လက်ပံတောင်းတောင်အစီရင်ခံစာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ

နိဒါန်း

၁။ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည့် အရေးကြီးအဆိုတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ ကြေးနီမိုင်း လုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်/မသင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ် (၉၅/၂ဝ၁၂) အရ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။

၂။ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များသည် စီမံကိန်းနှင့် ပတ်သက်၍ ကျေးရွာလူထု ခံစားနေရသည့် ပြည်သူ့အသံများ အပါအဝင် စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကို စုံစမ်းပြီး သုံးသပ်ချက်နှင့်တကွ တင်ပြနိုင်ရန် အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။

ရည်ရွယ်ချက်

၃။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်/မသင့်နှင့် ပတ်သက်၍ ဆက်စပ်လုပ်ငန်းများနှင့် ဖြစ်စဉ်ဖြစ်ရပ် အမှန် ပေါ်ပေါက် စေရေး စုံစမ်းစစ်ဆေးရန်အတွက်လည်းကောင်း၊ ဥပဒေစိုးမိုးရေးနှင့် နိုင်ငံ၏ အနာဂတ် အတွက်အရေးပါသော လုပ်ထုံးလုပ်နည်း၊ အစဉ်အလာများ ပေါ်ထွန်းစေရေးအတွက် လည်းကောင်း သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များ တင်ပြနိုင်ရန်။

မာတိကာ

စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

၄။ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပါသည်-

(က)ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ် ဥက္ကဋ္ဌ

(ခ)ဦးလွန်းသီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ် အဖွဲ့ဝင်

(ဂ)ဦးသန်းမြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စစ်ကိုင်းတိုင်းဒေသကြီး၊ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ် အဖွဲ့ဝင်

(ဃ)ဒေါ်ခင်စန်းလှိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ် အဖွဲ့ဝင်

(င)ဦးဇော်မြင့်ဖေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၅)မဲဆန္ဒနယ် အဖွဲ့ဝင်

(စ)ဦးမောင်မောင်အေး Senior Consultant on Social Assessment Myanmar Environmental Institute အဖွဲ့ဝင်

(ဆ)ဦးဝင်းထိန် ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန သတ္တုတွင်း ဝန်ကြီးဌာန အဖွဲ့ဝင်

(ဇ)ဦးမြင့်ဆွေ ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အဖွဲ့ဝင်

(ဈ)ဦးတင်မြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်ထဲရေး ဝန်ကြီးဌာန အဖွဲ့ဝင်

(ည)ဦးလှမောင်သိန်း ဒုတိယညွှန်ကြားရေးမှူးချုပ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အဖွဲ့ဝင်

(ဋ)ဒေါက်တာမြင့်သိန်း ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန ကျန်းမာရေးဝန်ကြီးဌာန အဖွဲ့ဝင်

(ဌ)ဒုတိယဗိုလ်မှူးကြီးအောင်သန်း ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်

(ဍ)ဦးဗိုလ်သန်း ကံကုန်းရွာ၊ ကျောက်မျက်ကျေးရွာအုပ်စု ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အဖွဲ့ဝင်

(ဎ)ဦးအောင်ဇော်ဦး ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စု ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အဖွဲ့ဝင်

(ဏ)ဦးဘိုဌေး တုံရွာမ၊ တုံကျေးရွာအုပ်စု ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အဖွဲ့ဝင်

(တ)ဦးကျော်တင့်ဆွေ သံအမတ်ကြီး (ငြိမ်း) မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တာဝန်များ[ပြင်ဆင်ရန်]

၅။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ် ဖြစ်ရပ် အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးအတွက် သုံးသပ်ချက်များနှင့် တကွ အကြံပြုချက်များ တင်ပြရန်-

(က)ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်းရှိ/မရှိ၊

(ခ)ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊

(ဂ)ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုးရှိ/မရှိ၊

(ဃ)နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊

(င)၎င်းစီမံကိန်းနှင့် ဆက်နွှယ်၍ စိစစ်ရန် လိုသည်ဟု ကော်မရှင်က ယူဆသော အကြောင်းအရာများ၊

(စ)ကော်မရှင်၏ အထွေထွေသုံးသပ်ချက်နှင့် အကြံပြုချက်များ။

စုံစမ်းစစ်ဆေးရေးကော်မရှင် ဆောင်ရွက်ရာတွင် အခြေခံသည့်မူများ[ပြင်ဆင်ရန်]

၆။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် တာဝန်ပေးအပ်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ပါမူများအပေါ် အခြေခံ၍ ဆောင်ရွက်ခဲ့ ပါသည်- (က)နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွား၊ (ခ) ပြည်သူလူထုအတွက် ရေရှည်အကျိုးစီးပွား၊ (ဂ)အပြုသဘောဆောင်သည့်အမြင်။

၇။ ထိုမူများအပေါ်ကို အခြေခံဆောင်ရွက်ခြင်းဖြစ်သဖြင့် ဖြစ်ပွားခဲ့သည့်ကိစ္စကို စိစစ် သုံးသပ်ရာတွင် အပြစ်ရှာသည့်သဘော၊ အပြစ်ပုံချသည့် သဘောမျိုး မဖြစ်စေရန် သတိထား ဆောင်ရွက်ခဲ့ပါသည်။ ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ အရင်းအမြစ်ကို စိစစ်သုံးသပ်ပြီး သင်ခန်းစာများ ရယူကာ နောင်ဤဖြစ်ရပ်မျိုး မဖြစ်စေရန် မည်သို့ ဆောင်ရွက်သင့်သည် ဆိုသည့် အချက်ကိုလည်း အလေးထားဆောင်ရွက်ခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စုံစမ်းစစ်ဆေးချက်များနှင့် လုပ်ဆောင်ချက်များ[ပြင်ဆင်ရန်]

၈။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ပထမအကြိမ် အစည်းအဝေးကို ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာ လ ၄ ရက်နေ့တွင် လွှတ်တော်ဝင်း (အိုင်-၁၂) အဆောင်၌ ကျင်းပခဲ့ပါသည်။ ကော်မရှင် ဥက္ကဋ္ဌက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စကို သုံးသပ်ရာတွင် ယခုဖြစ်ပွား ခဲ့သည့် ကိစ္စမှာ ယခင်ကာလများက ပွင့်လင်းမြင်သာမှု အားနည်းခဲ့၍ ဖြစ်ကြောင်း ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဥပဒေစိုးမိုးမှု ရှိမှသာလျှင် နိုင်ငံတော်၏ အကျိုးနှင့် လျော်ညီသည့် အဖြေရရှိနိုင်မည် ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေးကိစ္စကို အမြန်ဆုံး စတင်သွားမည်ဖြစ်ကြောင်း၊ သပိတ်စခန်း တွင် ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များ၊ သံဃာတော်များနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ဥက္ကဋ္ဌ ကိုယ်တိုင် တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပြီး ကျန်အဖွဲ့ဝင်များ အနေဖြင့် အောက်ပါ အဖွဲ့ သုံးဖွဲ့ဖွဲ့စည်းပြီး တစ်ပြိုင်တည်း ဆောင်ရွက် သွားရန်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်-


(က)ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ၊

(ခ)ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ၊

(ဂ)ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ် မျိုးဆက်များအတွက် အကျိုး ရှိ/မရှိ။

၉။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာမှုတို့ကို ပြုလုပ်ခဲ့ ပါသည်။

၁ဝ။ ထိုသို့ ကွင်းဆင်းလေ့လာမှု ပြုလုပ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကွင်းဆင်း စုံစမ်းခဲ့သည့်အပြင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ-ယန်စီ ကော့ပါး လီမိတက် တို့မှ လုပ်ဆောင်ဆဲရှိသော စံပယ်တောင်နှင့် ကြေးစင်တောင်တို့၏ သတ္တုတွင်း လုပ်ငန်းများကိုလည်း ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်၏ မိုးကြိုးဆာလ်ဖျူရစ်အက်စစ် စက်ရုံကိုလည်း ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

၁၁။ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များသည် ဒေသခံ ကျေးရွာလူထု၏ ခံစားချက်များ၊ ပြည်သူ့အသံများ ပါဝင်စေရန် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ကျေးရွာလူထုများနှင့် တွေ့ဆုံခဲ့ပါသည်။ ဤလုပ်ငန်းများကို ဒေသခံ ကော်မရှင်အဖွဲ့ဝင် ၃ ဦး ပါဝင်သော အဖွဲ့များ ဖွဲ့စည်း၍ ကော်မရှင်အဖွဲ့ဝင်များက စုံညီစွာ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

၁၂။ ကော်မရှင်အဖွဲ့ဝင်များသည် မန္တလေးမြို့တွင် ထေရဝါဒဗုဒ္ဓသာသနာ့အနွယ်ဝင် သက်တော်ရှည် သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများအား လည်းကောင်း၊ မုံရွာမြို့တွင် လယ်တီကျောင်းတိုက်ကြီးများမှ ဆရာတော်ကြီးများအား လည်းကောင်း တွေ့ဆုံ ဖူးမြော်လျှောက်ထား ဩဝါဒခံယူခဲ့ကြပါသည်။ ထိုဆရာတော်ကြီးများထံမှ လည်းကောင်း၊ သုတေသီပုဂ္ဂိုလ်များထံမှလည်းကောင်း၊ ပထမလယ်တီဆရာတော် ဘုရားကြီးနှင့် လက်ပံတောင်းတောင်တို့ ဆက်နွှယ်မှု အချက်အလက်တို့ကို မေးမြန်း ရယူ

၁၃။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနှင့် ဆက်နွှယ်သော သပိတ် စခန်းတွင် ရရှိသည့် မီးလောင်ဒဏ်ရာဖြင့် မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး တွင်လည်းကောင်း၊ ကန်တော်နဒီ ဆေးရုံကြီးတွင် လည်းကောင်း ဆေးကုသမှု ခံယူနေရသည့် လူနာများ၏ ဆေးကုသမှုအခြေအနေတို့ကို သိရှိနိုင်ရန် ကော်မရှင် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဆေးရုံအုပ်ကြီး ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသော ကျန်းမာရေး စောင့်ရှောက်မှု ကော်မတီဝင်များနှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ ကော်မတီအဖွဲ့ဝင်တို့သည် လူမှုရေး ဝန်ကြီး၊ ဆေးရုံအုပ်ကြီး ဦးဆောင်သော ဆရာဝန်ကြီးများ အဖွဲ့နှင့်အတူ ဆေးရုံကြီးတွင် တက်ရောက်နေကြသော ကုသမှု ခံယူဆဲ လူနာများအား တစ်ဦးချင်း တွေ့ဆုံမေးမြန်း အားပေး နှစ်သိမ့်ခဲ့ ကြပါသည်။

၁၄။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် အဖွဲ့များခွဲကာ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာများသို့ သွားရောက်ခဲ့ရာတွင် ဒေသခံကျေးရွာလူထုနှင့် တွေ့ဆုံပြီး လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းနှင့် ပတ်သက်၍ ၎င်းတို့၏ ရပ်တည်ချက်ကိုလည်းကောင်း၊ လူမှုပတ်ဝန်းကျင်၊ သဘာဝ ပတ်ဝန်းကျင်နှင့်ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုကိုလည်းကောင်း၊ ရေရရှိရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းတို့နှင့် ပတ်သက်၍ ၎င်းတို့၏ လိုလားချက်ကို လည်းကောင်း မေးမြန်းစုံစမ်းပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

၁၅။ ထို့အပြင် ဝက်မှေး/ ကံတောနှင့် ဇီးတော/ ဆည်တည်းကျေးရွာသစ်တို့ကို ပြောင်းရွှေ့ အခြေစိုက်နေထိုင်သူများကို ကော်မရှင်အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ကာ ၎င်းတို့ နေထိုင်ကြသော အဆောက်အအုံများ အခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်း ကိစ္စများနှင့် ပတ်သက်၍လည်း အပြန်အလှန်ဆွေးနွေးကာ ကျေးရွာလူထု၏ သဘောထား ဆန္ဒကို လေ့လာစုံစမ်းခဲ့ကြပါသည်။

၁၆။ ကော်မရှင်ဥက္ကဋ္ဌ၏ အစီအစဉ်ဖြင့် ရောက်ရှိလာကြသော မြန်မာသမားတော် ဆရာဝန်ကြီးနှင့် ဩစတြေးလျနိုင်ငံသား ဆရာဝန်ကြီးတို့သည် အက်စစ် အခိုုးအငွေ့ များကြောင့် ကျန်းမာရေးထိခိုက်သည်ဟု ရပ်ရွာမှ သံသယရှိသည့် ကလေးငယ် ၄ ဦး၏ ရောဂါဝေဒနာအား ပဏာမစမ်းသပ် စစ်ဆေးကြည့်ရှုခဲ့ရာ အက်စစ်ကြောင့်ဖြစ်သည့် ရောဂါလက္ခဏာ မဟုတ်ဟု မှတ်ချက်ပြုကြသော်လည်း ကလေးများ ကျန်းမာရေး ဆက်လက် ဆေးကုသမှု ခံယူနိုင်ရန်အတွက် ကလေးများအား ကော်မရှင်က ရန်ကုန်သို့ ခေါ်ယူ၍ ဆေးကုသပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

၁၇။ ကော်မရှင်အဖွဲ့ဝင်များသည် ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၏ မိုးကြိုးဆာလ်ဖျူရစ်အက်စစ် စက်ရုံသို့ သွားရောက်စစ်ဆေးကာ စွန့်ထုတ်သော အငွေ့တွင် ဆာလဖာဒိုင်အောက်ဆိုက်(SO2) ပါဝင်မှုနှင့် ပတ်သက်ပြီး ထိန်းချုပ်စွန့်ထုတ်မှု အခြေအနေ၊ စွန့်ပစ်အရည်နှင့် အစိုင်အခဲပစ္စည်းများ၊ စွန့်ပစ် စုပုံသည့် ကန်များ၊ စွန့်ပစ်နေရာများအား စစ်ဆေးခဲ့ပါသည်။

၁၈။ ကော်မရှင်အဖွဲ့ဝင်များသည် မုံရွာကြေးနီတောင်စီမံကိန်း၏ ပထမအဆင့်ဖြစ်သော စံပယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်းများကို မြန်မာ- ယန်စီ ကော့ပါးလီမိတက်က လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရုံးသို့ လည်းကောင်း၊ စံပယ်တောင်နှင့် စံပယ်တောင် (တောင်) ကြေးနီသတ္တုတွင်းရှိရာ ကျင်းကြီး (Pit) နှစ်ကျင်းသို့ လည်းကောင်း သွားရောက်ခဲ့ပြီး ကြေးနီစီမံကိန်းဆိုင်ရာ ကိစ္စများ၊ စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းတွင် ပေါင်းစပ်စီမံခန့်ခွဲမှု စနစ်အရ ဆောင်ရွက်နေမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု စီမံခန့်ခွဲခြင်းဆိုင်ရာ(ISO-14001) လက်မှတ်၊ ထုတ်လုပ်မှု စီမံခန့်ခွဲမှုဆိုင်ရာ (ISO-9001) လက်မှတ်နှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေး စီမံခန့်ခွဲမှု ဆိုင်ရာ (OHSAS-18001) လက်မှတ်တို့ကိုလည်း စစ်ဆေးခဲ့ပါသည်။

၁၉။ ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း စွန့်ပစ်ခဲ့သည့် စွန့်ပစ်မြေများကို ဒေသခံရွာတစ်ရွာတွင် ရွာသားတို့က ဒေသန္တရနည်းဖြင့် ဒုတ္ထာ/ကြေးနီ ချက်လုပ်မှု၊ မြေအောက်သို့ စိမ့်ဝင်မှု အခြေအနေတို့ကိုလည်း ကော်မရှင်အဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ ပါသည်။

၂ဝ။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များသည် မြန်မာ-ဝမ်ပေါင် ကော့ပါးလီမိတက် ရုံးသို့လည်း သွားရောက်ကာ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကဲဖြတ်မှု (EIA)၊ လူမှုဘဝ အကဲဖြတ်မှု (SIA) တို့ကို ပြန်လည်သုံးသပ်မှု (Reassessment of EIA and SIA) ကိစ္စရပ်တို့ကိုလည်းကောင်း၊ ဒေသခံ ကျေးရွာလူထု အတွက် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ-ဝမ်ပေါင် ကော့ပါးလီမိတက်က ဆောင်ရွက် ပေးနေသည့် လူမှုရေး၊ ကျန်းမာရေးစသည့် အချက်အလက်တို့ကို လည်းကောင်း မေးမြန်း စစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။

၂၁။ ကော်မရှင်သည် ပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေကို သိရှိနိုင်ရန် ဆာလ်ဖျူရစ် အက်စစ်စက်ရုံရှိ စွန့်ပစ်ရေကန်အတွင်းမှ ရေကိုလည်းကောင်း၊ စံပယ်တောင်ခြေမှ စိမ့်ထွက်ရေနှင့် စံပယ်တောင်ခြေရှိ ရေမြောင်းအတွင်းမှ ရေတို့ကိုလည်းကောင်း၊ ဒုံး တောရွာ အတွင်း ရေညစ်ညမ်းမှု ရှိသည်ဟုဆိုသော စက်ရေတွင်းမှ ရေကိုလည်းကောင်း ဓာတ်ခွဲစစ်ဆေးရန် နမူနာများ ရယူခဲ့ပါသည်။

၂၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဒီဇင်ဘာလ ၁၉ ရက်နေ့၌ လွှတ်တော်ဝင်း (အိုင်-၁၂) အဆောင်တွင် စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ကွင်းဆင်း လေ့လာတွေ့ရှိချက်များကို တင်ပြခဲ့ပြီး ကော်မရှင်အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

၂၃။ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၁၆:၃ဝ နာရီမှ ၁၈:၁၅ နာရီအထိ လွှတ်တော်ဝင်း(အိုင်-၁၂)အဆောင်ရှိ အစည်းအဝေးခန်းမတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (Myanmar Economic Holdings Limited-MEHL)မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသည့် အစည်းအဝေးကို ကျင်းပခဲ့ ပါသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဘက်မှ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ကော်မရှင်အတွင်းရေးမှူး ဦးကျော်တင့်ဆွေ၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဇော်မြင့်ဖေ၊ ဦးဝင်းထိန်၊ ဦးမောင်မောင်အေး၊ အတိုင်ပင်ခံ ပညာရှင် နှစ်ဦးဖြစ်သည့် ဦးစိုးမြ၊ ဒေါက်တာဒေါ်သန်းနွဲ့တို့ တက်ရောက်ကြပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဘက်မှ ဥက္ကဋ္ဌ-ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဦးဝင်းကြည်၊ ဦးမောင်မောင်တင့်နှင့် ဦးမြင့် အောင်တို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးအပြီးတွင် ကော်မရှင်ဥက္ကဋ္ဌက ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညွှန်ကြားသွားခဲ့သည်။၂၄။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်သည် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှ ဇန်နဝါရီလ ၁ဝ ရက်နေ့ အထိ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းအနီးရှိ ကျေးရွာများအား ထပ်မံ ကွင်းဆင်း လေ့လာခဲ့ပါသည်။

၂၅။ နိုင်ငံတော်အနေဖြင့် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်း သပိတ်စခန်းမှ မီးလောင်ဒဏ်ရာရသည့် လူနာများအား ဆေးကုသမှုကို တာဝန်ယူလျက်ရှိရာ ကော်မရှင် အနေဖြင့် လိုအပ်သည်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါသည်။ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသနေကြသော လူနာအားလုံးသည် ဆေးကုသမှုခံယူပြီးကြသဖြင့် ဆေးရုံမှဆင်းသွားကြပြီး ဖြစ်ပါသည်။ မန္တလေးပြည်သူ့ ဆေးရုံကြီးမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ခဲ့သော သံဃာတော် ၄ ပါး ကိုလည်း ကော်မရှင်အနေဖြင့် သွားရောက်ကြည့်ရှုပြီး အားပေးနှစ်သိမ့် စကားများကို လျှောက်ထား ပြောဆိုခဲ့ကြပါသည်။ ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေကြသည့် သံဃာတော်နှစ်ပါးအနက် ရှင်သဇ္ဇန၏ ကျန်းမာရေး အခြေအနေမှာ တိုးတက် ကောင်းမွန် လာသဖြင့် ၂၅-၂-၂၀၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး ဖြစ်ပါသည်။ သံဃာတော် ဦးတိက္ခဉာဏ၏ အခြေအနေသည်လည်း တိုးတက်မှု ရရှိနေပြီ ဖြစ်ပြီး ဆက်လက်၍ ဆေးကုသမှုခံယူရန် လိုအပ်သေးသည်ဟု ကော်မရှင်အနေဖြင့် သိရှိရပါသည်။

၂၆။ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့ နံနက် ၁ဝ:၃ဝ နာရီမှ မွန်းလွဲ ၁၂:၃ဝ နာရီအထိ လွှတ်တော်ဝင်း (အိုင်-၁၂) အဆောင်ရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ (Myanmar Environment Institute-MEI) နည်းပညာကျွမ်းကျင်သူအဖွဲ့ (Technical Experts Team) အဖွဲ့ဝင် သုတေသီ ပညာရှင်များနှင့် တွေ့ဆုံသည့် အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ မြန်မာ့ ပတ်ဝန်းကျင် သိပံ္ပဘက်မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမောင်နှင့်အတူ အခြားပညာရှင် ၁၁ ဦးတို့ တက်ရောက်ခဲ့ကြသည်။ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့က လက်ပံတောင်းတောင် ကြေးနီသတ္တုတူးဖော်ရေး စီမံကိန်းအတွက် အချိန်တိုအတွင်း အရေးပေါ်လေလာ့ အကဲဖြတ် စိစစ်ချက် (Immediate Assessment of Letpadaungtaung Copper Mining Project) နှင့် စပ်လျဉ်း၍ ဂေဟစနစ် (Ecosystem-Flora & Fauna and Pollution of Air, Water, Sediment) (Existing Baseline Air Quality Status)၊ လက်ပံတောင်းတောင် စီမံကိန်း အပေါ် လူမှုဝန်းကျင် ရှုထောင့်မှ ဆန်းစစ်ခြင်း၊ (Immediate Cultural Impact Assessment)၊ (Project Development and Environmental Management) (Environmental Science and Engineering) ရှုထောင့်မှ ကွင်းဆင်းလေ့လာ တွေ့ရှိချက် များကို ပြည့်စုံစွာ တင်ပြသွားကြသည်။ ကော်မရှင် ဥက္ကဋ္ဌက ထပ်မံသိလိုသော အချက်အလက်၊ အကြောင်းအရာများကို မေးမြန်းဆွေးနွေးရာတွင် MEI ကျွမ်းကျင်သူ သုတေသီအဖွဲ့က စေ့ငုစွာ ပြန်လည် ရှင်းလင်းဖြေကြား သွားခဲ့ကြသည်။

၂၇။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တတိယအကြိမ်မြောက် စုံညီအစည်းအဝေးကို ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့ ၁၃:ဝဝ ချိန်တွင် လွှတ်တော်ဝင်း (အိုင်-၁၂) အဆောင်တွင် ကျင်းပခဲ့ပါသည်။ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများကို သုံးသပ်ပြီး ရှေ့လုပ် ဆောင်မည့် လုပ်ငန်း အစီအစဉ်တို့ကို ညှိနှိုင်းခဲ့ပါသည်။

၂၈။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရဲမှူးကြီးတို့နှင့် တွေ့ဆုံကာ လက်ပံတောင်းတောင် သပိတ်စခန်းအား ဖြိုခွဲရာတွင် ဆောင်ရွက်ခဲ့သည့် နည်းစဉ်၊ အသုံးပြုခဲ့သော မီးခိုးဗုံးစသည့် ကိစ္စရပ်များကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။ ရဲချုပ်နှင့် ရဲမှူးကြီးတို့က နံနက်လင်းအားကြီး အချိန်တွင် ဖြိုခွဲရန် စီမံဆောင်ရွက်ခဲ့ရခြင်းမှာ ထိုအချိန်တွင် သပိတ်စခန်း၌ လူစုလူဝေး အနည်းဆုံး အချိန်ဖြစ်သဖြင့် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန်အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ မီးခိုးဗုံး အသုံးပြုခြင်းကို ၂ဝဝ၇ ခုနှစ်ကလည်း အသုံးပြုခဲ့ဖူးကြောင်း၊ ထိုစဉ်က ယခုကဲ့သို့ မီးလောင်ဒဏ်ရာ ရရှိခြင်းမျိုး မရှိခဲ့ကြောင်း၊ ထိုစဉ်က အသုံးပြုခဲ့သည့် မီးခိုးဗုံးနှင့် ယခု အသုံးပြုခဲ့သော မီးခိုးဗုံးတို့မှာ သက်ရောက်သည့် အာနိသင်(Impact) ကွဲပြားခြားနားမှု ရှိသည်ဟု ထင်မြင်ယူဆကြောင်းဖြင့် ကော်မရှင်အား ပြောကြားခဲ့ပါသည်။ ရဲချုပ်အနေနှင့် ဤဖြစ်စဉ်နှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး ယင်းသုံးသပ်ချက်များအား စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ ဆက်လက် ပေးပို့ တင်ပြ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၂၉။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းအား ဆန္ဒပြသော သပိတ်စခန်း များမှ သိမ်းဆည်းထားသော ပစ္စည်းများနှင့် မီးလောင်၍ ဆုံးရှုံးသွားသော ပစ္စည်းများအား ကာယကံရှင်များထံသို့ ပြန်လည်ပေးအပ်ရေး ကိစ္စကိုလည်း ကော်မရှင်မှ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ မီးလောင်သွားသော ပစ္စည်းများ သိမ်းဆည်းသွားသည်ဟု ဆိုသော အချို့ပစ္စည်းများ အတွက်ကိုလည်း ကော်မရှင်က သတ်မှတ်ပေးသောနှုန်းဖြင့် လျော်ကြေး များကိုလည်း ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

၃ဝ။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်တရားသူကြီးနှင့် မြို့နယ်ဥပဒေ အရာရှိ တို့အား လွှတ်တော်ဝင်း (အိုင်- ၁၂) အဆောင်တွင် ခေါ်ယူတွေ့ဆုံပြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းအား ဆန္ဒပြသည့် သပိတ်စခန်းများကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း၌ အင်အားသုံးဖြိုခွင်းခဲ့ရာတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့် ကိစ္စ၊ ပုဒ်မ ၁၂၇၊ ၁၂၈၊ ၁၂၉ အရ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ် များနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ပါသည်။ အဆိုပါ မြို့နယ်အရာရှိ ၃ ဦးတို့က ဥပဒေနှင့်အညီ အဆင့်ဆင့် ဆောင်ရွက်ခဲ့မှုများကို ကော်မရှင်သို့ တင်ပြခဲ့ကြပါသည်။

၃၁။ ကော်မရှင်ဥက္ကဋ္ဌ၏ ကွင်းဆင်းရန် တာဝန်ပေးချက်အရ ကွင်းဆင်းခဲ့ကြသော ကော်မရှင် အဖွဲ့ဝင်တို့သည် ဇန်နဝါရီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်ရှိ သီတဂူ အာယုဒါန ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြသော သံဃာ ၆ ပါး၏ ကျန်းမာရေး အခြေအနေနှင့် မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ ကံကုန်းကျေးရွာမှ နာမကျန်းဖြစ်သဖြင့် ရန်ကုန်ကလေး ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူခဲ့ပြီး ကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့သော ကလေးသူငယ် ၄ ဦးတို့၏ ကျန်းမာရေး အခြေအနေတို့နှင့် ပတ်သက်ပြီး လေ့လာ တွေ့ရှိချက်များကို ကော်မရှင်သို့ တင်ပြခဲ့ပါသည်။

၃၂။ ကော်မရှင် အဖွဲ့ဝင်တို့သည် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ထပ်မံ ကွင်းဆင်းလေ့လာပြီး သီတဂူအာယုဒါန ဆေးရုံတွင် ဆေးဝါးကုသနေကြသော သံဃာတော် များ၏ ကျန်းမာရေး အခြေအနေကို လည်းကောင်း၊ မုံရွာခရိုင်၊ မုံရွာဆေးရုံတွင် အုတ်ကန်ပြိုကျပြီး ထိခိုက်ဒဏ်ရာ ရရှိသဖြင့် ဆေးကုသခံနေသူ အမျိုးသမီးကြီး၏ ကျန်းမာရေး အခြေအနေကိုလည်းကောင်း ကော်မရှင်သို့ တင်ပြခဲ့ပါသည်။

၃၃။ ကော်မရှင်က စီးပွားရေး ပညာရှင်အဖြစ် ခန့်ထားခဲ့သူ စီးပွားရေး ပညာရှင်သည် ကြေးနီ စီမံကိန်းနှင့်ပတ်သက်သည့် ဘဏ္ဍာရေးဆိုင်ရာ စိစစ်သုံးသပ်မှုများ ပြုလုပ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အစီရင်ခံစာကို ကော်မရှင်ဥက္ကဋ္ဌထံ တင်သွင်းခဲ့ပါသည်။

၃၄။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ပဉ္စမအကြိမ်မြောက် စုံညီအစည်းအဝေးကို ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ၁၃:၃ဝ ချိန်တွင် လွှတ်တော်ဝင်း (အိုင်- ၁၂) အဆောင်တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အပြီးသတ် အစီရင်ခံစာ ပြုစုရေးနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။ ထိုသို့ ဆွေးနွေးရာတွင် ကော်မရှင်ဥက္ကဋ္ဌက အပြီးသတ် အစီရင်ခံစာ ရေးဆွဲရာတွင် ကျင့်သုံးရမည့် အခြေခံမူများနှင့် ပတ်သက်ပြီး ဆွေးနွေး ပြောကြားခဲ့ရာ ထိုအခြေခံမူများပေါ်တွင် အစည်းအဝေး တက်ရောက်ကြသော ကော်မရှင် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြပါသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လေ့လာတွေ့ရှိချက်များ[ပြင်ဆင်ရန်]

၃၅။ ထေရဝါဒ ဗုဒ္ဓဘာသာ အနွယ်ဝင် သက်တော်ရှည် ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများအား ဖူးမြော်လျှောက်ထား မေးမြန်း ချက်များအရ ဆရာတော်ကြီးများသည် ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လက်ပံတောင်းတောင် ဖြစ်ရပ်နှင့် စပ်လျဉ်း၍ များစွာနှလုံး စိတ်ဝမ်း မငြိမ်းချမ်းကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ရဟန်းရှင် လူများအား အမြန်ဆုံး သက်သာ ပျောက်ကင်းအောင် အထူးကြပ်မတ်၍ ကုသစေလိုကြောင်း၊ ဘုရား၊ စေတီ၊ တန်ဆောင်း၊ ကျောင်း၊ ကန်၊ သိမ် အစရှိသော ထေရဝါဒ ဗုဒ္ဓဘာသာနှင့် စပ်လျဉ်းသည့် သာသနိက အဆောက်အအုံများကို မထိခိုက်စေလိုကြောင်း၊ ရဟန်းပျိုများအား ဆန္ဒ ပြပွဲ/ ဖော်ထုတ်ပွဲများတွင် မပါဝင်ကြစေရန် ဩဝါဒပေးခဲ့ပြီး အများစုမှာ လိုက်နာကြသော်လည်း အချို့ အနည်းစုမှာ ထိန်းသိမ်းရ ခက်ခဲနိုင်ကြောင်း၊ လျှောက်လှမ်းကာစ ဒီမိုကရေစီ လမ်းခရီးကို ဖြောင့်ဖြူးသာယာ အေးချမ်းစေလိုကြောင်း၊ နိုင်ငံနှင့် လူမျိုး ဘာသာသာသနာ အကျိုးစီးပွားအတွက် ဦးစားပေး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် မွန်မြတ်သော ဩဝါဒများ မြွက်ကြားခဲ့သည်ကို နာယူ မှတ်သားခဲ့ရပါသည်။

၃၆။ လက်ပံတောင်းတောင် ကြေးနီ သတ္ထုတွင်း စီမံကိန်းနှင့် ဆက်နွယ်သော သပိတ် စခန်းတွင် ရရှိသည့် မီးလောင်ဒဏ်ရာဖြင့် မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိလာသော လူနာများအား ထိရောက်သော ဆေးဝါးကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးဆောင်နိုင်ရန် ကျန်းမာရေး စောင့်ရှောက်မှုကော်မတီ တစ်ရပ်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု ကော်မတီတွင် -


(က)ဒေါက်တာမောင်ဝင်း(ဆေးရုံအုပ်ကြီး) ဥက္ကဋ္ဌ

(ခ)ဒေါက်တာရှိန်မြင့်(ပါမောက္ခ/ဌာနမှူး/ခွဲစိတ်) အဖွဲ့ဝင်

(ဂ)ဒေါက်တာဌေးဦး (ပါမောက္ခ/ခွဲစိတ်) အဖွဲ့ဝင်

(ဃ)ဒေါက်တာခွန်အောင် (ပါမောက္ခ/ခွဲစိတ်) အဖွဲ့ဝင်

(င)ဒေါက်တာနုနုရီ (အထူးကုဆရာဝန်ကြီး) အဖွဲ့ဝင်

(စ)ဒေါက်တာစန်းမြင့် (ဆေးရုံအုပ်ကြီး) အဖွဲ့ဝင်

(ဆ)ဒေါက်တာဝင်းမောင်မောင် အတွင်းရေးမှူး

တို့ပါဝင်ပြီး စနစ်တကျ စီမံကွပ်ကဲ ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။ ၂၉-၁၁-၂ဝ၁၂ ရက်နေ့မှ ၇-၁၂-၂ဝ၁၂ ရက်နေ့အထိ ဆေးရုံတက် လူနာပေါင်း ၁ဝ၈ ဦး(သံဃာ ၉၉ ပါး + လူ ၉ ဦး) ရှိပြီး ဆေးရုံဆင်း / လွှဲပြောင်း လူနာပေါင်း ၇၉ ဦး (သံဃာ ၇၄ ပါး + လူ ၅ ဦး ) ရှိကာ လက်ကျန် လူနာပေါင်း ၃ဝ ဦး (သံဃာ ၂၅ ပါး + လူ ၅ ဦး ) ရှိကြောင်း သိရှိခဲ့ရပါသည်။ နောက်ဆုံး အခြေအနေအရ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မန္တလေးရှိ ဆေးရုံများ၌ တက်ရောက်ကုသနေသည့် ရဟန်း/လူအားလုံး ဆေးရုံမှ ဆင်းသွားကြပြီ ဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက် ကုသနေသော သံဃာတော်များသည်လည်း ဆေးရုံမှ ဆင်းသွားကြပြီး ဖြစ်ပါသည်။

၃၇။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေတွင် ယင်းစီမံကိန်း လုပ်ငန်း၏ ရလဒ်ကြောင့် တောင်ခြေ၌ ဘေးပတ်ပတ်လည်မှ မြေသားများ ဖယ်ရှား သယ်ရွှေ့ထားသဖြင့် ကုန်းကလပ် တစ်ခုသဏ္ဌာန် ဖြစ်ပေါ်နေသည့် နေရာတွင် ထီးတည်း ကျန်ရှိနေသော စေတီနှင့် သိမ်ကျောင်းတွဲလျက်ကို လည်းကောင်း၊ ထိုနေရာ အထက် အောက်ခြေ မြေသားများ ဖြတ်တောက်ခံထားရသော တောင်စောင်းနှင့် တောင်ပေါ်တို့တွင် လောလောဆယ် ကျန်ရှိနေသေးသော စေတီငယ်များကို လည်းကောင်း၊ တောင်ခြေရှိ တူးဆွ စုပုံထားသော မြေသားများနှင့် ရောနှောနေသော ဆေးရေးပန်းချီကား အပိုင်း အစများနှင့် ဆွမ်းခံသပိတ်ဟောင်း အချို့ကိုလည်းကောင်း၊ အခြားသော ဗုဒ္ဓသာသနိက အဆောက်အအုံများ၊ ပစ္စည်းများကို လည်းကောင်း တွေရှိခဲ့ရသည်။

