ဟယ်ရီ ထရူးမန်း

ဝီကီပီးဒီးယား မှ
ဟယ်ရီ ထရူးမန်း
Harry S. Truman
မွေးနေ့ ၈၊ မေ၊ ၁၈၈၄
မွေးရပ် လာမား မစ်ဆိုရီပြည်နယ်
ကွယ်လွန်နေ့ ၂၆၊ဒီဇင်ဘာ၊ ၁၉၇၂
ကွယ်လွန်ရပ် ကန်းဆက်စီးတီးမစ်ဆိုရီပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၃၃ဦးမြောက်သမ္မတ
အလုပ်အကိုင် ရှေ့နေ၊လယ်ယာအခြေပြုစီးပွားရေး၊ အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၁၂၊ဧပြီ၊ ၁၉၄၅ - ၂၀၊ ဇန်နဝါရီလ၊ ၁၉၅၃
ဒုတိယ သမ္မတ အယ်လ်ဘန် ဒဗလျူ ဘာကလေ(၁၉၄၉-၁၉၅၃)
လွှဲအပ်သူ ဖရန်ကလင် ဒီလာနို ရုစဗဲ့
ဆက်ခံသူ ဒွိုက် ဒေးဗစ် အိုင်ဆင်ဟောင်ဝါ
နိုင်ငံသား အမေရိကန် နိုင်ငံ

အမေရိကန်ပြည်ထောင်စု၏ ၃၃ ဆက်မြောက်ဖြစ်သော သမ္မတ ထရူးမန်းသည် လယ်သမားမျိုးရိုးဖြစ်သော ဂျွန်အန်ဒါ ဆင် ထရူးမန်းဇနီးမောင်နှံတို့မှ ခရစ် ၁၈၈၄ ခုနှစ် မေလ ဂ ရက်နေ့တွင် မစ်ဆိုရီပြည်နယ်၊ လမားမြို့၌ဖွားမြင်သည်။ သူ၏အမည်အပြည့်အစုံမှာ ဟယ်ရီရှစ်ထရူးမန်းဖြစ်သည်။

တောင်သူလယ်သမား သားသမီးပီပီ ငယ်စဉ်ကပင် မိဖတို့ကို ကူညီ၍ အလုပ်လုပ်ပေးယင်း၊ မိမိနယ်ရှိ အထက်တန်းကျောင်း တစ်ကျောင်းတွင် ပညာသင်ယူ၍၊ ဝက်စပွိုင့် စစ်တက္ကသိုလ်သို့ ဝင်ရန်ရည်ရွယ်ခဲ့သည်။ သို့ရာတွင်မျက်စိမှုန်သူဖြစ်သောကြောင့်၊ ဝင်ခွင့်မရချေ။ ထိုကြောင့် ကျောင်းမှထွက်၍ ဝမ်းရေးအတွက် အလုပ်အမျိုးမျိုးလုပ်ခဲ့ရသည်။ ကန်းဆပ်မြို့တွင် ဆန်တာဖီ မီးရထားအတွက် အချိန်စောင့်လုပ်ခဲ့ဘူးသည်။ သတင်းစာခေါက် သမား၊ ဘဏ်စာရေး၊ စာရင်းကိုင်၊ စသော အလုပ်တို့မှာ သူငယ်စဉ်ကလုပ်ခဲ့သော အလုပ်များဖြစ်လေသည်။ အသက် ၂၂ အရွယ်၌ ဖခင်ကွယ်လွန်သောအခါ မိခင်ထံပြန်လာပြီးလျှင် ဖခင်၏လက်ငုတ်ဖြစ်သော လယ်ယာလုပ်ငန်းကို လုပ်ဆောင် လေသည်။

ပထမကမ္ဘာစစ်တွင် အမေရိကန်ပြည်ထောင်စုသည် ၁၉၁၇ ခုနှစ်ရောက်မှ မဟာမိတ်တို့နှင့်အတူ စစ်ထဲဝင်သည်။ ထိုအခါ တွင် ထရူးမန်းလည်း စစ်မှုထမ်းဖြစ်လာလေ၏။ ပင်လယ်ရပ် ခြားဒေသတို့သို့ သွားရောက်အမှုထမ်းခဲ့ရာ၊ နောက်ဆုံး စစ်ပြေ ငြိမ်းသောကာလသို့ ရောက်သောအခါ၊ ဗိုလ်ကြီးအဖြစ်ဖြင့် စစ် တပ်မှထွက်၍ မိမိတိုင်းနိုင်ငံသို့ ပြန်လာခဲ့လေသည်။

