ချက်စတာ အလန် အာသာ

ဝီကီပီးဒီးယား မှ
ချက်စတာ အလန် အာသာ
Chester A Arthur
၁၈၂၉-၁၈၈၆
မွေးနေ့ ၅၊ အောက်တိုဘာ၊ ၁၈၂၉
မွေးရပ် ဖားဖီးလ်ဒ်ဗားမောင့်ပြည်နယ်
ကွယ်လွန်နေ့ ၁၈၊ နိုင်ဝင်ဘာ၊ ၁၈၈၆
ကွယ်လွန်ရပ် အယ်လ်ဘာနီ နယူးယောက်ပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၂၁ ဦးမြောက်သမ္မတ
အလုပ်အကိုင် အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၁၉၊ စက်တင်ဘာ၊ ၁၈၈၁-၄၊ မတ်၊ ၁၈၈၅
ဒုတိယ သမ္မတ
လွှဲအပ်သူ ဂျိမ်းစ် အေဘရမ် ဂါဖီးလ်ဒ်
ဆက်ခံသူ စတီဖင် ဂရိုဗာ ကလိဗ်လန်း
နိုင်ငံသား အမေရိကန် နိုင်ငံ

ထင်ရှားခြင်းမရှိလှသော သမ္မတတစ်ဦးအဖြစ် အာသာကို သတ်မှတ်ကြသည်။ ဒုသမ္မတဘဝမှ မရည်ရွယ်ဘဲ သမ္မတလုပ်ကြံခံရသဖြင့် သမ္မတတက်ဖြစ်သူတစ်ဦး အဖြစ်သာ လူတို့သတိရကြသည်။သမ္မတလင်ကွန်းလက်ထက် ပြည်တွင်းစစ်အတွင်း နယူးယောက်ပြည်နယ် စစ်ထောက်ချုပ်၊ သမ္မတဂရန့်မဲဆွယ်စဉ်က အင်တိုက်အားတိုက် ကူညီပေးသူ၊ ဂါးဖီးလ်ဒ်နှင့်အတူ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် ဇနီးကွယ်လွန်သွားခြင်း စသည့်အချက်များသာလျှင် မှတ်တမ်းကျန်သည်။

ငယ်စဉ်ကတည်းက ဖခင်သင်းအုပ်ဆရာ၏ ကျေးကျွန်စနစ်ဆန့်ကျင်ရေးကို ယဉ်ပါးလာသူဖြစ်သည်။ ထို့ကြောင့် အထက်တွင်ဖော်ပြသကဲ့သို့သော ပုဂ္ဂိုလ်ကျော်များနှင့် ဆက်ဆံခွင့်ကိုရခဲ့ခြင်းလည်းဖြစ်သည်။ သမ္မတဂရန့်လက်ထက်တွင် နယူးယောက်ဆိပ်ကမ်း၏ အခွန်မှူးဖြစ်လာသည်။ ဒုသမ္မတဖြစ်လာသည်မှာလည်း ပါတီတွင်းနိုင်ငံရေး ကစားကွက်များကြောင့် မရည်ရွယ်ဘဲ ဆွဲတင်ခံရခြင်းဖြစ်သည်။ အကြောင်းမှာ ရီပါပလီကန်ပါတီတွင် အစွန်းရောက်သော စတဲဝါ့တ် ( Stalwart) အုပ်စုဟူ၍ရှိရာ အာသာမှာ ထိုအုပ်စုဝင်ဖြစ်သည်။ ထိုအုပ်စု၏ ရည်ရွယ်ချက်မှာ တောင်ပိုင်းပြည်နယ်များကို ဒဏ်ခတ်ခြင်းအားဖြင့် လက်တုံ့ပြန်ရေး၊ ဂရန့်သမ္မတဖြစ်ရေး၊ ရီပါပလီကန်ပါတီအနေဖြင့် အာဏာကိုဆက်လက် ထိန်းချုပ်ထားနိုင်ရေးတို့ ဖြစ်သည်။ တနည်းဆိုလျှင် ကိုယ့်လူကောင်းစားရေးဝါဒ ဖြစ်သည်။ အာသာအနေဖြင့်လည်း ဆိပ်ကမ်းတွင် ရုံးထိုင်စဉ်ကပင်ထိုမူများကို လက်စွဲပြုသည်။ သို့သော် ထိုအုပ်စုနှင့် သဘောထားမတိုက်ဆိုင်သည့် သမ္မတဟေးစ် လက်ထက်တွင် ရာထူးမှ ထုတ်ပယ်ခံရသည်။ ၁၈၈၀ရွေးကောက်ပွဲအတွက် သမ္မတဟောင်းဂရန့်ကို တကျော့ပြန်၍ စင်တင်လိုကြသည့် စတဲဝါ့ဒ်တို့ကို နှစ်သိမ့်သောအားဖြင့် ထိုအုပ်စုအတွင်းမှ တက်တက်ကြွကြွရှိသည့် အာသာ့အား ဂါဖီးလ်ဒ်၏ ဒုသမ္မတအဖြစ် တွဲဖက်ပေးလိုက်ခြင်းသာ ဖြစ်သည်။ ဂါဖီးလ်ဒ်အား လုပ်ကြံခဲ့သည့် ဂီတူးဆိုသူကလည်း “သွားပေတော့ ဂါဖီးလ်ဒ်၊ လာပါတော့ အာသာ” ဟုကြွေးကြော်ကာ ပစ်ခတ် လုပ်ကြံခဲ့ခြင်းဖြစ်သည်။