၃၈။ ဒုန်းတောကျေးရွာနေ အိမ်ဝင်းတစ်ခုအတွင်းရှိ အဝီစိတွင်း (ဝါ) ပြွန်စိုက်တွင်း တစ်ခု၌ အတောင် ၆ဝ အနက်မှ ရေစုပ်စက်ဖြင့် စုပ်တင်ယူထားသော မြေအောက်ရေကို လေ့လာကြည့်သောအခါ ထိုရေကို တိုက်ရိုက် သောက်သုံး၍ မရဘဲ ကွန်ကရစ် စည်ပိုင်းများဖြင့် နှစ်ဆင့်ခံပြီးမှသာ သုံးစွဲနိုင်ကြောင်း၊ ရေ၏ အရည်အသွေး အနေဖြင့်လည်း အရောင်၊ အနံ့၊ အရသာတို့မှာ ပုံမှန်မဟုတ်ဘဲ အနည်းငယ် ထူးခြားနေကြောင်းကို တွေ့ရှိခဲ့သည်။

၃၉။ ဒုန်းတော၊ ဂုဏ်တောနှင့် ရွာသာကျေးရွာများမှ ကျေးရွာလူထုနှင့် တွေ့ဆုံပြီး အပြန်အလှန် တင်ပြဆွေးနွေးခြင်းတို့ကို ပြုလုပ်ဆွေးနွေးကြရာတွင် လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း စီမံကိန်းကို ဆက်လက်လုပ်ဆောင်ခဲ့ပါက-

(က)ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ရရှိရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးရန်၊

(ခ) မြေယာသိမ်းဆည်း (ပျက်စီး) မှုကြောင့် ဖြစ်ပေါ်လာသော အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု ပြဿနာအား ဖြေရှင်းပေးရန်၊

(ဂ)ဆုံးရှုံးသွားသော သောက်သုံးရေနှင့် ရေအရင်းအမြစ် ရှားပါးမှု ပြဿနာအား အမြန်ဆုံး ပြန်လည် ဖြေရှင်းပေးရန်၊

(ဃ)အက်စစ်ပန်းခြင်း(နည်းပညာ)ကြောင့် ဖြစ်ပေါ်လာသော လူမှုပတ်ဝန်းကျင်၊ သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုးများအား စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးရန်၊

(င)ရေဆိုး ရေညစ်ထုတ်စနစ်အား စနစ်တကျ ဆောင်ရွက်ပေးရန်၊

(စ)ဓာတုဗေဒ ပစ္စည်းများ ယိုစိမ့်မှုနှင့် ရေဒီယိုဓာတ်ကြွ ပစ္စည်းများအား ပတ်ဝန်းကျင် မထိခိုက်အောင် စနစ်တကျ စီမံဆောင်ရွက်ပေးရန်၊

(ဆ)ကျေးရွာ (လူနေအိမ်ခြေ)နှင့် နီးလွန်းသော စွန့်ပစ်ကျောက်ပုံ၊ လယ်ယာမြေ နှင့် နီးလွန်းသော စွန့်ပစ်ကျောက်ပုံ အလွန်အမင်း မမြင့်မားစေရေး အတွက် အာမခံပေးရန်၊

(ဇ)အထက်ဖော်ပြပါ တင်ပြချက်များကို အကောင်အထည် ဖော်ပေးရန်နှင့် မည်ကဲ့သို့ အကောင်အထည်ဖော်မည်ကို ရှင်းလင်းဖြေကြားပေးရန်။

၄ဝ။ အခြားတစ်ဖက်တွင် အကယ်၍ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းကို ရပ်ဆိုင်းမည်ဆိုပါက-

(က)ဆုံးရှုံးသွားသော လယ်ယာမြေများအား ကုမ္ပဏီ (သို့မဟုတ်) နိုင်ငံတော် အစိုးရက နဂို မူလ စိုက်ပျိုးမြေများကဲ့သို့ စိုက်ပျိုးနိုင်သော မြေဖြစ်အောင် ဆောင်ရွက်ပေးရန်၊

(ခ)လက်ရှိဖြစ်ပေါ်နေသော သောက်သုံးရေ အခက်အခဲကို ဖြေရှင်းပေးရန်၊

(ဂ)ကျန်းမာရေးနှင့် ပတ်သက်၍ ကျန်ရှိသော ဓာတုဗေဒပစ္စည်းများနှင့် ကျန်းမာရေး ထိခိုက်နိုင်သော ကုမ္ပဏီသုံးပစ္စည်းများအား စနစ်တကျ ရှင်းလင်း ဖယ်ရှား ပေးရန်၊

(ဃ)သတ္ထုတူးဖော်ထားသော စံပယ်တောင်ကျင်း နေရာအား နဂိုမူလပုံစံကဲ့သို့ ပြုလုပ်ပေးရန်၊

(င)အထက်ဖော်ပြပါ တင်ပြချက်များကို အကောင်အထည်ဖော် ပေးရန်နှင့် မည်ကဲ့သို့ အကောင်အထည်ဖော်မည်ကို ရှင်းလင်းဖြေကြားပေးရန်။

၄၁။ ကျေးရွာလူထုအနေဖြင့် ပွင့်လင်းမြင်သာမှုကို အထူးအလေးထား တောင်းဆို ကြကြောင်း တွေ့ရှိခဲ့ရပါသည်။

၄၂။ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ကျော်ရွာ၊ တောင်ပလူရွာနှင့် အောင်ချမ်းစည်ရွာ၊ ဝါးတန်းကျေးရွာနှင့် တည်ပင်ကန် ကျေးရွာများမှ ဒေသခံ ကျေးရွာလူထုနှင့် တွေ့ဆုံခဲ့ရာတွင် ကျော်ရွာသည် လက်ပံတောင်း တောင် ကြေးနီစီမံကိန်းနှင့် အနီးကပ်ဆုံးတွင် ရှိသော ရွာဖြစ်သောကြောင့် ယင်းစီမံကိန်း ကို ရပ်ဆိုင်းစေလိုကြောင်း၊ မိုင်းခွဲဒဏ်ကြောင့် သီးနှံထွက်နှုန်း လျော့နည်းကျဆင်း သွားကြောင်း၊ မွေးမြူရေး လုပ်ငန်းအတွက် စားကျက်မြေ ရှားပါးလာကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရလျှင်လည်း ဤကုမ္ပဏီကို မကြိုက်ကြောင်း၊ အဓိက အနေဖြင့် မိမိတို့၏ ဘိုးဘွားပိုင်မြေ ကိုသာ လုပ်ကိုင်စားသောက်လိုကြောင်း၊ နိုင်ငံတော် စီမံကိန်း ဖြစ်၍ မဖြစ်မနေ လုပ်ရမည်ဆိုလျှင် မိသားစု၏ စားဝတ်နေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ရှာဖွေပေးစေလိုကြောင်း၊ မိသားစုတစ်စုမှ အလုပ်အကိုင် တစ်ဦးသာမက နှစ်ဦးအထိ ခန့်ထားပေးလျှင် ပိုမို၍ အဆင်ပြေမည် ဖြစ်ကြောင်း တင်ပြ တောင်းဆိုကြပါသည်။

၄၃။ အောင်ချမ်းစည်ရွာမှ ဒေသခံ ကျေးရွာလူထုနှင့် တွေ့ဆုံရာတွင် တောတောင်ကို အမှီပြု၍ နေထိုင်ရခြင်းကြောင့် တောင်ကို မပျက်စေလိုကြောင်း၊ လယ်ယာမြေများကို မသိမ်းစေလိုကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီနှင့် နိုင်ငံတော်၏ သဘောတူညီချက်များကို သိရှိလိုကြောင်း၊ သာသနိက အဆောက်အအုံနှင့် အထိမ်းအမှတ် နေရာများကို မပျက်စီး စေလိုကြောင်း၊ စီမံကိန်း မဖျက်သိမ်းဘဲ ဆက်လက်လုပ်ဆောင်ပါက သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ဆောင်ပေးစေလိုကြောင်းနှင့် သာသနိက အဆောက်အအုံ မပျက်စီး စေရန် ဆောင်ရွက်ပေးစေလိုကြောင်း၊ စီမံကိန်းကို ဖျက်သိမ်းမည် ဆိုပါက မြေယာပေါ် စွန့်ပစ်မြေများကို မည်သို့ ရှင်းလင်းပေးမည်ကို သိလိုကြောင်း၊ စေတီ၊ ပုထိုးတို့ကို မူလအတိုင်း ပြုပြင်ပေးရန်နှင့် သပိတ်စခန်းအား အကြမ်းဖက် ဖြိုခွင်းမှုကို စုံစမ်း ဖော်ထုတ် ပေးစေလိုကြောင်း တင်ပြတောင်းဆိုကြသည်ကို တွေ့ရှိခဲ့သည်။

၄၄။ ဝါးတန်းကျေးရွာနှင့် တည်ပင်ကျေးရွာများမှ ဒေသခံ ကျေးရွာလူထုနှင့် တွေ့ဆုံ ခဲ့ရာ၌ မိမိတို့ရွာသည် စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းများ၏ အက်စက်ဖျန်းသည့် မြေပုံများနှင့် တစ်မိုင်ခန့်သာ ကွာဝေးတော့ကြောင်း၊ ဆက်လက်ပြီး တိုးချဲ့လာလျှင် ရွာပျောက်မှာ စိုးရိမ်ကြောင်း၊ အက်စစ်ငွေ့ကြောင့် ကျွဲ၊ နွား၊ ဆိတ်တို့၏ အစာရေစာ ရှားပါးလာပြီး မျိုးပေါက်ပွားမှု လျော့နည်းလာကြောင်း၊ ဒေသခံကျေးရွာ လူထုမှာလည်း ကျန်းမာရေး ထိခိုက်နေရကြောင်း၊ ကျန်းမာရေး အခြေအနေမှာ ဆက်လက်ပြီး ဆိုးရွား လာနိုင်ကြောင်း၊ စီမံကိန်းကို ရပ်စေလိုကြောင်း၊ လက်ရှိ အနေအထားတွင် အက်စစ် ဖျန်းချိန်၌ တစ်ရွာလုံး မျက်စိစပ်ကြကြောင်း၊ သွပ်မိုးပေါက်ခြင်းနှင့် ရေမကောင်းခြင်းတို့ကို ကြည့်ရှုပေးစေလိုကြောင်း၊ ဒေသခံများကိုသာ ဦးစားပေး၍ အလုပ်ခန့်ထား စေလိုကြောင်း၊ မိသားစုတစ်စုတွင် တစ်ယောက် အလုပ်ရရုံနှင့် မလုံလောက်ကြောင်း၊ အလုပ်ခန့်လျှင် လည်း လိုအပ်သည့် အချိန်တွင်သာ ခေါ်သည့် နေ့စားဝန်ထမ်းမျိုး မလုပ်လိုကြောင်း တင်ပြ တောင်းဆိုကြသည်ကို တွေ့ရှိခဲ့သည်။

၄၅။ ဝက်မှေးကျေးရွာမှ ရွာသစ်ကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိ အခြေစိုက် နေထိုင် ကြသူများကို သွားရောက်တွေ့ဆုံပြီး ၎င်းတို့အတွက် တည်ဆောက်ပေးထားသော နေအိမ်၊ အဆောက်အအုံများကိုလည်း ကြည့်ရှု လေ့လာခဲ့ကြရာတွင် Type A, Type B, Type C နှင့် Type D ဟူ၍ အမျိုးအစား ၄ မျိုး ခွဲခြားထားသည်ကို တွေ့ရှိရသည်။ ယင်း နေအိမ်၊ အဆောက်အအုံများတွင် နေထိုင်လျက် ရှိနေသူများနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ကြရာ အချို့က ဝက်မှေးရွာဟောင်းမှ ဤရွာသစ်သို့ ပြောင်းရွှေ့လာရခြင်းကို ကျေနပ်နှစ်သက် ကြသူများ ဖြစ်ကြပြီး အချို့မှာမူ နှစ်သက်ကျေနပ်မှု မရှိကြောင်း တွေ့ရှိရသည်။ ရွာဟောင်းတွင် နေစဉ်က ရွာသစ်မှာထက် အခြေအနေ ပိုမို ကောင်းမွန်သော အဆောက်အအုံနှင့် နေထိုင်ခဲ့ဖူးသူများ (ငွေကြေးချောင်လည်သူများ) က ကျေနပ်မှု မရှိကြဘဲ ရွာဟောင်းတွင် နေစဉ်က တဲအိမ်ငယ်နှင့် နေထိုင်ခဲ့ရသူများ (စီးပွားရေး မပြေလည်သူများ) ကမူ ရွာသစ်တွင် သစ်သားအိမ်နှင့် နေထိုင်ရသည်ဖြစ်၍ နှစ်ခြိုက် သဘောကျကြောင်း တွေ့ရှိရသည်။ တူညီသော အချက်မှာ မြို့သစ်တည်ဆောက်ခွင့် ရသည့် ကန်ထရိုက်တာများ၊ ဆပ်ကန်ထရိုက်တာများသည် နေအိမ်၊ အဆောက်အအုံကို ဆောက်လုပ်စဉ်က အရည်အသွေး ညံ့ဖျင်းသော (သို့မဟုတ်) စံချိန်မမီသော သစ်နှင့် အခြား အိမ်ဆောက်ပစ္စည်းများကို သုံးစွဲခဲ့သည်ဟု အများစုက မျက်မြင်သက်သေ အထောက်အထားများဖြင့် တင်ပြသည်ကို တွေ့ရှိရသည်။ ရွာသစ်သို့ ပြောင်းရွှေ့မည် ဆိုပါက ကြေးနီစီမံကိန်းတွင် အနည်းဆုံး တစ်အိမ်ထောင် တစ်ယောက်နှုန်းဖြင့် အလုပ်ရမည်ဟု ကတိကဝတ်ပြုထားခဲ့သော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ကြောင်း တင်ပြသူများလည်း ရှိသည်ကို တွေ့ခဲ့ရသည်။

၄၆။ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီ တောင်းခံချက်အရ ဒေါက်တာတင်မျိုးဝင်းနှင့် Dr.Mark Hampson (Australian Embassy Medical Clinic) တို့နှစ်ဦးသည် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သိန်းနှင့်အတူ ကံကုန်းကျေးရွာရှိ သုခဝေဆေးခန်းတွင် အက်စစ်ထိ၍ ကျန်းမာရေး ထိခိုက်ကြောင်း သံသယရှိသည်ဟု ကလေးငယ်လေးဦး၏ ရောဂါဝေဒနာ အခြေအနေကို ပဏာမ စမ်းသပ် စစ်ဆေး ကြည့်ရှုကြရာ အက်စစ်ကြောင့်ဖြစ်သည့် ရောဂါလက္ခဏာများ မဟုတ်ဟု မှတ်ချက်ပြု ကြကြောင်း တွေ့ရှိခဲ့ရသည်။

၄၇။ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာ အနီးရှိ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊ မိုးကြိုး ဆာလ်ဖျူရစ် အက်စစ်စက်ရုံသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ စက်ရုံ ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထားခြင်း မရှိကြောင်း၊ ဦးပိုင်၏ စီးပွားရေး လုပ်ငန်း တစ်ခုအနေဖြင့် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက် လက်မှတ် (International Organization for Standardization: ISO Certificate) လည်း ရယူထားခြင်း မရှိကြောင်း၊ ကြေးနီမိုင်း၏ လိုအပ်ချက်ဖြစ်သော ၉၈ ရာခိုင်နှုန်း ဆာလ်ဖျူရစ် အက်စစ် နေ့စဉ် တန် ၅ဝ ထွက်ရှိကြောင်း၊ စက်ရုံစီမံကိန်းကို ၂ဝဝ၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉-၄-၂ဝဝ၇ ရက်နေ့တွင် စတင်လည်ပတ် ထုတ်လုပ် ခဲ့ကြောင်း၊ ခေါင်းတိုင်သည် မြေပြင်မှ ၁၃၁ ပေ မြင့်ပြီး စွန့်ထုတ်သော အငွေ့တွင် ဆာလ်ဖာဒိုင် အောက်ဆိုဒ် (SO2) ပါဝင်မှုကို 150 ppm (parts per million) ထက် မများစေရန် သတ်မှတ် ထိန်းချုပ် စွန့်ထုတ်ကြောင်း၊ ၂၄ နာရီ စဉ်ဆက်မပြတ် လည်ပတ်ရသည့် အန္တရာယ်ရှိသော ဓာတုဗေဒ ပစ္စည်းစက်ရုံ (Hazardous Plant) အတန်းအစားအဖြစ် နိုင်ငံတကာက သတ်မှတ်ထားကြောင်း စက်ရုံမှူး၏ ရှင်းလင်း တင်ပြချက် အရ သိရှိခဲ့ရသည်။

၄၈။ ဆိုရှယ်လစ် အစိုးရလက်ထက်တွင် သတ္တုတွင်း ဝန်ကြီးဌာနသည် ယူဂိုဆလပ် နိုင်ငံမှ နည်းပညာနှင့် စက်ပစ္စည်း ကိရိယာများ ဝယ်ယူပြီး စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်း စီမံကိန်း လုပ်ငန်းများကို တစ်နေ့တန် ၈ဝဝဝ ကျ စက်ရုံတစ်ရုံ တည်ဆောက်ကာ ၁၉၈၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ သတ္တုပါဝင်သည့် မြေသား တူးဖော်ခြင်း၊ ကြိတ်ခွဲခြင်းများ ပြုလုပ်ပြီးနောက် အမြုပ်ကပ် သန့်စင်သည့် နည်းစဉ် (Floatation Method) ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ နည်းပညာ မှားယွင်းခြင်း၊ ခေတ်မီမှု မရှိခြင်းတို့ကြောင့် သတ္တုရိုင်းအတွင်းရှိ ကြေးနီများအား ကုန်စင်အောင် ထုတ်ယူနိုင်မှု မရှိခဲ့ကြောင်း၊ ရင်းနှီး ကုန်ကျစရိတ်နှင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်း၊ ကြေးနီ သတ္တုစင် အဖြစ် မထွက်ရှိခြင်းတို့ကြောင့် အချိန်ကုန်၊ ငွေကုန် အကျိုးအမြတ် မရရှိသည့်အတွက် စီမံကိန်းအား ၁၉၉၈ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ကြောင်း တွေ့ရှိရသည်။

၄၉။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တပ်မတော်အစိုးရ) လက်ထက် ၁၉၉၈ ခုနှစ် နိုဝင်ဘာလတွင် သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၁) သတ္တုတွင်း လုပ်ငန်းနှင့် ကနေဒါနိုင်ငံ အိုင်ဗင်ဟိုး ကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာ-အိုင်ဗင်ဟိုး ကြေးနီ ကုမ္ပဏီ လီမိတက် (Myanmar Ivanhoe Company Copper Limited- MICCL) အမည်ဖြင့် ၅ဝ:၅ဝ အကျိုးတူ ဖက်စပ်စနစ် (Joint Venture Agreement) ဖြင့် စာချုပ်ချုပ်ဆို၍ စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်း စီမံကိန်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ဟင်းလင်းပွင့်စနစ် (Open Pit) ဖြင့် သတ္တုတူးဖော်ပြီး ထွက်ရှိလာသော သတ္တုရိုင်းများကို စုပုံ၍ ဆာလ်ဖျူရစ် အက်စစ်ပျော့ဖြင့် ပက်ဖျန်းကာ ထွက်ရှိလာသည့် ကော့ပါးဆာလဖိတ် အရည်များကို Electrolite နည်းစဉ်ဖြင့် ကြေးနီသတ္တုစင်များ (၉၉ ဒသမ ၉၉ ရာခိုင်နှုန်းထိ ပါဝင်) ထုတ်လုပ်သည့် စနစ်ဖြင့် ၂ဝ၁ဝ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

၅ဝ။ အမှတ် (၁)သတ္တုတွင်း လုပ်ငန်းနှင့် အိုင်ဗင်ဟို ကုမ္ပဏီထံမှ အစုရှယ်ယာများ လွှဲပြောင်း ဝယ်ယူပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (Myanmar Economic Holdings Limited - MEHL) နှင့် မြန်မာ-ယန်စီ ကော့ပါးလီမိတက် (Myanmar Yang Tse Copper Limited-MYTCL) တို့သည် ထုတ်လုပ်မှုအပေါ် အကျိုးအမြတ် ခွဲဝေခံစားသည့်စနစ် (Production Sharing Contract-PSC) ဖြင့် စာချုပ်ကို ၂ဝ၁ဝ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် စာချုပ်ချုပ် ဆိုပြီး စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်း စီမံကိန်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိခဲ့သည်။

၅၁။ စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်း စီမံကိန်း ဧရိယာသည် ၆၂၅၃ ဒဿမ ဝ၄ ဧကရှိပြီး သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ဖြင့် ဓာတ်သတ္တုအကြီးစား တူးဖော် ထုတ်လုပ်ခွင့် ရရှိထားကြောင်း၊ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလမှ စ၍ နှစ် ၃ဝ နှစ်ရှည် မြေငှားဂရန် ရရှိပြီး ဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၈-၃-၂ဝ၁၁ ရက်စွဲပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်အမှတ် (၄၆၁/၂ဝ၁၁) ကို ရရှိထားပြီး Yang Tse Copper Limited မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၃၉၆ ဒသမ ၃၇၇ သန်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

၅၂။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း ဧရိယာသည် ၇၈၆၇ ဒသမ ၇၈ ဧက ရှိပြီး သတ္တုတွင်း ဝန်ကြီးဌာန၏ ၅-၃-၂ဝ၁ဝ ရက်စွဲပါ ခွင့်ပြုမိန့်အမှတ် (ဝဝဝ၃/၂ဝ၁ဝ) ဖြင့် ဓာတ်သတ္တု အကြီးစား တူးဖော် ထုတ်လုပ်ခွင့် ရရှိထားကြောင်း၊ ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလမှ စ၍ နှစ် ၆ဝ မြေငှားဂရမ် ရရှိပြီးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၅-၅-၂ဝ၁ဝ ရက်စွဲပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ခွင့်ပြုမိန့်အမှတ် (၄၃၈/၂ဝ၁ဝ) ကို ရရှိထားပြီး Wanbao Mining Limited က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၉၉၇ သန်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း၊ ထုတ်လုပ်မှုအပေါ် အကျိုးအမြတ် ခွဲဝေခံစားသည့် စနစ် (Production Sharing Contract-PSC) ဖြင့် စာချုပ်ချုပ်ဆိုပြီး လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

၅၃။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာ ၄ ရွာ ဖြစ်သော ဝက်မှေး၊ ကံတော၊ ဆည်တည်းနှင့် ဇီးတောကျေးရွာများမှ ကျေးရွာသစ်သို့ ရွှေ့ပြောင်းပြီးစီးမှု အခြေအနေမှာ စုစုပေါင်း ရှိရင်း ၄၄၁ အိမ် အနက် ၂၁၈ အိမ် ရွှေ့ပြောင်းပြီး ၂၂၃ အိမ် ကျန်ရှိနေသေးကြောင်း၊ ရှိရင်း ဘုန်းတော်ကြီး ကျောင်း ၅ ကျောင်း အနက် ၃ ကျောင်း ရွှေ့ပြောင်းပြီး ၂ ကျောင်း ကျန်နေသေးကြာင်း တွေ့ရှိခဲ့ရသည်။

၅၄။ ၂ဝဝ၁ ခုနှစ်၊ လန-၃၉ အရ လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း စီမံကိန်း နယ်မြေတွင် သိမ်းဆည်းမြေ ဧရိယာ စုစုပေါင်း ၇၈၆၇ ဒသမ ၇၈ ဧကအနက် လယ်ယာ စိုက်ပျိုးမြေ ၅ဝ၅၇ ဒသမ ဝဝ ဧကရှိကြောင်း တွေ့ရှိရပါသည်။ ၅-၄-၂ဝ၁၁ ရက်နေ့မှ ၂၅-၇-၂ဝ၁၂ ရက်နေ့အထိ မြေလျော်ကြေး ပေးပြီးသော ဧရိယာမှာ ဦးပိုင် မပေါက်သော်လည်း စိုက်ပျိုးထားမြေ ၁၇၂၇ ဧက အပါအဝင် ၆၇၈၄ ဧကရှိကြောင်း တွေ့ရှိခဲ့ရသည်။

၅၅။ ကျေးရွာသစ်သို့ ပြောင်းရွှေ့သူများအား Wanbao Mining Limited က ကျေးရွာဟောင်းတွင် နေထိုင်ခဲ့သော နေအိမ် အမျိုးအစားအလိုက် အဆောက်အအုံ၏ တစ်စတုရန်းပေ နှုန်းထားဖြင့် တွက်ချက်ထားသော အဆောက်အအုံ ပျက်စီးမှု နစ်နာကြေး များကို (အနည်းဆုံး ၃၅ဝဝဝ ကျပ်မှ အများဆုံးကျပ် ၁ဝ သိန်းအထိ) ထောက်ပံ့ပေးခြင်း၊ ကျေးရွာသစ်ရှိ နေအိမ်များတွင် လိုအပ်ချက်များ ရှိပါက စိတ်တိုင်းကျ ပြင်ဆင် ထိန်းသိမ်းနိုင်ရန် အိမ်အမျိုးအစား အလိုက် A-Type ၁ဝ သိန်း၊ B-Type ၈ သိန်း၊ C-Type ၆ သိန်းနှင့် D-Type ၄ သိန်း နှုန်းများဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ အခြား လိုအပ်ချက်များ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရသည်။

၅၆။ စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီသတ္တုတွင်း၏ လုပ်သားအင်အားမှာ နိုင်ငံခြားသား ပညာရှင် ၆ ဦး၊ မြန်မာဝန်ထမ်း ၁၄၃၉ ဦးဖြစ်ပြီး လက်ပံတောင်းတောင် သတ္တုတွင်း လုပ်သားအင်အားမှာ နိုင်ငံခြားသား ပညာရှင် ၁၆၉ ဦးနှင့် မြန်မာဝန်ထမ်း ၆၆ဝ ဦး ဖြစ်ကြောင်း၊ အသစ်ခန့်ထားမည့် အင်ဂျင်နီယာဘွဲ့ရများနှင့် အခြားဘွဲ့ရ မြန်မာ ဝန်ထမ်းများ ၁၂၈ ဦးအား ၂၄-၉-၂ဝ၁၂ မှ စတင်၍ လုပ်ငန်းခွင် အခြေခံ ၉ လ သင်တန်း သင်ကြား ပို့ချလျက်ရှိပြီး သင်တန်းကာလအတွင်း အဆောင်၌ နေထိုင်စေပြီး စားသောက် စရိတ်နှင့် အထွေထွေ စရိတ်အတွက် တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်း ထောက်ပံ့ ပေးကြောင်း၊ ရွှေ့ပြောင်းခံရသော ကျေးရွာ ၄ ရွာ နှင့် စီမံကိန်း အနီး ပတ်ဝန်းကျင် ကျေးရွာများမှ ရွာသူရွာသားများအား စီမံကိန်း ဝန်ထမ်းအဖြစ် ခန့်ထားပေးပြီး လုပ်ငန်းခွင် လက်တွေ့ သင်ကြားပေးခြင်း ဆောင်ရွက်လျက် ရှိကြောင်း၊ လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်းသည် သတ္တုတွင်း ထူထောင်မှု ကာလဖြစ်ပြီး တည်ဆောက်မှု လုပ်ငန်းများ ဆောင်ရွက်နေရ၍ နိုင်ငံခြားသား ပညာရှင်ဦးရေ များပြားနေခြင်း ဖြစ်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်း စတင်သည်နှင့် မြန်မာဝန်ထမ်းများ အစားထိုး၍ နိုင်ငံခြားသား အင်အားအနည်းဆုံးဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

၅၇။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် Myanmar Economic Holdings Limited- MEHL နှင့် Myanmar Wanbao Mining Copper Limited-MWMCL တို့က အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခြင်း၊ တောင်ကြားကျောင်းတိုက် ပဋ္ဌာန်းသိမ်း အောင်ပွဲ အခမ်းအနား ကျင်းပခြင်း၊ ရေဘေးသင့် ဒေသခံများအတွက် အလှူငွေ ပေးအပ်ခြင်း၊ ဝက်မှေး-ကံတော ကျေးရွာသစ်တွင် ကျောင်းသုံး စာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံး ဗီရိုများ လှူဒါန်းခြင်း၊ ရွာသာရွာ၊ ယမားချောင်း တာပေါင် ပြုပြင် ဆောင်ရွက်ပေးခြင်း၊ ရွာသာ-ရွှေပန်းခိုင်လမ်း ဆောက်လုပ်ပေးခြင်း၊ သာယာကုန်းရွာ တံတား၊ မိုးကြိုးပြင်ရွာ ဆည် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ဖောင်းကားရွာ ဆည် ပြုပြင်ပေးခြင်း၊ လက်ပံတောင်း ကျေးရွာရှိ ဆေးပေးခန်းနှင့် စာကြည့်တိုက်ရှေ့ မြေနေရာအား စက်ယန္တရားများဖြင့် ပြုပြင်ကူညီပေးခြင်းနှင့် ၂ဝ၁၁ ခုနှစ်အတွင်း မိုးရွာသွန်းမှုကြောင့် ကျိုးပေါက်သွားသော ဆားလင်းကြီးမြို့လယ်ရှိ အများသုံး ရေကန်ကြီး ပြန်လည် ပြုပြင်မှုအား စက်ယန္တရားများဖြင့် ကူညီဆောင်ရွက်ပေးခြင်း၊ ကံကုန်းကျေးရွာတွင် သောက်သုံးရေအတွက် အဝီစိတွင်းနှင့် အုတ်ရေကန် တူးဖော်လှူဒါန်းခြင်း၊ သောက်ရေအတွက် ရေသန့်စက် လှူဒါန်းခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

၅၈။ ကြေးနီထုတ်လုပ်မှု စွမ်းရည်အနေဖြင့် စံပယ်တောင်၊ စံပယ်တောင်(တောင်)နှင့် ကြေးစင်တောင် ကြေးနီသတ္ထုတွင်း တို့မှ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တစ်နှစ်လျှင် တန်ချိန် ၂၅ဝဝဝ နှင့် ၂ဝ၁၅ ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် တန်ချိန် ၃၉ဝဝဝ ထုတ်လုပ်ရန်ကို လည်းကောင်း၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းမှ တစ်နှစ်လျှင် တန်ချိန် ၁ဝဝဝဝဝ ထုတ်လုပ်ရန်ကို လည်းကောင်း ရည်မှန်းထားကြောင်း သိရှိခဲ့ရသည်။

၅၉။ စံပယ်တောင်၊ စံပယ်တောင်(တောင်)မှ ကြေးနီသတ္တုစင် ထုတ်လုပ်မှုမှာ မြန်မာ-အိုင်ဗင်ဟို ကြေးနီ ကုမ္ပဏီလီမိတက် (Myanmar Ivanhoe Copper CompanyLimited - MICCL) ၏ ထုတ်လုပ်မှု လုပ်ငန်းများကို (Cut-off Date) အဖြစ် သတ်မှတ်ထားသည့် ၃၁-၁၂-၂၀၁၀ ရက်နေ့ နောက်ပိုင်းတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် Myanmar Economic Holdings Limited- MEHL နှင့် (Wanbao Mining Limited) ၏ ကုမ္ပဏီခွဲ ဖြစ်သော (Myanmar Yang Tse Copper Co., Ltd.) တို့က တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း၊ ထုတ်လုပ်မှုအတွက် အဓိက လိုအပ်လျက်ရှိသည့် (Diluent,HSD, Sulphuric Acid) နှင့် (Explosive) များကို အမြန် ဖြည့်ဆည်း ဆောင်ရွက်ပြီး ထုတ်လုပ်မှု လုပ်ငန်းများ စတင်ခဲ့ရာ ၅-၂-၂ဝ၁၁ ရက်နေ့မှ စတင်ပြီး ကြေးနီသတ္တုစင်( Cathode Copper) များ စတင်ထွက်ရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလကုန်အထိ စုစုပေါင်း (Cathode Copper) ၂၂၁၇၄ ဒဿမ ၁၁ တန် ထုတ်လုပ်ပြီး ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

၆ဝ။ ကြေးနီသတ္တုစင် ထုတ်လုပ်မှုဖြစ်စဉ် (Production Process) ကို လက်တွေ့ ကွင်းဆင်း လေ့လာ ကြည့်ရှုရာတွင် ( Mining ) ၊ ( Crushing)၊ ( Screening ) ၊ ( Heap Leaching )၊ ( Solvent Extraction )၊ (Electro - wining) စသည့် လုပ်ငန်းအဆင့်ဆင့် ပါဝင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ပြင် ကြေးနီသတ္တုစင် ထုတ်လုပ်မှု ဖြစ်စဉ်တွင် အသုံးပြုရသော ကုန်ကြမ်းပစ္စည်း အမျိုးမျိုး (ရေနှင့် မြေကျောက်၊ အစိုင်အခဲ စသည်) တို့မှာ ထုတ်လုပ်မှု ဖြစ်စဉ်စနစ် (Production Process System ) အတွင်းမှ အပြင်သို့ စွန့်ထုတ်ပစ်ရန် မလိုဘဲ ဤစနစ်အတွင်းမှာပင် အဖန်တလဲလဲ ပြန်လည် အသုံးပြုနိုင်သော (Zero Discharge Process ) ဖြစ်ကြောင်း တွေ့ရှိရသည်။

၆၁။ မိုင်းမြို့ (Mine Town) (လုပ်သားမြို့) ရှိ ပြည်သူ့ဆေးရုံသည် ခုတင် ၂၅ လုံးဆံ ဆေးရုံတစ်ရုံ ဖြစ်ပြီး အထွေထွေရောဂါကု ဆရာဝန် ၄ ဦး၊ သွားဆရာဝန် ၁ ဦး၊ သူနာပြု ဆရာမ ၆ ဦး၊ သူနာပြုအကူ ၅ ဦးနှင့် အထွေထွေအကူ ၃ ဦးဖြင့် ကြေးနီသတ္တုတွင်း စီမံကိန်း ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား ၂၄ နာရီ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက် ရှိကြောင်း၊ ယခုအခါ ၂၁-၅-၂ဝ၁၂ ရက်နေ့မှစ၍ နေ့စဉ် (Mobile Medical Team) တစ်ခုဖြင့် လှည့်လည်၍ အနီးပတ်ဝန်းကျင် ကျေးရွာများ ၂၈ ရွာမှ လူနာများကိုပါ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း တွေ့ရှိရသည်။ ဒေသခံ ရွာသူ ရွာသားများက ထို့ထက်ပိုမို၍ ထိရောက်သော အကူအညီများ ပေးစေလိုကြောင်း ကိုလည်း တွေ့ရှိရသည်။

