ယူလီဆီးစ် ဆင်ပဆန် ဂရန့်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ယူလီဆီးစ် ဆင်ပဆန် ဂရန့်
Ulysses Simpson Grant
၁၈၂၂-၁၈၈၅
Ulysses Grant 1870-1880.jpg
မွေးနေ့ ၂၇၊ ဧပြီ၊ ၁၈၂၂
မွေးရပ် ပွိုင့် ပလဲဆန့် အိုဟိုင်းယိုးပြည်နယ်
ကွယ်လွန်နေ့ ၂၃၊ ဂျူလိုင်၊ ၁၈၈၅
ကွယ်လွန်ရပ် နယူးယောက်မြို့ နယူးယောက်ပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၁၈ ဦးမြောက်သမ္မတ၊ ပြည်တွင်းစစ်အတွင်း မြောက်ပိုင်းတပ်၏ ဗိုလ်ချုပ်ကြီး
အလုပ်အကိုင် စစ်ဗိုလ်ချုပ်၊ အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၄၊ မတ်၊ ၁၈၆၉-၄၊ မတ်၊ ၁၈၇၇
ဒုတိယ သမ္မတ စရှက်လာ ကိုဖက်စ် (၁၈၆၉-၁၈၇၃)
ဟင်နရီ ဝီလ်ဆင် (၁၈၇၃-၁၈၇၅)
လွှဲအပ်သူ အင်ဒရူး ဂျွန်ဆင်
ဆက်ခံသူ ရူသာဖို့ဒ် ဘရစ်ချက်ဒ် ဟေးစ်
နိုင်ငံသား အမေရိကန် နိုင်ငံ

နာမည်ကျော် စစ်ဗိုလ်ချုပ်ဟောင်း ဂရန့်သည် အမေရိကန်ပထမဆုံးသမ္မတ ဂျော့ချ် ဝါရှင်တန် ကဲ့သို့ပင် မြင်းသည်ကျော်တစ်ဦး ဖြစ်သည်။ စကားသိပ်များများမပြောတတ်ဘဲ တိကျပြတ်သားသော အုပ်ချုပ်မှုပုံစံမျိုးဖြင့် အုပ်ချုပ်တတ်သူဖြစ်သည်။ ခပ်ဆိုးဆိုး၊ခပ်ကပ်ကပ်မြင်းများကို အကြမ်းကိုင်ပြီး စီးခြင်းကိုကျွမ်းကျင်သကဲ့သို့ ထိုသို့သဘောဆောင်သည့် မြောက်ပိုင်းတပ်ကိုလည်း ကိုင်တွယ်ခဲ့သူဖြစ်သည်။

ခရီးသွားဝါသနာပါသူ၊ မြင်းစီးကောင်းသူ တစ်ဦးအဖြစ် ဘဝတစ်လျှောက်တွင် တိုင်းပြည်အနှံ လှည့်လည်ဖူးသူဖြစ်သည်။ ပြည်တွင်းစစ်မတိုင်မီကပင် မြောက်အမေရိကတစ်ခွင်တွင် ကနေဒါနယ်စပ်မှ ပနားမားအထိ ရောက်ဖူးသည်။ မက္ကဆီကိုတိုက်ပွဲများတွင်လည်း သူ၏ပြောင်မြောက်သော စွမ်းရည်ဖြင့် ဦးဆောင်မှုများပြသခဲ့သည်။ တစ်ဖက်တွင် ထိုအတွေ့အကြုံများအရ မက္ကဆီကန်များ၊ ဌာနေလူနီရိုင်းများ နှင့် နီဂရိုးများအပေါ်တွင် ကရုဏာစိတ်မွေးနိုင်ခဲ့သည်။ စီးပွားရေးဖက်တွင်ကား အောင်မြင်ခြင်းမရှိ။ ယုံလွယ်လွန်းသဖြင့် ဆုံး၊ အားနာလွန်းသဖြင့် ရှုံး ဆိုသကဲ့သို့ အဖြစ်များသည်။

ပြည်တွင်းစစ်နှင့်ဂရန့်[ပြင်​ဆင်​ရန်​]

