သီအိုဒို ရုစဗဲ့

ဝီကီပီးဒီးယား မှ
သီအိုဒို ရုစဗဲ့
Theodor Roosevelt
President Theodore Roosevelt, 1904.jpg


မွေးနေ့ ၂၇၊ အောက်တိုဘာ၊ ၁၈၅၈
မွေးရပ် နယူးယောက်မြို့နယူးယောက်ပြည်နယ် အမေရိကန်
ကွယ်လွန်နေ့ ၆၊ ဇန်နဝါရီ၊ ၁၉၁၉
ကွယ်လွန်ရပ် အွိုက်စတာဘေးနယူးယောက်ပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၂၆ ဦးမြောက်သမ္မတ
အလုပ်အကိုင် အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၁၄၊ စက်တင်ဘာ၊ ၁၉၀၁ - ၄၊ မတ်၊ ၁၉၀၉
ဒုတိယ သမ္မတ ချားလ်စ် ဖဲယားဘန့်ခ်
လွှဲအပ်သူ ဝီလျံ မက်ကင်လီ
ဆက်ခံသူ ဝီလျံ ဟောင်းဝဒ် တာ့ဖ်
နိုင်ငံသား အမေရိကန် နိုင်ငံ

အမေရိကန်၏ ၂၆ဦးမြောက် သမ္မတ သီအိုဒို ရုစဗဲ့ကို အောက်တိုဘာ၊ ၂၇၊ ၁၈၅၈ခုနှစ်က နယူးယောက်မြို့တော်တွင် ဖွားမြင်သည်။ မိဘများမှာ သီယိုဒို ရုစဗဲ့နှင့် မာသာဘူးလော့ချ် ရုစဗဲ့တို့ဖြစ်သည်။ သမ္မတ ဖရန်ကလင် ဒီလာနို ရုစဗဲ့နှင့် ငါးဝမ်းကွဲဆွေမျိုးတော်စပ်သလို၊ အယ်လင်နာရုစဗဲ့၏ ဦးလေးလည်းဖြစ်သည်။ ၁၈၈၀တွင် ဟားဗတ်တက်ကသိုလ်မှ ဥပဒေဘွဲ့ရပြီးနောက် ကိုလံဘီယာတက္ကသိုလ်တွင် ခဏတာမျှဥပဒေဘာသာရပ်ကို သင်ကြားကာ ရီပါပလီကန်ပါတီမှတဆင့် နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်လာခဲ့သည်။ နယူးယောက်ပြည်နယ်အထက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရပြီး ၁၈၈၁မှ ၁၈၈၄ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုနောက် ၂နှစ်အတွင်း ဒါကိုတာပြည်နယ်ရှိ မွေးမြူရေးခြံတွင် နေထိုင်ကာ မွေးမြူရေးနှင့် အမဲလိုက်ခြင်းတို့ကို လိုက်စားကာနေခဲ့သည်။ ၁၈၈၆တွင်နိုင်ငံရေးလောကတွင်း တဖန်ဝင်ရောက်ကာ နယူးယောက်မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရာ အနိုင်မရပေ။ ၁၈၈၉မှ ၁၈၉၅အထိ ဝါရှင်တန်ဒီစီမြို့တော်တွင် အရပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးအဖြစ်လည်းကောင်း၊ ၁၈၉၅မှ ၁၈၉၇အထိ နယူးယောက်ပြည်နယ် ရဲမင်းကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ သမ္မတ မက်ကင်လီ လက်ထက်တွင် ရေတပ်ဝန်ကြီးအဖြစ်တာဝန်ယူကာ အမေရိကန်-စပိန်စစ်ပွဲများတွင် ရွပ်ရွပ်ချွံချွံဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတဝှမ်း လူသိများလာသည်။