၆၂။ ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ ဒုန်းတောရွာနှင့် လေးညှင်းတောင် ဘုန်းတော်ကြီး ကျောင်းအကြား၊ (မိုင်တိုင်အမှတ် (၄၄၆/၂) မှ (၄၄၆/၇) အထိ) တွင်ရှိသော ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်ခန့် အတွင်း စွန့်ပစ်ခဲ့သည့် စွန့်ပစ်မြေများကို ဒေသခံများက ဒေသန္တရ နည်းဖြင့် ဒုတ္ထာ/ကြေးနီချက်လုပ်ပြီး ကျန်ရှိနေသည့် ညစ်နွမ်းမြေသား များကို အရုပ်ဆိုး အကျည်းတန်စွာ တွေ့ရှိခဲ့ရသည်။ ထို့အပြင် ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ ကံကုန်းကျေးရွာ အတွင်းနှင့် အနီး ပတ်ဝန်းကျင်တွင်လည်း ယခင် ၁၉၈၄ ခုနှစ် ၁၉၉၇ ခုနှစ်ခန့် အတွင်း စွန့်ပစ်ခဲ့သည့် စွန့်ပစ်မြေများကို ဒေသန္တရ နည်းဖြင့် ဒုတ္ထာ/ကြေးနီ ချက်လုပ်မှုကြောင့် မြေသားများ ညစ်နွမ်းပြီး မြေအောက်သို့ စိမ့်ဝင်မှုကြောင့် သောက်သုံးရေ မသန့်ရှင်းမှုများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့သည်။

၆၃။ မုံရွာ ကြေးနီစီမံကိန်း၏ ပထမအဆင့်ဖြစ်သည့် စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းတွင် ပေါင်းစပ်စီမံခန့်ခွဲမှု စနစ် (Integrated Management System) ကို အရည်အသွေး မြင့်မားရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်မှုများတွင် အခြေခံမူဝါဒအဖြစ် ကျင့်သုံးကြောင်း၊ ၂ဝဝ၃ ခုနှစ်မှစ၍ စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းသည် အပြည်ပြည်ဆိုင်ရာ လက်မှတ် ၃ စောင်ဖြစ်သော ISO 14001 : 2004 (သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စီမံခန့်ခွဲခြင်းဆိုင်ရာ လက်မှတ်) ISO 9001:2008 (ထုတ်လုပ်မှု စီမံခန့်ခွဲခြင်း ဆိုင်ရာ လက်မှတ်) OHSAS 18001:2007 (လုပ်ငန်းခွင် ဘေးကင်း လုံခြုံမှုနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ လက်မှတ်) တို့ကို ရရှိထိန်းသိမ်းထားနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

၆၄။ မုံရွာ ကြေးနီစီမံကိန်း၏ ဒုတိယအဆင့် ဖြစ်သည့် လက်ပံတောင်းတောင် စီမံကိန်းတွင်လည်း စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းမှာကဲ့သို့ပင် ဟင်းလင်းပွင့် (Open Pit ) သတ္တုတူးဖော်ရေးလုပ်ငန်း၊ အက်စစ်ပါဝင်သော အရည်ဖျန်း၍ ဒုတ္ထာရည် ထုတ်လုပ်ငန်း၊ အော်ဂဲနစ် အရည်ဖြင့် ဒုတ္ထာအရည်အသွေး မြှင့်တင်ခြင်းလုပ်ငန်းနှင့် လျှပ်စစ်သုံး သန့်စင်နည်းစဉ်ဖြင့် ကက်သုတ်ကြေးနီ ထုတ်လုပ်ခြင်းလုပ်ငန်းများ ပါဝင်မည် ဖြစ်ကြောင်း၊ ထို့အပြင် လက်ပံတောင်းတောင် စီမံကိန်းတွင် အပြည်ပြည်ဆိုင်ရာ စံနှုန်းများကို အခြေခံသည့် စနစ်ကိုလည်း အလားတူ ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

၆၅။ ၁၉၉၆ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ Coffey Partners International Pty.Limited) က လက်ပံတောင်းတောင် ရေစီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင် စောင့်ကြည့် လေ့လာမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် လက်ပံတောင်းတောင် စီမံကိန်းအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လှုမှုဘဝ အကဲဖြတ်မှု၊ Environmental and Social Impact Assessment-ESIA) စာတမ်းကို ၁၉၉၇ ခုနှစ်ကပင် ဩစတြေးလျနိုင်ငံ (MINPROC Engineers Limited) က အကြိုဖြစ်နိုင်စွမ်း လေ့လာမှု အစီရင်ခံစာ (Pre-feasibility Study Report) နှင့်ဖြစ်နိုင်စွမ်း လေ့လာမှု အစီရင်ခံစာ (Feasibility Study Report) ၌ ရေးသား ထည့်သွင်းခဲ့ကြောင်း၊ ၂ဝဝ၃-၂ဝဝ၄ ခုနှစ်များတွင်လည်း လက်ပံတောင်းတောင် ကြေးနီစံမံကိန်းအတွက် (Base Line Study on the Flora) နှင့် (Base Line Study on Fish, Birds & Mammals Report) တို့ကို ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ စစ်တမ်း ကောက်ယူ ပြုစုတင်ပြပြီး ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

၆၆။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလတွင် Environmental Myanmar Cooperative Company Limited ( EMC) က Base Line and Monitoring Survey on Flora and Fauna of Letpadaung Copper Project Mine Area ကိုလည်း စစ်တမ်းကောက်ယူခဲ့ပြီး ဖြစ်ကြောင်း၊ Re-assessment of EIA & SIA တို့ကို ကုမ္ပဏီ ၃ ခုဖြင့်ဆောင်ရွက်ပြီး Integrated Management System (IMS)၊ Integrated Management Procedures ( IMPs)၊ Environmental Control Procedures (ECPs)၊ Safety Procedures၊ Environment Aspect Register နှင့် Standard Operating Procedures (SOPs) စသော လုပ်ငန်းများကို ပြဋ္ဌာန်းပြီး အသေးစိတ် စီမံဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။

၆၇။ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် (Myanmar Economic Holdings Limited- MEHL) သည် စုံစမ်းစစ်ဆေးရေး ကော်မရှင်အား ဦးပိုင်လီမိတက်နှင့် ဝမ်ပေါင် ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို တင်ပြခဲ့ပါသည်။ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် ဦးပိုင် ဥက္ကဋ္ဌ ခေါင်းဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံရာတွင် ဦးပိုင်လီမိတက်ဘက်မှ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းအား ဦးပိုင် လီမိတက်သို့ သတ္တုတွင်းဝန်ကြီးဌာနက ထုတ်လုပ်ခွင့် ပါမစ် ထုတ်ပေးခဲ့ကြောင်း၊ ဦးပိုင် လီမိတက်သည် ဝမ်ပေါင် ကုမ္ပဏီနှင့် ထုတ်လုပ်မှု ခွဲဝေသည့် (Production Sharing Contract) စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်၊ ကုန်သွယ်မှု ဝါဒကောင်စီ၏ ခွင့်ပြုမိန့်၊ အစိုးရအဖွဲ့တို့၏ ခွင့်ပြုမိန့်တို့ကို ရယူခဲ့ကြောင်း ရှင်းပြခဲ့ပါသည်။ ထိုကဲ့သို့ သဘောတူညီချက်များ ရယူထားသော်လည်း နိုင်ငံခြား ကုမ္ပဏီနှင့် သတ္တုတွင်း လုပ်ငန်း လုပ်ကိုင်ခြင်းဖြစ်ရာ ထိုသို့ လုပ်ကိုင်ရန်အတွက် ခွင့်ပြုသည့် အမိန့်ကြော်ငြာစာ (Notification) ကိုမူ ထုတ်ပြန်ထားခြင်း မရှိကြောင်းကို တွေ့ရှိရပါသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အတိုင်ပင်ခံ ပညာရှင် ၂ ဦး တို့က နိုင်ငံတော်၏ အကျိုးစီးပွား၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၏ ရေရှည် အကျိုးအတွက် ဦးပိုင် လီမိတက်နှင့် ဝမ်ပေါင်တို့ ချုပ်ဆိုထားသော စာချုပ်တွင် ပြင်ဆင်သင့်သည့် အချက်အလက် တို့ကို အကြံပြုခဲ့ကြပါသည်။ ဦးပိုင်လီမိတက်သည် ကန်ထရိုက်စာချုပ်ကို ပြင်ဆင်ခွင့် ရှိကြောင်းနှင့် ထိုသို့ ပြင်ဆင်သည့်အခါ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်များကို ထည့်သွင်းပြင်ဆင်မည် ဖြစ်ကြောင်းဖြင့် ကော်မရှင်အား ပြောကြား ခဲ့ပါသည်။

၆၈။ ကော်မရှင်၏ ဒေသခံအဖွဲ့ဝင်တို့က ယင်းမာပင်မြို့နယ်၊ ရေကြည်ပြင်ရွာမှ အမျိုးသမီးကြီး တစ်ဦး ၂-၂-၂ဝ၁၃ ရက်နေ့တွင် ကျောက်မိုင်း ခွဲမှုကြောင့် အုတ်ရေကန် ပြိုကျ၍ ဒဏ်ရာရရှိသည်ဟု ကော်မရှင်အား သတင်းပို့ခဲ့ရာ ကော်မရှင် အဖွဲ့ဝင် နှစ်ဦးသည် ၆-၂-၂ဝ၁၃ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါသည်။

(က)အမျိုးသမီးကြီးသည် အုတ်ကန်ပြိုကျသဖြင့် ပွန်းပဲ့ဒဏ်ရာများ ရရှိပြီး မုံရွာ ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည်ကို တွေ့ရှိရပါသည်။ ပြည်သူ့ဆေးရုံက လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများကို ပြုလုပ်ပေးခဲ့ပါသည်။

(ခ)ပြိုကျသည့် အုတ်ရေကန်ကို စစ်ဆေးကြည့်ရာ အုတ်ရေကန်မှာ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆောက်လုပ်ခဲ့ပြီး လက်ရာမှာ သတ်မှတ် အရည်အသွေး မမီကြောင်း၊ အုတ်ရေကန်မှာ မြေတုန်ခါမှု (Vibration) လားရာ ဘက်သို့ ဆန့်ကျင်၍ ပြိုကျခဲ့သည်ကို တွေ့ရှိရပါသည်။ ရွာအတွင်းရှိ အခြား ရေကန်များမှာမူ ထိခိုက်ပျက်စီးမှု မရှိကြောင်း တွေ့ရှိရပါသည်။ ကော်မရှင် အဖွဲ့ဝင်များသည် မြန်မာ-ယန်စီကော့ပါး ကုမ္ပဏီက ကြေးစင်တောင်နှင့် စံပယ်တောင်တို့တွင် စမ်းသပ် ကျောက်မိုင်းခွဲမှုများကို မျက်မြင်ကြည့်ရှုခဲ့ရာ များစွာ ကျယ်လောင်သော အသံများ မကြားရဘဲ တုန်ခါမှု မရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ပတ်ဝန်းကျင်သို့ ဆက်လက် လေ့လာခဲ့ရာ ရေပုပ်ကျေးရွာရှိ ဘုရားများအား ပျက်စီးမှု ရှိ/မရှိ လှည့်လည်ကြည့်ရှု ဖူးမြော်ပြီး၊ ဆရာတော် ဦးသီလနန္ဒ၏ မိန့်ကြားချက်အရ ယခင်နှစ်က ငလျင်ဒဏ်ကြောင့် ဘုရားစေတီ အချို့ ကွဲအက်ခဲ့ကြောင်း၊ ကျောက်မိုင်း ခွဲမှုကြောင့် အသံကျယ်ပြီး မြေတုန်ခါမှု အနည်းငယ်သာ ရှိကြောင်း သိရှိရပါသည်။

(ဂ)အမျိုးသမီး၏ ဒဏ်ရာရရှိမှုသည် ကျောက်မိုင်းခွဲမှုနှင့် ဆက်စပ်မှု မရှိသော်လည်း မြန်မာ-ယန်စီ ကော့ပါး ကုမ္ပဏီက စေတနာအလျောက် ဆေးကုသ ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။

မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့အား တာဝန်ပေးအပ်ခြင်း[ပြင်ဆင်ရန်]

၆၉။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ကွင်းဆင်းလေ့လာချက်များမှာ ပဏာမ စုံစမ်း စစ်ဆေးမှုများ ဖြစ်သဖြင့် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနှင့် စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုဘဝ အကျိုးသက်ရောက်မှုတို့ကို အကဲဖြတ်နိုင်ရန် အတွက် မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအား တာဝန်ပေးအပ်ခဲ့ရာ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံသည် အောက်ပါဘာသာရပ် ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့ဖြင့် လုပ်ငန်းများကို ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါသည်-

(က)Ecology Expert ၁ ဦး

(ခ)Natural Hazard and Environmental Management ၁ ဦး

(ဂ)Project Development Analyst Expert ၁ ဦး

(ဃ)Health, Safety and Environment Consultant ၁ ဦး

(င)Environmental Engineering Consultant ၁ ဦး

(စ)Soil and Water Expert ၁ ဦး

(ဆ)Environmental Mapping Expert ၁ ဦး

(ဇ)Social Impact Assessment Expert ၂ ဦး

( ဈ )Air Quality Expert ၁ ဦး

(ည)EIA Consultant ၁ ဦး

(ဋ)Cultural Expert ၁ ဦး

မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအဖွဲ့၏ လေ့လာ တွေ့ရှိချက်များ

၇ဝ။ မြန်မာ့ ပတ်ဝန်းကျင် သိပ္ပံအဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၃ဝ ရက်နေ့အထိ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီသတ္တုတွင်း စီမံကိန်း လုပ်ဆောင်နေမှုကို လည်းကောင်း သွားရောက်၍ လက်တွေ့ ကွင်းဆင်းလေ့လာခဲ့ပါသည်။ ကွင်းဆင်း လေ့လာချက်များအရ အောက်ပါတို့ကို တွေ့ရှိခဲ့ရပါသည်-

(က)ဂေဟစနစ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသတွင်ရှိသည့် သစ်ပင်များအနက် သစ်ပင်အမျိုးအစား (Plant species) တွင် မျိုးတုံးမည့် အမျိုးအစား မတွေ့ရကြောင်း၊ စီမံကိန်း ဧရိယာသည် ချင်းတွင်းမြစ် အနီး တည်ရှိကြောင်း၊ မြစ်ရေလျှံသည့်အခါ ကြေးနီမိုင်း အနီးအထိ ရောက်ရှိကြောင်း၊ ချင်းတွင်းမြစ်ရေ၏ နမူနာကို စစ်ဆေးခဲ့ရာတွင် နိုင်ငံတကာ စံချိန်စံနှုန်း အတွင်းရှိကြောင်း၊ မြေအောက်ရေ (Ground Water) ကို စစ်ဆေးရာတွင် မြေအောက်ရေသည် သောက်သုံးရန် မသင့်လျော်သည်ကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာက သတ်မှတ်ထားသော သောက်သုံးရေ စံနှုန်းထက် နိမ့်ကျသည် ကို တွေ့ရှိရကြောင်း၊

(ခ )လေထုညစ်ညမ်းမှု အခြေအနေ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေ ဝန်းကျင်တွင် ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စံချိန်စံညွှန်းများထက် ပိုမိုနေသည်ကို တွေ့ရှိရပါသည်။ လေထုနှင့် ပတ်သက်သည့် အခြားအင်္ဂါရပ်များ ဖြစ်သော CO2, VOC,NO2, and SO2 တို့ ပါဝင်မှုမှာမူ သတ်မှတ်ထားသော စံချိန်စံညွှန်း အတွင်း ကောင်းမွန်သည့် အခြေအနေ ရှိသည်ကို တွေ့ရှိရပါသည်။

(ဂ)လက်ပံတောင်းတောင် စီမံကိန်းအပေါ် လူမှုဝန်းကျင် ရှုထောင့်မှ ဆန်းစစ်ချက်။ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအဖွဲ့သည် ၂၅-၁၂-၂ဝ၁၂ မှ ကွင်းဆင်း လေ့လာပြီး စံပယ်တောင်၊ ကြေးစင်တောင်နှင့် လက်ပံတောင်းတောင် တို့၏ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး၊ ကျန်းမာရေး ဆောင်ရွက်မှု အခြေအနေများကို လေ့လာခြင်း၊ ရွာသားများအား စီမံကိန်းနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း၊ လယ်ယာမြေ လျော်ကြေးကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံ မေးမြန်းခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထိုသို့ လေ့လာရာတွင် ပြောင်းရွှေ့မည့် ကျေးရွာသစ်ကို တည်ဆောက်ပေးခြင်း၊ မူလတန်းကျောင်း၊ စာကြည့်တိုက်၊ ဆက်သွယ်ရေး စခန်းနှင့် မီးသတ်စခန်းများ ထားရှိပေးခြင်း၊ ရေ၊ မီး ရရှိရန် ဆောင်ရွက်ပေးခြင်း၊ ဘုန်းတော်ကြီး ကျောင်းများ တည်ဆောက်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးကြောင်း တွေ့ရှိရပါသည်။ အိမ်များကို တည်ဆောက်ပေးရာတွင် အရည်အသွေး ညံ့သဖြင့် အိမ်အမျိုးအစား အလိုက် လျော်ကြေး ၄ သိန်းမှ ၁ဝ သိန်းအထိ ထပ်မံပေးအပ်သည်ကိုလည်း တွေ့ရရှိပါသည်။ မြေယာ/သီးနှံ လျော်ကြေး အဖြစ် တစ်ဧကလျှင် ၅၂ဝဝဝဝ ကျပ်မှ ၅၅ဝဝဝဝ ကျပ်အထိ လည်းကောင်း၊ ထန်းတစ်ပင်နှင့် သနပ်ခါး တစ်ပင်လျှင် ၁ဝဝဝဝ ကျပ်၊ သရက်တစ်ပင်လျှင် ၁၆ဝဝဝ ကျပ်နှုန်းဖြင့် လည်းကောင်း လျော်ကြေး ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။

(ဃ)ကွင်းဆင်းအဖွဲ့အနေဖြင့် အောက်ပါ အားနည်းချက်များကို တွေ့ရှိ ခဲ့ရပါသည်-

(၁)ရွာသစ်များကို စံပြကျေးရွာ အဆင့်မီ တည်ဆောက်ထားမှု မရှိခြင်း၊

(၂)လျော်ကြေးကိစ္စတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊

(၃)သတင်းအချက်အလက်ရရှိရန် အခွင့်အလမ်း အားနည်းသော ရွာသူရွာသားများအား စီမံကိန်းနှင့် ပတ်သက်သည့် သိကောင်း စရာများကို ခေါ်ယူဆွေးနွေး ရှင်းလင်းပြသမှု မရှိခြင်း၊

(၄)လျော်ကြေးပေးမည့် ဆင့်ခေါ်ကြော်ငြာစာများတွင် မြေယာ/သီးနှံ လျော်ကြေးများဟု ရေးထားပြီး လျော်ကြေးရရှိကြောင်း လက်ဗွေ (သို့မဟုတ်) လက်မှတ်ထိုးရသော ဝန်ခံချက် စာရွက်တွင်မူ လျော်ကြေးငွေ ရရှိကြောင်းနှင့် မြေယာ စွန့်လွှတ်ကြောင်း ဝန်ခံချက်ဟု တွေ့ရခြင်း၊

(၅)မြေယာ/သီးနှံ လျော်ကြေးပေးရာတွင် ယာမြေဖြင့် အသက် မွေးဝမ်းကျောင်း နေရသော ကျေးလက်နေ ရွာသူ/ရွာသား များအား ကာလတန်ဖိုး (Market Value) ဖြင့် လျော်ကြေးပေးမှု မရှိခြင်း၊

(၆)လက်ပံတောင်းတောင်စီမံကိန်းတွင် လူမှုရေး အကျိုးသက်ရောက်မှု အဆင့်မီ အကဲဖြတ်ခြင်း (Social Impact Assessment- SIA) ဆောင်ရွက်ထားမှု မရှိခြင်းတို့ကို တွေ့ရှိရပါသည်။

(င)လယ်တီ ဆရာတော်ဘုရားကြီး လက်ပံတောင်းတောင်တွင် သတင်းသုံးခဲ့မှု ဆိုင်ရာ တွေ့ရှိချက်များနှင့် အခြားယဉ်ကျေးမှု ဆိုင်ရာ အထောက်အထားများ။ လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ ကြေးနီစီမံကိန်း ပြုလုပ်မည့် နေရာသည် ပထမ လယ်တီဆရာတော် ဘုရားကြီး သီတင်းသုံးခဲ့သည့် နေရာ ဖြစ်ကြောင်း၊ လက်ပံတောင်းတောင်ကြား တောရကျောင်းရှိ စေတီသိမ်နှင့် ဂန္ဓကုဋိအဆောက်အအုံ တို့သည် ပထမ လယ်တီဆရာတော် ဘုရားကြီး တည်ထားသည့် အဆောက်အအုံတို့ ဖြစ်ကြောင်း၊ ထိုအဆောက်အအုံ တို့ကို နေရာမပျက် ထားရှိသင့်သည်ဟု တောင်းဆိုချက်များ ရှိနေပါသည်။ ထိုအချက် အလက်နှင့် ပတ်သက်၍ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံမှ ကျွမ်းကျင်သူတို့ လေ့လာ စိစစ်ခဲ့ရာတွင် အောက်ပါအတိုင်း တွေ့ရှိခဲ့ရပါသည်-

(၁)အစောဆုံး တွေ့ရသော မှတ်တမ်းများအရ လယ်တီ ဆရာတော်ကြီး သည် မြန်မာသက္ကရာဇ် ၁၂၆၅ ခုနှစ် (ခရစ်သက္ကရာဇ် ၁၉ဝ၃ ခုနှစ်) တွင် လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်း ဆောက်လုပ်၍ သီတင်းသုံးကာ တစ်ဝါ ဆိုတော်မူခဲ့ကြောင်း၊

(၂)မှတ်တမ်းအရ လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်း ဟုသာ ဖြော်ပထားပြီး တည်နေရာ အတိအကျ ဖြော်ပထားခြင်း မရှိပါ။ ဆရာတော်ကြီး သီတင်းသုံးနေစဉ် တောင်၏ အနောက်မြောက်ရှိ ကျော်ရွာ၊ တောင်ပလူရွာ စသည်တို့ကို ဆွမ်းခံရွာများ အဖြစ် သတ်မှတ် ထားသည်ကို တွေ့ရှိရပါသည်။

(၃)လက်ပံတောင်းတောင်ကြား တောရကျောင်းရှိ စေတီမှာ မြန်မာ မင်းများ လက်ထက်ကတည်းက တည်ထားခဲ့ခြင်း ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်လာသောကြောင့် ပျက်စီးသွားကာ အောက်ခြေနှင့် ခြင်္သေ့လေးကောင်သာ ကျန်ရှိခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၂၆ ခုနှစ် (ခရစ်သက္ကရာဇ် ၁၉၆၄ ခုနှစ်) တွင် ပြန်လည် တည်ဆောက် ထားခြင်း ဖြစ်ကြောင်း၊

(၄)စေတီ ပရဝုဏ် အတွင်းရှိ သိမ်နေရာဟု သတ်မှတ်ထားသော မြေနေရာတွင် သိမ်တိုင် နှစ်မျိုး ရှိနေသည်ကို တွေ့ရှိရသည်။ အသစ် ပြုလုပ်ထားသော သိမ်တိုင်သည် ယခုခေတ် ကျောက်ဆစ် လက်ရာ ဖြစ်ပြီး သိမ်တိုင် အဟောင်းမှာ ကျောက်ဆစ်လက်ရာ မပါသော ထောင့်မှန်ပုံ ဖြတ်တောက်ထားသည့် သဲကျောက်တိုင်ဟု ယူဆရသော ပိုမိုရှေးကျသည့် သိမ်တိုင် ဖြစ်ပါသည်။ သိမ်တိုင် အဟောင်းမှာ သိမ်တိုင် အသစ်ထက် များစွာ ရှေးကျသည်ဟု ခန့်မှန်းရပါကြောင်း၊

(၅)လယ်တီဆရာတော်ဘုရားကြီး လက်ပံတောင်းတောင်တွင် သီတင်း သုံးခဲ့သည့် စင်္ကြန်ကျောင်း နေရာနှင့် စပ်လျဉ်း၍ ကွဲပြားချက်များ ရှိနေပါကြောင်း၊ အချို့ မှတ်တမ်းများတွင် လက်ပံတောင်း တောင်ကြားတောရဟု ဖြော်ပထားသော်လည်း အချို့တွင် လက်ပံတောင်း ဟူ၍သာ သာမန်ဖော်ပြထားပြီး နေရာအတိအကျ ဖော်ပြထားခြင်း မရှိကြောင်း၊

(၆)ရွှေမြင်တင် စေတီနှင့် ရွှေဇာလီ စေတီတို့နှင့် စပ်လျဉ်း၍ သမိုင်း အထောက်အထား လွန်စွာနည်းပါး၍ ရှေးဟောင်း စေတီများ ဟုဆိုနိုင်ရန် ခက်ခဲပါကြောင်း စသည်ဖြင့် တင်ပြထားပါသည်။

ဘာသာရပ်နှင့် ဥပဒေကျွမ်းကျင် ပညာရှင်များနှင့် စီးပွားရေးပညာရှင် တို့အား ခန့်ထားခြင်း[ပြင်ဆင်ရန်]

၇၁။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် စာချုပ်ကို ဘက်စုံထောင့်စုံမှ စိစစ်နိုင်ရန်အတွက် သတ္တုတွင်းလုပ်ငန်းနှင့် ပတ်သက်၍လည်းကောင်း၊ ဥပဒေပညာပိုင်းနှင့် ပတ်သက်၍ လည်းကောင်း ကျွမ်းကျင်သူ ပညာရှင်များ ဖြစ်ကြသော ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးမြစိုးနှင့် ဥပဒေပါမောက္ခ (ငြိမ်း) ဒေါက်တာ ဒေါ်သန်းနွဲ့တို့အား နိုင်ငံတော် သမ္မတရုံး၏ စီစဉ်ပေးမှုဖြင့် ခန့်ထားခဲ့ပါသည်။

၇၂။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်နှင့်ပတ်သက်၍ လည်းကောင်း၊ ကြေးနီ စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုးရှိ/မရှိ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ စိစစ်ရာတွင် စီးပွားရေး ပညာရှင်ပံ့ပိုးမှု လိုအပ်ပါသဖြင့် ကော်မရှင်သည် နိုင်ငံတော် သမ္မတရုံး၏ အစီအစဉ်ဖြင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်အား စီးပွားရေး ပညာရှင်အဖြစ် ဇန်နဝါ၇ရီလ ၁၄ ရက်နေ့ တွင် ခန့်ထားခဲ့ပါသည်။

ဘာသာရပ်နှင့် ဥပဒေကျွမ်းကျင် ပညာရှင်များ၏ တွေ့ရှိအကြံပြုချက်များ

၇၃။ ဘာသာရပ် ကျွမ်းကျင်သူနှင့် ဥပဒေပညာရှင်တို့သည် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နှင့် မြန်မာ- ဝမ်ပေါင် ကြေးနီကုမ္ပဏီတို့ ချုပ်ဆိုသော စာချုပ်ကို လေ့လာ သုံးသပ်ပြီး အောက်ပါတွေ့ရှိချက်နှင့် အကြံပြုချက်များကို တင်ပြခဲ့ပါသည်-

(က)သတ္တုတွင်းလုပ်ငန်း ဖက်စပ်စာချုပ်များ ချုပ်ဆိုခြင်းနှင့်စပ်လျဉ်း၍ ၁၉၉၆ ခုနှစ် မြန်မာ့သတ္တုတွင်း နည်းဥပဒေများ အခန်း-၁၆၊ နည်းဥပဒေ ၈၄ ပါ ပြဋ္ဌာန်းချက်အရ သတ္တုတွင်း ဝန်ကြီးဌာနသည် မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကို မဆို ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတော်ပိုင် လုပ်ငန်းတစ်ခုခုနှင့် ဓာတ်သတ္တုရှာဖွေခြင်း၊ စမ်းသပ် တိုင်းတာခြင်း (သို့မဟုတ်) ထုတ်လုပ်ခြင်းဆိုင်ရာ ဖက်စပ် စာချုပ်များကို ဥပဒေနှင့်အညီ ချုပ်ဆိုနိုင်သည်ဟု ပြဋ္ဌာန်းထားပြီး နည်းဥပဒေ ၈၅ တွင် ချုပ်ဆိုနိုင်သည့် စာချုပ်အမျိုးအစား များကို ဖော်ပြထားပါကြောင်း။

(ခ)မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အနေနှင့် ၂၉-၁-၂၀၁၀ နေ့တွင် လက်ပံတောင်းတောင် သတ္တုသိုက်အား အကြီးစား သတ္တုတူးဖော် ထုတ်လုပ်ပြီး ကြေးနီသတ္တုစင် ထုတ်လုပ်၍ အချိုးကျ ခွဲဝေခံစားမှုဖြင့် ထုတ်လုပ်မှု လုပ်ငန်းကို ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့် ရရှိရေးအတွက် အဆိုပြုချက်ကို သတ္တုတွင်းဝန်ကြီးဌာနသို့ တင်ပြခဲ့ပါကြောင်း၊ သတ္တုတွင်း ဝန်ကြီး ဌာနသည် ၅-၃-၂ဝ၁ဝ ရက်စွဲဖြင့် ခွင့်ပြုမိန့်အမှတ် ၈၀၀၃/၂၀၁၀ ကို ထုတ်ပေးခဲ့ပါကြောင်း၊ သတ္တုတွင်း ဝန်ကြီးဌာနသည် သတ္တုတွင်းဥပဒေ အခန်း ၃၊ ပုဒ်မ ၄ (ခ) နှင့် ၇ (က) တို့အရ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်သို့ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့် ထုတ်ပေး နိုင်ပါသည်။ သို့ရာတွင် ယခုချုပ်ဆိုသည့် စာချုပ်မှာ သတ္တုတွင်း ဝန်ကြီးဌာန၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုနှင့် နိုင်ငံခြားသားပိုင် ကုမ္ပဏီတို့ ချုပ်ဆိုသည့်စာချုပ်မဟုတ်ဘဲ နိုင်ငံသား ပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်းဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နှင့် နိုင်ငံခြား ကုမ္ပဏီတို့ ချုပ်ဆိုသည့် စာချုပ်ဖြစ်ပါ၍ ၁၉၈၉ ခုနှစ်၊ နိုင်ငံတော် စီးပွားရေး လုပ်ငန်းများ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အခန်း(၂)၊ နည်းဥပဒေ ၃(ဂ) ပါပြဋ္ဌာန်းချက်များနှင့် အညီ အစိုးရအဖွဲ့သည် ဥပဒေပုဒ်မ ၄ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ခွင့်ပြုမိန့်ကို အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးရန် လိုအပ်ပါကြောင်း။

(ဂ)စာချုပ်ကို Production Sharing Contract (PSC) အရ ချုပ်ဆိုထားပြီး စာချုပ်၏ Annex III တွင် Production Sharing Ratio များကို ဖော်ပြထားပါကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ သတ္တုတွင်း ဝန်ကြီးဌာနသို့ တင်ပြသည့် Benefit Calculation List ကုန်ကျစရိတ် များကို ထုတ်နုတ်ပြီးမှ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဝမ်ပေါင် ကုမ္ပဏီမှ ၄၉ ရာခိုင်နှုန်းဖြင့် ခွဲယူရန် ဖော်ပြ ပါရှိပါကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ ရရှိမည့် အချိုးနှင့် နိုင်ငံတော်အစိုးရက ရရှိမည့် အခွန်အခများ၊ ဓာတ်သတ္တုခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန်များကို ပေါင်းပြီး ရရှိနိုင်မည့် ရာခိုင်နှုန်းကို ဖော်ပြထား ပါကြောင်း၊ ဝင်ငွေခွန်ကို ယခင်နှုန်းထား ၃ဝ ရာခိုင်နှုန်း၏ ထက်ဝက် ၁၅ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ကိုလည်း ၈ ရာခိုင်နှုန်းဖြင့် တွက်ချက် ထားပါကြောင်း၊ ယခုအခါ ဝင်ငွေခွန် ဥပဒေအရ ဝင်ငွေခွန်ကို ၃ဝ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ လျှော့ပေးထားပြီးဖြစ်ပါကြောင်း၊ အကယ်၍ စာချုပ်သက်တမ်း တစ်လျှောက်လုံး ၁၅ ရာခိုင်နှုန်းနှင့် ပေးထားပါက MIC နှင့် အစိုးရအဖွဲ့တို့က သဘောတူပြီး ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးမည်ဟု ယူဆပါကြောင်း၊ ကုန်သွယ် လုပ်ငန်းခွန် ၈ ရာခိုင်နှုန်းကိုလည်း ယခုအခါ ပြည်တွင်းရောင်းချမှု အပေါ်သာ ကောက်ခံပြီး ပြည်ပ တင်ပို့ရောင်းချမှု အပေါ် ကင်းလွတ်ခွင့် ပြုထား၍ အစိုးရက ရရှိငွေပမာဏ လျော့နည်းသွားမည် ဖြစ်ပါကြောင်း။

(ဃ)Production Sharing Contract (PSC) စာချုပ် Article-33 Annexure နှင့် စပ်လျဉ်း၍ “All Annexures are an integral part of this contract and have the same legal effect on all Articles of the contract” ဟု ထည့်သွင်း ချုပ်ဆိုထားပါသည်။ ထို Annex များကို သုံးသပ်ရာတွင် အောက်ပါတို့ကို ပြင်ဆင်ရန် လိုမည်ဟု သုံးသပ်ပါသည်-

AnnexIII Production Sharing Ratio ကို ချုပ်ဆိုထားသည့် စာချုပ်မှာ Production Sharing Contract (PSC) စာချုပ် (after cost recovery) ဖြစ်၍ Equity ထည့်ဝင်မှုဖြင့် ဆောင်ရွက်သည့် စာချုပ်များကဲ့သို့ ကြေးနီ ဈေးတက်ချိန်တွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အနေဖြင့် ရှယ်ယာတန်ဖိုးအပေါ် (Capital Gain) အကျိုးခံစားခွင့် ရရှိမည်မဟုတ်ပါ။

Annex IV List of Tax/ Fiscal Incentives, Exemptions and Reliefs ပြင်ရန် လိုအပ်မည် ဖြစ်ပါသည်။

Annex IV နှင့် ပတ်သက်၍ MIC နှင့် အစိုးရအဖွဲ့က သဘောတူမှသာ အတည်ဖြစ်သည်ဟု ထည့်သွင်း ဖော်ပြသင့် ပါသည်။

(င)စာချုပ်ပုံစံမှာ သတ္တုတွင်းဝန်ကြီးဌာန Production Sharing Contract (PSC) စနစ်ဖြင့် ဆောင်ရွက်သည့် သာမန်စာချုပ်ပုံစံကို အခြေခံ ရေးသား ထားခြင်း ဖြစ်သော်လည်း မတူညီသည့် အချက်များ ပါဝင်ပါကြောင်း၊ သတ္တုတွင်း ဝန်ကြီးဌာနသည် ပြည်တွင်း လုပ်ငန်းရှင်များနှင့် ဝန်ကြီးဌာန လက်အောက်ခံအဖွဲ့အစည်းများနှင့် ချုပ်ဆိုသည့် စာချုပ်များတွင် Cost Recovery ခွင့်ပြုမှုမရှိပါ။ Project Proposal ကိုလည်း စာချုပ်၏ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုပြီး ဥပဒေ အကျိုးသက်ရောက်မှု ရှိစေမည်ဟု ထည့်သွင်း ဖော်ပြလေ့ မရှိပါကြောင်း။

(စ)ယခုကဲ့သို့ စာချုပ်ကြီးများကို ချုပ်ဆိုရာတွင် သာမန် Production Sharing Contract (PSC) စာချုပ်ပုံစံမျိုးဖြင့် မဟုတ်ဘဲ အသေးစိတ် အချက်အလက်များ (Environmental Impact Assessment-EIA, Social Impact Assessment-SIA, Feasibility Study) စသည်တို့ ပါဝင်သည့် စာချုပ်မျိုးကို ချုပ်ဆိုသင့်ပါကြောင်းဖြင့် တင်ပြထားပါသည်။