ပြည်တွင်းစစ်ကြီးဖြစ်သောအခါ အရည်အချင်းပြည့်ဝသော စစ်ဗိုလ်ချုပ်ဖြစ်ကြောင်း သက်သေပြနိုင်သည်။ ရဲဘော်များကို ဦးဆောင်၍ ခရီးရှည်ချီတက်တိုက်ခိုက်သည်။ သူစီးသောမြင်ကဲ့သို့ သူ့ရဲဘော်များ အပေါ်ဆက်ဆံသည်။ ခိုင်းစရာရှိလျှင် ခပ်ကြမ်းကြမ်းခိုင်းပြီး ယုယစရာရှိလျှင်လည်း ယုယသည်။ သို့သော် ပန်းတိုင်ကို အပျောက်မခံတတ်။ အပြောအဟော ကောင်းကောင်းဖြင့် စည်းရုံးသောခေတ်ကာလတွင် ဂရန့်က တိကျပြတ်သားသော အမိန့်စာများဖြင့် အမိန့်ပေးတတ်သည်။ စာရေးအလွန်မြန်သည်ဟုလည်း ဆိုကြသည်။

ပြည်တွင်းစစ်သည် နယ်မြေထိန်းသိမ်းရေးမျှမက တောင်ပိုင်းကို အပြုတ်တိုက်ရန်ပါလိုအပ်နေသည်ကို ဂရန့်အစောကပင် ကြိုမြင်ခဲ့သည်။ သမ္မတ လင်ကွန်းကလည်း လိုအပ်သည့်အရည်အသွေးမျိုး ဂရန့်ထံတွင်ရှိသည်ကို သိမြင်သဖြင့် ၁၈၆၄တွင် ဂရန့်အား စစ်ဦးစီးချုပ်ခန့်အပ်ပြီး တိုက်စေသည်။ ဂရန့်၏ ဦးဆောင်မှုကောင်းကောင်းဖြင့် တိုက်ရာ ပြည်တွင်းစစ်အဆုံးသတ်ပြီး တောင်ပိုင်းပြည်နယ်များ လက်နက်ချကြသည်။

နောက်တစ်နှစ်အကြာတွင် သမ္မတလင်ကွန်း အလုပ်ကြံခံရပြီး ကွယ်လွန်ရာ ဂရန့်မှာ စစ်ရေး၊နိုင်ငံရေး နယ်ပယ်စုံတွင် အရာရောက်သူတစ်ဦး ဖြစ်လာတော့သည်။ ဩဇာကြီးမားလာသည်။ ဗိုလ်ချုပ်ရှရီတန်အား တပ်သားငါးသောင်းကို ဦးဆောင်စေပြီး တောင်ပိုင်း တက္ကဆပ်သို့လွှတ်ကာ မက်ဆီမီလီယံဘုရင်အား ဖြုတ်ချရန်ကြိုးပမ်းနေသည့် ဘင်နီတို ဟူအားရက်ဇ်အား အကူအညီပေးစေသည်။ သမ္မတ အင်ဒရူး ဂျွန်ဆင်၏ တောင်ပိုင်းသားများအပေါ် လွှတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းအား ထောက်ခံသည်။ ထို့အပြင် တောင်ပိုင်းတပ်ဗိုလ်ချုပ်ကြီး ရောဘတ် အီး လီး အား နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားစွဲဆိုထားခြင်းကို မဖျက်သိမ်းပေးပါက မိမိပါ ရာထူးမှ နုတ်ထွက်မည်ဟု ဆိုခဲ့သည်။ တောင်ပိုင်းပြည်နယ်များအတွင်း မြောက်ပိုင်းတပ်များဆက်လက်တပ်စွဲထားရေးကို အဆိုပြုသည်။ မက္ကဆီကိုသံအမတ်အဖြစ် စေလွှတ်သော်လည်း ငြင်းဆိုခဲ့သည်။

ခက်ခဲသော နိုင်ငံရေးကာလတစ်ခုအတွင်းတွင် ဂရန့်ကောင်းစွာ ပရိယာရ်ပြုနိုင်သဖြင့် အာဏာရသမ္မတ အင်ဒရူး ဂျွန်ဆင်ကို ကျော်ပြီး ရီပါပလီကန်ပါတီ၏ သမ္မတလောင်း ဖြစ်လာသည်။ နောက်ဆယ်လအကြာတွင် ဗိုလ်ချုပ်ကြီးဟောင်း ဂရန့်သည် အမေရိကန် ပြည်ထောင်စု၏ ၁၈ဦးမြောက် သမ္မတဖြစ်လာသည်။

သမ္မတ ဂရန့်[ပြင်​ဆင်​ရန်​]

သမ္မတဂရန့်အား စောင့်ကြိုနေသည့် ပြဿနာများရှိနေခဲ့သည်။ ၄င်းတို့မှာ-

  1. တောင်ပိုင်းဒေသရှိ နီဂရိုးများ၏ ခံစားခွင့်
  2. အနောက်ဖက်တစ်လွှားမှ လူနီရိုင်းများအား နေရာချထားရေး
  3. နိုင်ငံအဝန်း ဒေါ်လာငွေစက္ကူများ ဖောင်းပွနေခြင်း
  4. အလာဘားမား သင်္ဘောပြဿနာ တို့ဖြစ်ကြသည်