ထိုသို့သော အပြောမျိုးမှာ အာသာအား ကောင်းစွာ ဒုက္ခပေးနိုင်သည်။ ဂါဖီးလ်ဒ်ဈာပနာတွင် လေးစားမှုအပြည့်ဖြင့် လိုက်ပါသင်္ဂြိုဟ်ခြင်းကြောင့်သာ အများအမြင်တွင် မဆိုးရွားသွားခြင်း ဖြစ်သည်။ သမ္မတဖြစ်ပြီးနောက်တွင် အများက စတဲဝါ့တ်တစ်ဦး အာဏာရလျှင် ရီပါပလီကန်ပါတီလွှမ်းမိုးတော့မည်ဟု ထင်မှတ်ကြသည်။ သို့သော် သမ္မတရာထူးသည် ထိုအပြုအမူမျိုးကို လက်မခံနိုင်သည်မှာ အမှန်ဖြစ်သည်ကြောင့် လက်တွေ့အုပ်ချုပ်နေရသည့် သမ္မတအပေါ်တွင် စတဲ့ဝေါ့တ်တို့ အမျက်ထွက်ကြသည်။ လက်တုံ့ပြန်သည့်အနေဖြင့် အုပ်ချုပ်ရေးအတွင်းပိုင်းမှ ရာထူးကြီးစတဲဝါ့ဒ်များကို အလုပ်ဖြုတ်သည်။ အချုပ်အားဖြင့် လွှတ်တော်အတွင်းတွင် စတဲဝေါ့တ်တို့ လုံးဝမကြိုက်သည့် ပန်ဒယ်လ်တန်အက်ဥပဒေ အတည်ပြုနိုင်စေရန် ကြိုးပမ်းပေးခြင်းဖြစ်သည်။ ထိုဥပဒေမှာ ပြည်သူ့လစာစားသုံးနေသော ပြည်သူ့ဝန်ထမ်းများအနေဖြင့် ပါတီများနှင့်ကင်းနိုင်သမျှကင်းနေစေရန်နှင့် အမှန်တကယ်ကျွမ်းကျင်သော ဝန်ထမ်းများသာ ရာထူးခန့်ထားရန်ဖြစ်သည်။ ထိုဥပဒေကိုအခြေပြု၍ နောင်တွင် အဆင့်သတ်မှတ်ပြဋ္ဌာန်းမှုအက်ဥပဒေ(၁၉၂၃-၉၄၈)၊ ပြည်သူ့ဝန်ထမ်း ဖွဲ့စည်းမှုပြုပြင်ရေးအက်ဥပဒေ (၁၉၇၈)၊ အစိုးရလုပ်ငန်းများနှင့် ရလဒ်များ(ဆန်းစစ်မှု)အက်ဥပဒေ(၁၉၉၃) တို့ကို ပြဋ္ဌာန်းနိုင်ခဲ့သည်။

ရေတပ်ဖခင်ကြီး[ပြင်ဆင်ရန်]

အာသာကို အမေရိကန်ရေတပ်မတော် ၏ဖခင်ကြီးအဖြစ် အသိအမှတ်ပြုကြသည်။ ရေတပ်တွင် အသုံးပြုနေသည့် သစ်သားကိုယ်ထည်သင်္ဘောများတွင် သံကိုယ်ထည်သင်္ဘောများဖြင့် အစားထိုးကာ အဆင့်မြင့်တင်ရေးအတွက် လွှတ်တော်တွင် ဘတ်ဂျက်ပေးရန် အင်တိုက်အားတိုက်တောင်းဆိုခဲ့သည်။ အမေရိကန်ဌာနေ လူနီရိုင်းများအား စောင့်ရှောက်ရေးနှင့် ပြည်ပမှဝင်ရောက်အခြေချလာသည့် တရုတ်လူမျိုးများအား တားမြစ်ခြင်းတို့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည်။ ဂျာမနီနှင့် သံတမန်အဆက်အသွယ်မရှိသည့်တိုင် အပြန်အလှန် ကုန်သွယ်ခြင်း၊ အမေရိကန်တောင်ပိုင်းပြည်နယ်များမှ တင်သွင်းသည့် ပစ္စည်းများတွက် အခွန်ပိုမိုကောက်ခံနေသည်ကို ပယ်ဖျက်ပေးခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ခဲ့သည်။

သမ္မတ ရာထူးလက်ခံပြီးမကြာမီပင် ရောဂါဆန်းတစ်မျိုးစွဲကပ်လာသည်။ ကျောက်ကပ်ကို ဒုက္ခပေးသည့် ရောဂါတစ်မျိုးဖြစ်ကာ ကုသရန်ဆေးမရှိပေ။ သမ္မတသက်တမ်း၏ နောက်ဆုံးဆောင်ရွက်ချက်မှာ သမ္မတဟောင်းဂရန့်အတွက် ပင်စင်လစာရပိုင်ခွင့်ကို လက်မှတ်ထိုးပေးခဲ့ခြင်းဖြစ်သည်။ ဤအချက်တို့မှာ ရတတ်သမျှမှတ်တမ်းများမှာ တွေ့ရှိရသည်များသာဖြစ်ပြီး ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းအများစုမှာ သူရာထူးမှဆင်းပေးချိန်တွင် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မကျန်ရှိတော့ပေ။ နောက်တစ်ကြိမ်ရွေးကောက်ပွဲဝင်ရန် ကြိုးစားသော်လည်း ပါတီကလက်မခံတော့သဖြင့် သက်တမ်းစေ့သာ တာဝန်ထမ်းဆောင်ပြီး အနားယူသွားရသည်။

ကိုးကား[ပြင်ဆင်ရန်]

အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း