စီးပွားရေး ပညာရှင်၏ တွေ့ရှိ အကြံပြုချက်များ

၇၄။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စီးပွားရေး ပညာရှင်သည် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့်ပတ်သက်၍ စီးပွားရေး စိစစ်ချက် (Economic Analysis) ကို ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ပြုလုပ်ရာတွင် ဝမ်ပေါင် ကုမ္ပဏီက ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလတွင် ပြုစု တင်သွင်းခဲ့သော စီမံချက် အဆိုပြုလွှာ (Project Proposal)၊ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်က ၂၀၁၀ ခုနှစ်၊ ဇွန်လတွင် ပြုစုခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် ချုပ်ဆိုသည့် စာချုပ်တို့ကို အမှီအငြမ်း ပြုခဲ့ပါသည်။ ထို့အပြင် ၁၉၉၇ ခုနှစ်၊ မတ်လတွင် အိုင်ဗင်ဟိုး မြန်မာ ဦးပိုင်လီမိတက် Ivanhoe Myanmar Holding Ltd.) က ပြုစုထားသော ဖြစ်နိုင်စွမ်း လေ့လာဆန်းစစ်ချက် (Feasibility, Study) ကိုလည်း နှိုင်းယှဉ် လေ့လာခဲ့ပါသည်။

၇၅။ ထိုသို့ နှိုင်းယှဉ်လေ့လာရာတွင် အိုင်ဗင်ဟိုး ကုမ္ပဏီက သုံးသပ် စိစစ်ထားမှု တို့သည် အသေးစိတ် စနစ်တကျ လေ့လာစိစစ်ထားသည်ကို တွေ့ရှိရပြီး မူလ စိုက်ထုတ်ငွေ(Initial outlay) ဒေါ်လာ ၃၁၃ သန်းပေါ်တွင် စီမံကိန်း ကာလအတွင်း ဝင်ငွေ ဒေါ်လာသန်း ၃၇၁၃ ဒသမ သုည သန်း ရှိမည်ဟု မှန်းဆထားပါသည်။ ထုတ်လုပ်မှု စရိတ်စကမှာ ဒေါ်လာ ၁၄၂၆ သန်းဟု ခန့်မှန်းထားပြီး အစိုးရ အခွန်အခ စသည်တို့မှာ ဒေါ်လာသန်း ၂၆၇ သန်းဟု ခန့်မှန်းခဲ့ပါသည်။ စီမံကိန်းအတွက် အခွန်အခ မပေးသွင်းမီ ဝင်ငွေမှာ ဒေါ်လာ ၁၄၄၇ သန်းဟုလည်း ခန့်မှန်းခဲ့ပါသည်။ ဤစီမံချက်၏ အကျိုးအမြတ် တို့သည် ကြေးနီ ဈေးနှုန်းပေါ်တွင် တည်မှီသည်ဟုလည်း သုံးသပ်ထားပါသည်။

၇၆။ စီးပွားရေး ပညာရှင်သည် ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ ပြုစုထားသည့် စီမံကိန်း အဆိုပြုချက်နှင့် ကန်ထရိုက်စာချုပ်တို့ကို လေ့လာရာတွင် ထိုစာရွက်စာတမ်း နှစ်ခုစလုံးသည် အိုင်ဗင်းဟိုး ကုမ္ပဏီမှ ပြုစုထားသော စာရွက်စာတမ်း များကဲ့သို့ အသေးစိတ် အချက်အလက်များ ဖော်ပြပါရှိသည်ကို မတွေ့ရှိရကြောင်း တင်ပြထားပါသည်။ ဝမ်ပေါင် ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၉၇ သန်းရှိပြီး မတည်ငွေ ကုန်ကျစရိတ် (Capital Cost) မှာ ဒေါ်လာ ၉၁၂ သန်းရှိသည်ကို တွေ့ရှိရကြောင်း၊ အကျိုးဖြစ်ထွန်းမှုကို တွက်ချက်ရာတွင် ဝမ်ပေါင် ကုမ္ပဏီထက် မြန်မာနိုင်ငံနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အတွက် ပိုမိုအကျိုးရှိမည်ဟု ပေါ်လွင်ကြောင်း၊ ထိုတွက်ချက်မှု တို့သည် ကြေးနီ တစ်တန်လျှင် ဒေါ်လာ ၄၇၅၀ ဈေးနှုန်းဖြင့် တစ်နှစ်လျှင် တန်ချိန် တစ်သိန်း ထုတ်လုပ်မှု အပေါ်တွင် အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ပေးဆောင်သည့် (Royalty) မှာ ၄ ရာခိုင်နှုန်း ဖြစ်ပြီး ကုန်သွယ်ခွန် (Commerical Tax) ၈ ရာခိုင်နှုန်းနှင့် ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း ရရှိမည်ဟုလည်း ခန့်မှန်း၍ တွက်ချက်ဖော်ပြထားကြောင်းဖြင့် စီးပွားရေး ပညာရှင်က တင်ပြခဲ့ပါသည်။

၇၇။ စီးပွားရေး ပညာရှင်က ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်တို့ ပြုစုထားသည့် စာရွက်စာတမ်း နှစ်ခုစလုံးတွင် အသေးစိတ် ဖော်ပြချက်များ မပါရှိသဖြင့် စီးပွားရေး သုံးသပ်မှုကို ပြည့်ဝစွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ သို့ရာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် စီးပွားရေး ရှုထောင့်မှ အကျိုးရှိစွာ လုပ်ဆောင်သင့်သည့် စီမံကိန်း ဖြစ်သည်ကိုမူ သံသယ လုံးဝရှိစရာ မလိုကြောင်းဖြင့်လည်း တင်ပြထားပါသည်။

၇၈။ စီးပွားရေး ပညာရှင်က ဤစီမံကိန်း၏ အကျိုးဖြစ်ထွန်းမှုကို တိကျစွာ သိနိုင်ရန် လက်ရှိ ကြေးနီ ပေါက်ဈေးပေါ်တွင် ထည့်သွင်း တွက်ချက်ရန် လိုကြောင်း ထောက်ပြ ခဲ့ပါသည်။ ထို့အပြင် စီးပွားရေး တွက်ချေကိုက်မှု သာမက ဒေသခံ လူထုအတွက် ပေးအပ်သည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် လျော်ကြေး စသည် တို့ကိုလည်း ထည့်သွင်း လေ့လာရန် လိုကြောင်းကိုလည်း တင်ပြခဲ့ပါသည်။ ထို့အပြင် ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ ချုပ်ဆိုထားသော စာချုပ်မှာ ထုတ်လုပ်မှု မျှဝေသည့် ကန်ထရိုက် (Production Sharing Contract) စာချုပ်ဖြစ်ရာ ထွက်လာသည့် ကြေးနီအား မည်သို့ မည်ပုံ ခွဲဝေမည်ဟူသော အချက်အလက် တို့ကိုလည်း သိရှိရန် လိုမည်ဖြစ်ကြောင်း တင်ပြထားပါသည်။

၇၉။ စီးပွားရေး ပညာရှင်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကဲ့သို့သော စီမံကိန်းကို လေ့လာ သုံးသပ်ရာတွင် စီးပွားရေး စိစစ်ချက် တစ်ခုတည်း ပေါ်တွင်သာ အခြေခံ၍ မရယူဘဲ နိုင်ငံရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတို့ကိုပါ ထည့်သွင်း စဉ်းစားသွားရန် လိုအပ်သည်ကိုလည်း တင်ပြခဲ့ပါသည်။

၈ဝ။ ထိုအချက်များကို ထည့်သွင်း စဉ်းစားခြင်းဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းနှင့် ပတ်သက်၍ အောက်ပါ နည်းလမ်းသုံးသွယ်ကို ရွေးချယ်နိုင်ပါကြောင်း ဖြင့်လည်း တင်ပြခဲ့ပါသည်-

(က)လက်ရှိ အနေအထား အတိုင်းပင် ကြေးနီစီမံကိန်းအား ဆက်လက် လုပ်ကိုင်ခွင့်ပြုရန်၊

(ခ)ကြေးနီစီမံကိန်းကို ဆက်လက် လုပ်ဆောင်ခွင့် မပြုဘဲ ရပ်ဆိုင်းစေရန်၊

(ဂ)ကြေးနီ စီမံကိန်းအား လက်ရှိ ခွင့်ပြုထားသည့် အားနည်းချက် များကို စိစစ် ကာ ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ ချုပ်ဆိုသော စာချုပ်ကို ပြင်ဆင်စေခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှု ပတ်ဝန်းကျင် ထိခိုက်မှုတို့ အနည်းဆုံး ဖြစ်စေရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံချက်တို့ကို ချမှတ်စေခြင်း၊ ဒေသခံ ပြည်သူလူထု၏ လူမှုဘဝ တိုးတက်စေမည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ နိုင်ငံတော် အကျိုး စီးပွားအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း စသည့် လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ပါက ကြေးနီစီမံကိန်းအား ဆက်လက် လုပ်ကိုင်ခွင့်ပြုရန်။

သုံးသပ်ချက် အကြံပြုချက်များ

၈၁။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ။

(က)လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းတွင် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ ရေးဆွဲပြုစုထားသော ပတ်ဝန်းကျင် ဆိုင်ရာ စီမံ ခန့်ခွဲမှုစနစ် (Environmental Management Plan -EMP) နှင့် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ စီမံခန့်ခွဲမှု စနစ် (Occupational Health and Safety Assessment System-OHSAS) မရှိသေးကြောင်း သုံးသပ်ရပါသည်။

(ခ)လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းအတွက် မြန်မာ အိုင်ဗင်ဟို ကြေးနီ ကုမ္ပဏီလီမိတက် (Myanmar Ivanhoe Copper Company Limited -MICCL) က ရေးသား ပြုစုထားသော ပတ်ဝန်းကျင် ဆိုင်ရာ သက်ရောက်မှု အကဲဖြတ် ဆန်းစစ်ချက် အစီရင်ခံစာများ (Environmental Impact Asssessment Reports) ဖြစ်သော-

Feasibility – Section 17, Environmental and Social Assessment (၁၉၉၇ ခုနှစ်၊ မတ်လ)

72E-58 Environmental Preliminary Impact Assessment of Letpadaung Project Area (၂ဝဝ၄ ခုနှစ်၊ ဇူလိုင်လ)

Environmentaland Social Assessment and Management Program ( ME 96-056-001)- Final Draft for Letpadaung Copper Project (၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ ) တို့ကို လေ့လာ သုံးသပ် ခဲ့ရာတွင် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှုများကို ယေဘုယျ အားဖြင့် ခန့်မှန်းထားပြီး ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ် ဆန်းစစ်ထားခြင်း မတွေ့ရကြောင်း၊ မည်သည့် နည်းစနစ်များကို အသုံးပြု၍ အကျိုးသက်ရောက်မှုများကို ခန့်မှန်း တွက်ချက် ထားသည်ကိုလည်း တိတိကျကျ ဖော်ပြထားခြင်းမရှိကြောင်း၊ အကျိုးသက်ရောက်မှု တစ်ခုချင်းစီ၏ ဝိသေသ လက္ခဏာ တိတိကျကျ ဖော်ပြထားခြင်း မရှိကြောင်း၊ ကြေးနီ စီမံကိန်း၏ အကြိုကာလ၊ တည်ဆောက်ရေး ကာလ၊ လည်ပတ်ရေးကာလ၊ မိုင်းပိတ်သိမ်းရေး ကာလများအလိုက် အပိုင်းခွဲခြားကာ သက်ရောက်မှုများကို ဆန်းစစ်ခြင်း ပြုလုပ်ထားမှု မရှိကြောင်း၊ လူမှု စီးပွားရေး ဆိုင်ရာ သက်ရောက်မှု အကဲဖြတ် ဆန်းစစ်မှုကိုလည်း စာမျက်နှာ ၂၆ မျက်နှာခန့်ဖြင့် ယေဘုယျသဘော ရေးသားပြုစု ထားသည်ကို တွေ့ရပြီး စနစ်တကျ အချက်အလက်များကို ကောက်ယူကာ အကဲဖြတ် ဆန်းစစ်ထားခြင်းမျိုး မရှိကြောင်း အထက်ပါ အစီရင်ခံစာ များကို ကြေးနီစီမံကိန်းကြောင့် ထိခိုက်နိုင်ဖွယ်ရှိသော ဒေသခံ ပြည်သူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ စီမံကိန်းကို စိတ်ဝင်စားသူများ ထံသို့ဖြန့်ဝေကာ တိုင်ပင်ဆွေးနွေးခြင်း၊ သဘောထား အမြင်များ တောင်းခံခြင်း၊ အကြံပြုချက်များ ရယူခြင်းတို့ကို ပြုလုပ်ခဲ့သည့် အထောက်အထားများ မတွေ့ရှိကြောင်း၊ အစီရင်ခံစာများတွင် ဤအဓိက ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ် ဆန်းစစ်ခြင်း အစီရင်ခံစာ (၁၉၉၇) သည် ကနဦး အစီရင်ခံစာ ဖြစ်သည်ဟု ရေးသားဖော်ပြထားကြောင်း သုံးသပ်ရပါသည်။

(ဂ)မြန်မာ-အိုင်ဗင်ဟို ကြေးနီ ကုမ္ပဏီလီမိတက် (Myanmar Ivanhoe Copper Company Limited -MICCL) လက်ထက်က ပြုစုခဲ့သော အထက်ဖော်ပြပါ အစီရင်ခံစာများသည် ၁၉၉၆ ခုနှစ်တွင် အချက်အလက်များ ကောက်ယူကာ ၁၉၉၇ ခုနှစ်တွင် ပြုစုခဲ့ခြင်းကြောင့် မျက်မှောက်ကာလတွင် လက်ပံတောင်း တောင်နှင့် အနီးဝန်းကျင် ဒေသ တစ်ဝိုက်၏ လူမှုစီးပွားနှင့် ပတ်ဝန်းကျင် ဆိုင်ရာ အခြေအနေများကို ထင်ဟပ်နိုင်စွမ်း မရှိကြောင်း၊ ကနဦး အစီရင်ခံစာ ဖြစ်သည့်အားလျော်စွာ စီမံကိန်း တစ်ခုလုံး၏အစ၊ အလယ်နှင့် အဆုံး၌ ဖြစ်ပေါ်လာနိုင်သော ကောင်းကျိုးဆိုးကျိုးများကို အကဲဖြတ် ဆန်းစစ်မှုတွင် လိုအပ်ချက်များ ရှိနေကြောင်း၊ လွန်ခဲ့သည့် ၁၆ နှစ်က ပြုစုခဲ့ခြင်းကြောင့် ကမ္ဘာ့ဘဏ် (World Bank) ၏ စံချိန်စံညွှန်းများနှင့် လည်းကောင်း၊ လက်ရှိ ပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်းများ နှင့်လည်းကောင်း ကိုက်ညီမှု မရှိနိုင်တော့ကြောင်း သုံးသပ်ရပါသည်။

(ဃ)လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ် ဆန်းစစ်ခြင်းနှင့် သက်ဆိုင်သော အခန်းကဏ္ဍမှာလည်း အားနည်းချက် များစွာရှိပြီး စနစ်တကျ ကျယ်ကျယ် ပြန့်ပြန့် လေ့လာဆန်းစစ် အကဲဖြတ်ထားခြင်း မရှိကြောင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အကဲဖြတ်မှု အပိုင်းကဏ္ဍကိုလည်း ပြည့်ပြည့် စုံစုံ လေ့လာတင်ပြထားခြင်း မရှိကြောင်း သုံးသပ်ရပါသည်။

(င)လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု ဝန်းကျင် ထိန်းသိမ်းခြင်းအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ဆောင်ရွက် သင့်သည့် နည်းပညာများကို အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း မရှိကြောင်း သို့မဟုတ် လွန်စွာ အားနည်းလျက် ရှိကြောင်း သုံးသပ် တွေ့ရှိရပါသည်။ မြန်မာ-အိုင်ဗင်ဟို ကြေးနီ ကုမ္ပဏီလီမိတက် လက်ထက်က စတင်ပြုစုခဲ့ပြီး မြန်မာ-ဝမ်ပေါင် ကုမ္ပဏီက ဆက်လက် အသုံးပြုနေသာ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ် ဆန်းစစ်ချက် အစီရင်ခံစာ များသည် လက်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အသုံးပြုရန် အားနည်းချက်များ ရှိနေပါသောကြောင့် ပိုမိုပြည့်စုံပြီး နိုင်ငံတကာ ပြဋ္ဌာန်းချက်များ စံချိန်စံညွှန်းများကို ထင်ဟပ် စေနိုင်သော သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ် ဆန်းစစ်ခြင်း အစီရင်ခံစာ (Environmental and Social Impact Assessment-ESIA) အသစ်ပြုစု ဆောင်ရွက်ရန် လိုအပ်ကြောင်း အကြံပြု အပ်ပါသည်။

(စ)ထို့အပြင် စီမံခန့်ခွဲမှု စနစ်များနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု စနစ် (Environmental Management Plan-EMP) နှင့် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ် (Occupational Health and Safety Assessment System-OHSAS) များကို နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်းများနှင့် အညီ စနစ်တကျ ရေးဆွဲကာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် သင့်ကြောင်း အကြံပြုအပ်ပါသည်။ ဤကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ ရရှိထားသော အတွေ့အကြုံ ရင့်ကျက်သည့် ပြည်တွင်းပြည်ပ အကြံပေး ပညာရှင်များ၊ ကျွမ်းကျင်သူများကို ငှားရမ်းကာ ဆောင်ရွက်သင့်ကြောင်း အကြံပြု အပ်ပါသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ။

၈၂။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း နယ်မြေအတွင်းတွင် နောင် အနာဂတ် ကာလ၌ ဖြစ်ပေါ်လာနိုင်သော သဘာဝနှင့် လူမှုပတ်ဝန်းကျင် ဆိုင်ရာ အခြေအနေများအား အတိတ်နှင့် ပစ္စုပ္ပန်ကာလတွင် ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲ ဖြစ်သော စံပယ်တောင်၊ စံပယ်တောင်(တောင်)၊ ကြေးစင်တောင် ကြေးနီ သတ္တုတွင်း စီမံကိန်းနယ်မြေရှိ လုပ်ငန်းဆောင်တာများ၊ လုပ်ငန်းခွင် အခြေအနေများ၊ သဘာဝနှင့် လူမှုပတ်ဝန်းကျင် ဆိုင်ရာ အခြေအနေများအား အကိုးအကားပြုကာ စူးစမ်း လေ့လာမှု များကို ဆောင်ရွက်ခဲ့ကြပါသည်-

(က)သဘာဝ ပတ်ဝန်းကျင် (ဇီဝထု၊ မြေထု၊ ရေထု၊ လေထု) အခြေအနေ

(၁)လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေ နှင့် အနီး ဝန်းကျင်ဒေသသည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မိုးနည်း ခြောက်သွေ့ ရပ်ဝန်း (Dry Zone) တွင် တည်ရှိသဖြင့် သန်း- ဒဟတ်တောနှင့် ဆူးချုံတော စသည့် ခြောက်သွေ့တောများ ပေါက်ရောက်ပြီး အပင်မျိုးစုံ ၄၉ စု၊ မျိုးစိတ် ၁ဝ၇ မျိုးနှင့် မျိုးရင်း ၁၃၄ ခု တွေ့ရှိရသည်။ တမာ၊ တပေါက်နှင့် ရှောက်ရိုင်းပင် အများဆုံး ပေါက်ရောက်သည်။ ဤဒေသသည် မျက်မှောက်ခေတ် နိ်ုင်ငံတကာ စံချိန်စံညွှန်းများအရ အရေးကြီးသော (သို့) တားမြစ်ထားသော (သို့) မျိုးသုဉ်းလု ဖြစ်နေသော အပင်အမျိုးအစား မရှိကြောင်း သုံးသပ်ရပါသည်။

(၂)ဒေသတွင် သက်ရှိသတ္တဝါများ အနက် ငှက်မျိုးစု ၁၁ စုမှ မျိုးစိတ် ၁၈ မျိုးကို တွေ့ရသော်လည်း အရေးကြီးသော မျိုးစိတ်များကိုမူ မတွေ့ရကြောင်း၊ နို့တိုက်သတ္တဝါ ၃ မျိုး ဖြစ်သည့် မြန်မာမျိုးကွဲ ယုန်၊ ချေနှင့် ရွှေသမင် တို့ကိုလည်း တွေ့ရှိရပြီး ရွှေသမင်သည် ရှားပါး မျိုးစိတ်ဖြစ်ကြောင်း၊ တွားသွား သတ္တဝါ ၅ မျိုး၊ ကုန်းနေ၊ ရေနေ သတ္တဝါများနှင့် လိပ်ပြာ ၁၂ မျိုးရှိကြောင်း သုံးသပ်ရပါသည်။

(၃)ကြေးနီ သတ္တုတွင်း စီမံကိန်းနယ်မြေတွင် လွန်တွင်း တူးခြင်း၊ မိုင်းခွဲခြင်း၊ တူးဖော် ထုတ်လုပ်ခြင်း၊ ကျော်ခြေမွခြင်း၊ ဆန်ကာ တိုက်ခြင်း၊ အက်စစ် ဖျော်ထုတ်ခြင်း၊ သတ္တုသန့်စင်ခြင်း၊ ကြေးရည် ဖျော်ထုတ်ခြင်း၊ လျှပ်စစ်ဖြင့် ကြေးရယူခြင်း စသည့် လုပ်ငန်းများ၊ စွန့်ပစ်ပစ္စည်းများနှင့် ဖုန်မှုန့်များသည် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်မှုများ၊ ဇီဝဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ရပါသည်။

(၄)ခြောက်သွေ့တော (Dry Forest) များ၏ ဂေဟစနစ် ထိခိုက်မှုကို လျော့နည်းစေရန် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေ ဝန်းကျင်၊ လမ်းဘေး ဝဲယာ တစ်ဖက်တစ်ချက်နှင့် စွန့်ပစ်မြေစာ ပုံများတွင် သစ်ပင်များကို အစားထိုး စိုက်ပျိုးသင့်ကြောင်းနှင့် ယင်းသစ်ပင်များ ကြီးထွားမှုကို အစဉ် စောင့်ကြည့်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်မှု ပေးသင့်ကြောင်း အကြံပြုအပ်ပါသည်။ ရှားပါး ဇီဝ မျိုးစိတ်များ ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ အပင်ပိုင်းတွင် ရှားပါးအပင် (သို့) ကာကွယ် စောင့်ရှောက်သင့်သော အမျိုးအစား မတွေ့ရဟု သုံးသပ် ရပါသည်။ မြန်မာနိုင်ငံ အတွင်းတွင်သာ တွေ့ရသည့် ငှက် ၂ မျိုး ဖြစ်သော White- throated Babbler Turdoides gularis နှင့် Burmese Bushlark Mirafra microptera တို့ကို တွေ့ရှိရပြီး ယင်းတို့သည် ရွေ့ပြောင်း သွားလာနိုင်သော သတ္တဝါ အမျိုးအစား ဖြစ်သောကြောင့် အနီးပတ်ဝန်းကျင်ရှိ အလားတူ တောတောင်များ ရှိရာသို့ ရွေ့ပြောင်း နေထိုင်နိုင်သည်ဟု သုံးသပ်ရပါသည်။

(၅)ဤဒေသတွင် ရံဖန်ရံခါ တွေ့ရှိရသော ရွှေသမင် (Eld’s deer Cervus eldii Thamin) သည် ကာကွယ်စောင့်ရှောက် သင့်သော အရေးကြီး နို့တိုက်သတ္တဝါ ဖြစ်ပြီး အနီးဝန်းကျင်ရှိ တောတောင် များအား ထိန်းသိမ်းခြင်းဖြင့် ရွှေသမင်များ ကျင်လည် စားသောက်ရန် နေရာသစ်များကို ဖန်တီးပေးသင့်သည်ဟု သုံးသပ် ရပါသည်။

(၆) စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီ သတ္တုတွင်း ဒေသ၏ အနီးဝန်းကျင်ရှိ ခမောက်တောင်၊ ကြားတွင်းတောင်၊ နှင်းဆီ တောင်နှင့် ဝန်းကျင်ရှိ တောများတွင် လည်းကောင်း၊ လက်ပံတောင်း တောင် ဝန်းကျင်ရှိ လိပ်ခွံတောင်၊ နတ်ချစ်တောင်၊ မြေပြင်သာတောင် တို့တွင်လည်းကောင်း ရွှေသမင်ကဲ့သို့ ရှားပါး တိရစ္ဆာန်များ ခိုအောင်း နားနေနိုင်စေရန်အတွက် သစ်ပင်များကို ထပ်မံ စိုက်ပျိုး၍ ထိန်းသိမ်း ပေးသင့်သည်ဟု အကြံပြုအပ်ပါသည်။ ကြေးနီ စီမံကိန်းနယ်မြေနှင့် ဆက်စပ်လျက်ရှိသော ဒေသတွင်းရှိ ဖိုဝင်းတောင် ကဲ့သို့သော သစ်တောဒေသများကိုလည်း စနစ်တကျ ကာကွယ် ထိန်းသိမ်း စောင့်ရှောက် ပေးသင့်သည်ဟု အကြံပြု အပ်ပါသည်။ ယင်းသို့ ထိန်းသိမ်းခြင်းနှင့်အတူ ကြားခံ သစ်တော ဒေသများကိုလည်း တစ်ပြိုင်နက်တည်း ဖန်တီး၍ ဒေသခံ ပြည်သူလူထုအတွက် သစ်တောထွက် ပစ္စည်းများ ထုတ်ယူ အသုံးပြုနိုင်အောင် စီစဉ်ပေး သင့်သည်ဟု အကြံပြုအပ်ပါသည်။ အဆိုပါ သစ်တောများ အားလုံး သည် ကြေးနီ သတ္တုတွင်းကြောင့် ပျက်စီးဖွယ်ရှိသော ရေဝေရေလဲ ဒေသများအတွက် အစားထိုး နေရာများကို ဖြစ်ပေါ်စေနိုင်မည် ဟုလည်း အကြံပြုအပ်ပါသည်။

(၇)ရေစီမံခန့်ခွဲမှု (Water Management) နှင့်ပတ်သက်၍ အများသုံး ရေချိုကို ကြေးနီစီမံကိန်းက ရယူသုံးစွဲထားသဖြင့် သတ္တု သန့်စင်မှုနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ရေညစ်ညမ်းခြင်း (Water Pollution) ဖြစ်ပေါ်နိုင်သည်ဟု သုံးသပ်ရပါသည်။ ထို့အပြင် လုံလောက်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ခြင်းမရှိခဲ့လျှင် ရုတ်ချည်း ရေလျှံခြင်း(ဝါ) လျှပ်တစ်ပြက် ရေကြီးခြင်း(Flash Flood) ဖြစ်ပေါ်လာပါက စွန့်ပစ်ရေ သို့မဟုတ် သတ္တု/အက်စစ် ပါဝင်သော ညစ်ညမ်းသည့် ရေများ လျှံထွက်ကာ ချင်းတွင်းမြစ်နှင့် ချောင်းလက်တက် များသာမက မြေအောက်ရေအောင်းလွှာများ (Aquifer) ကိုလည်း ထိခိုက် ညစ်ညမ်းစေခြင်းများ ဖြစ်ပေါ် စေနိုင်သည်ဟု သုံးသပ်ရပါသည်။ မြေအောက်ရေနှင့် စပ်လျဉ်း၍ လက်ပံတောင်းတောင် ဒေသ၏ အဓိက မြေအောက်ရေလွှာမှာ ကံကုန်း ကျောက်လွှာနှင့် အပေါ်ယံ နုန်းလွှာတို့ ဖြစ်ကြသည်။ ကံကုန်း ကျောက်လွှာသည် မြေစေးလွှာ မပါသော သဲပွများ၊ ကျောက်စရစ်များဖြင့် ဖွဲ့စည်းထားကာ အနက်မီတာ ၃ဝ ခန့်တွင် ရေခိုအောင်း နေလေ့ရှိသည်။ ယခင် ရေမှုတ် စမ်းသပ်ချက်များအရ ယင်း ရေအောင်းလွှာသည် အနီးဝန်းကျင်ရှိ မြစ်ချောင်းများ အပေါ် မှီခိုနေကြောင်း သိရှိရသည်။

(၈)လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း နယ်မြေနှင့် အနီး ဝန်းကျင်ဒေသမှ ကောက်ယူ စုဆောင်းခဲ့သော မြေအောက်ရေ နမူနာ ၁ဝ ခုနှင့် မျက်နှာပြင် ရေနမူနာ (Surface Water) (ကန်ရေ/မြစ်ချောင်းရေ) ၅ ခုအား ဓာတ်ခွဲ စမ်းသပ်ချက် ရလဒ်များအပေါ် အကဲဖြတ်ချက်များအရ မြေအောက်ရေတွင် စီမံကိန်း နယ်မြေပြင်ပရှိ တွင်းများထက် လည်းကောင်း၊ မြစ်ရေ ချောင်းရေများထက် လည်းကောင်း အက်စစ်ဓာတ် ပိုမိုများနေခြင်း၊ စုစုပေါင်း ပျော်ဝင်နေသည့် သတ္တုပမာဏသည် စံပယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်းတောင်ဘက်ရှိ တွင်းများတွင် ပိုမို များပြားနေခြင်း၊ ကော်လီဖောမ်း ဗက်တီးရီးယားများသည် ယမားချောင်း အောက်ပိုင်းရှိ ချောင်းရေတွင် စီမံကိန်းနယ်မြေ မတိုင်မီ မြစ်ညှာပိုင်းထက် ပိုမိုများပြားနေခြင်း၊ ပြဒါးနှင့် သံဓာတ် ပါဝင်မှုသည် အချို့နေရာများတွင် အထူးသဖြင့် ကြေးစင်တောင် သတ္တုတွင်း၊ သတ္တုသန့်စင်သည့် လုပ်ငန်း၏ ရေနုတ်မြောင်း၊ ယမားချောင်းနှင့် ချင်းတွင်းမြစ်များတွင် နိုင်ငံတကာ စံနှုန်းပမာဏမှ သွေဖည်နေကြောင်း တွေ့ရရှိပါသည်။ သို့သော် အဆိုပါ ရေနှင့် မြေဆီလွှာ ပြောင်းလဲ ထိခိုက်မှုများသည် လက်ရှိ ကြေးနီ စီမံကိန်းများကြောင့် ဖြစ်သည်ဟု တိုက်ရိုက် မပြောနိုင်သေးကြောင်း သုံးသပ်ရပါသည်။

(၉)မြေအောက်ရေ များတွင် အက်စစ်ဓာတ် ပိုမိုများပြားနေခြင်းသည် ကြေးနီ သတ္တုတွင်း စီမံကိန်းနယ်မြေအတွင်း အကြောင်း တစ်ခုခုကြောင့် အက်စစ်ဖြင့် ကြေးဖျော်ထုတ်လုပ်မှု လုပ်ငန်းစဉ် (Acid Leaching process) မှ ဖြစ်နိုင်သော်လည်း အဆိုပါ လုပ်ငန်းနှင့် ဆက်စပ်ခြင်းမရှိဘဲ သီးခြားတည်ရှိနေသော လက်ပံတောင်းတောင်၏ တောင်ဘက်နှင့် အနောက်ဘက် ကျေးရွာများရှိ ရေတွင်း များတွင်ပါ အလားတူ အရည်အသွေးမျိုးကို တွေ့ရခြင်းကြောင့် အထက်ပါအတိုင်း သုံးသပ်ရခြင်း ဖြစ်ပါသည်။

(၁ဝ)ပြဒါးနှင့် သံဓာတ် ပါဝင်မှုနှင့် စပ်လျဉ်း၍ လက်ရှိ ကြေးနီစီမံကိန်း လုပ်ငန်းစဉ်များနှင့် လည်းကောင်း၊ ယင်းက အသုံးပြုသည့် ဓာတ်ပြု ပစ္စည်းများ နှင့်လည်းကောင်း တိုက်ရိုက်ဆက်စပ်မ ရှိကြောင်း မတွေ့ရပါ။ မြစ်ချောင်း အနည်များတွင် သံဓာတ် များနေခြင်း ကြောင့်လည်း ဖြစ်နိုင်ခြေရှိသည်ဟု သုံးသပ်ရပါသည်။ စံပယ်တောင် နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်း၏ မြောက်ဘက်တွင ရှိသော ယမားချောင်းနှင့် ချင်းတွင်းမြစ်တစ်လျှောက် ကြေးနီစီမံကိန်း နယ်မြေ အနီးတစ်ဝိုက်တွင် ဗက်တီးရီးယား ပါဝင်မှု များနေခြင်းသည် ရေထု ညစ်ညမ်းမှု ရှိနေပြီဖြစ်ကြောင်း သုံးသပ်ရပါသည်။ ထို့ကြောင့် လက်ရှိ ဆောင်ရွက်နေသော စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တု သန့်စင်မှုတွင်လည်းကောင်း၊ လက်ပံတောင်းတောင်တွင် သတ္တု သန့်စင်သည့် လုပ်ငန်းဖြစ်လာသည့် အခါတွင် လည်းကောင်း၊ ရေဆိုးထုတ်လုပ်မှုနှင့် အက်စစ် ဖျော်နည်းစဉ်မှ မြေအောက် ရေအောင်းလွှာသို့ စိမ့်ဝင်နိုင်မှုကို ယခုရှိပြီးဖြစ်သည့် စီမံချက် များထက် ပိုမိုမြင့်မားသော နည်းလမ်းများဖြင့် ကာကွယ် သင့်ကြောင်း အကြံပြု အပ်ပါသည်။

(၁၁)အရင်းအမြစ် စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကြေးနီစီမံကိန်း နယ်မြေ ဒေသတွင် ဝန်းကျင်ရှိ ကျေးရွာများ မှီခို အားထားနေရသည့် ဖောင်းကတာ ဆည်၊ ကျောက်ဖြူတိုင် တမံနှင့် မိုးကြိုးပြင် တမံတို့ကို တွေ့ရှိရပြီး ယင်းတို့ကို ရေရှည်အတွက် စနစ်တကျ ထိန်းသိမ်းခြင်း၊ ပိုမိုကောင်းမွန် သန့်စင်အောင် ဆောင်ရွက် ပေးခြင်းတို့သည် စီမံကိန်းတစ်ခု၏ တာဝန်ဖြစ်သည်ဟု သုံးသပ်ရပါသည်။ လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း စီမံကိန်းကို ပိုမို လုပ်ဆောင်လာသည်နှင့် အမျှ မြေအောက်ရေနှင့် မျက်နှာပြင် ဆင်းရေတို့သည် ဟင်းလင်းပွင့် တွင်းကြီး (Open Pit) ဘက်သို့ စီးဝင်သွားပါက အထက်ဖော်ပြပါ ရေလှောင်ကန်နှင့် ဆည်တမံ များတွင် သိသာသော ထိခိုက်မှုများ ဖြစ်လာလိမ့်မည်ဟု သုံးသပ် ရပါသည်။ (အလားတူ ဖြစ်စဉ်မျိုးကို စံပယ်တောင်နှင့် ကြေးစင်တောင်ဘက်တွင် ကြုံတွေ့နေရပြီး ဖြစ်ပါသည်။)