ထိုအခါတွင် စစ်ပြန်ဟောင်းတစ်ဦးနှင့်အတူတွဲ၍ ကန်းဆပ်မြို့တွင် အထည်ဆိုင်ဖွင့်သည်။ သို့သော် နေရာမကျ၍ ဆိုင်ပြုတ်လေ သည်။ ထိုကဲ့သို့လျှင် ထရူးမန်းသည် အသက် ၃၇ နှစ်ပင် ရောက်ရှိလာသော်လည်း၊ အလုပ်အကိုင် အတည်အကျမရှိခဲ့ချေ။ ထိုကြောင့် သူ၏မိတ်ဆွေများထံ အကူအညီအတွက် တိုင်ပင်ရာ၊ ပင်ဒါဂတ်ခေါ် မိတ်ဆွေတစ်ဦးကြောင့် ဒီမိုကရက်တစ်ပါတီသို့ ဝင်ရောက်၍ နိုင်ငံရေးကို စတင်ဆောင်ရွက်လာခဲ့လေသည်။

နိုင်ငံရေးတွင် ပင်ဒါဂတ်သည် ထရူးမန်းကို အစဉ်တစိုက် အားပေးလာခဲ့ရာ၊ ထရူးမန်းသည် ၁၉၂၂-၂၄ ခုနှစ်အတွက် မြို့နယ် တရားသူကြီးအဖြစ်ဖြင့် ရွေးကောက် တင်မြောက်ခြင်း ခံရလေသည်။

၁၉၂၆-၂၇ ခုနှစ်အတွင်း၌မူကား မြို့နယ်တရား ရုံးတွင် တရားသူကြီးချုပ် ဖြစ်လာလေသည်။ ၁၉၃၄ ခုနှစ်၌မူ မစ်ဆိုရီမဲဆန္ဒနယ်မှ တင်မြှောက်ခြင်းခံရသော ဆီနေးတာခေါ် အထက် လွှတ်တော်အမတ် ဖြစ်လာခဲ့လေသည်။ သို့ရာတွင် ပင်ဒါဂတ်တည်ထောင်သော အဖွဲ့အစည်းသည် ရိုးဖြောင့်ခြင်း မရှိသောကြောင့်၊ ထရူးမန်း အမတ်ဖြစ်လာသည့် အတော အတွင်း၌ပင်လျှင်၊ ပင်ဒါဂတ်သည် ထောင်ကျလေသည်။ ထရူး မန်းမှာမူကား ဖြောင့်မတ်သူဖြစ်သောကြောင့် နောက်တကြိမ် ရွေးကောက်ပွဲကျင်းပသော ၁၉၄ဝ ပြည့်နှစ်တွင် ပင်ဒါဂတ်၏ အကူအညီမရဘဲနှင့် အရွေးခံမြဲ ခံရပြန်သည်။

ထိုအကြိမ်တွင် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေး အစီအစဉ်တို့ကို ပြည်မအစိုးရက ရေးဆွဲရသောအချိန်နှင့် ကြုံခဲ့ လေသည်။ ထိုအစီအစဉ်များအရ ပြည်ထောင်စုအစိုးရသည် ဒေါ်လာငွေပေါင်း ကုဋေ ကုဋာကို သုံးစွဲရန်ခန့်ခွဲရသည်။ ထရူး မန်းသည် ပထမကမ္ဘာစစ်အတွင်းတွင် ကာကွယ်ရေးဘဏ္ဍာငွေ ခန့်ခွဲခြင်း၌ အလဟဿဖြစ်ရသည့်အချက်တို့ကို ကောင်းစွာသတိမူခဲ့သူဖြစ်ရကား၊ ကာကွယ်ရေးအစီအစဉ်အရ ငွေသုံးစွဲရေးတွင် စစ်ဆေးရန် ကော်မတီဖွဲ့သင့်ကြောင်း အကြံ ပေးခဲ့သဖြင့် သူအကြံပေးသည့်အတိုင်း ကော်မတီဖွဲ့ရသည်။ ထို ကော်မတီသည် နောင်သောအခါ၌ ထရူးမန်းကော်မတီဟု တွင် လေသည်။ ထိုကော်မတီ၌ ထရူးမန်းဆောင်ရွက်ချက်ကြောင့် ဘဏ္ဍာငွေမြောက်မြားစွာ အလဟဿ မဖြစ်ခဲ့ချေ။

၁၉၄၄ ခုနှစ်၌ သမ္မတရုစဗဲ့၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရှိလာခဲ့သည်။ ထိုအခါ အရေးကြီးသော သမ္မတ ရာထူးကို ဆက်ခံနိုင်မည့် ဒုတိယသမ္မတရွေးရန်ကိစ္စ ပေါ်လာ လေသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ ဒီမိုကရက်တစ်ပါတီတွင် ဟင်နရီဝေါလေ့ကို အားပေးထောက်ခံသူတစ်စုနှင့် ထရူးမန်းကို အားပေးထောက်ခံသူ တစ်စုဟူ၍၊ လူနှစ်စုသဘောကွဲလွဲလာခဲ့ သည်။ သို့ရာတွင် ရွေးကောက်ပွဲကျင်းပသောအခါ ထရူးမန်း သည်ပင် အရွေးခံခဲ့ရလေသည်။ ထိုကြောင့် ၁၉၄၅ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် သမ္မတရုစဗဲ့ ရုတ်တရက်ကွယ်လွန် သောအခါ ထရူးမန်းသည် ရုတ်တရက်ပင်လျှင် သမ္မတဖြစ်လာ ခဲ့လေ၏။


