အဂ္ဂိက္ခန္ဓောပမသုတ်

ဝီကီပီးဒီးယား မှ

[၁] ဤသုတ်တော်ကို ကောသလနိုင်ငံတော်အတွင်း ဒေသစာရီ လှည့်လည် ကြွချီတော်မူစဉ် မီးလောင်နေသောမီးပုံကြီးကို မြင်တော်မူ၍ ဟောကြားတော်မူသည်။

ဤသုတ်၌ နူးညံ့နုနယ်သော လက်ခြေရှိသော မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူဌေးမျိုးဖြစ်သော သတို့သမီးကို ပွေ့ဖက်နေခြင်းထက် အလျှံတပြောင်ပြောင် မီးတောက်လောင်နေသော မီးပုံကြီးကိုဖက်၍ အနီး၌ထိုင်နေခြင်းကသာ မြင့်မြတ်ပုံ၊ သီလမရှိသောရဟန်း၏ ဒကာ၊ ဒကာမတို့လှူဒါန်းသော ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းသည် သေလျှင်ငရဲသို့ ရောက်နိုင်ပုံကို ဥပမာအသီးသီးဖြင့်ပြ၍ ဟောကြားတော်မူသည်။

ပစ္စည်းလေးပါးကိုလှူဒါန်းရန် အလှူရှင်များအကျိုးများအောင် မိမိ၏ရဟန်း ဘဝကိုလည်း အကျိုးရှိရန် အပ္ပမာဒတရားနှင့်ပြည့်စုံအောင် ကျင့်သင့်ပုံ စသည်တို့ကို ဟောကြားတော်မူသည်။

ဤသုတ္တန်၏အဆုံး၌ ရဟန်းခြောက်ကျိပ်သွေးအံ၍ ရဟန်းခြောက်ကျိပ် လူထွက်ကြသည်။ ရဟန်းခြောက်ကျိပ် ရဟန္တာဖြစ်တော်မူသည်။ ဤသုတ်ကို ဟောတော်မူပြီးနောက် ဘုရားရှင်သည် “စူဠစ္ဆရာသင်္ဃာတ” သုတ်ကိုဟောတော်မူသည် (ဋ္ဌ)။ [၂]

ဒုဿီလအပြစ်[ပြင်ဆင်ရန်]

ချစ်သားတို့ ...ထင်ရှားစွာ သိစေဦးအံ့၊ ဒုဿီလပုဂ္ဂိုလ်သည် ယုတ်သော သဘောရှိ၏၊ မစင်ကြယ်သူဖြစ်၍ တွေးတောစရာ အကျင့်ရှိ၏၊ (လူစုတွေ့လျှင် ငါ့အကြောင်းကို တိုင်ပင်ပြောဆိုကြသလားဟု တွေးပူစရာ အကျင့် ရှိ၏၊ ဖုံးလွှမ်းသော ရှက်ဖွယ် ပြစ်မှု ရှိ၏၊ ရဟန်း မဟုတ်ဘဲ ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့် မရှိဘဲ ရှိ၏ဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ ကိလေသာ မပြတ် ယိုစီး၏၊ ယောက်သွားပုပ်နှင့် တူ၏ (ဝါ) သာသနာတော်၌ အမှိုက်ဖြစ်၏၊ ထို့ကြောင့် ဒုဿီလအား မီးပုံကြီးပွေ့ဖက်၍ နေရခြင်းကို မြတ်၏ဟု တောင့်တအပ်၏၊ မီးပုံကြီး ပွေ့ဖက်ရခြင်းကြောင့် သေခြင်းသည်လည်းကောင်း, သေလုနီးပါး ဒုက္ခသည်လည်းကောင်း ဖြစ်ရာ၏၊ သေသည်၏ အခြားမဲ့၌ အပါယ်ငရဲ၌ မဖြစ်။ ဒုဿီလဖြစ်ကြောင်း ပျိုကညာပွေ့ဖက်ရခြင်းကြောင့်ကား သေသည်၏ အခြားမဲ့၌ အပါယ်ငရဲ၌ စင်စစ် ဖြစ်၏၊ ဤသို့လျှင် မီးပုံကြီး ဥပမာအားဖြင့် မိန်းမနှင့် စပ်သော ကာမဂုဏ်ညစ် ခံစားပြစ်ကို ပြတော်မူ၏၊ ဤ၌ လျော့လျော့ပေါ့ပေါ့ ဥပမာပြသည်၊ ငရဲ၌ တူသော ညီမျှသော ဥပမာ လောက၌ မရှိသောကြောင့်တည်း။[၃]