(၁၂)လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် နောင်တွင် ချင်းတွင်းမြစ်မှ ရေပမာဏများစွာကို ထုတ်ယူ အသုံးပြုမည် ဖြစ်ပါသည်။ ဟင်းလင်းပွင့် တူးဖော်ခြင်း (Open Pit Mining) ကြောင့် မြေအောက်ရေပြင် (Water Table) ထက် ပိုမိုနိမ့်သော အနက်သို့ ရောက်ရှိသည့်အခါ မြေအောက်ရေများသည် သတ္တုတွင်း ကျင်းကြီးအတွင်းသို့ စီးဝင်လာမည် ဖြစ်ပါသည်။ အဆိုပါ ရေများကို ကောင်းစွာသန့်စင်၍ ပတ်ဝန်းကျင်ရှိ စိုက်ပျိုးမြေများအတွက် အသုံးပြု သင့်ပါသည်။ ၎င်းရေများကို ပုံမှန်စစ်ဆေးခြင်းဖြင့် ပတ်ဝန်းကျင် ထိခိုက်နိုင်ခြေကို လျော့နည်း သက်သာစေမည် ဖြစ်ကြောင်း သုံးသပ်ရပါသည်။

(၁၃)မြေဆီလွှာ ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ လက်ပံတောင်းတောင်တွင် စတင် တင်တူးဖော်နေပြီဖြစ်သော်လည်း အပေါ်ယံ မြေဆီလွှာများကို စနစ်တကျ ထိန်းသိမ်းခြင်းမျိုးကိုမူ မတွေ့ရှိရပါ။ မူလ လယ်ယာ မြေများပေါ်တွင် မြေစာများ ပုံထားပြီးဖြစ်သော်လည်း ထိုသို့ မပုံမီ အောက်ရှိ မြေဆီလွှာကို ဖယ်ရှား ထိန်းသိမ်းထားခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု စနစ် မရှိကြောင်း၊ ကျင့်သုံးမှု အားနည်းကြောင်း သုံးသပ်ရပါသည်။

(၁၄)မြေဆီလွှာ တိုက်စားမှုကို ထိန်းသိမ်းရန်အတွက် တူးဖော် ပြီးသွားသော နေရာများနှင့် မြေစာပုံများကို မြေဆီလွှာ ဖုံးအုပ်ကာ သစ်ပင်များ စိုက်ပျိုးရမည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သဘာဝအတိုင်း ရှိနေသော တောင်များ မြေပြင်များကို သတ္တုရိုင်း ရယူရန်အတွက် တူးဖော်သည့် အချိန်နှင့် လယ်ယာမြေရိုင်းများတွင် မြေစာများ ပုံသည့်အချိန်တွင် အပေါ်ယံမြေဆီလွှာ (Top Soil) ကို စနစ်တကျ ထိန်းသိမ်းထားပြီး အနာဂတ်တွင် သစ်ပင်များ စိုက်ပျိုး နိုင်ရေးအတွက် အဆင်သင့် ဖြစ်စေသင့်ကြောင်း အကြံပြု အပ်ပါသည်။

(၁၅) အကယ်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်မည် ဆိုလျှင် အခြား ရွေးချယ်နိုင်စရာ နည်းလမ်းများကို ဆန်းစစ်ကြည့်သောအခါ သဘာဝရှုခင်း၊ မြင်ကွင်းများ၏ (Aesthetic Value) ပျောက်ကွယ် မသွားစေရန်နှင့် အက်စစ်မှုန်များ၊ ဖုန်မှုန်များ၊ ဖုန်မှုန်များနှင့် အသံ ဆူညံမှုများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်း သွားစေရန် အတွက် တစ်စိတ်တစ်ပိုင်း ဟင်းလင်းပွင့် (Semi-Open Pit) နည်းလမ်းကို ကျင့်သုံး၍ သတ္တုတူးဖော် သင့်ပါသည်။ တစ်နည်းအားဖြင့် လက်ပံတောင်း တောင်၏ ကြေးနီ မထွက်သော အနားစပ်ရှိ အချို့ အစိတ်အပိုင်းများ (Periphery) ကို ချန်လှပ်၍ ကြေးနီတူးဖော်သည့် လုပ်ငန်းကို ဆောင်ရွက် သင့်သည်ဟု အကြံပြု အပ်ပါသည်။

(၁၆) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ယနေ့အထိ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ကြီးမားစွာ ဖြစ်ပေါ်ခြင်း မရှိသေးပါ။ သို့ရာတွင် ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူနေမှုဘဝကို ထိခိုက်မှု အတန်အသင့် ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

(၁၇) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ရှိသင့်ပြီးသော မြေဆီလွှာ ထိန်းသိမ်းမှုစနစ်၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်နှင့် ဇီဝ ဝန်းကျင် စီမံခန့်ခွဲမှု စနစ်များအား ရေရှည်ဖြစ်ပေါ်စေမှုနှင့် စနစ်တကျ ကျင့်သုံးနေမှုများကို မတွေ့ရှိကြောင်း သုံးသပ်ရပါသည်။

(၁၈)လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် အကောင် အထည် မဖော်မီ သတ္တုတူးဖော်ရေး လုပ်ငန်းကြီးတိုင်း၏ မရှိမဖြစ် လုပ်ဆောင် အကောင်အထည်ဖော်သင့်သော လုပ်ငန်းများ ဖြစ်သည့် ပတ်ဝန်းကျင်အပေါ် ထိခိုက် သက်ရောက်မှုများကို အသေးစိတ် လေ့လာဆန်းစစ်ခြင်း (Environmental Impact Assessment) ပတ်ဝန်းကျင် စီမံခန့်ခွဲမှု စနစ် (Environmental Management Plan-EMP) တည်ဆောက်ခြင်းနှင့် တိကျစွာ လိုက်နာ ကျင့်သုံးခြင်း တို့ကို ဆောင်ရွက်သင့်ကြောင်း အကြံပြု အပ်ပါသည်။

(၁၉)လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေ (Project Site) နှင့် အနီး ဝန်းကျင်ဒေသ (likely affected area) တွင် လေထုအရည် အသွေးနှင့် စပ်လျဉ်းသည့် လက်တွေ့ ကွင်းဆင်းလေ့လာ တိုင်းတာမှုမှ ရရှိသည့် ရလဒ်များ အပေါ်တွင် အခြေပြု၍ သုံးသပ်ရာ ရွေးချယ် ထားသောနေရာ ၃ နေရာစလုံး၌ လေအမှုန်အမွှားများ (Total Suspended Particulate Matters: TSMP, PM10,PM-5) ပါဝင်မှုမှာ (WHO) နှင့် (USEPA) တို့ သတ်မှတ်ထားသော လေထု စံချိန်စံညွှန်းထက် နှစ်ဆခန့် ပိုမိုများပြားလျက်ရှိကြောင်း၊ လေအမှုန် အမွှား ပါဝင်မှုမှာ ကံကုန်းကျေးရွာတွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေနှင့် ရွာသစ်ကျေးရွာ တို့မှာထက် နှစ်ဆခန့် များပြားနေကြောင်း၊ ကံကုန်းကျေးရွာ၌ လူနေထိုင်မှုနှင့် လုပ်ငန်း လုပ်ကိုင်မှု ပိုမို များပြားလာခြင်းနှင့် အနီး ဝန်းကျင်ရှိ စံပယ်တောင် သတ္တုတွင်း လုပ်ငန်းခွင်မှ ပျံ့နှံ့လာသော လေထု၏ အကျိုး သက်ရောက်မှုများကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ရပါသည်။ လေထုအတွင်း အန္တရာယ်ဖြစ်စေနိုင်သော ဓာတ်ငွေ့ (Sulphur Dioxide-SO2, Nitrogen Dioxide-NO2, Volatile Organci Compound-VOC, Carbon Dioxide-CO2) ပါဝင်မှုမှာ အန္တရာယ် ဖြစ်စေနိုင်သော ပမာဏ မရှိကြောင်း သုံးသပ်ရပါသည်။

(၂ဝ)လေထု အရည်အသွေး တိုင်းတာမှု (Existing Baseline Air Quality Monitoring) ကို လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း မစတင်မီ ပြုလုပ်သင့်ကြောင်း၊ ပုံမှန်လေထု အရည်အသွေး တိုင်းတာမှုကို စီမံကိန်းနေရာနှင့် အနီးဝန်းကျင် နေရာများ၌ လုပ်ငန်း လုပ်ကိုင်နေစဉ်ကာလ (Operation Phase) တွင်လည်း ပြုလုပ် သင့်ကြောင်း၊ ရရှိလာသော ရလဒ်များအပေါ် မူတည်၍ လေထု အရည်အသွေးကို ထိခိုက်စေနိုင်သော လုပ်ငန်းများအား သတ်မှတ် ထားသော လေထုအရည်အသွေး ထိခိုက်မှုကို ကာကွယ်သည့် နည်းလမ်းများ (Mitigation Measures) ဖြင့် လေထုအရည်အသွေး ကောင်းမွန်လာစေရန် ကာကွယ်ခြင်း (Air Quality Control) ပြုလုပ်သင့်ကြောင်း၊ ကြေးနီ စီမံကိန်း လုပ်ငန်းခွင် အနီးဝန်းကျင်ရှိ ဒေသခံ ပြည်သူလူထု၏ ကျန်းမာရေး စစ်ဆေးချက်များ၊ မှတ်တမ်းများ (Medical Record) လည်း ထားရှိသင့်ကြောင်း၊ ကြေးနီ စီမံကိန်း လုပ်ငန်းခွင်နှင့် နီးကပ်စွာ တည်ရှိနေသည့် နေရာများ၊ အထူးသဖြင့် ကံကုန်းကျေးရွာရှိ အက်စစ် စက်ရုံနှင့် နီးသော စာသင်ကျောင်းဝန်းကျင် နေရာတွင် အက်စစ်အမှုန် (acid dust) များ ပါဝင်မှုကို တိုင်းတာသင့်ကြောင်း အကြံပြုအပ်ပါသည်။

(၂၁) ပတ်ဝန်းကျင် သိပ္ပံနှင့် အင်ဂျင်နီယာ (Environmental Science and Engineering) ရှုထောင့်မှ လေ့လာ သုံးသပ် အကြံပြုရသော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းနှင့် စပ်လျဉ်း၍ ချင်းတွင်းမြစ်မှ စုပ်တင်သော နေ့စဉ်သုံး ရေပမာဏ စုစုပေါင်း၏ ၇၆% အား ဖြုန်းကျောက် ကြိတ်ခွဲခြင်း လုပ်ငန်းနှင့် အက်စစ် ဖျန်းခြင်း လုပ်ငန်းများတွင် အသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။ ဟင်းလင်းပွင့် မိုင်းနံရံမှ စိမ့်ဝင် စီးဆင်းလာမည့် မြေအောက်ရေကို သင့်တော်သည့် ရေသန့်စင်မှု နည်းပညာကို အသုံးပြု၍ ပြန်လည်သုံးစွဲပါက လိုအပ်သော နေ့စဉ်သုံး ရေပမာဏ၏ ၆ဝ% ခန့်အထိ အစားထိုး သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့သော ရေစီမံခန့်ခွဲမှုမှာ ကောင်းမွန်သော နိုင်ငံတကာ အလေ့အကျင့်ဖြစ်ပြီး ချင်းတွင်းမြစ်မှ ရေချိုဆုံးရှုံးမှုအား ကာကွယ်ခြင်းလည်း ဖြစ်သကဲ့သို့ ရေရှည်တွင်လည်း အကျိုး ခံစားရမည် ဖြစ်ကြောင်း အကြံပြု အပ်ပါသည်။

(၂၂) စွန့်ပစ်ရေ မွမ်းမံသိမ်းဆည်းကန် (Waste Water Pond) ၏ တည်ဆောက်မှု လျာထားချက်နှင့် စပ်လျဉ်း၍ နှစ်ပေါင်း ၁ဝဝ အတွင်း မြစ်ရေလွှမ်းနိုင်မှု အခြေအနေအား လည်းကောင်း၊ နှစ်ပေါင်း ၂ဝ အတွင်း အမြင့်ဆုံး မိုးရေချိန် လက်မအား (Mineral Exploration Design Book) စာအုပ်ကို ကိုးကား၍ လည်းကောင်း တွက်ချက် ထားကြောင်း သိရှိရပါသည်။ စွန့်ပစ်ရေ မွမ်းမံ သိမ်းဆည်းကန်အား နှစ် ၂ဝ အတွင်း အမြင့်ဆုံး မိုးရေချိန် လက်မအပေါ် အခြေခံ တည်ဆောက်မည်ဆိုပါက ရာနှုန်းပြည့် သတ္တုတွင်း လုပ်ငန်း လည်ပတ်ချိန်၌ မုန်တိုင်း ဝင်ရောက်လေ့ရှိသော မိုးရာသီအတွင်း စွန့်ပစ်ရေ မွမ်းမံသိမ်းဆည်းကန်ကို အမြင့်ဆုံး သိုလှောင်နိုင်စွမ်း၏ ၅၀ ရာခိုင်နှုန်းထက် မကျော်လွန်သင့်ပါ။ သို့သော် နှစ် ၁ဝဝ အတွင်း အမြင့်ဆုံး မိုးရွာသွန်းခဲ့ပါက ထိုအချိန် လက်ခံ သိုလှောင်မှုမှာ အမြင့်ဆုံး သိုလှောင်နိုင်စွမ်း၏ ၅ဝ ရာခိုင်နှုန်း သာရှိခဲ့ပါလျှင် ဆက်လက်ထိန်းသိမ်း သိုလှောင်နိုင်စွမ်း ရှိတော့မည် မဟုတ်ဟု သုံးသပ်ရပါသည်။

(၂၃)စွန့်ပစ်ရေ မွမ်းမံသိမ်းဆည်းကန်၏ ကြမ်းခင်း တည်ဆောက် ဖွဲ့စည်းမှုမှာ ရေချိုမဟုတ်သော စွန့်ပစ်ရေကို သိုလှောင် သိမ်းဆည်းရန်အတွက် သင့်တော်မှုမရှိပါ။ ထို့ကြောင့် စွန့်ပစ်ရေ မွမ်းမံသိမ်းဆည်းကန်အတွင်း မသိုလှောင်မီ ထိရောက်သော ရေဆိုး သန့်စင်စနစ်ဖြင့် သန့်စင်ပေးသင့်သည့်အပြင် စောင့်ကြည့် စမ်းသပ် ရေတွင်းငယ်များ ထားရှိသင့်ကြောင်း အကြံပြုအပ်ပါသည်။

(၂၄)အချိန်နှင့် နေရာအပေါ်မူတည်၍ ပြောင်းလဲနေသော သဲနုန်း အနည်ဝန် (Sediment Load) ပို့ချမှုသည် ချင်းတွင်းမြစ်ရေ လွှမ်းနိုင်မှု အခြေအနေ ခန့်မှန်းတွက်ဆခြင်းနှင့် စွန့်ပစ်ရေ မွမ်းမံသိမ်းဆည်း ကန်၏ တည်ဆောက်မှု ဒီဇိုင်းတွက်ချက်ခြင်းများ၌ လွန်စွာ အရေးပါသော အချက်အလက်ဖြစ်ပါသည်။ ချင်းတွင်းမြစ် အထက်ပိုင်း (မြစ်ညာပိုင်း)တွင် မြေအသုံးချမှု လွန်ကဲစွာ ပြောင်းလဲ နေမှုများ (ဥပမာ-သစ်တော ပြုန်းတီးခြင်း၊ သတ္တုတူး ဖော်ခြင်း) ဖြစ်ပေါ်လျက်ရှိရာ အကျိုးဆက်အားဖြင့် မြစ်အတွင်း၌ သဲနုန်း အနည်ဝန်ပို့ချမှု လွန်ကဲစွာ အပြောင်းအလဲရှိခြင်း၊ ချင်းတွင်းမြစ်၏ မြစ်ကြောင်း ပြောင်းလဲခြင်းများ ဖြစ်စေပါသည်။ သို့သော် ဤကဲ့သို့သော အကြောင်းအရာများနှင့် ဖြစ်စဉ်များအား နှစ် ၁ဝဝ အတွင်း မြစ်ရေလွှမ်းနိုင်မှု အခြေအနေ တွက်ချက်မှုတွင် ထည့်သွင်း စဉ်းစားခြင်း မရှိကြောင်း သုံးသပ်ရပါသည်။ ထို့ကြောင့် စွန့်ပစ်ရေ မွမ်းမံသိမ်းဆည်းကန်သည် လက်ရှိ လျာထားချက် ရေတား တာတမံ ပေါင်အမြင့်ထက် ပို၍မြင့်သော၊ ပို၍ခိုင်ခံ့သော ဒီဇိုင်းမျိုး ဖြစ်သင့်သည်ဟု အကြံပြုအပ်ပါသည်။

(၂၅)စွန့်ပစ်ရေ သိမ်းဆည်းကန် ကျိုးပေါက်ခြင်း၊ ဖိတ်လျှံ စီးဆင်းခြင်း များမှ ကာကွယ်နိုင်ရန် မုန်တိုင်း ဝင်ရောက်လေ့ရှိသော မိုးရာသီ အတွင်း၌ အဖြစ်နိုင်ဆုံးနှင့် အများဆုံး ထားရှိသင့်သော လက်ခံ သိုလှောင်မှုအား သတ်မှတ်ထားခြင်းကို မတွေ့ရပါ။ ထို့အပြင် စီမံကိန်း ဧရိယာမှာ မြေငလျင် ကြောများနှင့် ဆက်စပ်လျက် ရှိသည်ဖြစ်ရာ မြေငလျင်ဒဏ်ကို ခံနိုင်သော မိုင်းဒီဇိုင်းမျိုးကို စဉ်းစားသင့်သည်ဟု အကြံပြု အပ်ပါသည်။ အကြောင်း တစ်မျိုးမျိုးကြောင့် စွန့်ပစ်ရေ သိမ်းဆည်းကန် ကျိုးပေါက်ခဲ့ပါက စွန့်ပစ်ရေများသည် စီမံကိန်းဧရိယာ၏ အရှေ့ဘက် မြေနိမ့်ပိုင်းတွင် ရှိသော ပလောင်းရွာ၊ ရွှေလှေရွာ၊ လက်ပံတောင်းရွာ၊ တုံရွာနှင့် ရွာသစ်ရွာများသို့ ရုတ်တရက် ပြင်းထန်စွာ စီးဆင်းပြီး ပတ်ဝန်းကျင် ညစ်ညမ်း ပစ္စည်းများ၏ ဆိုးကျိုး အာနိသင်ကို ခံစားရမည် ဖြစ်ပါသည်။ တစ်ဖန် ချင်းတွင်းမြစ်မှ တစ်ဆင့် မြစ်အောက်ပိုင်း ဒေသများအား ဆက်လက်၍ ဆိုးကျိုး သက်ရောက်စေမည် ဖြစ်ပါ သည်။ ထို့ကြောင့် ဘေးအန္တရာယ် နည်းပါးရေး စီမံ လုပ်ဆောင်ချက် အားဖြင့်သော် လည်းကောင်း၊ စွန့်ပစ်ရေ သိမ်းဆည်းကန် အဆင့်မှ စွန့်ပစ်ရေ မွမ်းမံသိမ်းဆည်းကန်အထိ တိုးမြှင့် ဆောင်ရွက်ရန်နှင့် ထိရောက်သော ရေဆိုးသန့်စင်စနစ်ကို ထည့်သွင်း တည်ဆောက် သင့်ကြောင်း အကြံပြုအပ်ပါသည်။

(၂၆)လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေနှင့် အနီးဝန်းကျင် ဒေသသည် ပူပြင်းခြောက်သွေ့သော အရပ်ဒေသတွင် တည်ရှိနေ သောကြောင့် နွေရာသီ၌ ပျမ်းမျှအပူချိန် ၄ဝ ဒီဂရီ စင်တီဂရိတ်ခန့် ရှိပါသည်။ ထိုအပူချိန်သည် ပတ်ဝန်းကျင် ညစ်ညမ်း ပစ္စည်းများ ဖောက်ထွက် ယိုစီးမှုမှ ကာကွယ်ပေးသော ဖိအားမြင့် ဒဏ်ခံနိုင်သည့် အနက်ရောင် ပလတ်စတစ်အခင်း (High Density Polyethtylene- HDPE Liner) ၏ ဝန်ဆောင်မှု သက်တမ်းကို တိုတောင်းစေသည့် အဓိကအချက် ဖြစ်ပါသည်။ အဆိုပါ ဖောက်ထွင်း ယိုစီးမှုအား စောင့်ကြပ်သိရှိနိုင်ရန် အတွက် HDPE နှစ်ထပ် (သို့မဟုတ်) HDPE နှင့် PVC အသုံးပြုခြင်းနှင့်အတူ အဆိုပါ ဖောက်ထွင်း ယိုစီးမှုအား စောင့်ကြပ်ပိုက်ကို စွန့်ပစ်ကန်၊ အက်စစ်ဖျန်း ဧရိယာများတွင် တပ်ဆင် အသုံးပြုသင့်ကြောင်း အကြံပြုအပ်ပါသည်။

(၂၇)ဖုန်မှုန့်များ၏ ထုတ်လွှတ် ပင်ရင်းဖြစ်သော ကျောက်မိုင်းခွဲခြင်း၊ ကျင်းတူးခြင်း၊ စွန့်ပစ်ကန် ခြောက်သွေ့ မျက်နှာပြင်၊ သယ်ယူ ပို့ဆောင်ရေး သုံးလမ်းနှင့် ဟင်းလင်းပွင့် ဧရိယာများကို ကောင်းမွန်သော နိုင်ငံတကာ အလေ့အကျင့်များနှင့်အညီ စီမံ ဆောင်ရွက်သင့်ကြောင်း၊ မြေအောက်ရေ အရည်အသွေးဆိုင်ရာ အင်္ဂါရပ်များ ဖြစ်သည့် Fe, Mn, Ca, Mg, Al, So4, Pb, Cu, Zn, Ni, Co, Cr, As, Hg, Cd စသည်တို့ကိုလည်း အချိန်မှန်မှန်၊ ပြည့်ပြည့်စုံစုံ တိုင်းတာ၍ မှတ်တမ်းတင် ထားသင့်ကြောင်း၊ ဆူညံသံနှင့် တုန်ခါမှုများကိုလည်း ကောင်းမွန်သော နိုင်ငံတကာ အလေ့အကျင့်များနှင့် အညီ စီမံဆောင်ရွက် သင့်ကြောင်း အကြံပြု အပ်ပါသည်။

(၂၈)လက်ပံတောင်းတောင် စီမံကိန်းလက်စွဲပါ လမ်းညွှန်ချက်နှင့် ကောင်းမွန်သော နိုင်ငံတကာ အလေ့အကျင့် စီမံခန့်ခွဲမှုမှာ စီမံကိန်း စတင်စဉ်ကပင် မရှိခဲ့ကြောင်း သုံးသပ်ရပါသည်။ လက်ရှိ ကျင့်သုံးနေသော စံပယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်း၏ ပေါင်းစပ် စီမံခန့်ခွဲမှုစနစ် (Integrated Management Systems) ထက် ကောင်းမွန်သော စနစ်နှင့်အတူ ပိုမိုထိရောက်သော သဘာဝ ပတ်ဝန်းကျင် စောင့်ရှောက် ထိန်းသိမ်းခြင်းဆိုင်ရာ အစီအမံများကို လက်ပံတောင်းတောင် စီမံကိန်းတွင် လိုက်နာ ကျင့်သုံး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လက်ပံတောင်းတောင် စီမံကိန်း ဒီဇိုင်း လက်စွဲစာအုပ်ကိုလည်း ပြန်လည် သုံးသပ်သင့်ကြောင်း အကြံပြု အပ်ပါသည်။

(၂၉)ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာ အနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (Myanmar Economic Holdings Limited-MEHL) ၏ မိုးကြိုး ဆာလ်ဖျူရစ် အက်စစ် စက်ရုံသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ စက်ရုံဖြစ်ပြီး စက်ရုံနယ်မြေ အတွင်းရှိ စက်နှင့် စက်ပစ္စည်းများ၊ စွန့်ပစ်အရည်နှင့် အစိုင်အခဲ ပစ္စည်းများ၊ စွန့်ပစ် စုပုံသည့် ကန်များ၊ နေရာများကို ကွင်းဆင်း လေ့လာ ကြည့်ရှု စစ်ဆေးခဲ့ရာ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထားခြင်း မရှိသေးကြောင်း၊ ဦးပိုင်၏ စီးပွားရေး လုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ကာကွယ်နိုင်ရန် နိုင်ငံတကာ အသိအမှတ်ပြု ISO Certificate ရယူထားခြင်း မရှိသေးကြောင်း တွေ့ရှိရသဖြင့် ဤအက်စစ် စက်ရုံသည် အန္တရာယ်ရှိသော ဓာတုပစ္စည်းစက်ရုံ (Hazardous Chemical Plant) အတန်းအစား ဖြစ်သောကြောင့် သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထားရန် လိုအပ်ကြောင်း၊ စက်ရုံမှ စွန့်ထုတ်သော အငွေ့တွင် ဆာလ်ဖာဒိုင် အောက်ဆိုက် SO2 ပါဝင်မှုကို 150 ppm ထက် မများစေရန် သတ်မှတ် ထိန်းချုပ်၍ စွန့်ထုတ်သင့်ပါသည်။ ဤအချက်ကို စိစစ်နိုင်ရန် စက်ရုံအနေဖြင့် နိုင်ငံတကာ ပြဋ္ဌာန်း ချက်များ၊ စံချိန်စံညွှန်း များနှင့်အညီ ISO Certificate များလည်း ရယူသင့်ကြောင်း အကြံပြုအပ်ပါသည်။

(၃ဝ)ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ ဒုန်းတော ကျေးရွာနှင့် လေးညှင်းတောင် ဘုန်းတော်ကြီး ကျောင်းအကြား (မိုင်တိုင်အမှတ် ၄၄၆/၂ မှ ၄၄၆/၇ အထိ) တွင်ရှိသော ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်ခန့်အတွင်း စွန့်ပစ်ခဲ့သည့် စွန့်ပစ်မြေများမှာ ဒေသန္တရ နည်းဖြင့် ဒုတ္တာ/ ကြေးနီ ချက်လုပ်ပြီး ကျန်ရစ်နေသည့် ညစ်နွမ်း မြေသားများကို အရုပ်ဆိုး အကျည်းတန်စွာ လေ့လာတွေ့ရှိခဲ့သည်။ ထိုနည်းတူစွာ ပုသိမ်-မုံရွာ ကာလမ်းဘေးရှိ ကံကုန်ကျေးရွာ အတွင်းနှင့် အနီးပတ်ဝန်းကျင်တွင်လည်း ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်ခန့်အတွင်း စွန့်ပစ်ခဲ့သည့် မြေများမှ ဒေသန္တရနည်းဖြင့် ဒုတ္ထာ/ကြေးနီ ချက်လုပ်မှုကြောင့် မြေသားများ ညစ်နွမ်းပြီး မြေအောက်သို့ သတ္တုဓာတ်နှင့် ညစ်ညမ်းရေများ စိမ့်ဝင်ကာ သောက်သုံးရေ မသန့်ရှင်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။ ထို့ကြောင့် အဆိုပါ ဒုတ္တာ/ကြေးနီ ချက်လုပ်သည့် လုပ်ငန်းများ၏ ရလဒ်ဆိုးကျိုးများ ဖြစ်သော ကျန်ရစ်နေသည့် ညစ်နွမ်း မြေသားများဖြင့် ပတ်ဝန်းကျင် အရည်အသွေး လျော့နည်း ကျဆင်းမှု/ထိခိုက်ပျက်စီးနေမှုများ (Environmental Degradation / Deterioration) ကို ကြေးနီသတ္တုတွင်း စီမံကိန်း ကုမ္ပဏီ၊ ဒေသခံ ပြည်သူလူထုနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက စုပေါင်း ညီညွတ်စွာဖြင့် ပတ်ဝန်းကျင်ကို ကုစားခြင်း/ ပြင်ဆင်ခြင်း (Environmental Remediation/Repair) ပတ်ဝန်းကျင်ကို ပြန်လည် ထူထောင်ခြင်း (Environmental Rehabilitation) နည်းလမ်းများကို လိုက်နာကျင့်သုံးပြီး အမြန်ဆုံး ဆောင်ရွက် သင့်ကြောင်း အကြံပြုအပ်ပါသည်။

(ခ)လူမှုဝန်းကျင် အခြေအနေ

(၁)ဆားလင်းကြီးမြို့နယ်တွင် စုစုပေါင်း လူဦးရေ ၁၉ဝဝဝဝ ခန့်၊ အိမ်ထောင်စု ၂၇၀၀၀ ခန့် ရှိပါသည်။ လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း စီမံကိန်းနယ်မြေ၌ နေထိုင်သည့် အိမ်ထောင်စု ဦးရေ ၁၅ဝ ခန့်နှင့် စိုက်ပျိုးမြေ ၅၄၈၇ ဒဿမ ၂၇ ဧက ရှိကာ အခြားမြေ ၂၃၈ဝ ဒဿမ ၅ ဧက ရှိပါသည်။ လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း စီမံကိန်းသည် တောင်ပလူကျေးရွာ အုပ်စုမှ မြေ ၇ ဒဿမ ၆ ဧက၊ ရွာရှည်ကျေးရွာ အုပ်စုမှ မြေ ၅ဝ ဒဿမ ၆၅ ဧက၊ တုံကျေးရွာ အုပ်စုမှ မြေ ၅၅ ဒဿမ ဝ၄ ဧက၊ စုစုပေါင်း ၁၁၃ ဒဿမ ၂၉ ဧက ရယူထားကြောင်း စိစစ်တွေ့ရှိရပါသည်။

(၂)လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းကြောင့် နေရာ ပြောင်းရွှေ့ တည်ထောင်ပေးခြင်းခံရသော ကျေးရွာသစ်များမှာ သင့်တော်သော စံပြကျေးရွာ အဆင့်မမီကြောင်း၊ လယ်ယာမြေ ရယူခြင်းနှင့် ပေးလျော်ခြင်းတို့တွင် ပွင့်လင်း မြင်သာမှု မရှိကြောင်း၊ ဒေသခံတို့နှင့် ကြိုတင်ညှိနှိုင်း ဆွေးနွေးမှု မရှိခဲ့ကြောင်း၊ သတင်း အချက်အလက် ရရှိရန် အခွင့်အလမ်း အားနည်းသည့် အများစု ဖြစ်သော ဒေသခံတို့အား မြေယာသိမ်းယူမှု၊ ပေးလျော်မှုတို့နှင့် စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်း အသိပေး ပြောကြားမှု မရှိခဲ့ကြောင်း၊ မြေနှင့် သီးနှံလျော်ကြေးငွေ ပေးရန်ဟု ကြေညာခဲ့သည့် မြေပိုင်ရှင် လက်မှတ်ထိုးရသည့် စာရွက်စာတမ်းတွင်မူ မြေယာအား စွန့်လွှတ် ကြောင်းနှင့် လျော်ကြေးငွေ ရရှိကြောင်းဟု ရေးထားကြောင်း စသည့် ရှေ့နောက် မညီညွတ်မှုများ (Inconsistencies) ရှိခဲ့ကြောင်း၊ လက်မှတ်ရေးထိုးရသည့် စာရွက် စာတမ်းများအား လက်မှတ် မရေးထိုးမီ သေချာစွာ ရှင်းပြခြင်း၊ ဖတ်ကြားပြခြင်း မရှိကြောင်း၊ မြေယာစွန့်လွှတ် ရသူအတွက် ခိုင်မာသော အထောက်အထား စာရွက်တစ်စုံတစ်ရာကို စနစ်တကျ ပြန်လည်ပေးအပ်ခြင်း မရှိကြောင်း၊ မြေယာ လျော်ကြေးသည်လည်း ကာလပေါက်ဈေး (Market Value) အတိုင်း မဟုတ်ခဲ့ကြောင်း သုံးသပ်ရပါသည်။

(၃)လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းလုပ်ငန်းကို မစတင်မီ လိုအပ်သော လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ချက် (Social Impact Assessment) တစ်ရပ်ကို စနစ်တကျ ကြိုတင် ဆောင်ရွက်ထားခြင်း မရှိကြောင်း သုံးသပ်ရပါသည်။

(၄) လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းသည် ကြီးမားသော စီးပွားဖွံ့ဖြိုးရေး လုပ်ငန်းတစ်ရပ် ဖြစ်သဖြင့် ဒေသခံ ပြည်သူလူထုနှင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေး ညှိနှိုင်းခြင်း၊ ရှေ့တွင် ဖြစ်ထွန်းလာနိုင်မည့် ကောင်းကျိုး၊ ဆိုးကျိုးများအား ရှင်းရှင်း လင်းလင်း တွက်ချက်ပြခြင်း၊ လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း စီမံကိန်းကို အကောင်အထည်ဖော်မည့် သူများနှင့် သက်ဆိုင်ရာ ဒေသခံ ပြည်သူလူထုအကြား ပွင့်လင်းမြင်သာသော ဆွေးနွေး ညှိနှိုင်းမှုနှင့် ထိုက်တန်သော ပေးလျော်မှုများကို ပြန်လည် ဆောင်ရွက်ခြင်း၊ နေရာရွှေ့ပြောင်း တည်ထောင်ပေးသော ကျေးရွာ သစ်များကို စံပြကျေးရွာများ ဖြစ်စေခြင်း စသည်တို့ ဆောင်ရွက်ပေး သင့်ကြောင်း အကြံပြုအပ်ပါသည်။

(၅) ထို့အပြင် နေရာရွှေ့ပြောင်းခံကြရသော ဒေသခံ ပြည်သူများနှင့် စီမံကိန်း နယ်မြေ အနီးဝန်းကျင်ရှိ အခြားသော ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေရရှိနိုင်သည့် စီးပွားရေး လုပ်ငန်းများအား ဖန်တီးပေးခြင်း၊ စီမံကိန်းနယ်မြေ အနီးတွင် သတ္တုတွင်းမြို့ တစ်မြို့ကို တည်ထောင်ပေးခြင်း၊ နိုင်ငံခြားသား ကျွမ်းကျင်သူများ၊ အလုပ်သမားများ၏ နေရာတွင် ဒေသခံ ပြည်သူများ၊ နိုင်ငံတွင်း အလုပ်သမားများနှင့် တစ်ဆင့်ပြီး တစ်ဆင့် အစားထိုးသည့် မူဝါဒဖြင့် အကောင်အထည်ဖော် ဆောင်ခြင်း၊ ဒေသ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်စွာ တာဝန်ယူ ပံ့ပိုးကူညီခြင်း၊ စီးပွားရေး လုပ်ငန်းကြီးများ၏ လူမှု တာဝန်ယူမှု (Corporate Social Responsibility_CSR) အား တိကျစွာ လိုက်နာကျင့်သုံးခြင်း တို့ကို ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြု အပ်ပါသည်။

ခြုံငုံ သုံးသပ်အကြံပြုချက်

၈၃။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ခြုံငုံ သုံးသပ် အကြံပြု အပ်ပါသည်-

(က)လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း စီမံကိန်းနယ်မြေ၏ လက်ရှိ ဂေဟစနစ် (Ecosystem or Ecological System) သည် မျက်မှောက် ကာလတွင် အရည်အသွေး ကျဆင်းမှု၊ ယိုယွင်း ပျက်စီးမှု ကြီးကြီးမားမား မရှိသေးသော်လည်း ကြေးနီသတ္တု တူးဖော်ထုတ်လုပ်ခြင်း၊ သတ္တု သန့်စင်ခြင်း စသည့်လုပ်ငန်းများကို ရှေ့တွင် ဆက်လက် လုပ်ဆောင်လာသည်နှင့် အမျှ ဤ နယ်မြေရှိ သစ်ပင်၊ သစ်တော၊ သက်ရှိ သတ္တဝါ၊ တိရစ္ဆာန်၊ ရေ၊ မြေတို့ကို ဧကန်မုချ ပြောင်းလဲကာ သိသာ ထင်ရှားသော ထိခိုက်မှုများ ဖြစ်ပေါ်လာစေမည် ဖြစ်သောကြောင့် ကြိုတင် ကာကွယ်မှု ပြုလုပ်နိုင်ရန် သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ် Environmental Management System တစ်ရပ်ကို လုပ်ငန်း မစတင်မီကပင် ပြင်ဆင်၍ ကျင့်သုံးသင့်သည်ဟု သုံးသပ် အကြံပြု အပ်ပါသည်။