တောင်ပိုင်းဒေသရှိ နီဂရိုးများ၏ ခံစားခွင့်[ပြင်​ဆင်​ရန်​]

နီဂရိုးများ အပါအဝင် တောင်ပိုင်းဒေသတစ်ခုလုံးအား ပြန်လည်ထူထောင်ရေးမှာ အထူးခက်ခဲလှသည်။ တောင်ပိုင်းသား အစွန်းရောက် လူဖြူများတည်ထောင်သည့် ကူ ကလဇ် ကလန် (ခေါ်) ကေသုံးလုံးဂိုဏ်း (Ku Klux Klan - KKK) က လူမည်းများကို အလစ်ချောင်းသတ်ဖြတ်ခြင်း၊ လူမည်းများကို အားပေးသူများကို နှောင့်ယှက်သတ်ဖြတ်ခြင်း စသဖြင့် အကြမ်းဖက်ကြသည်ကို အရေးယူရန်လွှတ်တော်သို့ ဥပဒေပြုရန် တင်ပြသည်။ ဥပဒေအတည်ပြုပြီးသောအခါ ပြည်ထောင်စု ရဲတပ်ဖွဲ့ဖြင့် အာဏာတည်ရန် ဆောင်ရွက်သည်။

လူဝီစီယားနားပြည်နယ်တွင် ကေသုံးလုံးဂိုဏ်းက ရီပါပလီကန်အရာရှိများကို သတ်ဖြတ်သဖြင့် စစ်တပ်ဖြင့်နှိမ်နှင်းသည်။ ထို့ကြောင့် ၁၈၇၄ ရွေးကောက်ပွဲတွင် တောင်ပိုင်းသား ဒီမိုကရက်ပါတီဝင်များက စစ်အုပ်ချုပ်ရေးဆက်လက်ထားရှိမှု၊ လူမည်းများအား မျက်နှာသာပေးမှုတို့ကို အကြောင်းပြု၍ မဲဆွယ်သဖြင့် လွှတ်တော်တွင် နေရာအများစုကို အနိုင်ရသွားပြီး လွှတ်တော်နှင့် သမ္မတတို့၏ ရင်ဆိုင်မှုများ စလာသည်။ သို့သော် ဂရန့်က တရားဥပဒေစိုးမိုးရေးအတွက် ကေသုံးလုံးဂိုဏ်းကို ဆက်၍နှိမ်နှင်းမြဲနှိမ်နှင်းနေသည်။ တရားရုံးချုပ်ကလည်း ၁၈၇၆တွင် အခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၁၅နှင့် ကူ ကလဇ် ကလန် အက်ဥပဒေကို အတည်ပြုပေးသည်။

လူနီရိုင်းများအား နေရာချထားရေး[ပြင်​ဆင်​ရန်​]

ဂရန့်က ဌာနေလူနီရိုင်းများကိုလည်း အခြားအမေရိကန်များနည်းတူ အခွင့်အရေးရစေလိုသည်။ ကုန်းတွင်းပိုင်းသို့ နယ်ချဲ့လာခြင်းကြောင်း အိမ်ခံနှင့် ဧည့်သည်များအကြား ထိပ်တိုက်ရင်ဆိုင်ရမှုများရှိလာခြင်းတွင် ဂရန့်က နယ်သစ်ချဲ့ထွင်ပြီး ဌာနေလူနီရိုင်းတို့၏ ဇာတိကိုလုယူသော လူဖြူများကို အပြစ်တင်သည်။ သူ့သဘောတွင် လူနီရိုင်းများကို နေရာပေးလိုသည်၊ အခွင့်အရေးပေးလိုသည်၊ ပညာရေး၊ကျန်းမာရေး စသဖြင့် စောင့်ရှောက်မှုများ ပေးလိုသည်။ လူနီရိုင်းများသည်လည်း လူသားပင်ဖြစ်သောကြောင့် ခြံထဲတွင် လှောင်ခတ်ထားခြင်းမျိုးကို မသင့်၊ သူတို့တွင်လည်း သိက္ခာတရားဖြင့် လူလူသူသူနေပိုင်ခွင့် ရှိသည်ဟု ဂရန့်က ခံယူထားသည်။ လူဖြူအရာရှိဆိုးများအစား ခရစ်ယာန်သာဿနာပြု သင်းအုပ်များဖြင့် အစားထိုးအုပ်ချုပ်စေသည်။ သို့ဖြင့် လူဖြူ၊ လူနီတိုက်ခိုက်မှုပြဿနာများ အတော်လျော့ပါးသွားခဲ့သော်လည်း ဒါကိုတာပြည်နယ်မှ လူနီတို့ပိုင်နက်တွင် ရွှေကြောတွေ့ရာမှစကာ ပြဿနာတစ်ဖန် ကြီးထွားလာသည်။ ရွှေရှာဖွေရေးသမားများက လူနီရိုင်းများကို တိုက်ခိုက်သတ်ဖြတ်ပြီး နယ်မြေသိမ်းပိုက်ကာ ရွှေရှာကြခြင်းကြောင့် ဖြစ်သည်။ သို့ဖြင့် မဖြစ်မနေပင် လူနီရိုင်းများကို ခပ်ဝေးဝေးသို့ ရွေ့ပြောင်းနေရာချထားပေးရပြန်သည်။