မေထုန်ကြီး (၁) ပါး၊ မေထုန်ငယ် (၇) ပါး[ပြင်ဆင်ရန်]

၁။ ဤသာသနာတော်၌ အချို့သော ရဟန်းသည် မြတ်သော အကျင့်ရှိ၏ဟု ဝန်ခံ၏၊ မာတုဂါမနှင့်အတူ ရှဉ်းစုံမကပ် မေထုန်မှီဝဲခြင်းအမှုကို မပြု၊ အဗြဟ္မစရိယသိက္ခာပုဒ်ကို ရှောင်ကြဉ်၏၊

၂။ ယင်းသို့ ရှဉ်းစုံမကပ်သော်လည်း မာတုဂါမ၏ ဆေးလိမ်းကျံခြင်း, အယား ဖျောက် ပွတ်သပ်ပေးခြင်း, နှိပ်နယ် ဆုပ်ကိုင်ပေးခြင်း, ရေချိုးပေးခြင်း စသည်ကို သာယာ၏၊ သဘောကျ၏၊ လိုလားနှစ်သက်၏၊ ဤအမူအရာသည် မြတ်သော သီလ၏ ကျိုးခြင်း ပေါက်ခြင်း ကျားခြင်း ပြောက်ခြင်း ဖြစ်၏၊ မစင်ကြယ်သော အကျင့် ဖြစ်၏၊ မေထုန်ငယ်နှင့် ယှဉ်၍ ကျင့်သည် မည်၏၊ ထိုရဟန်းသည် ဇာတိ ဇရာ မရဏမှ မလွတ်၊ သံသရာဝဋ်ဆင်းရဲမှ မထွက်မြောက်နိုင်။

၃။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူးသော်လည်း မာတုဂါမနှင့် တခိခိ ရယ်မော၏၊ ကိုယ်လက်ထိပါး ကစား၏၊ ပြုံးရယ် ရွှင်မြူး၏၊ ထိုသို့ ရယ်မှု ပြောမှု ဆိုမှုကို သာယာနှစ်သက်၏၊ သဘောကျ လက်ခံ၏၊ ဤအမူအရာ သည်လည်း ကျိုးပေါက်ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။

၄။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိသော်လည်း မာတုဂါမနှင့် မျက်စိချင်း ဆုံ၍ ကြည့်၏၊ တစိမ့်စိမ့် စူးစိုက်၍ ကြည့်၏၊ တစောင်း ကြည့်၏၊ မျက်စိထောင့်ကပ်၍ ကြည့်၏၊ ထိုကြည့်ခြင်းမျိုးကို နှစ်သက်သဘောကျ၏၊ သာယာ၏၊ ဤ အမူအရာသည်လည်း ကျိုးပေါက် ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။

၅။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိ မျက်စိမဆုံသော်လည်း မာတုဂါမ၏ အသံကို နားထောင်၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက်၌ မာတုဂါမ၏ ရယ်ပြော တေးဆို ငိုယိုခြင်းစသော မိန်းမအသံမျိုးစုံကို နားထောင်၏၊ သာယာ၏၊ နှစ်သက်၏၊ ဤအမူအရာသည်လည်း ကျိုးပေါက်ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။

၆။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိ မျက်စိမဆုံ သံမျိုးစုံနားမထောင် စွန့်ပစ်သော်လည်း ရှေးရှေးအခါ၌ မာတုဂါမနှင့် ရယ်ဖူး ပြောဖူး သွားလာဖူး ကစားဖူးသည်တို့ကို စိတ်ကူး၍ ပြန်ပြောင်းအောက်မေ့၍ သာယာ၏၊ ဤ အမူအရာသည်လည်း ကျိုးပေါက် ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။

၇။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိ မျက်စိမဆုံ သံမျိုးစုံပစ် ရှေးဖြစ် မကြံသော်လည်း ကာမဂုဏ်ငါးပါးနှင့် ပြည့်စုံနေသောသတို့သား သတို့သမီး ဇနီးမောင်နှံအစုံကို ကြည့်၍ သာယာ၏၊ အားကျ၏၊ ဤအမူအရာသည်လည်း ကျိုးပေါက်ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။

၈။ ရှဉ်းစုံမကပ် ပွတ်သပ်မကျူး ရယ်မြူးမရှိ မျက်စိမဆုံ သံမျိုးစုံပစ် ရှေးဖြစ်မကြံ မောင်နှံအစုံကို မကြည့်ဘဲ ငုံ့ရှောင်နေသော်လည်း ဤရဟန်းသီလအကျင့်ဖြင့် နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်ရလို၏ဟု တောင့်တ၏၊ သာယာ၏၊ နှစ်သက်၏၊ ဤအမူအရာသည်လည်း ကျိုးပေါက် ကျားပြောက်၍ သံသရာဝဋ်မှ မလွတ်။