(ခ)လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေတွင် ဖြစ်ပွား ခဲ့သော လူမှုဝန်းကျင် ပြဿနာများသည် မြေယာသိမ်းဆည်းမှုနှင့် ပြောင်းရွှေ့ နေရာချထားမှုအပေါ်တွင် အဓိကအားဖြင့် အခြေပြုခဲ့သည်ဟု သုံးသပ် ရပါသည်။ ထို့အပြင် ကြေးနီသတ္တုတွင်း စီမံကိန်း လုပ်ငန်း အဆင့်ဆင့်အား ပွင့်လင်းမြင်သာစေမှု (Transparency)၊ သတ္တုတွင်း တူးဖော် ထုတ်လုပ်ရန် အတွက် မြေလိုအပ်ချက်အား စနစ်တကျ သိရှိနားလည်စေမှုနှင့် အဆိုပါ လုပ်ငန်းများကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာ အရပ်ဒေသအတွက် အကျိုးကျေးဇူး ရှိနိုင်ပုံများအား သိသာသော အထောက်အထား အချက် အလက်များ ပြသမှု၊ ထိုက်တန်သော ပေးလျော်မှု၊ အစားထိုး တည်ဆောက် ပေးမှုနှင့် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားနှင့် အသက်မွေးဝမ်းကျောင်း ဘဝအတွက် ထိရောက်သော စီမံဆောင်ရွက်ပေးမှုများ လိုအပ်သည်ဟု သုံးသပ် အကြံပြုအပ်ပါသည်။

(ဂ)စေတီ၊ ပုထိုး၊ ဘုရား၊ သိမ်၊ ကျောင်းစသည့် ဗုဒ္ဓသာသနိက အဆောက်အအုံများ တည်ရှိရာ လက်ပံတောင်းတောင်နှင့် အနီးဝန်းကျင် အရပ်ဒေသများနှင့် ပတ်သက်၍ ဒေသခံ ပြည်သူလူထု၏ ခံစားချက် ကိုလည်း သတိပြုအပ်ပါသည်။ လက်ရှိ လက်ပံတောင်း တောင်ကြား တောရ စင်္ကြန်ကျောင်းဟုခေါ်သော မြေနေရာနှင့် ၎င်း၏အပေါ်ရှိ စေတီ၊ သိမ်၊ ကျောင်း စသော ဗုဒ္ဓသာသနိက အဆောက်အအုံများသည် လက်ပံတောင်း တောင် ကြေးနီသတ္တုတွင်း စီမံကိန်းတွင် ဟင်းလင်းပွင့် ကျင်းကြီး (Open Pit) ဖြစ်ပေါ်လာမည့် နေရာ၏ အလယ်ဗဟို အရပ်၌ တည်ရှိနေပြီး သတ္တုသိုက် တည်ရှိရာ အဓိက နေရာဖြစ်ကြောင်း၊ အဆိုပါ သာသနိက အဆောက်အအုံများကို ကွင်းရှောင်ပြီး ကြေးနီသတ္တု တူးဖော် ထုတ်လုပ်မည် ဆိုလျှင်လည်း ယင်းအဆောက်အအုံများ၏ ကြံ့ခိုင် တည်မြဲမှုကို ဧကန်မုချ ထိခိုက်နိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ သို့ပါ၍ အဆိုပါ လက်ပံတောင်း တောင်ကြား တောရစင်္ကြန်ကျောင်း မြေနေရာနှင့် ၎င်းအပေါ်ရှိ ဗုဒ္ဓသာသနိက အဆောက်အအုံများကို လုံးဝ ထိခိုက် ပျက်စီးစေမှုမရှိဘဲ လက်ရှိ အနေအထားများအတိုင်း အခြား သင့်လျော်မည့် နေရာတစ်ခုခုသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း၊ ဤကိစ္စကို ကြေးနီ တူးဖော်မည့် ကုမ္ပဏီသည် ဒေသခံပြည်သူလူထုများ၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်တို့နှင့် ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေး ဆောင်ရွက် သင့်ကြောင်း သုံးသပ်အကြံပြုအပ်ပါသည်။

(ဃ)မျက်မှောက်ကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း စီမံကိန်း၏ အထောက် အထားများ၊ ရည်ညွှန်း အကိုးအကားများကို အသေးစိတ် လေ့လာ စိစစ်ချက်အရ ယနေ့တိုင်အောင် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ စံချိန် စံညွှန်းများနှင့် အဆင့်အတန်း ဘောင်ဝင်သော ပတ်ဝန်းကျင် စီမံခန့်ခွဲမှု စနစ်၊ လုပ်ငန်းခွင်စီမံခန့်ခွဲမှုစနစ်၊ လူမှုဝန်းကျင် လေ့လာခြင်းနှင့် စီမံခန့်ခွဲမှု စနစ်များ ရေးဆွဲကျင့်သုံး လိုက်နာဆောင်ရွက်မှု မရှိသေးကြောင်း သုံးသပ်ရပါသည်။

(င)အဆိုပါ စီမံခန့်ခွဲမှုများ ခိုင်ခံ့စွာ တည်ဆောက်ကျင့်သုံးနိုင်ခြင်း မရှိသေးမီ ကာလအတွင်းတွင် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း လုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရှိရပါသည်။ သို့ပါ၍ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ပေးထားသဖြင့် ဩစတြေးလျ (Australia) နိုင်ငံ၊ Knight Piesold Pty. Limited က ပြုစုနေသော အပြည်ပြည်ဆိုင်ရာ လက်မှတ် ၃ စောင်ဖြစ်သည့် ISO 14001:2004 (သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု စီမံခန့်ခွဲခြင်းဆိုင်ရာ လက်မှတ်) ISO9001-2008 (ထုတ်လုပ်မှု စီမံခန့်ခွဲခြင်းဆိုင်ရာ လက်မှတ်) OHSAS 18001:2007 (လုပ်ငန်းခွင် ဘေးကင်း လုံခြုံမှုနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ လက်မှတ်) တို့ကို အမြန်ဆုံး ပြုစုပြီး အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း သုံးသပ် အကြံပြု အပ်ပါသည်။

ကြေးနီစီမံကိန်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ် မျိုးဆက် များအတွက် အကျိုးရှိ/ မရှိ

၈၄။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ကမ္ဘာပေါ်တွင်အကြီးဆုံးသော ကြေးနီ စီမံကိန်းတစ်ခု ဖြစ်ပါသည်။ ဤကြေးနီစီမံကိန်းကို လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်တို့ အကျိုးရှိ/ မရှိ စိစစ်သုံးသပ်ရန် လိုပါသည်။ ကော်မရှင်အဖွဲ့ စီးပွားရေးပညာရှင်က ယခုလုပ်ငန်းသည် စီးပွားရေးရှုထောင့်မှ အကျိုးရှိ စွာလုပ်ဆောင်သင့်သည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်ဟု သုံးသပ်တင်ပြခဲ့ပါသည်။ ကြေးနီစီမံကိန်းကို လက်ရှိစာချုပ်အတိုင်း ဆောင်ရွက်မည်ဆိုပါက အောက်ပါအတိုင်း နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်တို့ အကျိုးကျေးဇူးခံစားကြရမည် ဖြစ်ပါသည်-

(က)နိုင်ငံတော်အတွက်အကျိုးကျေးဇူး။ ဤကြေးနီစီမံကိန်းမှာ နိုင်ငံတော်သည် ခိုင်ကြေး (Royalty) 4%၊ ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) ၈% နှင့် ဝင်ငွေခွန် (Income Tax) ၁၅% တို့ ရရှိမည်ဖြစ်ပါသည်။ ၎င်းအခွန် များနှင့် စီမံကိန်းတူးဖော်မှုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို နုတ်ပယ်၍ နောက်ဆုံးဝင်ငွေအား ခွဲဝေရာ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်မှ ၅၁% ကို လည်းကောင်း၊ ဝမ်ပေါင်ကုမ္ပဏီမှ ၄၉% ကိုလည်းကောင်း အသီးသီး ရရှိကြမည်ဖြစ်ပါသည်။ နိုင်ငံတော်မှရရှိမည့် အကျိုးကို အောက်ပါအတိုင်း တွက်ချက်နိုင်ပါသည်--

စုစုပေါင်းဝင်ငွေ (သို့) ကြေးနီရောင်းရငွေ(Total Revenue)=၁ဝဝ%

ထုတ်လုပ်မှုကုန်ကျစရိတ် (Total Cost) = ၅၆%

ခိုင်ကြေး (Royalty) ၄% + ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) ၈%=၁၂%

အခွန်မဆောင်မီအမြတ်ဝင်ငွေ (Income Before Tax)=၃၂%

စုစုပေါင်းဝင်ငွေ၁ဝဝအပေါ်နိုင်ငံတော်အစိုးရက ရရှိမည့် ခိုင်ကြေး (Royalty)=၄%

စုစုပေါင်းဝင်ငွေ ၁ဝဝအပေါ် နိုင်ငံတော်အစိုးရက ရရှိမည့် ကုန်သွယ်ခွန် (Commercial Tax)=၈%

အခွန်မဆောင်မီဝင်ငွေ ၃၂ အပေါ်နိုင်ငံတော်အစိုးရက ရရှိမည့် ဝင်ငွေခွန်(Income Tax) ၁၅%=၄.၈%

နိုင်ငံတော်အစိုးရကရရှိမည့်အခွန်ဝင်ငွေစုစုပေါင်း=၁၆.၈%

အခွန်မဆောင်မီဝင်ငွေ၃၂- ဝင်ငွေခွန် ၄.၈ =၂၇.၂၏

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်၏ ဝင်ငွေ၅၁%=၁၃.၈၇၂%

အခွန်မဆောင်မီ ဝင်ငွေ၃၂-ဝင်ငွေခွန် ၄.၈=၂၇.၂၏ ဝမ်ပေါင် သတ္တုတွင်း ကုမ္ပဏီ၏ ဝင်ငွေ၄၉% =၁၃.၃၂၈%

(၁)အထက်ပါတွက်ချက်မှုတွင် နိုင်ငံတော်က ရရှိမည့်အကျိုးအမြတ်ကို ၁၆.၈% ဟု တွက်ချက် ဖော်ပြထားခဲ့ပါသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ ၂ဝ၁ဝခုနှစ်၊ ဇွန်လတွင် ချုပ်ဆိုထားသော စာချုပ်အပေါ် မူတည်ပြီး ၁၆.၈%ဟု တွက်ချက် ဖော်ပြခြင်း ဖြစ်ပါသည်။

(၂)သို့ရာတွင် လက်ရှိတည်ဆဲဥပဒေအရ ကုမ္ပဏီကကုန်သွယ် လုပ်ငန်းခွန်၈% ပေးသွင်းရန် မလိုအပ်တော့ပါ။ သို့ဖြစ်ရာ နိုင်ငံတော် ခံစားရမည့် အကျိုးကျေးဇူးထဲမှ ၈% လျော့နည်း သွားမည် ဖြစ်ပါသည်။ ခံစားရမည့်အကျိုးကျေးဇူးသည် ခိုင်ကြေး ၄% နှင့် ဝင်ငွေခွန်ပေါ်မှ ကောက်ခံသည့် အခွန်သာဖြစ်ပါသည်။ တစ်နည်းဆိုသော် ဤကြီးမားသော လုပ်ငန်းကြီးမှ နိုင်ငံတော် အတွက် အကျိုးကျေးဇူးရှိသည် မှန်သော်လည်း ရရှိသည့် အကျိုးကျေးဇူးမှာ နည်းပါးပါသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ရှိသည့် အချိန်တွင် ဤအချက်ကို တွေ့ရှိ သုံးသပ်ပြီးအလေးထား ပြောကြားခဲ့ပါသည်။ တစ်ဖက်တွင်လည်း နိုင်ငံတော်၏ အကျိုးကျေးဇူးကို တွက်ချက်ရာတွင် အစိုးရဘဏ္ဍာသို့ ရရှိသည့်ဝင်ငွေအပြင် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းတို့၏ ဝင်ငွေကိုလည်းကောင်း၊ လုပ်ငန်းတည်ထောင် ဆောင်ရွက် ခြင်းကြောင့် ရရှိလာမည့် နည်းပညာ ကူးပြောင်းမှု (transfer of technology) ကိုလည်းကောင်း၊ ပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိမှုကို လည်းကောင်း ထည့်သွင်း တွက်ချက်ရန် လိုအပ်ပါသည်။ ကော်မရှင် စီးပွားရေးပညာရှင်၏ အကျိုးရှိမှု တွက်ချက်ခြင်း (Benefit Calculation) အရ ယခုလုပ်ငန်းတွင် နိုင်ငံတော်နှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်တို့ ရရှိသည့် အကျိုးစီးပွားသည် ဝမ်ပေါင် ကုမ္ပဏီ ရရှိသည့်အကျိုးစီးပွားထက် ပိုမိုပါသည်။

(ခ)ပြည်သူလူထုအတွက် အကျိုးကျေးဇူး။ ကြီးမားသည့် စီးပွားရေးစီမံကိန်း တစ်ခုတည်ထောင်ခဲ့ ပါလျှင် ဒေသခံလူထုအတွက် အလုပ်အကိုင် အခွင့် အလမ်းများရရှိနိုင်သည်။ ထိုစီးပွားရေးလုပ်ငန်း အပေါ်မူတည်ပြီး စီးပွားရေး လုပ်ငန်းငယ်များ ပေါ်ပေါက်လာနိုင်သည်ဟူ၍ သမားရိုးကျ ခံယူမှုရှိပါသည်။ ယခုလက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍မူ မြန်မာ ဝန်ထမ်း ၆၆ဝ ဦးကို ခန့်ထားပြီး ဖြစ်ကြောင်း၊ အသစ်ခန့်ထားမည့် အင်ဂျင်နီယာဘွဲ့ရနှင့် အခြားဘွဲ့ရ ၁၂၈ ဦးအား လုပ်ငန်းခွင် သင်တန်းပို့ချပေးလျက်ရှိကြောင်း ဝမ်ပေါင်ကုမ္ပဏီမှ သိရှိရပါသည်။ ဤလုပ်ငန်းထက် လုပ်ငန်းပမာဏများစွာ သေးငယ်သည့် စံပယ်တောင်နှင့် ကြေးစင်တောင်သတ္တုတွင်း၏ လုပ်ငန်းအင်အားကို ကြည့်ပါလျှင်နိုင်ငံခြား ပညာရှင် ၆ ဦး သာရှိပြီး မြန်မာဝန်ထမ်းဦးရေမှာ ၁၄၃၉ ဦး ဖြစ်ရာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် နိုင်ငံခြားသား ဦးရေများပြားပြီး ဒေသခံတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ဒေသခံပြည်သူ တို့သည် လယ်ယာ လုပ်ကိုင်သူများဖြစ်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် ယခင်လုပ်ကိုင်ခဲ့ကြသော လယ်ယာမြေများကို စွန့်လွှတ်ခဲ့ကြရာ မိရိုးဖလာ လုပ်ကိုင်ခဲ့သော လယ်ယာ လုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်း မရှိတော့သည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ဤကြေးနီစီမံကိန်းအတွက် တစ်ဆင့် ငှားရမ်းသည့် သယ်ယူပို့ဆောင်မှု လုပ်ငန်း (Sub-Contract) ကိုလည်း ကုမ္ပဏီကြီး တစ်ခုကို ချထားပေးခဲ့ရာ ဆင့်ပွားစီးပွားရေး လုပ်ငန်းမှလည်း ဒေသခံတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း မရရှိသည်ကိုလည်း တွေ့ရှိရ ပါသည်။ ဒေသခံလူထုအနေနှင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအပေါ် နှစ်လိုမှုမရှိခြင်း၏ အကြောင်းရင်းများတွင် အသိမ်းခံရသော လယ်ယာမြေများအတွက် တန်ရာတန်ကြေးမရ ဟူသောခံယူချက်အပြင် အလုပ်အကိုင် အခွင့်အလမ်းများ မရရှိခြင်းသည်လည်း အကြောင်းအရင်း တစ်ရပ် ဖြစ်ပါသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဝမ်ပေါင် ကုမ္ပဏီတို့ အနေဖြင့် ရေဘေးသင့် ဒေသခံများအတွက် အလှူငွေ ပေးအပ်ခြင်း၊ ယမားချောင်း တာပေါင် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ရွာသာ-ရွေပန်းခိုင်လမ်း ဆောက်လုပ်ပေးခြင်း၊ သာယာကုန်းရွာတံတားနှင့် မိုးကြိုးပြင်ရွာ ဆည်ပြုပြင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ ဖောင်းကားရွာ ဆည် ပြုပြင် ပေးခြင်းအပြင် ပညာရေးနှင့် ကျန်းမာရေးတို့တွင် အကူအညီ ပေးခြင်းတို့ပြုလုပ် ပေးမှုရှိသည်ကို တွေ့ရှိရရာ ကျေးရွာ လူထုအနေနှင့် အကျိုးခံစားမှု အထိုက်အလျောက်ရှိသည်ဟု ဆိုနိုင် ပါသည်။သို့ရာတွင် ဒေသခံ လူထုမျှော်လင့်သည့် ရေရှည်လူမှု စီးပွားဆိုင်ရာ အကူအညီတို့ကိုမူ ထိရောက်စွာ ပေးအပ်ထားခြင်း မရှိဟု သုံးသပ်ရပါသည်။ ဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ၎င်းတို့က ယခုကာလသည် သတ္တုလုပ်ငန်း စီမံကိန်းထူထောင်ဆဲကာလာသာ ဖြစ်ပြီး စီမံကိန်း အရှိန်အဟုန် ရရှိလာသည်နှင့်အမျှ ဒေသခံလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရန်ရှိကြောင်း ကော်မရှင်သို့ တင်ပြခဲ့ ပါသည်။ ကော်မရှင် အနေဖြင့် ဒေသခံလူထုအတွက် အကျိုးကျေးဇူးပိုမို ရရှိရန် လိုအပ်သည်ဟု လည်းကောင်း၊ ကုမ္ပဏီတွင် ခန့်ထားပေးနိုင်သည့် အလုပ်အကိုင် အပြင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprise) တည်ထောင်ပေးမှသာလျှင် ဒေသခံ ပြည်သူလူထု၏ အလုပ်အကိုင် အခွင့်အလမ်းကို ဖြည့်ဆည်းပေးနိုင်မည် ဟုလည်းကောင်း သုံးသပ် ပါသည်။

(ဂ)အနာဂတ်မျိုးဆက်များအတွက် အကျိုးကျေးဇူး။ နိုင်ငံတစ်နိုင်ငံ အနေဖြင့် သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် ပစ္စုပ္ပန်လူသားအတွက် သာမက အနာဂတ်မျိုးဆက်များ၏ အကျိုးကျေးဇူးကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ သို့ကြောင့်လည်း နိုင်ငံတကာအနေဖြင့် စီးပွားရေး တိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်တိုးတက် ဖွွံ့ဖြိုးမှု (Sustainable Development) မူများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါသည်ဟု ခံယူထားပါသည်။ ထိုမူများအရ ဆောင်ရွက်ရာတွင် သယံဇာတ ပစ္စည်းများကို ပစ္စုပ္ပန်လူသားတို့ အကျိုးငှာ ထုတ်ယူ သုံးစွဲနိုင်ပါသည်။ ထိုသို့ထုတ်ယူ သုံးစွဲသည့်အခါ အနာဂတ် မျိုးဆက်များ အတွက်ပါ ဆက်လက် အကျိုးကျေးဇူး ရှိစေရန် စီစဉ်ဆောင်ရွက်ရန် လိုပါသည်။ တစ်နည်းဆိုသော် သယံဇာတ ထုတ်ယူ သုံးစွဲရာတွင် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှု အနည်းဆုံး ဖြစ်စေမည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေးအစီအစဉ်များကို ချမှတ်ရန် လိုအပ်ပါသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် စတင် တည်ထောင်သည့် အဆင့်သာ ရှိပါသေးသည်။ သို့ရာတွင် ထိုအဆင့်မတိုင်မီ ဆောင်ရွက်ရမည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုဘဝ အကဲဖြတ်မှု (Environmental and social Impact Assessment-ESIA) ကို စနစ်တကျ လုပ်ဆောင်ထားမှု မရှိဘဲ၁၉၉၇ခုနှစ်၊ အိုင်ဗင်ဟိုကုမ္ပဏီ လက်ထက်တွင် ပြုလုပ်ထားသော အကြိုဖြစ်နိုင်စွမ်း လေ့လာမှု အစီရင်ခံစာ ပေါ်တွင်သာ အခြေခံ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ လက်ရှိ ဆောင်ရွက်နေသော လက်ပံတောင်းတောင် စီမံကိန်းတွင် လုံလောက်သော ပတ်ဝန်းကျင် ထိန်းသိမ်းမှု အစီအစဉ်များ မရှိဟု သုံးသပ်ပါသည်။ ထို့အပြင် လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်းစီမံကိန်းကို အကောင်အထည် ဖော်ခြင်းအားဖြင့် အနာဂတ် မျိုးဆက်များအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများ သိသာထင်ရှားစွာ ပေါ်ပေါက် သင့်ပါသည်။ ထို့ကြောင့် လိုအပ်သော စီမံကိန်းများ အကောင် အထည်ဖော်ရန် အရေးကြီးသည်ဟု သုံးသပ်ပါသည်။

ခြုံငုံသုံးသပ်ချက်နှင့် အကြံပြုချက်များ[ပြင်ဆင်ရန်]

၈၅။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အဓိက စဉ်းစားရမည့် အချက်မှာ ဤကြေးနီစီမံကိန်းသည် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များ အတွက် အကျိုးရှိစွာဖြင့် လုပ်ကိုင်နိုင်ခြင်းရှိ/မရှိ၊ ဆက်လက်လုပ်ဆောင်ရန် သင့်/ မသင့် ဆိုသည့် အချက် ဖြစ်ပါသည်။ ကော်မရှင်၏ စီးပွားရေးပညာရှင် သုံးသပ်ချက်အရ ဤကြေးနီစီမံကိန်းသည် စီးပွားရေးရှုထောင့်မှ အကျိုးရှိစွာ လုပ်ကိုင်နိုင်သည်ကို ပြတ်သားစွာ သုံးသပ်တင်ပြထားပါသည်။ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိသော်လည်း အနာဂတ် မျိုးဆက်များအတွက် အကျိုးကျေးဇူးရှိစေရန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများကို ကျင့်သုံးရန် လိုအပ်ပါသည်။ စီးပွားရေး ပညာရှင်တင်ပြသကဲ့သို့ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အောက်ပါ နည်းလမ်းသုံးသွယ်ကို ရွေးချယ်နိုင်ပါသည်။ ထိုသို့ ရွေးချယ်ရန် အတွက် စဉ်းစားဆုံးဖြတ်ရာတွင် စီးပွားရေးအတွက် အကျိုးရှိမှု၊ နိုင်ငံတကာဆက်ဆံရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို အားလုံးခြုံငုံပြီး (Holistically) စဉ်းစားရန် လိုအပ်ပါကြောင်း အကြံပြုအပ်ပါသည်-

(က)လက်ရှိအတိုင်းပင် ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ကိုင်စေမည့် နည်းလမ်း။ ကြေးနီတောင်စီမံကိန်း ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ် ဆန်းစစ်ချက်များ စနစ်တကျပြုလုပ် ထားခြင်း မရှိပါ။ ယခုအတိုင်း ဆက်လက်ဆောင်ရွက်စေပါက ကြေးနီ စီမံကိန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက် လာသည့် အချိန်တွင် ပတ်ဝန်းကျင် ထိခိုက်မှုများပေါ်ပေါက်လာမည် ဖြစ်ပါသည်။ ကုမ္ပဏီအနေဖြင့် ဒေသဆိုင်ရာ ပြည်သူတို့အတွက် လုံလောက်သော လူမှု စီးပွားရေးဘဝ တိုးမြင့်အောင် ဆောင်ရွက်ပေးနိုင်မှု တွင်လည်းကောင်း၊ လယ်ယာမြေဆုံးရှုံးသဖြင့် အလုပ်အကိုင်မဲ့ ဖြစ်နေသူများအား အလုပ်အကိုင် အခွင့်အလမ်း ထိရောက်စွာ ဖော်ဆောင်ပေးနိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ဤကြေးနီစီမံကိန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူး အချို့ရရှိ သော်လည်း ဤမျှကြီးမားသော စီးပွားရေးလုပ်ငန်းမှ နိုင်ငံတော် အတွက် ယခု ထက်ပိုမို၍ အကျိုးကျေးဇူး ရရှိသင့်ပါသည်။ ထို့ကြောင့် ဤနည်းလမ်း ကို ရွေးချယ်၍ မသင့်ပါဟုယူဆပါသည်။

(ခ)ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ဆောင်ခွင့် မပြုဘဲရပ်ဆိုင်း စေမည့် နည်းလမ်း။ ကြေးနီစီမံကိန်းသည် တရုတ်နိုင်ငံအစိုးရ၏ နိုင်ငံပိုင် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်သည့် စီမံကိန်းဖြစ်ပါသည်။ မြန်မာ နိုင်ငံဘက်မှ ကုမ္ပဏီသည်လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ရှယ်ယာ ၄ဝ % ပါဝင်သည့် ကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် နှင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အခိုင်အမာဆောင်ရွက်ထားသည့် စီးပွားရေး လုပ်ငန်း ဖြစ်ပါသည်။ ထိုစီးပွားရေးလုပ်ငန်းကို ဖျက်သိမ်းမည်ဆိုပါက မြန်မာနိုင်ငံသည် ခွင့်ပြုထားသော သဘောတူစာချုပ်ကို လေးစားလိုက်နာခြင်း မရှိဟု ယူဆချက်များ ပေါ်ပေါက်နိုင်ပါသည်။ ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံခြား အရင်းအနှီး ဖိတ်ခေါ်ပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရန် စီစဉ်လျက်ရှိရာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် ရင်းနှီးမြှုပ်နှံလိုစိတ် လျော့နည်းသွား နိုင်ပါသည်။ နိုင်ငံတကာဆက်ဆံရေး ရှုထောင့်မှ ကြည့်လျှင် လည်း နှစ်နိုင်ငံဆက်ဆံရေးတွင် ပြေလည်မှုမရှိသည့် အခြေအနေများ ပေါ်ပေါက်လာ နိုင်ပါသည်။ ထိုအချက်အလက်များကို ခြုံငုံကြည့်မည်ဆိုပါက ကြေးနီ လုပ်ငန်းအား တစ်ဖက်သတ် ရပ်စဲမှုပြုရန် မသင့်ဟုယူဆပါသည်။ ထို့အပြင် လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း စီမံကိန်းအား ရပ်ဆိုင်းခြင်းအားဖြင့် ဒေသခံပြည်သူများ အတွက် အကျိုးကျေးဇူး ဖြစ်ထွန်းမည့် အလားအလာများ ရပ်တန့်သွားရုံ သာမက ပတ်ဝန်းကျင် ပြန်လည် ပြုပြင်ရေးအတွက်လည်း အခက်အခဲ များစွာ ရှိလာနိုင်မည်ဟုယူဆပါသည်။

(ဂ)ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ နိုင်ငံတော်၏အကျိုးစီးပွား၊ ဒေသခံလူထု၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို ပြည့်ဝစွာ ရရှိစေရန် အစီအမံများချမှတ်ပြီး စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်း။ ကော်မရှင်အနေဖြင့် ဤနည်းလမ်းသည်သာ အသင့်လျော်ဆုံးဟု အကြံပြု ပါသည်။ အဆိုပါနည်းလမ်းကို အကောင်အထည်ဖော်မည် ဆိုပါက အောက်ပါ တို့ကို လုပ်ဆောင်ရန် လိုအပ်ပါမည်

(၁)ကြေးနီစီမံကိန်း အကောင်အထည် ဖော်ခြင်းကြောင့် နိုင်ငံတော်တွင် စီးပွားရေးအရ ရရှိသည့် အကျိုးအမြတ်ကို ယခုထက် ပိုမိုပြည့်ဝစွာ ရရှိစေရန် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ တည်ဆဲဥပဒေ များနှင့်အညီ သတ္တုတွင်းဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ရန်၊

(၂)ကြေးနီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုများနှင့်အညီ ဆောင်ရွက်စေခြင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ် ဆန်းစစ်ခြင်း အစီရင်ခံစာ (Environmental and social Impact Assessment-ESIA)၊ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစီမံချက် (Environmental Management Plan-EMP) လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Occupational Health and Safety Assessment System-OHSAS) တို့ကို စနစ်တကျ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်စေရန်၊

(၃)ကြေးနီ စီမံကိန်းတွင် မြေသိမ်းဆည်း ခံထားရသော ဒေသခံ လူထု အတွက် ပေးအပ်သော မြေလျော်ကြေးတို့သည် ကာလ တန်ဖိုး ထက်များစွာ လျော့နည်းနေရာ ကာလတန်ဖိုးအတိုင်း ပြင်ဆင်၍ ထပ်မံ တိုးပေးရန်၊

(၄)သိမ်းဆည်းထားသော မြေပမာဏသည် လိုအပ်သည်ထက် ပိုမိုသိမ်းဆည်း ခြင်း ရှိ/ မရှိ စိစစ်ပြီး လိုအပ်သည့် ပမာဏကိုသာ သိမ်းဆည်းပြီး ကျန်မြေတို့ကို ကျေးရွာလူထုသို့ ပြန်လည်ခွဲဝေပေး ရန် အတွက် စဉ်းစားပေးရန်၊ အချို့နေရာများကို စိုက်ပျိုးမြေအဖြစ် ပြန်လည် သုံးစွဲနိုင်ရေးအတွက် စဉ်းစားလုပ်ဆောင်ပေးရန်၊

(၅)လယ်ယာဆုံးရှုံးသူ ဒေသခံလူထုအတွက် လူမှုရေး၊ ကျန်းမာရေး လိုအပ်ချက်တို့ကို ဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် ထိရောက်စွာ ပံ့ပိုး ဆောင်ရွက်ပေးရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ် ပေါက်စေရန် ကုမ္ပဏီတွင် အလုပ်ခန့်ထားပေးသည့် အပြင် အသေးစားနှင် အလတ်စား လုပ်ငန်းများ (SME) ထူထောင်ပေးရန်၊

(၆)လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်း ခေါ်သော နေရာနှင့် ၎င်းအပေါ်ရှိ စေတီ၊ သိမ်၊ ကျောင်းစသည့် ဗုဒ္ဓသာသနိက အဆောက် အအုံများသည် သတ္တုသိုက်တည်ရှိရာ အဓိကနေရာ ဖြစ်နေခြင်း၊ သာသနိက အဆောက်အအုံများကို ကွင်းရှောင်ပြီး ကြေးနီသတ္တုတူးဖော် ထုတ်လုပ်မည်ဆိုလျှင်လည်း ယင်းအဆောက် အအုံများ၏ ကြံ့ခိုင်တည်မြဲ မှုကို ဧကန်မုချ ထိခိုက်နိုင်မည် ဖြစ်ခြင်းတို့ကြောင့် အဆိုပါ လက်ပံတောင်း တောင်ကြား တောရစင်္ကြန် ကျောင်းမြေနေရာနှင့် ၎င်းအပေါ်ရှိ ပျက်စီးစေမှု မရှိဘဲလက်ရှိ အနေအထားများအတိုင်း အခြား သင့်လျော်သည့် နေရာတစ်ခုသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း သုံးသပ် အကြံပြုအပ် အပ်ပါသည်။

၈၆။ ဤအစီအမံများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆိုစေပြီး ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်စေသင့် ပါကြောင်း တင်ပြအစီရင်ခံအပ် ပါသည်။

မြေယာသိမ်းဆည်းမှုများအပေါ် ဒေသခံပြည်သူများအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးမှုများနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊

၈၇။(က)နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား အလို့ငှာ လယ်ယာမြေများကို သိမ်းဆည်းရာတွင် လိုအပ်ချက်အတွက် အတတ်နိုင်ဆုံး၊ အနည်းဆုံး သိမ်းဆည်းရန် ဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၃-၈-၂ဝ၁၂ ရက်စွဲပါ စာအမှတ်၊ ၃ဝဝ/၁-၆/ ဦး ၁(၅၇၁) အမိန့်ကြော်ငြာစာဖြင့် နှစ်ရှည် မြေငှားဂရန် ထုတ်ပေးရန် ခွင့်ပြုချက်အရလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၆-၇-၂ဝဝဝ ရက်နေ့တွင် လန(၃၉) ခွင့်ပြုမိန့်အရလည်းကောင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ တောင်ပလူ၊ မိုးကြိုးပြင်၊ ရွာရှည်၊ လက်ပံတောင်း၊ တုံရွာနှင့် ဖောင်းကတာ ကျေးရွာအုပ်စုရှိ ကွင်း ၁၈ ကွင်းမှ အခြားမြေ ဧရိယာ ၂၈၁၀ ဧကနှင့် ကွင်း ၁၉ ကွင်းမှ လန(၃၉) ကျပြီး လယ်မြေ ၃၉.၉ ဧကနှင့် ယာမြေ ၅ဝ၁၇.၁ ဧက စုစုပေါင်း ၅ဝ၅၇ ဧက၊ အခြားမြေ၊ လယ်မြေနှင့် ယာမြေစုစုပေါင်း ၇၈၆၇ ဧကအား တစ်နှစ်လျှင် မြေငှား ရမ်းခ ၂၈၃၂၁၂ဝ ကျပ်နှုန်းဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ ကြေးနီ သတ္တုတွင်းလုပ်ငန်း (မုံရွာ) အမည်ဖြင့် အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်း ဥပဒေ- ၅၁-ခ (ဂ) အရ နှစ် ၆ဝ မြေငှားဂရန် ထုတ်ပေးခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ကြေးနီသတ္တုတွင်း လုပ်ငန်း (မုံရွာ)က နိုင်ငံတော်သို့ မြေငှားရမ်းခများ ပေးသွင်းပြီး ဖြစ်သဖြင့် ၇-၉-၂ဝ၁၂ ရက် နေ့မှ ၆-၉-၂ဝ၇၂ ရက် နေ့အထိ နှစ် ၆ဝ မြေငှားဂရန်ကို မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးခဲ့ကြောင်း ခရိုင်မြို့နယ် အုပ်ချုပ်ရေးရေးမှူး များ၏ ထွက်ဆိုချက်များအရ တွေ့ရှိရပါသည်။