ငွေစက္ကူဖောင်းပွမှု ပြဿနာ[ပြင်​ဆင်​ရန်​]

ပြည်တွင်းစစ်ကြီးအတွင်းက သမ္မတလင်ကွန်းအနေဖြင့် စစ်စားရိတ်အတွက် ဒေါ်လာတစ်ရာတန် ငွေစက္ကူများကို အများအပြား ရိုက်နှိပ်ဖြန့်ချိခဲ့သဖြင့် စစ်အပြီးတွင် ထိုတစ်ရာတန်ဒေါ်လာငွေစက္ကူများ၏ တန်ဖိုးမှာ ဒေါ်လာ သန်းလေးရာ အထိ အဆမတန် မြင့်တက်သွားခဲ့သည်။ တစ်နည်းဆိုလျှင် ငွေကြေးဖောင်းပွမှု အလွန်မြင့်တက်နေသည်။ ဂရန့်အနေဖြင့် ရွှေကိုသာ ယုံကြည်သူ ဖြစ်သည်။ စက္ကူကို အားကိုးလိုသူမဟုတ်ပေ။ သို့ဖြင့် ၁၈၆၉တွင် ဗဟိုဘဏ်မှ သန်းလေးရာဖိုးရှိ ရွှေများကို ထုတ်ရောင်းစေရာ ရွှေဈေးကွက်ကို ချုပ်ကိုင်ရန် ကြိုးပမ်းနေသူ သူဌေးကြီးများ အငိုက်မိကာ အရှုံးပြသွားသည်။

ထို့အပြင် ၁၈၇၃တွင်လည်း ဈေးကွက်အတွင်းမှ ရာတန်များဖောင်းပွနေခြင်းကို အကြောင်းပြုပြီး လူအများထိန်လန့်ပြန်သဖြင့် ဗဟိုဘဏ်မှ ထိုရာတန်များကို တဖြည်းဖြည်း သိမ်းဆည်းရာ သန်းလေးရာအနက် ၄၄သန်းသာ ဈေးကွက်အတွင်း ကျန်ရှိတော့သည်။ လွှတ်တော်က ဒေါ်လာရာတန် အသစ် ၄၄သန်းဖိုး ထပ်မံထုတ်ဝေရန် ဥပဒေပြုသော်လည်း ဂရန့်က ဗီတိုအာဏာဖြင့် တားမြစ်ကာ ရာတန်များကို ဈေးကွက်အတွင်းမှ လုံးဝ ရုတ်သိမ်းစေသည့် Resumption Art ဥပဒေကို ထုတ်ပြန်စေသည်။ သို့ဖြင့် အမေရိကန် ငွေစက္ကူသည် ရွှေဖြင့် ကျောထောက်နောက်ခံပေးထားသည့် အာမခံငွေမာအဖြစ် ရပ်တည်ကာ အားကောင်းဖွံ့ဖြိုးလာသည်။

အလာဘားမား သင်္ဘောပြဿနာ[ပြင်​ဆင်​ရန်​]

