုတ်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၈၈-၉၀။ အံ၊မြန်၊၂၊၁၀၈-၁၁၀။ အံ၊ဋ္ဌ၊၃၊၃၆။ အံ၊ဋီ၊၃၊၃၀။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၈)၃-ယောဓာဇီဝဝဂ္ဂ၊ သတ္တမသုတ်။
  2. -အံ၊၂၊၉၀-၉၃။ အံ၊မြန်၊၂၊၁၁၀-၁၂၂။ အံ၊ဋ္ဌ၊၃၊၃၆။ ။ -အင်္ဂုတ္တရနိကာယ၊ ... ၊ အဋ္ဌမသုတ်။
  3. -အံ၊၂၊၉၃-၅။ အံ၊မြန်၊၂၊၁၁၃-၁၁၅။ အံ၊ဋ္ဌ၊၃၊၃၆။ အံ၊ဋီ၊၃၊၃၁။ -အင်္ဂုတ္တရနိကာယ၊ ... ၊ နဝမသုတ်။
  4. -အံ၊၂၊၉၅-၇။ အံ၊မြန်၊၂၊၁၁၆-၇။ အံ၊ဋ္ဌ၊၃၊၃၇။ အံ၊ဋီ၊၃၊၃၁-၄။ -အင်္ဂုတ္တရနိကာယ၊ ... ၊ ဒသမသုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