(ခ)ဆားလင်းကြီး မြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်း အတွက် ကျေးရွာ ၂၆ ရွာ မှလယ်ယာမြေများ သိမ်းဆည်း နိုင်ရေးအတွက် လည်းကောင်း၊ စီမံကိန်းအတွင်း ကျရောက်သည့် ကျေးရွာများ ပြောင်းရွှေ့နိုင်ရေးအတွက် လည်းကောင်း၊ မြို့ နယ်အဆင့် အဖွဲ့များဖွဲ့၍ ဆောင်ရွက် ခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာ ၄ ရွာ ပြောင်းရွှေ့ရေး အတွက်လည်း ရပ်မိရပ်ဖများ ကျောင်းထိုင်ဆရာတော်များ၊ မြို့နယ် သံဃနာယက အဖွဲ့ဝင်ဆရာတော်များကို မိုင်းမြို့ဦးကျောင်းတွင် ပင့်ဖိတ်၍ လျှောက်ထားဆောင်ရွက်ခဲ့ကြောင်း၊ ကျေးရွာ ၄ရွာ မြေနေရာအား ရွာသူရွာသားတို့၏ ဆန္ဒနှင့်အညီ ရှေးဦးစွာ ပုသိမ်-မုံရွာ ကားလမ်းမဘေး၊ မိုးကြိုးပြင်တောင်ရွာအနီး ရွေးချယ်ခဲ့ပါသည်။ အများစုက သဘော မတူသဖြင့် ထပ်မံရွေးချယ်ခဲ့ရာ ကံတောကျေးရွာ အတွက် ရွာရှည်ကျေးရွာ အုပ်စု၊ ကွင်းအမှတ် ၇၆၃-က၊ ဦးပိုင်ပေါင်း ၂၂ ခု၊ မြေဧရိယာ ၅ဝ.၆၅ ဧက အားလည်းကောင်း၊ ဆည်တည်း၊ ဇီးတောကျေးရွာ များအတွက် တုံကျေးရွာ အုပ်စု၊ ကွင်းအမှတ်-၇၅၈၊ ဦးပိုင်ပေါင်း ၄၆ ခု၊ မြေဧရိယာ ၅၅ ဒသမ ဝ၄ ဧကကို ရွေးချယ်ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ယာမြေပိုင်ရှင် တောင်သူများကို လျော်ကြေးပေးချေခြင်း၊ မြေသိမ်းဆည်းခြင်း လုပ်ငန်းများကို မြေယာ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြ၍ လန(၃၉) ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ခဲ့ပြီး လက်ပံတောင်းတောင်ကြားရှိ တောင်ကြား ဘုန်းတော်ကြီး ကျောင်းအား တောင်ပလူရွာအနီး မြေဧက ၇ ဒသမ ၆ဝ ဧကခန့်ရှိသည့် နေရာသို့ ဆရာတော်များ၏ ဆန္ဒအရ ပြောင်းရွှေ့ ဆောက်လုပ်ပေးခဲ့ရာ စေတီ ၁ ဆူ၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဇရပ် ၂ ခု၊ ဂန္ဓကုဋိတိုက် ၁ လုံး၊ ဆွမ်းစားဆောင် ၁ ဆောင်၊ ဆွမ်းချက်ဆောင် ၁ ဆောင်၊ ဓမ္မာရုံ ၁ ခု၊ ကမ္မဋ္ဌာန်းတိုက် ၂ တိုက်၊ သိမ် ၁ ခု၊ အုတ်တံတိုင်းနှင့် မုခ်ဦးတို့ အပါအဝင် စုစုပေါင်း ကုန်ကျစရိတ် ၂၄၄ဝ၈၄၃၇ဝ ကျပ် ဖြစ်ကြောင်းနှင့် မြေအား သာသနာ့မြေအဖြစ် အသုံးပြုနိုင်ရန် လုပ်ထုံး လုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ထားပြီး ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ကျေးရွာမြေနှင့် လယ်တီ ဘုန်းကြီးကျောင်း သာသနာ့မြေများအဖြစ် သတ်မှတ်နိုင်ရေး တင်ပြဆောင်ရွက်ခဲ့ကြောင်း၊ လယ်ယာမြေများကိုလည်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပါဝင်သော စာရင်းကောက်ယူရေး အဖွဲ့များ ဖွဲ့စည်းပြီး ကွင်းဆင်းကောက်ယူ ခဲ့ကြောင်း သိရှိရပါသည်။

(ဂ)မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အတွက် မြေဧရိယာ ၇၈၆၇ ဧက(လယ်ယာစိုက်ပျိုးမြေ ၅ဝ၅၇ ဧက၊ စိုက်ပျိုးခြင်း မပြုသည့် အခြားမြေ ၂၈၁ဝ ဧက) ကို သိမ်းဆည်းပေးရာတွင် မြေနှင့် အခွန်ဥပဒေအရလည်းကောင်း၊ ၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေ အရလည်းကောင်း၊ လယ်ယာစိုက်ပျိုး မြေများအတွက် မြေယာနှင့်သီးနှံ လျော်ကြေးများကို မြို့နယ်လျော်ကြေး ပေးချေရေးအဖွဲ့မှ တွက်ချက် တင်ပြစေပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အတည်ပြုချက်ဖြင့် မြေခွန်တော် ၁၂ ဆ မှ ၂ဝ ဆ၊ သီးနှံထွက်ရှိမှု၏ ၃ ဆဖြင့် မြေနှင့် သီးနှံ လျော်ကြေးငွေ စုစုပေါင်း ၃၇ဝ၆ ဒသမ ၈၃ သန်း၊ ထန်း၊ မန်ကျည်း၊ သရက်နှင့် သနပ်ခါးစသည့် နှစ်ရှည်ပင်များအတွက် လျော်ကြေးငွေ စုစုပေါင်း ၃၄၈ ဒသမ ဝ၉ သန်း နှင့် ကျေးရွာသစ်များသို့ ပြောင်းရွှေ့ နေထိုင်သူများအတွက် ပြောင်းရွှေ့စရိတ်နှင့် အိမ်ဆောက်လုပ်ပေးခြင်း အတွက် ၂ဝ၄ ဒသမ ၉၉၇ သန်းတို့ကို ပေးခဲ့ရာ တောင်သူများမှ လျော်ကြေးငွေ လက်ခံခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာ-ဝမ်ပေါင်ကုမ္ပဏီလီမိတက်မှ တည်ဆောက် ပေးခဲ့သည့် နေအိမ် အဆောက်အအုံတို့သည် သတ်မှတ် အဆင့်အတန်းမမီဘဲ အရည်အသွေး နိမ့်ကျခြင်း၊ ပြောင်းရွှေ့ နေထိုင်သူများ မှ မြို့ပြပုံစံအရ မြေကွက်များနှင့် အိမ်များတွင်နေထိုင်ရခြင်း၊ ကျေးလက်ပုံစံ အရ ကျွဲ၊ နွားများ ထားရန် တင်းကုပ်များအတွက် မြေနေရာ လိုအပ်ခြင်း၊ ကျွဲ၊ နွားများ လွှတ်ကျောင်းရန် နေရာလိုအပ်ခြင်းတို့အပေါ် မကျေနပ်မှုများ ဖြစ်ပေါ် လျက်ရှိကြောင်း၊ လျော်ကြေးငွေများ ပေးချေရာတွင် အများပြည်သူ အမြင်ရှင်းစေရန်၊ ပွင့်လင်းမြင်သာမှု (transparency) ရှိစေရန် ဆောင်ရွက် ခဲ့မှု အားနည်းကြောင်း၊ သတင်းအချက်အလက်ရရှိရန် အခွင့်အလမ်း အားနည်းသူ အများစုဖြစ်သော ဒေသခံတို့အား မြေယာသိမ်းယူမှု၊ လျော်ကြေးပေးလျော်မှုတို့ နှင့်စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်း အသိပေး ပြောကြားခဲ့ခြင်း မရှိကြောင်း၊ မြေနှင့်သီးနှံ လျော်ကြေးငွေပေးရန်ဟု ကြေညာခဲ့ပြီး မြေပိုင်ရှင် လက်မှတ်ထိုးရသည့် စာရွက်စာတမ်းတွင်မူ မြေယာအား စွန်လွှတ်ကြောင်းနှင့် လျော်ကြေးငွေ ရရှိကြောင်းဟု ရေးထားကြောင်း စသည့် ရှေ့နောက် မညီညွတ်မှုများ (Inconsistencies) ရှိခဲ့ကြောင်း ကွင်းဆင်း စစ်ဆေးချက်များအရ စိစစ်တွေ့ရှိရပါသည်။

(ဃ)လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် လယ်ယာမြေများကို သိမ်းဆည်းရာတွင် အောက်ပါ နှုန်းထားများအတိုင်း လျော်ကြေးငွေ ပေးချေခဲ့ကြောင်း လေ့လာသိရှိရပါသည်-

(၁)မြေလျော်ကြေး ပထမတန်းစား (R1) ၈ဝကျပ်

ဒုတိယတန်းစား(R2) ၄၅ကျပ်

တတိယတန်းစား(R3) ၃၅ကျပ်

ပထမတန်းစား၊ တောင်ယာမြေ(Y1) ၂၅ကျပ်

ဒုတိယတန်းစား၊ တောင်ယာမြေ(Y2) ၁၅ကျပ်

တတိယတန်းစား၊ တောင်ယာမြေ(Y3) ၅ကျပ်

(၂)သီးနှံလျော်ကြေး သရက်ပင် (တစ်ပင်လျှင်) ၁၆ဝဝဝကျပ်

ထန်းပင်(တစ်ပင်လျှင်) ၁ဝဝဝဝကျပ်

နှမ်း(၁ဧကလျှင်) တန်ဖိုး၏(၃)ဆ ၅၅၂ဝဝဝကျပ်

ပဲစင်းငုံ(၁ဧကလျှင်) တန်ဖိုး၏(၃)ဆ ၅၄ဝဝဝဝကျပ်

နေကြာ(၁ဧကလျှင်) တန်ဖိုး၏(၃)ဆ ၅၂၅ဝဝဝကျပ်


(င)လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ၁၈၉၄ခုနှစ်၊ မြေသိမ်းဥပဒေ အရ လယ်၊ ယာမြေတစ်ဧကလျှင် မြေခွန်ငွေ ၂ဝဆနှုန်းဖြင့်သာ မြေ လျော်ကြေး ပေးထားခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ တစ်ဧက လျှင် ၂၅ ပြားမှ ၁ကျပ် ၂၅ ပြားအထိ မြေခွန်ကောက်ခံသည့် ယာမြေများအတွက် မြေလျော်ကြေးကို ၅ကျပ်မှ ၂၅ကျပ်ခန့်ဖြင့်လည်းကောင်း၊ တစ်ဧကလျှင် ၁ ကျပ်မှ ၂ကျပ် ၂၅ ပြားအထိ ကောက်ခံသော လယ်မြေ များအတွက် မြေလျော်ကြေးကို ၂ဝကျပ်မှ ၄၅ကျပ်ခန့်ဖြင့် လည်းကောင်း ပေးအပ် ထားသည်ကို တွေ့ရပါသည်။ အထက်ဖော်ပြဇယားပါ မြေနှင့် သီးနှံ လျော်ကြေးပေးအပ်မှု အခြေအနေကို လေ့လာကြည့်ပါက လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းတွင် မြေနှင့်သီးနှံလျော်ကြေးပေးအပ်မှု အခြေအနေမှာ မြေ၏ ကာလတန်ဖိုး (Market Value) ဖြင့် မြေလျော်ကြေး မပေးခဲ့သဖြင့် မြေလျော်ကြေးပေးအပ်မှုမှာ အလွန်နည်းပါးနေ ကြောင်း၊ သုံးသပ် တွေ့ရှိရပါသည်။

(စ)လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ပါဝင်သော လယ်မြေ၊ ယာမြေများအတွက် လျော်ကြေးငွေ ပေးအပ်ရန်ကိစ္စနှင့်ပတ် သက်၍ စီမံကိန်း ဧရိယာနှင့် အနီးစပ်ဆုံး ကျေးရွာများမှ လယ်သမားများကို ကွင်းဆင်းစုံစမ်းမေးမြန်းခဲ့ရာ ၎င်းတို့၏ ထွက်ဆိုချက်များအရ မြေ၏ ကာလ တန်ဖိုး (Market Vaule) မှာ အောက်ပါ အတိုင်းတွေ့ရှိရပါသည်-

တစ်ဧကနှုန်း(ကျပ်သိန်း)

(၁)(၁)နှစ်(၂)သီး စိုက်ဆည်ရေသောက်


၁၅(၂)(၁)နှစ်(၂)သီး စိုက်မြစ်ရေတင်


၁၅(၃)မိုးကောင်းသောက်လယ်

၁၂

(၄)


(၁)နှစ်(၂)သီး စိုက်ယာ

၁ဝ(၅)


(၁)နှစ်(၁)သီး စိုက်ယာ(ဦးပိုင်ပေါက်)

၇(၆)

(၁)နှစ်(၁)သီး စိုက်ယာ(ဦးပိုင်မပေါက်)


၅ (ဆ)အကြံပြုချက်များ

(၁)လယ်ယာမြေသိမ်းဆည်းခံရသူများ၊ ကျေးရွာပြောင်းရွှေ့ခံရသူ များ အတွက်တည်ဆဲဥပဒေ (၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေ ပုဒ်မ ၄(၁)၊ ပုဒ်မ ၁၅၊ ပုဒ်မ ၂၃ (၁) ) တို့အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့် နေ့တွင် ထိုမြေ၏ ကာလတန်ဖိုး (Market Value)ဖြင့် မြေလျော်ကြေး ပေးအပ်ခဲ့ခြင်း မရှိကြောင်း စိစစ် တွေ့ရှိရသဖြင့် အမှန်တကယ် စိုက်ပျိုးထားသော လယ်မြေ ၃၉ ဒသမ ၉ ဧက၊ ယာမြေ ၅ဝ၁၇ ဒသမ ၁ ဧကနှင့် ဦးပိုင် မပေါက်သော်လည်း စိုက်ပျိုးထားမြေ ၁၇၂၇ ဧက၊ စုစုပေါင်း ၆၇၈၄ ဧကကို သင့်တော်သော ကာလပေါက်ဈေးနှုန်းဖြင့် ပြန်လည် ပေးသင့်ပါကြောင်း အကြံပြုအပ် ပါသည်။

(၂)ယင်းရွာများ ပတ်ဝန်းကျင်တွင် မြေလွတ်၊ မြေလပ် ၁၉ဝဝ ဧကခန့် ရှိသဖြင့် စိုက်ပျိုးနိုင်သော မြေဖြစ်အောင် ဖော်ထုတ်ပြုပြင်၍ လယ်ယာမြေ ဆုံးရှုံးမှုများအတွက် အစားထိုး ပြန်လည်ချထားပေး သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

(၃)စီမံကိန်းလုပ်ငန်းအတွက် အမှန်တကယ် လိုအပ်မည့် မြေဧရိယာ ပမာဏကိုသာ အတတ်နိုင်ဆုံး အနည်းဆုံး သိမ်းဆည်းရန် ပြဋ္ဌာန်းထားသည့် မြေသိမ်းဥပဒေနှင့် အညီ လိုက်နာသင့် ပါကြောင်း အကြံပြုအပ် ပါသည်။

(၄)ရရှိခဲ့သည့် မြေနှင့်သီးနှံလျော်ကြေးငွေများ၊ ရွှေ့ပြောင်းစရိတ်၊ ထောက်ပံ့ငွေများကို တောင်သူများမှ သုံးစွဲခဲ့ပြီးဖြစ်ခြင်း၊ မြန်မာ- ဝမ်ပေါင် ကုမ္ပဏီတွင် အချို့သောရွာသူ၊ ရွာသားများကို အလုပ် ခန့်ထားခဲ့သော်လည်း မိသားစုစားဝတ်နေရေး မလုံလောက်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းတို့ကြောင့် အလုပ်အကိုင် ရရှိပြီး ဝင်ငွေများ ရရှိစေနိုင်သည့် တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများ၊ အိမ်တွင်းစက်မှု၊ လက်မှု လုပ်ငန်းများ အပါအဝင် ကိုယ်ပိုင်လုပ်ငန်း အခွင့်အလမ်းများ အမြန်ထူထောင် ပေးသင့် ကြောင်းနှင့် နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ပေးသင့် ပါကြောင်း အကြံပြု အပ်ပါသည်။

ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ[ပြင်ဆင်ရန်]

၈၈။(က)ခေတ်စနစ် ပြောင်းလဲမှု တွေ့ကြုံရသည့်အခါ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက် များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျယ်ခြင်း၊ အစားထိုးခြင်းနှင့် အသစ်ပြဋ္ဌာန်းပေးရခြင်းများလည်း ပြုလုပ်ရပါမည်။

(ခ)ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၅၃ တွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆို ရာတွင် တည်ဆဲစကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေးဥပဒေကို ကိုးကားရမည်ဟု ပြဋ္ဌာန်းထားပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့၏ ဥပဒေအမှတ် (၈/၈၈)နှင့် ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန၏ ၁၉၈၉ ခုနှစ်၊ ဇွန်လ ၁၆ရက်နေ့ ရက်စွဲပါအမိန့် ကြော်ငြာစာ အမှတ် (၂/၈၉)အရ စကားရပ်များ အစားထိုးသည့် ဥပဒေ၊ နည်းဥပဒေ၊ လက်စွဲ၊ အမိန့်ဆင့်ဆိုချက်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်ပါ လုပ်ပိုင်ခွင့် များကို စကားရပ်များ အစားထိုးသည့် ဥပဒေအရ ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၃၃၊ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၆၊ ၁၄၇ စသည်တို့ကို ကျင့်သုံးရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနတို့ကို အာဏာ အပ်နှင်းထားပါသည်။ ယင်းသို့ အပ်နှင်းထားသည့် အာဏာကိုကျင့်သုံး၍ ဆားလင်းကြီးမြို့နယ်၊ အုပ်ချုပ်ရေးမှူးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။


(ဂ)ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့်ဖြစ်စဉ်


(၁)တွေ့ရှိချက်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ကန့်သတ်ဧရိယာကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းအား ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေအရ လ/န-၃၉ ခွင့်ပြုမိန့် ကျပြီးနောက် ၂ လတစ်ကြိမ်ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီကာလမှ စတင်၍ ယနေ့အချိန်ထိ ဆားလင်းကြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ခဲ့ကြောင်း၊ နောက်ဆုံးအကြိမ် အနေဖြင့် ၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင် ထုတ်ပြန်ခဲ့ရာ ဖေဖော်ဝါရီလ ၂၈ ရက် နေ့အထိဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယခင်က သတ္တုမိုင်း ဧရိယာအတွင်း သတ္တုခိုးယူ တူးဖော်မှုကြောင့် မြေပိသေဆုံးခြင်း၊ ခိုက်ရန်ဖြစ်ပွား၍ ဒဏ်ရာရရှိခြင်း စသည်များကြောင့် သတ္တုမိုင်း နယ်မြေ ဧရိယာအား ပုဒ်မ-၁၄၄ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သိရှိရပါသည်။ ထို့နောက်ပိုင်းတွင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်ခဲ့ရာ ဒေသခံရွာသူ/ ရွာသားများ၏ ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ စက်ယန္တရားများ၏ လုံခြုံရေး၊ နိုင်ငံခြားသား များ၏ လုံခြုံရေး၊ စသည်တို့ကြောင့် ဆက်လက်၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။


(၂)အကြံပြုချက်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ သည် အများ ပြည်သူ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေးတို့ကို ပျက်ပြား စေမည့် လုပ်ရပ်များကို တားဆီးသည့် အမိန့်ထုတ်ပြန်ခြင်းဖြစ်၍ အခြေအနေ အရ ဆက်လက်ထုတ်ပြန်သင့်ပါကြောင်း အကြံပြုအပ် ပါသည်။


(ဃ)ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၁၂၇၊ ၁၂၈ ထုတ်ပြန်ခဲ့သည့် ဖြစ်စဉ်။


ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈များသည်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာအတွင်း ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးကို လူစုခွဲရန် အမိန့်ပေးခြင်း၊ ယင်းသို့အမိန့်ပေးသော်လည်း လူစုခွဲမည့် အခြေအနေ မရှိလျှင် လူစုခွဲရေးအတွက်ဖြစ်စေ၊ ပါဝင်သူများအား တရား ဥပဒေအရ အရေးယူနိုင်ရန် ဖမ်းဆီးရေးအတွက်ဖြစ်စေ၊ ရဲတပ်ဖွဲ့ အင်အား သုံး၍ ဆောင်ရွက်ခြင်းဖြစ်ရာ နိုင်ငံတကာ အဓိကရုဏ်း နှိမ်နင်းရေး စံချိန်နှင့် အညီ ဆက်လက်ထားရှိ ကျင့်သုံးသင့်ပါကြောင်း၊ အကြံ ပြုအပ်ပါသည်။

စီမံကိန်းနှင့် ဆက်နွှယ်၍ စိစစ်ရန်လိုသည်ဟု ကော်မရှင်က ယူဆသော အကြောင်းအရာများ

၈၉။ စီမံကိန်းဧရိယာတွင် ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့မှ ဖြိုခွဲသည့် ကိစ္စသည် စီမံကိန်းနှင့် ဆက်နွှယ်၍ စိစစ်ရန်လိုအပ်သည်ဟု ကော်မရှင်မှ ယူဆပါသည်။ ထိုသို့ စိစစ်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်နှင့်ဖြစ်စဉ်များကို လေ့လာရန် လိုအပ်ပါသည်။

ပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့် စီမံကိန်းဧရိယာ၊ ကန့်သတ်နယ်မြေအတွင်း ဆူပူဆန္ဒပြမှုအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်

၉ဝ။(က)သတ္တုတွင်းနယ်မြေအဖြစ် သတ်မှတ်ထားသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေကန့်သတ်ဧရိယာအတွင်းတွင် စီမံကိန်းလုပ်ငန်း များအကောင်အထည်ဖော် ဆောင်ရွက်နေစဉ် ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ကျေးရွာအချို့မှ ရွာသူ၊ ရွာသားများသည် စီမံကိန်းလုပ်ငန်း ဆက်လက် မပြုလုပ်ရန် ဝင်ရောက်ဟန့်တားမှုများ စတင်ပြုလုပ်ခဲ့ကြ ပါသည်။ အစပိုင်းတွင် မိမိတို့ဘဝလုံခြုံရေးအတွက် မြေယာလျော်ကြေး ရရှိရေး၊ ကျေးရွာများ မပြောင်းရွှေ့ရေးကိုသာ တောင်းဆိုခဲ့ကြပါသည်။ နောက်ပိုင်းတွင်မူ အဖွဲ့အစည်းများ ရောက်ရှိလာကာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု (EIA)၊ လူမှုဘဝ ထိခိုက်မှု (SIA)၊ ပွင့်လင်း မြင်သာမှု (Transparency) စသည့် ကိစ္စရပ်များ ပါဝင်လာပြီး စီမံကိန်း တစ်ခုလုံးကို ရပ်ဆိုင်းရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပါသည်။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ဒေသခံတောင်သူများ၏ လိုအပ်ချက်များကို တွေ့ဆုံ ညှိနှိုင်းရန် ကြိုးစားခဲ့သော်လည်း တာဝန်ရှိသူများအပိုင်းမှ ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်း မှားယွင်းမှု၊ စကားအပြောအဆို ရင့်သီးမှု၊ ဒေသခံပြည်သူများ အပိုင်းမှလည်း စိတ်ဓာတ်အရှိန်ပြင်းထန်နေမှု စသည် တို့ကြောင့် အခြေအနေမှာ ပိုမိုဆိုးရွား လာခဲ့ပါသည်။

(ခ)အထူးသဖြင့် လူစုလူဝေးဖြစ်နေသော ဒေသခံများသည် သတ္တုတွင်း ဧရိယာအတွင်းပိုင်းသို့ ကျူးကျော်ဝင်ရောက်ခြင်း၊ စီမံကိန်းတာဝန် ထမ်းဆောင်နေသည့် တရုတ်ပညာရှင် ၂ ဦးနှင့် စကားပြန် ၁ ဦး တို့အား အတင်းအဓမ္မ ခြိမ်းခြောက်၍ ဆည်တည်းရွာ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သည်အထိ ဖြစ်ခဲ့ပါသည်။ အဆိုပါ လူစုလူဝေးသည် ပညာရှင် ၂ ဦးအား နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီအထိ ထိန်းသိမ်းထားခဲ့ပါသည်။ ထို့အတူ ဝက်မှေးကျေးရွာမှ လူစုလူဝေးသည် ရောက်ရှိလာပြီး ခြံဝင်းတံခါး အား နှစ်ကြိမ်တိုင်တိုင် ချိုးဖျက်ကာ စီမံကိန်း နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ကြပါသည်။ တစ်ချိန်တည်းမှာပင် အခြားပြင်ပ အဖွဲ့အစည်း များ၏ ပါဝင်ပတ်သက်မှုများကြောင့် စီမံကိန်းကန့်သတ်နယ်မြေတွင် သပိတ်စခန်း ၆ ခုဖွင့်သည် အထိ ဖြစ်ပေါ်လာခဲ့ပါသည်။ ၃-၃-၂ဝ၁၂ရက် နေ့မှ စတင်၍ ဟန့်တားနှောင့်ယှက်မှု၊ ဆဲဆိုခြိမ်းခြောက်မှု၊ ဖျက်ဆီးမှု များနှင့် ဆူပူဆန္ဒပြမှုများ ၂၅-၁၁-၂ဝ၁၂ ရက်နေ့အထိ ၁နှစ်တာ ကာလ အတွင်း ၁၂၄ ကြိမ် ဖြစ်ပေါ်ခဲ့သဖြင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်က တရားလိုပြုလုပ်တိုင်ကြားမှု ၂၂ မှု၊ ရဲတပ်ဖွဲ့က တရားလို ပြုလုပ် အမှုဖွင့်မှု ၅မှု၊ ရွာသူ၊ ရွာသားများက ပြန်လည် အမှုဖွင့်မှု ၄ မှု အသီးသီး အပြန်အလှန် အမှုဖွင့် အရေးယူခဲ့ကြောင်း တွေ့ရှိရပါသည်။ ယင်းသို့သော အခြေအနေ၌ မန္တလေး၊ ပခုက္ကူ၊ မုံရွာမြို့များရှိ သံဃာတော် အချို့သည်လည်း သပိတ်စခန်း အသီးသီးသို့ အလှည့်ကျ ရောက်လာခဲ့ကြောင်း တွေ့ရရှိ ပါသည်။

(ဂ)၂၁-၁၁-၂ဝ၁၂ရက်နေ့မှ ၂၃-၁၁-၂ဝ၁၂ရက်နေ့အထိ မန္တလေး၊ ပခုက္ကူ၊ မုံရွာမြို့များမှ သံဃာတော်များ အလှည့်ကျ ဝင်လိုက်၊ ထွက်လိုက်ဖြင့် လာရောက် စုဝေးလျက်ရှိရာမှ ပေါက်ပင်ဂိတ်ရှေ့၌ မိုးကာမိုးထားသည့် မဏ္ဍပ်ဖြင့် သပိတ်စခန်း ၁ ခု၊ စွန့်ပစ်မြေစာပုံ ၂၊ မောင်းတံ၌ မိုးကာမိုး ထားသည့် မဏ္ဍပ်ဖြင့် သပိတ်စခန်း တစ်ခုဖွင့်လှစ်ကာ သံဃာများနှင့် ရွာသူ ရွာသားများနေ၊့ ည နေရာယူဆူပူ ဆန္ဒပြခဲ့ကြောင်း တွေ့ရရှိ ပါသည်။


(ဃ)၂၇-၁၁-၂ဝ၁၂ရက်နေ့ ၂ဝးဝဝ အချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနက စီမံကိန်းနယ်မြေ အတွင်း သပိတ်စခန်း ၆ ခုဖွင့်လှစ်၍ ဆန္ဒပြနေသည့် အဖွဲ့အစည်းများအားလုံး ၂၇-၁၁-၂ဝ၁၂ ရက်နေ့ ၂၄းဝဝ ချိန် နောက်ဆုံးထား ဖယ်ရှားရှင်းလင်းပေးရန်၊ ဖယ်ရှားရှင်းလင်းခြင်းမပြုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများအတိုင်း အဆင့်ဆင့် ဖြေရှင်း သွားမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ကြေညာခဲ့ ပါသည်။ အဆိုပါ ကြေညာချက်အရ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးမှ ၂၇-၁၁-၂ဝ၁၂ ရက်နေ့ ည ၈ နာရီတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး အကြောင်းပြ၍ ဆူပူဆန္ဒပြနေခြင်းအား ည ၁၂ နာရီ နောက်ဆုံးထား၍ လူစုခွဲရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ကြေညာ ခဲ့ပါသည်။ သို့ဖြစ်ပါ၍ အမြန်ဆုံးလူစုခွဲပေးပါရန်နှင့် ဆက်လက်၍ ဆူပူဆန္ဒပြ ပိတ်ဆို့ဟန့်တား နေမည် ဆိုပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားဥပဒေနှင့်အညီ လုပ်ထုံး လုပ်နည်းများအရ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးအား ဖျက်သိမ်းဖယ်ရှား ပေးပါရန် ကြေညာခဲ့ပြီး နောက် ဖြစ်ပေါ်လာသည့် အခြေအနေအရ ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၂၇၊ ၁၂၈တို့အရ ၂၉-၁၁-၂ဝ၁၂ရက်နေ့ နံနက် ဝ၃:ဝဝ အချိန်တွင် လူစုခွဲခဲ့ကြောင်း တွေ့ရှိရပါသည်။


(င)ကျေးရွာလူထုနှင့် သံဃာများအား အဝေးမှခြောက်လှန့်သည့် အနေဖြင့် မျက်ရည်ယိုဗုံးများပစ်၍ ရှင်းလင်းဖယ်ရှားသော်လည်း လူစုခွဲထွက်ခွာမှု မရှိဘဲ အင်အားစုစည်း နေသဖြင့် အမှတ် ၁၆ ရဲတပ်ရင်းမှူး ဦးစီးအဖွဲ့မှ အင်အားဖြည့် ကူညီပြီး မီးသတ်ပိုက်နှင့် မီးခိုးဗုံးများသုံးစွဲ၍ အနီးကပ် ရှင်းလင်း ဖယ်ရှားခဲ့ကြောင်း သိရှိရပါသည်။ လက်ခံရရှိသည့် မီးခိုးဗုံး အလုံး ၁ဝဝ အနက် ၅၅ လုံးကို အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။

(စ)ထိုသို့ မီးခိုးဗုံးပစ်ခတ်၍ လူစုခွဲသည့်ဖြစ်စဉ်ကြောင့် လူစုကွဲသွားပြီး သပိတ်စခန်းများ၌ တစ်ဦးတစ်ယောက်မှ မကျန်ရှိတော့ကြောင်း တွေ့ရှိ ရ ပါသည်။ ထိုဖြစ်စဉ်ကြောင့် သံဃာတော် ၉၉ ပါး၊ လူ ၉ဦး စုစုပေါင်း ၁ဝ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

(ဆ)တွေ့ရှိသုံးသပ်ချက် (၁)မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တို့၏ တင်ပြချက်အရ နံနက် ဝ၃:ဝဝအချိန်တွင် ဆန္ဒပြမှုများကို ဖယ်ရှားရန် စီမံဆောင်ရွက်ခဲ့ရခြင်းမှာ ထိုအချိန်တွင် သပိတ်စခန်း၌ လူစုလူဝေး အနည်းဆုံးအချိန် ဖြစ်သဖြင့် ထိခိုက်မှုအနည်းဆုံးဖြစ် စေရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မီးခိုးဗုံး အသုံးပြုခြင်းကို ၂ဝဝ၇ ခုနှစ်ကလည်း အသုံးပြုခဲ့ဖူးကြောင်း၊ ထိုစဉ်က ယခုကဲ့သို့ မီးလောင်ဒဏ်ရာရရှိခြင်းမျိုး မရှိခဲ့ကြောင်း၊ ထိုစဉ်က အသုံးပြုခဲ့သည့် မီးခိုးဗုံးနှင့် ယခုအသုံးပြုခဲ့သော မီးခိုးဗုံး တို့မှာ သက်ရောက်သည့် အာနိသင် ကွဲပြားခြားနားမှုရှိသည်ဟု ထင်မြင် ယူဆကြောင်း ထွက်ဆိုခဲ့သည်ကို တွေ့ရှိရပါသည်။


(၂)သို့သော် ကော်မရှင်မှ လက်တွေ့စမ်းသပ်စစ်ဆေးချက်များအရ ယင်းမီးခိုးဗုံးများမှာ အာနိသင်ကွဲပြားခြားနားမှု မရှိကြောင်း၊ သို့ သော် ကွင်းပြင်တွင် မီးလောက်နိုင်မှု မရှိသော်လည်း ပိုလီယက်စတာ အဝတ်စများ၊ တာပေါ်လင်ခေါ် (Polypropylene) ပလတ်စတစ် မိုးကာစများနှင့် တွေ့ထိပါက မီးလောင်နိုင်ကြောင်း စိစစ် တွေ့ရှိ သုံးသပ်ရပါသည်။ ကော်မရှင်၏ တွေ့ရှိချက်ကိုလည်း သီးခြား ဖော်ပြထား ပါသည်။


(၃)ရဲတပ်ဖွဲ့ ဝင်များသည် မီးခိုးဗုံးနှင့် ပတ်သက်၍ အတွေ့အကြုံအား နည်းခြင်း၊ ထိတွေ့အသုံးပြုခဲ့မှု မရှိခြင်းတို့ကြောင့် ပစ်ခတ်အသုံးပြု ရာတွင် သဘောသဘာဝ၊ အကျိုးသက်ရောက်မှုနှင့် ဖြစ်ပေါ်လာ နိုင်သည့် ဘေးထွက်ဆိုးကျိုး အန္တရာယ်များကို မသုံးသပ်နိုင်ခြင်း၊ ဖြစ်စဉ်တွင် ဆူပူဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့မှာ နီးကပ်ပြီး လူအုပ်စု နှင့် သံဃာထုမှာ တာပေါ်လင်မိုးကာ အမိုးအောက်မှ ရှောင်ထွက်ခြင်း မပြုဘဲ ထိုင်မြဲထိုင်နေခြင်း၊ အိပ်နေခြင်းတို့ကြောင့် လျင်မြန်စွာ ထွက်ခွာနိုင်မှု မရှိ၍လည်းကောင်း၊ မဏ္ဍပ်မှာ တာပေါ်လင်မိုးကာစများ မိုးထားသဖြင့် မီးခိုးဗုံးမှထွက်ရှိသော မီးစများကြောင့် မိုးကာစများ အကွင်းလိုက် မီးလောင်ပြီး ပလတ်စတစ်အပူရည်များ ပျော်ကျကာ မဏ္ဍပ်အောက်ရှိ သံဃာတော်များ၏ သင်္ကန်းများ၊ ဂွမ်းစောင်များ၊ မြေယာခင်းများ အပေါ်သို့ ကျရောက်မီးလောင်ခြင်းတို့ ဖြစ်စေခဲ့ကြောင်း တွေ့ရှိသုံးသပ်ရပါသည်။

မီးခိုးဗုံးနှင့်ပတ်သက်၍ ကော်မရှင်၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်များ[ပြင်ဆင်ရန်]