ဤသို့ မာတုဂါမ၏ ပွတ်သပ်သာယာခြင်း စသော မေထုန်ငယ် (၇)ပါးနှင့် ယှဉ်ခြင်းကြောင့် ကျိုးပေါက်ကျားပြောက်လျှင်လည်း သီလညစ်နွမ်း၏၊ သီလသိက္ခာပုဒ်ကြီးများ ပျက်စီးခြင်း မရှိ၊ ညစ်နွမ်းရုံသာဖြစ်သော်လည်း သံသရာဝဋ်က ထွက်မြောက်ကြောင်း နိယျာနိကအန္တရာယ်ကို ပြုနိုင်ကြပေသည်။

(ဆောင်) ရှဉ်းစုံမကပ်၊ ပွတ်သပ်မကျူး၊ ရယ်မြူးမရှိ၊ မျက်စိမဆုံ၊ သံမျိုးစုံပစ်၊ ရှေးဖြစ်မကြံ၊ မောင်နှံငုံ့ရှောင်၊ နတ်ဘောင်မရွယ်၊ ဤရှစ်သွယ်၊ မှတ်ဖွယ်အပြန် မေထုန်တည်း။[၃]

သီလကျိုးပေါက် ကျားပြောက်ခြင်း[ပြင်ဆင်ရန်]

သီလကျိုးပေါက် ကျားပြောက်ခြင်းတို့သည် ညစ်နွမ်းကြောင်း ဖြစ်၏၊ လာဘ, ယသ စသော အကြောင်းဖြင့်လည်းကောင်း, မေထုန်ငယ် (၇)ပါးနှင့် ယှဉ်ခြင်းဖြင့်လည်းကောင်း ကျိုးပေါက်ခြင်း စသည်ကို သိအပ်၏၊

၁။ ပစ္စည်းလေးပါး လာဘ်စသည်ကို ငဲ့၍ သီလပျက်သောအခါ အာပတ်အစု ခုနစ်ခု၌ ထိုထိုအစု၏ ဥဒ္ဒေသအစွမ်းဖြင့် အစသိက္ခာပုဒ် အဆုံးသိက္ခာပုဒ် ပျက်လျှင် အနံစွန်း အမြိတ်စွန်း စုတ်ပြတ်သော အဝတ်နှင့် တူ၏၊ (ခဏ္ဍ)ကျိုးပြတ်သော သီလမည်၏၊

၂။ အလယ်သိက္ခာပုဒ် ပျက်လျှင် အလယ်ပေါက်သော အဝတ်နှင့် တူ၏၊ (ဆိဒ္ဒ)ပေါက်ထွင်းသော သီလမည်၏၊

၃။ အစဉ်အတိုင်း နှစ်ခု သုံးခု ပျက်လျှင် အမည်း အနီ စသည်ဖြင့် ကျောက်ကုန်း ဝမ်းဗိုက် ကြောင်ကျားသော နွားနှင့် တူ၏၊ (သဗလ) ကြောင်ကျားသော သီလမည်၏၊

၄။ အကြားအကြားပျက်လျှင် အပြောက်အကွက် အကြိုအကြား ဆန်းကြယ်သော နွားနှင့် တူ၏၊ (ကမ္မာသ) ပြောက်ကွက်သော သီလ မည်၏၊ ဤသို့ ခဏ္ဍ, ဆိဒ္ဒ, သဗလ, ကမ္မာသတို့ကို မှတ်သား၍ သိအပ်၏၊[၃]

(ဆောင်) စ, ဆုံးနှစ်ရပ်၊ ပျက်စီးလတ်၊ ကျိုးပြတ်ခေါ်ခဏ္ဍ။

အလယ်အတွင်း၊ ပျက်စီးခြင်း၊ ပေါက်တွင်း မည်ဆိဒ္ဒ။

စဉ်တိုင်းအများ၊ ပျက်စီးငြား၊ ကြောင်ကျား သဗလ။

အကြားအကြားကွက်၊ ပျက်စီးလျက်၊ ပြောက်ကွက် ကမ္မာသ။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၄၉၅-၅၀၀။ အံ၊မြန်၊၂၊၆၁၇-၆၂၄။ အံ၊ဋ္ဌ၊၃၊၁၈၉။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၇-မဟာဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ ၃.၂ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း
  4. (ဝိသုဒ္ဓိမဂ်အရသာ၊၆၁။)