ဂရန့်သမ္မတဖြစ်ချိန် အမေရိကန်တွင် ဗြိတိသျှမုန်းတီးရေးဝါဒ ပြင်းထန်နေသည်။ ပြည်တွင်းစစ်အတွင်း အင်္ဂလန်လုပ် အလာဘားမားသင်္ဘောနှင့် အခြားတောင်ပိုင်းတပ်မှ သင်္ဘောများကြောင့် မြောက်ပိုင်းတပ် သင်္ဘောပေါင်း ၁၇၅စင်း ဆုံးရှုံးနှစ်မြုပ်ခဲ့ရသည်။ အင်္ဂလိပ်သင်္ဘောပါဝင်ပတ်သတ်နေမှုကြောင့် စစ်အပြီးတွင် အမေရိကန်က အင်္ဂလန်ထံ စစ်လျော်ကြေး တောင်းခံသည်။ အထက်လွှတ်တော်က ယခင်သမ္မတ ဂျွန်ဆင် ချုပ်ဆိုခဲ့သည့် စစ်လျော်ကြေးမပါသော ပြေငြိမ်းရေးစာချုပ်ကို အသိအမှတ်မပြုနိုင်ကြောင့် ကြော်ညာကာ လျော်ကြေးဆက်လက်တောင်းဆိုသည်။

ဂရန့်အနေဖြင့်လည်း စစ်သားပီပီ မျက်နှာချိုသွေးရမည့် သံတမန်အလုပ်မျိုးကို စိတ်မဝင်စားသဖြင့် သူ့လျော်ကြေးတောင်းခံရေး အမြင်ကလည်း ပြတ်သားတင်းမာသည်။ သို့ဖြင့် နောင်တွင်ရေရှည်အကျိုးရှိမည့် လုပ်ငန်းမျိုးကို အုပ်မြစ်ချပေးနိုင်ခဲ့သည်။ ၄င်းကား မျက်နှာစုံညီဆွေးနွေးပွဲ (သို့) နိုင်ငံတကာကြားနာညှိနှိုင်းရေးအဖွဲ့ဖြင့် ဆုံးဖြတ်စေခြင်း ဖြစ်သည်။ နိုင်ငံခြားရေး ဟာလ်မီတန် ဖစ်ရှ်က အင်္ဂလိပ်အစိုးရကို ဆွဲဆောင်သိမ်းသွင်းနိုင်သဖြင့် အမေရိကန်၊ အင်္ဂလန်၊ အီတလီဘရာဇီးလ် နှင့် ဆွစ်ဇာလန် တို့မှ ကိုယ်စားလှယ်တစ်ဦးစီပါဝင်သည့် ငါးဦးကော်မရှင်က စစ်လျော်ကြေးငွေ ကိစ္စကို ညှိနှိုင်းသည်။ အထက်လွှတ်တော်ကိုလည်း ဖိအားပေးကာ ထိုအဖွဲ့ကိုထောက်ခံစေသည်။ ကော်မရှင်အဖွဲ့က ကြားနာစစ်ဆေးပြီးနောက် စစ်လျော်ကြေး ၁၅.၅သန်းပေးရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ ဤအဖြစ်မှာ နိုင်ငံချင်းအငြင်းပွားမှုတွင် နိုင်ငံတကာ ခုံအဖွဲ့ဖြင့် ပထမဆုံး ဆုံးဖြတ်ခြင်းပင်ဖြစ်သည်။

သို့သော် သမ္မတဂရန့်သည် အကောင်းဖက်ကြီးမှလည်း မဟုတ်ပေ။ သူ့လက်ထက်တွင် အပြောများလှသည်များမှာ အဂတိလိုက်စာကာ ခြစားနေသော အစိုးရအဖွဲ့အကြောင်း၊ အရက်သမားကြီးတစ်ဦး သမ္မတတက်ဖြစ်သည့် အကြောင်း စသည်ဖြင့် ဖြစ်သည်။ သို့သော် ဂရန့်ကိုယ်တိုင်က သူ၏ အားထားရသော လက်ထောက်နှစ်ဦးကို ရာထူးမှ ထုတ်ပယ်ခဲ့သဖြင့် နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိကြောင်း ပြခဲ့သည်။ အခြားအချက်များအနေဖြင့် သူ့ဘဝအကြောင်း သိပ်များများ မချန်ခဲ့သဖြင့်လည်း သူ့သမ္မတသက်တမ်းနှစ်ဆက်အတွင်း ကိစ္စရပ်များမှလွဲလျှင် သမ္မတရာထူးမှ ဆင်းပေးပြီးနောက်တွင် အကြွေးများတင်နေသောကြောင့် ကိုရေးစာအုပ်တစ်အုပ်ရေးကာ ငွေဖော်ရန်ကြိုးပမ်းခဲ့သေးသော်လည်း ကြွေးကြေရုံပထမတွဲကို ထုတ်ဝေအပြီးတွင် ကွယ်လွန်သွားပြန်သဖြင့် သမ္မတရာထူးရယူစဉ်က သူ၏ဆုံးဖြတ်ပုံများ၊ လုပ်ကိုင်ပုံများကို အများမသိနိုင်ဖြစ်ခဲ့ရပြန်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း