အပျော်တမ်းအမေရိကန်မြင်းတပ်အမှတ်(၁)ကိုတည်ထောင်ခဲ့ပြီး ဗိုလ်မှူးကြီးရာထူးဖြင့် ဆန်ဟွန်ရှိ ကတ်တယ်ဟေးလ်တောင်ကုန်းကို သိမ်းပိုက်ခဲ့သည်။ ၁၈၉၈တွင် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း ၁၉၀၀တွင် ဒုတိယသမ္မတအဖြစ်လည်းကောင်း ရွေးချယ်ခံရသည်။ သမ္မတမက်ကင်လီ လုပ်ကြံခံရပြီးကွယ်လွန်ရာ ရုစဗဲ့အနေဖြင့် သမ္မတတာဝန်ကိုယူခဲ့ရသည်။ အသက်အငယ်ဆုံးတာဝန်ထမ်းဆောင်သည့် သမ္မတအဖြစ် ၄၁နှစ်ဖြင့် မှတ်တမ်းဝင်ခဲ့သည်။ ၁၉၀၄ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်ခံရပြီး တာဝန်ယူစဉ်အတွင်း စီးပွားရေလုပ်ငန်းရှင်များက နိုင်ငံရေးလောကတွင် လာဘ်ပေးလာဘ်ယူလုပ်သည်များကို နှိပ်ကွပ်ခဲ့ရာ အချို့နာမည်ကျော် ကုမ္ပဏီများနှင့် လုပ်ငန်းများ ဖျက်သိမ်းခြင်းခံခဲ့ရသည်။ ၁၉၀၂ ကျောက်မီးသွေးအလုပ်သမား သပိတ်တွင် အလုပ်သမားများဖက်မှ ရပ်တည်ပေးခဲ့ပြန်သည်။

ဂျပန်နှင့်ရုရှားစစ်ပွဲတွင်း ကြားဝင်ဖြန်ဖြေပေးခဲ့ပြီး ၁၉၀၅ခုနှစ်တွင် အဆိုပါနှစ်နိုင်ငံငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုစေရန် ကြိုးပမ်းနိုင်ခဲ့မှုကို အသိအမှတ်ပြုသောအားဖြင့် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံရသည်။ တစ်ဖက်မှ ပနားမားပုန်ကန်မှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး အကျိုးဆက်အနေဖြင့် ပနားမား တူးမြောင်းနယ်မြေကို အမေရိကန်မှ ရယူနိုင်ခဲ့ပြန်သည်။

၁၉၀၈ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတော့ပဲ ရီပါပလီကန်သမ္မတလောင်းအဖြစ် တာ့ဖ်ကို ထောက်ခံခဲ့သည်။ သို့သော် တာ့ဖ် သမ္မတဖြစ်ပြီးနောက်တွင် ရုစဗဲ့၏ နိုင်ငံရေးမူဝါဒများကို လှစ်လျှူရှုခဲ့သည်ဟု ယူဆပြီး ၁၉၁၂ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ခဲ့သော်လည်း အရေးနှိမ့်ခဲ့သည်။ ရွေးကောက်ပွဲကာလအတွင်း သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရသော်လည်း အသက်ဘေးမှလွတ်ခဲ့သည်။ ထို့ပြင် ၎င်း၏ တာ့ဖ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ရီပါပလီကန်ပါတီလည်း နှစ်ခြမ်းကွဲခဲ့ရသည်။ အဆိုပါအကွဲအပြဲများကြောင့် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဝုဒ်ရိုး ဝီလ်ဆင်အနိုင်ရသွားစေခဲ့သည်။

၁၉၁၆ခုနှစ်တွင် ရီပါပလီကန်ပါတီ သမ္မတလောင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဗြိတိန်နှင့် ရင်းနှီးသောမဟာမိတ်အဖြစ် ရပ်တည်ခဲ့ပြီး ပထမကမ္ဘာစစ်အတွင်းက ဗြိတိန်ဖက်မှ ဝင်ရောက်တိုက်ခိုက်ပေးခဲ့သည်။ ရုစဗဲ့သည် စာပေဝါသနာထုံသူဖြစ်၍ စာရေးဆရာအဖြစ်လည်း ထင်ရှားသည်။ စာအုပ်ပေါင်း ၄၀ခန့်ရေးသားခဲ့ရာ ထိုစာအုပ်များအနက် The Winning of The West စာအုပ်မှာ အထူးထင်ရှားခဲ့သည်။ ဇန်နဝါရီ၊ ၆ရက်၊ ၁၉၁၉ခုနှစ်တွင် နယူးယောက်ပြည်နယ်၊ အွိုက်စတာဘေးအရပ်၊ ဆာဂါမိုဟေးလ်တွင် ကွယ်လွန်ခဲ့သည်။