၉၁။(က)မီးခိုးဗုံးအသုံးပြုပုံအမျိုးမျိုးနှင့် ယင်းတို့၏ သက်ရောက်မှုများကို ကော်မရှင် အဖွဲ့က သွားရောက်လေ့လာကြည့်ရှုခဲ့ရာ မီးခိုးဗုံးကို မြေမာ(သို့မဟုတ်) မြေပျော့အပေါ်သို့ လက်ဖြင့် ပစ်ပေါက်သည်ဖြစ်စေ၊ လှိမ့်သည်ဖြစ်စေ အကျိုးသက်ရောက်မှုမှာ အတူတူပင်ဖြစ်ကြောင်း၊ မြေပြင်(သို့မဟုတ်) ပစ်တင် လိုက်သည့်အရာနှင့် ထိထိချင်း မပေါက်ကွဲဘဲ ၄-၆ စက္ကန့်ကြာမှ ပေါက်ကွဲကြောင်း၊ စက္ကန့်ပိုင်းအတွင်း မီးပန်းများ ဖြာထွက်သကဲ့သို့ ပေါက်ကွဲ ပြီး မီးခိုးဖြူလုံးများ ထွက်ကြောင်း၊ မီးခိုးထွက်သည့်အချိန်သည် ၉ဝ စက္ကန့်သာ ကြာမြင့်နိုင်ကြောင်း၊ လေတိုက်ပါက စက္ကန့်အနည်းငယ်အတွင်း မီးခိုးဖြူများ ပျောက်ကွယ်သွားကြောင်း၊ ပေါက်ကွဲရာတွင် ဗုံးတွင်းမီးစုံးစများ ၈ မီတာအထိ ပြန့်ကျဲနိုင်ကြောင်း၊ အချို့မီးစုံးစ အနည်းငယ်သည် ၃ဝ စက္ကန့်မှ ၉ဝ စက္ကန့်အထိ ဆက်လက် လောင်ကျွမ်းနိုင်ကြောင်းနှင့် မြေမာ ပေါ်သို့ ပစ်ပေါက်သည့်အခါ မကွဲသည့် ဗုံးလည်းရှိကြောင်း တွေ့ရှိရပါသည်။


(ခ)မီးခိုးဗုံးပေါက်ကွဲရာ ၈ မီတာအတွင်းတွင် လောင်ကျွမ်းလွယ်သည့် အရာများ ဥပမာ-ပိုလီယက်စတာ အဝတ်စများ၊ ပလတ်စတစ်မိုးကာစ (Polypropylene) များနှင့် မြွေရေခွံအိတ်များရှိပါက ရေစိုသည်ဖြစ်စေ၊ ရေမစိုသည် ဖြစ်စေ ပေါက်ကွဲသည့်အရှိန်ကြောင့် မီးစုံးစများထိမှန်ပါက မီးလောင်နိုင်ကြောင်း တွေ့ရှိရသည်။


(ဂ)ပလတ်စတစ်မိုးကာ (Polypropylene) တဲပေါ်သို့ မီးခိုးဗုံးတိုက်ရိုက် ကျရောက်ပြီး ပေါက်ကွဲသည့်အခါ ပေါက်ကွဲမှုကြောင့် မီးဖြာထွက်ခြင်း နှင့်အတူ မီးလောင်လွယ်သည့် ပစ္စည်းဖြစ်သည့် အလျောက် ပလတ်စတစ်မိုးကာ (Polypropylene) တွင် အပေါက်ကြီးများ ဖြစ်သွားပြီး ဆက်လက် လောင်ကျွမ်းသည်ကို တွေ့ရှိရပါသည်။ အလွန်ပြင်းထန်သော အပူရှိန်ကြောင့် ပလတ်စတစ်မိုးကာ (Polypropylene) အရည်ပျော်ကာ အောက်သို့ကျ၍ ဆက်လက်လောင်ကျွမ်းနိုင်ပါသည်။ အောက်တွင် လောင်စာပိတ်များ ရှိပါက ရေစိုသည်ဖြစ်စေ၊ ရေမစိုသည်ဖြစ်စေ မီးကူးစက်၍ လောင်ကျွမ်း နိုင်ပါသည်။ ဓာတုဗေဒချည်မျှင်ပါ ပိတ်စများသည် ချည်စ(Cotton)များထက် မီးလောင်နှုန်း ပိုမိုမြန်ပြီး လောင်ကျွမ်း ချိန် လည်း ပိုမိုကြာမြင့်သည်ကို တွေ့ရှိ ရပါသည်။

(ဃ)မီးခိုးဗုံး အများအပြား အသုံးပြုခဲ့လျှင်သော်လည်းကောင်း၊ မီးလောင်လွယ် သည့်ပစ္စည်းများ၊ အဝတ်အစားများ ၈ မီတာအတွင်း ရှိခဲ့လျှင် သော်လည်း ကောင်း မီးကူးစက် လောင်ကျွမ်းမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

(င)မီးခိုးဗုံးအများအပြားကို တစ်ချိန်တည်းတွင် အသုံးပြုပါက မီးတောက် မီးလျှံများ ကြီးမားပြီး ပတ်ဝန်းကျင်ရှိ လောင်စာအမျိုးအစားပေါ် မူတည်၍ ပြင်းထန်ကြာမြင့်စွာ လောင်ကျွမ်းနိုင်ကြောင်း တွေ့ရှိ ရပါသည်။

အကြံပြုချက်များ

၉၂။(က)လူစုလူဝေးခွဲရာတွင် သုံးစွဲရန် ရည်ရွယ်သည့် မည်သည့် ပစ္စည်းကိုမဆိုကြိုတင် စမ်းသပ်ပြီးထိခိုက်မှု၊ အကျိုးသက်ရောက်မှုနှင့် ဘေးထွက်ဆိုးကျိုး အန္တရာယ် မည်သို့ရှိသည်ကို ရဲတပ်ဖွဲ့ဝင်များက ကြိုတင် စမ်းသပ် လေ့လာသင့်သည်။ ထို့အပြင် လိုအပ်လျှင် လိုအပ်သလို ပြည်တွင်းတွင် လည်းကောင်း၊ နိုင်ငံတကာ အကူအညီများ ရယူပြီး ပြည်ပသို့ စေလွှတ်၍ လည်းကောင်း လေ့ကျင့်သင်ကြားစေသင့်ကြောင်း အကြံပြုတင်ပြအပ် ပါသည်။


(ခ)မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အဓိကရုဏ်းနှိမ်နင်းမှု လေ့ကျင့်ခြင်းကို မိမိ အစီအစဉ် ဖြင့် လည်းကောင်း၊ နိုင်ငံတကာအကူအညီ ရယူ၍လည်းကောင်း အမြန် စတင်လေ့ကျင့်သင့်ပါကြောင်းနှင့် အဆင့်မြင့်နိုင်ငံခြား သင်တန်းများသို့ လည်း စေလွှတ်သင်ကြား စေသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

(ဂ)မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ တွင် ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရေး(Reform) လုပ်ဆောင် နေသည်ဟု သိရှိရပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ထင်သာမြင်သာ ရှိစွာဖြင့် ဆောလျင်စွာ ဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြ အပ်ပါ သည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ(၂ဝ၁၁ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၁၅)

၉၃။(က)တွေ့ရှိသုံးသပ်ချက်

(၁)ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)တွင် “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် အခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲ ဆောင်ရွက်ခွင့် ရှိသည်”ဟု ပြဋ္ဌာန်းထားသည့်အလျောက် နိုင်ငံသား များက ယင်းအခွင့်အရေးများကို ဥပဒေနှင့်အညီ သုံးစွဲဆောင်ရွက် နိုင်အလို့ငှာ ပြည်ထောင်စုလွှတ်တော်သည် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပါ သည်။ ဤဥပဒေတွင် ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက်နာ သော နိုင်ငံသားများဖြစ်စေရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေ ရန် ပုဒ်မ ၂၄ ခုဖြင့်လည်းကောင်း၊ နည်းဥပဒေတွင် ပုဒ်မ ၂၇ ခု ဖြင့် လည်းကောင်း ပြဋ္ဌာန်းပေးထားပြီး နိုင်ငံသားများ အနေဖြင့် မိမိတို့၏ လိုအင်ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများ ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များကို စနစ်တကျ ဆောင်ရွက်ခွင့်ပြု ထားသော်လည်း နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှု မရှိကြောင်း တွေ့ရှိရပါသည်။

(၂)လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ခွင့်ပြုမိန့်လျှောက်ထားခြင်းမပြုခဲ့ကြဘဲ ၃-၃-၂ဝ၁၂ ရက်နေ့မှ ၂၅-၁၁-၂ဝ၁၂ ရက်နေ့အထိ ကာလအတွင်း ၁၂၄ ကြိမ်ခန့် ဆူပူဆန္ဒပြခဲ့ကြကြောင်း၊ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီ ဝန်းကျင် တွင် ဥပဒေနှင့်ဆန့်ကျင်သော လူစုလူဝေး၊ သံဃာထုဖြင့် သပိတ် စခန်း ၆ နေရာ ဖွင့်လှစ်ဆန္ဒပြမှု ၁၇-၁၁-၂ဝ၁၂ ရက်နေ့မှ ၂၉-၁၁-၂ဝ၁၂ ရက်နေ့အထိ ၁၃ ကြိမ် ရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို အခြေအနေအရ ပြည်ထဲရေး ဝန်ကြီးဌာနက စီမံကိန်း နယ်မြေ တစ်ဝိုက် ဆန္ဒ္ဒပြနေသော အဖွဲ့အစည်း အားလုံးအား ၂၇-၁၁-၂ဝ၁၂ ရက်နေ့ ၂၄းဝဝ ချိန်တွင် နောက်ဆုံးထားပြီး ဖယ်ရှားရှင်းလင်း ပေးရန်နှင့် အကယ်၍ ဖယ်ရှားရှင်းလင်းခြင်းမပြုပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့်အညီ တည်ဆဲဥပဒေများ အတိုင်း အဆင့်ဆင့် ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၇-၁၁-၂ဝ၁၂ ရက်နေ့တွင် သတိပေး ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရှိရပါသည်။

(၃)ထိုသို့ သတိပေးခဲ့သော်လည်း လူစုလူဝေးမှာ ထွက်ခွာသွားခြင်း မရှိသဖြင့် ၂၈-၁၁-၂ဝ၁၂ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ တို့အရ လူစုလူဝေးကို ဥပဒေနှင့်အညီ အင်အားသုံး ရှင်းလင်းဖယ်ရှားရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ထိုသို့ ဥပဒေ နှင့်အညီ ထုတ်ပြန်ပြီးနောက် နောက်ဆုံးထွက်ခွာပေးရန် သတ်မှတ် သည့် အချိန်မတိုင်မီ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံချဲ့စက်များ ဖြင့် လူစုခွဲရန် အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည့် အပြင် သတ်မှတ်ချိန် ကျော်လွန်သည့်တိုင် ထွက်ခွာပေးခြင်းမရှိသဖြင့် ထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ကြောင်း၊ သို့သော် ဆန္ဒပြသူများက အဆိုပါ နေရာမှ ထွက်ခွာသွားခြင်း၊ လူစုခွဲခြင်း မရှိသဖြင့် ၂၉-၁၁-၂ဝ၁၂ ရက်နေ့ နံနက် ဝ၃:ဝဝ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်း နှိမ်နင်းရေး နည်းစနစ်များ အတိုင်း အဆင့်ဆင့် ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း၊ မီးသတ်ပိုက်များနှင့် မီးခိုးဗုံးများ အသုံးပြု၍ ဖြိုခွဲခဲ့ကြောင်း စိစစ်တွေ့ရှိ ရပါသည်။

(ခ)အကြံပြုချက်များ

(၁)ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို အများပြည်သူသိရှိနိုင်ရေး၊ လိုက်နာနိုင်ရေးဆောင်ရွက်မှု အားနည်းကြောင်း တွေ့ရှိရသဖြင့် အုပ်ချုပ်ရေးအဖွဲ့များက လူထုအား ပညာပေးခြင်း၊ ပို့ချခြင်းများ ဆောင်ရွက်သင့်ကြောင်း အကြြံပု အပ်ပါသည်။

(၂)ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအား လျှောက်ထားလာပါက နည်းဥပဒေပုဒ်မ ၁၆နှင့်အညီ ဥပဒေများနှင့် မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်း မပြုသင့်ကြောင်း အကြံပြုအပ် ပါသည်။

(၃)ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၈ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှုးက အတည်ပြုကြောင်း သို့မဟုတ် ပယ်ဖျက်ကြောင်း အဆုံးအဖြတ် ပေးရမည်ဟု ပါရှိပါသည်။ စုဝေးခွင့်နှင့် စီတန်း လှည့်လည် ခွင့်ကို ခွင့်ပြုနိုင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အဓိကရုဏ်း ဖြစ်လာပါက ဖြိုခွင်းရန်လည်း တာဝန်ယူရမည်ဖြစ်ရာ ခွင့်ပြုနိုင်သည့် အခွင့်အာဏာကိုပါ ရဲတပ်ဖွဲ့သို့ အပ်နှင်းထားခြင်းမှာ မသင့်ကြောင်း လိုအပ်သကဲ့သို့ ဥပဒေကို ပြင်ဆင်သင့်ကြောင်း အကြံပြုအပ် ပါသည်။

ကော်မရှင်၏ အထွေထွေသုံးသပ်ချက်နှင့် အကြံပြုချက်များ[ပြင်ဆင်ရန်]

၉၄။ ကော်မရှင်သည် ပေးအပ်သည့် တာဝန်များကို ဆောင်ရွက်ရာတွင် နိုင်ငံတော် ၏ ရေရှည်အကျိုးစီးပွား၊ ပြည်သူလူထု အကျိုးစီးပွား အပြုသဘောဆောင်သည့် အမြင်တို့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံပြည်သူအချို့မကျေနပ်ခြင်း၏ အခြေခံအကြောင်းရင်းများကို သုံးသပ်ပြီး အောက်ပါအတိုင်း အကြံပြုအပ်ပါသည်-


(က)မြေသိမ်းဆည်းသည့် ဖြစ်စဉ်တွင် အားနည်းမှုများရှိနေရာ ထိုအချက်တို့ကို ပြန်လည်ပြင်ဆင်ပြီးဒေသခံတို့၏ နစ်နာချက်များ မရှိစေရန် ဖြည့်စွက် ပံ့ပိုးပေးသည့် အစီအမံများ ချမှတ်စေရန်-

(၁)ဒေသခံတို့အားမြေလျော်ကြေးများ ပေးရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်သည် ဆိုသော်လည်း ပေးအပ်သည့် လျော်ကြေး သည် ကာလတန်ဖိုး မဟုတ်သဖြင့် ဒေသခံများအတွက် ဆုံးရှုံး နစ်နာမှု များ ရှိခဲ့ပါသည်။ သို့ဖြစ်ရာ မြေယာလျော်ကြေး ပေးမှုကိုပြန်လည် သုံးသပ်ပြီး ပေးအပ်သည့် လျော်ကြေးကို ကာလတန်ဖိုး (Market Value)နှင့် ကိုက်ညီစေရန် အတွက် တိုးမြှင့်ပေးသင့်ပါသည်။


(၂)လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေများကို သိမ်းယူရာ တွင်လည်း စုစုပေါင်း ၇၈၆ ဒသမ ၇၈ ဧကကို သိမ်းဆည်း ခဲ့ပါသည်။ ထို့သို့ သိမ်းဆည်းထားသည့် ပမာဏသည် လိုအပ် သည်ထက် ပိုမိုသည်ဟု ကော်မရှင်က သုံးသပ်ပါသည်။ သတ္တု တွင်းစီမံကိန်းအတွက် သတ္တုသိုက်များ သာမက အခြား စိုက်ပျိုး ဧရိယာများစွာရယူထား သည်ကို တွေ့ရရှိ ပါသည်။ ထို့ကြောင့် သတ္ထုတွင်း စီမံကိန်းနယ်မြေအား စိစစ်ပြီး ပြန်လည်ပေးနိုင်သည့် လယ်ယာ မြေများကို ပြန်လည်ခွဲဝေ ပေးသင့်ပါသည်။

(၃)ဒေသခံများ ဆုံးရှုံးသွားသော လယ်ယာမြေများအား အစားပေး သည့် အနေဖြင့် ယင်းရွာများဝန်းကျင်ရှိ မြေလွတ်၊ မြေလပ် ၁၉ဝဝ ဧကခန့်အား စိုက်ပျိုးနိုင်သည့်မြေဖြစ်အောင် ပြုပြင်ပေးပြီး ခွဲဝေ ပေးသင့်ပါသည်။

(ခ)လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆောင်ရွက်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများကို ချမှတ်ပြီး စနစ်တကျဆောင်ရွက်စေရန်-


(၁)လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆောင်ရွက်ရာတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပတ်ဝန်းကျင် စီမံ ခန့်ခွဲမှုစနစ်၊ လုပ်ငန်းခွင် စီမံခန့်ခွဲမှုစနစ်၊ လူမှုဝန်းကျင် စီမံခန့်ခွဲမှု စနစ်များကို ရေးဆွဲကျင့်သုံး လိုက်နာဆောင်ရွက်ခြင်း မရှိပါ။ ၁၉၉၇ ခုနှစ်တွင် အိုင်ဗင်ဟိုကုမ္ပဏီမှ ပြုစုထားသော အကြိုဖြစ်နိုင်စွမ်း လေ့လာချက်များ အပေါ်တွင် အခြေခံ၍ လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ ယခုကျင့်သုံးသည့် နိုင်ငံတကာ စံချိန်စံညွှန်းသည် ထိုစဉ်က အမှီပြုခဲ့သော နိုင်ငံတကာ စံချိန်စံညွှန်းထက် ပိုမိုမြင့်မားပါသည်။ ထို့ကြောင့် ဝမ်ပေါင် ကုမ္ပဏီ အနေဖြင့် ဩစတြေးလျနိုင်ငံမှ ကုမ္ပဏီ တစ်ခုအား ပြုစုနေသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ထုတ်လုပ်မှု စီမံခန့်ခွဲခြင်း၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေး ဆိုင်ရာ၊ စီမံခန့်ခွဲမှု ဆိုင်ရာ (ISO 14001, ISO 9001 နှင့် OHSAS 18001) လက်မှတ် ၃ခုကို အမြန်ဆုံးရယူပြီး လိုအပ် သော လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သင့် ပါသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ယခုအခါ လုပ်ငန်းစသည့် အဆင့်သာရှိသေးရာ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ယိုယွင်းမှုများကို ယခုအဆင့်တွင် ကာကွယ်ထိန်းသိမ်းခြင်း မပြုပါက ပတ်ဝန်းကျင် ယိုယွင်းမှုများစွာ ဖြစ်လာနိုင်ပါသည်။


(၂)လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိသော်လည်း ကံကုန်းကျေးရွာ အနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်၏ ဆာလ်ဖြူရစ်အက်စစ်စက်ရုံသည် စက်မှု ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထားခြင်း မရှိသည့်အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းမှု ကာကွယ်ရန် ISO လက်မှတ်လည်း ရယူထားခြင်း မရှိပါ။ ဤစက်ရုံကြောင့် ပတ်ဝန်းကျင် ရွာများတွင် ကျန်းမာရေး ထိခိုက် စေသည်ဟု ဒေသခံတို့က ခံယူကြပါသည်။ သို့ဖြစ်ရာ အဆိုပါစက်ရုံအား လိုအပ်သည့် စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုကို နိုင်ငံတကာ အဆင့်နှင့်ကိုက်ညီစွာ ထိန်းသိမ်းကာကွယ် နေသည်ဟု ထင်ရှားစေရန် ISO Certificate ကို ရယူပြီး အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။

(၃)လက်ပံတောင်းတောင် ဒေသတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေသည့် ဖြစ်ရပ်တစ်ခုမှာ ၁၉၈၄ ခုနှစ် နှင့် ၁၉၉၇ ခုနှစ် အတွင်း စွန့်ပစ်ခဲ့သည့် စွန့်ပစ်မြေများမှ အနီးအနားကျေးရွာ လူထုက ဒေသန္တရနည်းဖြင့် ဒုတ္ထာ/ကြေးနီ ချက်လုပ်နေသည့် ကိစ္စဖြစ်ပါသည်။ ထိုလုပ်ငန်းသည် ကျေးရွာလူထူအတွက် အားထားရာ အသက်မွေးဝမ်းကျောင်း ဖြစ်သော်လည်း ကျေးရွာ လူထု၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ခြင်း၊ မြေသားများ ညစ်နွမ်းပြီး ရေများကိုလည်း ညစ်ညမ်းစေသဖြင့် ထိုလုပ်ငန်း အစား အခြားအန္တရယ်ကင်းစွာ လုပ်ကိုင်နိုင်မည့် စီးပွားရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ပေးသင့် ပါသည်။

(၄)မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆို သည့် စာချုပ်ကို နိုင်ငံတော်အတွက် အကျိုး၊ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် အကျိုးပြည့်ဝစွာ ရရှိစေရန် ညှိနှိုင်းပြီး ပြန်လည် ပြင်ဆင်ရန် လိုအပ်ပါသည်။ ကော်မရှင်က ခန့်ထားသော ဘာသာရပ်နှင့် ဥပဒေ ကျွမ်းကျင်သူတို့၏ သုံးသပ်ချက်တွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုသည့် စာချုပ်သည် သတ္တုတွင်း ဝန်ကြီးဌာနက ထုတ်လုပ်မှု ခွဲဝေသည့်စာချုပ် (Product Sharing Contract) ပုံစံဖြင့် ချုပ်ဆိုထားသည်ကို တွေ့ရှိရရာနိုင်ငံခြားကုမ္ပဏီဖြင့် ကြေးနီစီမံကိန်းကို ချုပ်ဆိုရာတွင် သာမန်ပုံစံမျိုး မဟုတ်ဘဲ အသေးစိတ် အချက်အလက်များ ပါဝင်ကာ ပတ်ဝန်းကျင် ထိခိုက်မှု သုံးသပ်ချက်၊ လူမှုရေး သုံးသပ်မှု အချက်အလက် စသည်တို့ကိုပါ ထည့်သွင်းချုပ်ဆို သင့်ပါသည်။ စာချုပ်တွင်လည်း ထိုသို့ပြင်ဆင် ချုပ်ဆိုနိုင်ကြောင်း ဖော်ပြထားပါသည်။ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်သည် ကော်မရှင်နှင့် ဆွေးနွေးချက်များအပေါ် မူတည်ပြီး စာချုပ်ကို ပြင်ဆင်ရန်အတွက် လုပ်ဆောင်နေ သည်ကို တွေ့ရှိရပါသည်။

(ဂ)သာသနိကအဆောက်အအုံကိစ္စ။ လက်ပံတောင်းတောင် ဒေသခံ အများက ကြေးနီစီမံကိန်း ပြုလုပ်သည့် နယ်မြေသည် ပထမလယ်တီ ဆရာတော် ဘုရားကြီး သီတင်းသုံးခဲ့သည့် နယ်မြေဖြစ်ပြီး လက်ရှိတောင်ကုန်း ကလပ်ပေါ်တွင် ကျန်ရှိနေသော စေတီနှင့် သိမ်တို့သည် ဆရာတော်ဘုရားကြီး တည်ထားသည့် အဆောက်အအုံများ ဖြစ်သဖြင့် နေရာမပျက် ထားရှိ သင့်သည်ဟု ယူဆကြပါသည်။ ကော်မရှင်၏ လေ့လာ တွေ့ရှိချက်များ အရလည်းကောင်း၊ ကော်မရှင်မှ တာဝန် ပေးအပ်သည့် မြန်မာ့ပတ်ဝန်းကျင် သိပ္ပံမှ ယဉ်ကျေးမှုရေးရာ ကျွမ်းကျင် သူ၏ တင်ပြချက် အရလည်းကောင်း ဆရာတော်ကြီး သီတင်းသုံး ခဲ့သည့် စင်္ကြန်ကျောင်းနေရာနှင့် ပတ်သတ်၍ ကွဲပြားခြားနားချက် ရှိနေသည်ကို တွေ့ရှိရပါသည်။ မှတ်တမ်းများအရ လက်ပံတောင်း တောင်ကြား တောရစင်္ကြန် ကျောင်းဟုသာ ဖော်ပြထားသည်ကို တွေ့ ရှိရပါသည။် ဆရာတော် ဘုရားကြီးအနေနှင့် တစ်မိုးတစ်ဝါခံ (ဝါး) ကျောင်းမျိုးသာ လက်ခံခဲ့ကြောင်းလည်း သိရှိခဲ့ရပါသည်။ အဆိုပါ စေတီနှင့် သိမ်တို့သည် ပထမလယ်တီဆရာတော် ဘုရားကြီး တည်ထားသည့် သာသနိက အဆောက်အအုံများ ဖြစ်ကြောင်း အထောက် အထား မတွေ့ရှိရပါ။

(ဃ)မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်၍ ပြုပြင်သင့်သော ကိစ္စရပ်များ

(၁)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဒီမိုကရေစီစနစ်ကို ပျိုးထောင်လျက်ရှိရာ ပြုပြင်ပြောင်းလဲမှုကိစ္စရပ်များကိုလည်း ပြုလုပ်လျက် ရှိပါသည်။ ထိုသို့ ပြုပြင်ပြောင်းလဲမှု ပြုလုပ်နေမှု အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်၍ နိုင်ငံတကာ စံနှုန်း များနှင့်အညီ ပြုပြင်ဆောင်ရွက် သင့်ပါသည်။ လက်ပံတောင်းတောင် စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့် ဖြစ်စဉ်ကို ကြည့်ပါလျှင် ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှု များနှင့် လေ့ကျင့်သင်ကြား မှုများ ပြုလုပ်ပေးရန် လိုအပ်သည်ဟု ကော်မရှင်အနေဖြင့် ထင်မြင်ယူဆ ပါသည်။

(၂)သပိတ်စခန်းကို ဖြိုခွဲရာ၌ နံနက် ၃ နာရီခန့်ကို ရွေးချယ်ပြီး ဆောင်ရွက်ခြင်းမှာ ထိခိုက်ဒဏ်ရာ အနည်းဆုံးဖြစ်စေရန် ဆုံး ဖြတ်ဆောင်ရွက်ခဲ့သည်ဟု သိရှိရသော်လည်း ဤဆုံးဖြတ်ချက် သည် ဖြစ်နိုင်ခြေရှိသော ကိစ္စအရပ်ရပ်ကို ထည့်သွင်း စဉ်းစား ခဲ့ခြင်းမရှိ ဟု ကော်မရှင်က သုံးသပ်ပါသည်။ အလင်းရောင် မလုံလောက်သော အချိန်တွင် ဆောင်ရွက်ခြင်းဖြစ်သဖြင့် ဖြစ်စဉ် အတိအကျကို ထင်သာမြင်သာမရှိဘဲ မမျှော်မှန်းခဲ့သည့် ရဟန်း သံဃာ အများအပြား မီးလောင်ဒဏ်ရာရခြင်း ဖြစ်ပေါ်ခဲ့သည်။ နောက်နောင်တွင် ဆန္ဒပြမှုများ ပေါ်ပေါက်သည့်အခါ လူစုခွဲရန် လိုအပ်သည့်အချိန်တွင် ထင်သာမြင်သာ ရှိသည့် အချိန်မျိုးတွင်သာ ဆောင်ရွက်သင့်ကြောင်း အကြံပြုပါသည်။

(၃)ယခုအခါတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေခွင့်ဆိုင်ရာဥပဒေကို ချမှတ်ထားပြီး ဖြစ်ရာ ပြည်သူလူထု၏ဆန္ဒပြမှုများ ပေါ်ပေါက်ရန်ရှိပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် အဓိကရုဏ်း ဖြိုခွဲရမည့် ကိစ္စများလည်း ပေါ်ပေါက်လာနိုင်ပါသည်။ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်းအား ဆန္ဒပြမှုကို ဖြိုခွင်းရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ဖော့စဖောရပ် ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ပါသည်။ ထိုမီးခိုးဗုံးကို မီးခိုးမှိုင်းကာ (Smoke Screen) အနေဖြင့် ယေဘုယျအားဖြင့် အသုံးပြုလေ့ ရှိပါသည်။ ထိုမီးခိုးဗုံးကို ကွင်းပြင်တွင် အသုံးပြုပါက မီးလောင်မှု မဖြစ်ပွားနိုင်သော်လည်း မီးခိုးဗုံးပေါက်ကွဲရာ ၈မီတာ အတွင်းတွင် လောင်ကျွမ်းလွယ်သည့် အရာများ ဥပမာ-ပိုလီယက်စတာ အဝတ်စများ၊ တာပေါ်လင်ခေါ် (Polypropylene) ပလတ်စတစ် မိုးကာစများ၊ မြွေရေခွံအိတ်များရှိပါက ရေစိုသည် ဖြစ်စေ၊ ရေမစိုသည်ဖြစ်စေ ပေါက်ကွဲသည့် အရှိန်ကြောင့် မီးစုံးစများ ထိမှန်ပါက မီးလောင်နိုင်ကြောင်း စုံးစမ်းစစ်ဆေးရေး ကော်မရှင်က စမ်းသပ် လေ့လာမှုများအရ တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့်လည်း ယခု မီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်း မရှိခဲ့သဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်း မရှိကြောင်း၊ ထိုသို့သိရှိခြင်း မရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း၊ မလိုလားအပ်သော မီးလောင် ဒဏ်ရာများ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်အချို့တွင် ရရှိခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဤ အကြောင်းအချက်တို့ကို ထောက်ရှု၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား အဓိကရုဏ်းဖြိုခွဲမှု အပါအဝင် လိုအပ်သည့် လေ့ကျင့်မှုများကို ပြုလုပ် ပေးသင့်ကြောင်း အကြံပြုအပ်ပါသည်။ ထိုသို့လေ့ကျင့် ပေးရာ တွင်လည်း မိမိအစီအစဉ်ဖြင့် ဆောင်ရွက်သည့် အပြင် သင့်တင့်သည့် နိုင်ငံတကာအကူအညီကိုလည်း ရယူသင့် ကြောင်း တင်ပြအပ်ပါသည်။

(င)ဥပဒေစိုးမိုးရေးပျိုးထောင်ရန်ကိစ္စ။ နိုင်ငံတော်တည်ငြိမ်မှု ရှိစေရန် အတွက် ဥပဒေ စိုးမိုးရေးမှာ များစွာအရေးပါ ပါသည်။ ဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာတွင် ပြည်သူလူထုက ဥပဒေကို လေးစားလိုက်နာရန် လိုအပ်သကဲ့သို့ ဥပဒေကို ထိန်းကျောင်းရသော နိုင်ငံတော် အဖွဲ့အစည်း များကလည်း ဥပဒေကို လေးစားလိုက်နာရန် လိုအပ်ပါသည်။ လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းကိစ္စတွင် အချို့သော ဒေသခြံပည်သူ များက ဥပဒေကို ချိုးဖောက်မှုများ ရှိခဲ့ပါသည်။ ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် ပြည်သူလူထုအနေနှင့် ဥပဒေကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ပညာပေးခြင်း၊ လေ့ကျင့်ပြုစု ပျိုးထောင် ပေးခြင်းတို့ကို လိုအပ်သည်ဟု ကော်မရှင်က သုံးသပ်ပါသည်။ တစ်ဖက်တွင်လည်း ချမှတ်ထားသော ဥပဒေသည် ခေတ်ကာလနှင့် ညီညွတ်ရန် လိုအပ်သည်ဖြစ်ရာ ပြင်ဆင်သင့်သော ဥပဒေတို့ကိုလည်း ပြင်ဆင်ရန် လိုအပ်ပါသည်။ ဥပဒေကို ထိန်းသိမ်းတည်ဆောက် ပေးရ သည့် နိုင်ငံတော်အဖွဲ့အစည်းများသည်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေး နည်းလမ်းကို သာမက စည်းရုံးရေး နည်းလမ်းကိုပါ ကျင့်သုံးရန်အတွက် သက်ဆိုင်သည့် နိုင်ငံ့ဝန်ထမ်း များကိုလည်း လေ့ကျင့်ပညာပေးမှုများ ပြုလုပ်သင့်ပါသည်။

နိဂုံး[ပြင်ဆင်ရန်]

၉၅။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ယခုဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ခြင်း၏ အကြောင်းရင်းမှာ ပွင့်လင်းမြင်သာမှု (Transparency) အားနည်းခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထို့အပြင် ကြေးနီစီမံကိန်း လုပ်ကိုင် ဆောင်ရွက်သူများ၊ ဒေသခံ ရွာသူရွာသားများ အနီးဝန်းကျင်ဒေသရှိ ပြည်သူများနှင့် ဒေသန္တရဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်မှ တာဝန်ရှိ ပုဂ္ဂိုလ်များအကြား အသိပေးသင့်သည့် အချက်အလက် အပြန်အလှန်ဖလှယ်မှု လွန်စွာအားနည်းခြင်းကြောင့် လည်းကောင်း၊ ဒေသခံလူထုသည် မြေယာ သိမ်းဆည်းမှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် လျော်ကြေးငွေ မရရှိသဖြင့် လည်းကောင်း၊ ထိုက်သင့်သော အလုပ်အကိုင် အခွင့်အလမ်းများ မရရှိခြင်းကြောင့် လည်းကောင်း မကျေမနပ်ဖြစ်ကာ ဆန္ဒပြမှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ မြေယာသိမ်းဆည်းရာတွင် သက်ဆိုင်ရာ ဝန်ထမ်းများက ပွင့်လင်းမြင်သာစွာ ရှင်းပြခဲ့ခြင်း မရှိခဲ့ပါ။ ထို့ကြောင့် ဒေသခံများက သီးနှံအတွက် လျော်ကြေးသာ ပေးသည်ဟု ထင်မြင်ယူဆခဲ့ပါသည်။ ထို့သို့ လျော်ကြေးပေးရာတွင်လည်း ဝန်ထမ်း အချို့က ပြေပြေလည်လည် ပြောဆိုဆက်ဆံမှု မရှိခြင်းကြောင့် ပြဿနာမှာ ပိုမိုကြီးထွား လာပါသည်။ ထိုအခြေအနေတွင် ဒေသပြင်ပ အဖွဲ့အစည်းများကလည်း ရောက်ရှိလာကာ ဆန္ဒပြမှုများမှာ အရှိန်မြင့်ခဲ့ပါသည်။ ယခု စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်း စစ်ဆေးချက်များအရ ကြေးနီစီမံကိန်းတွင် အားနည်းချက်များ ရှိသော်လည်း ထိုအားနည်း ချက်တို့သည် ပြင်ဆင် ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များ ဖြစ်ပါသည်။ ထို့ကြောင့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး ရှုထောင့်မျိုးစုံကို ခြုံငုံစဉ်းစားပြီး ပြုပြင်ရန် အကြံပြုချက် များကို အကောင်အထည်ဖော် ဆောင်ရွက်စေလျက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ပါကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က အကြံပြု တင်ပြအပ် ပါသည်။

၉၆။ ကော်မရှင်သည် ပေးအပ်သောတာဝန်များကို ဆောင်ရွက်ရာတွင် နိုင်ငံတော် သမ္မတရုံး၊ သမ္မတရုံးဝန်ကြီးဌာန (၆)ခု၏ ပံ့ပိုးကူညီမှုကို အပြည့်အဝရရှိခဲ့ပါသည်။ ကော်မရှင် လုပ်ငန်းနှင့် စပ်လျဉ်းသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ကလည်း လိုအပ်သည် များကို ပံ့ပိုးကူညီခဲ့ပါကြောင်း ကော်မရှင်အနေဖြင့် မှတ်တမ်းတင်အပ်ပါသည်။ အထူးသဖြင့် ကော်မရှင်အဖွဲ့ဝင်များ ကွင်းဆင်းလေ့လာခဲ့စဉ် ဒေသခံပြည်သူများက နွေးထွေးစွာ ပါဝင်ဆောင်ရွက်ပေးသည်ကိုလည်း တန်ဖိုးထားကျေးဇူးတင်ရှိကြောင်း ကော်မရှင်အနေဖြင့် မှတ်တမ်းတင်အပ်ပါသည်။

စာအမှတ်၊ ဝ၁/ကြေးနီ(ကော်မရှင်)/ ၂ဝ၁၃-၅၉

ရက်စွဲ၊ ၂ဝ၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်

http://www.president-office.gov.mm/briefing-room/news/2013/03/13/id-2818

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

လက်ပံတောင်းတောင်သပိတ် အရေးအခင်း