ထိုအချိန်ကား ဒုတိယကမ္ဘာစစ်ကြီးအတွက် အလွန်အရေး ကြီးနေသော အချိန်တည်း။ ထိုအချိန်၌ ဂျာမနီသည် အရေးရှုံး နိမ့်လျက်ရှိ၍၊ အီတလီလည်း ပြိုကွဲလုနီးရှိနေသည်။ သို့သော် ဂျပန်နှင့် စစ်တိုက်ရမည့်အချိန်သည် အဆင်မသင့်ပါက တစ်နှစ် ကျော် နှစ်နှစ်မျှ ဆက်လက်တိုက်ရဦးမည်ဟု ယူဆနေရလေ သည်။

သို့ရာတွင် ထရူးမန်းသည် သမ္မတအနေဖြင့် တာဝန် တို့ကို ကောင်းစွာထမ်းရွက်နိုင်ခဲ့သည်။ ၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့၌ ဥရောပစစ်မျက်နှာဘက်တွင် စစ်သည် ပြီးဆုံးခြင်းသို့ ရောက်လေသည်။ ထိုနောက် ထရူးမန်းသည် ဗြိတိန်၊ ပြင်သစ်၊ ရုရှ၊ တရုတ်နိုင်ငံတို့၏ ခေါင်းဆောင်ကြီးများနှင့်အတူ ဂျာမနီ နိုင်ငံ ပို့စဒမ်မြို့၌ကျင်းပသော ကွန်ဖရင့်သို့ တက်ရောက်ကာ၊ ပို့စဒမ်ကျေညာချက်ကို ကျေညာ၍၊ ဂျပန်နိုင်ငံအား ခြွင်းချက် မရှိ လက်နက် ချစေရန် အမိန့်ပေးခဲ့လေသည်။ ဂျပန်တို့သည် ခြွင်းချက်မရှိ လက်နက်ချရန်ကိစ္စတွင် သို့လောသို့လော ဖြစ်နေ ဆဲ၊ ဟီရိုရှီမာနှင့် နာဂါဆာကီတို့ကို အမေရိကန်လေတပ်က အဏုမြူဗုံးဖြင့် ဗုံးကျဲဖျက်ဆီးလိုက်သောအခါ၊ ချက်ချင်းပင် လျှင် လက်နက်ချရန် သဘောတူလိုက်လေသည်။

ဤသို့လျှင် ဒုတိယကမ္ဘာစစ်ကြီးလည်း ပြီးခဲ့၏။ သို့သော် အမေရိကန်၏ ရေတပ်၊ လေတပ်၊ ကြည်းတပ်တို့ကို ရုပ်သိမ်း ရေး၊ မဟာမိတ်နိုင်ငံတို့၏ ပြန်လည်ထူထောင်ရေး၊ စစ်ကာလ စီးပွားရေးမှ ငြိမ်းချမ်းသောကာလ စီးပွားရေးသို့ ပြောင်းလဲရေး ဟူသော ခဲယဉ်းကတ်သတ်သည့် ပြဿနာများကို ထရူးမန်း သည် ရင်ဆိုင်ခဲ့ရလေသည်။ စစ်ပြီးချိန်တွင် တွေ့ကြုံရမြဲဖြစ် သော အလုပ်သမားရေး၊ ကုန်သွယ်ရေး၊ ငွေကြေးအခက်အခဲ၊ နေထိုင်မှုစရိတ်ကြီးခြင်းစသည့် အကြောင်းရင်းတို့ကြောင့် ပေါ် ပေါက်လာသော ဆူပူလှုပ်ရှားမှုတို့ကို ထရူးမန်းသည် နိုင်နင်းစွာ ထိန်းသိမ်းဖြေရှင်းနိုင်ခဲ့လေသည်။ သို့ရာတွင် စစ်အတွင်းက မဟာမိတ်ဖြစ်ခဲ့ကြသော အမေရိကန်နှင့် ဆိုဗီယက်ရုရှတို့၏ ဆက်ဆံရေးမှာမူကား ပျက်ပြားလာခဲ့သည်။

ဤအတွင်း ထရူးမန်းသည် နိုင်ငံအချင်းချင်း ကျူးလွန်မှုတို့ကို ဆန့်ကျင်သောဝါဒကို လက်ကိုင်ပြုပြီးလျှင်၊ ဥရောပနိုင်ငံများ ပြန်လည်ထူထောင်ရေးအတွက် မာရှယ်စီမံကိန်းဖြင့် အမေရိကန် က စီးပွားရေး အကူအညီပေးရန်ဟူသောကိစ္စကို တီထွင်ခဲ့လေ သည်။

၁၉၄၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု သမ္မတရွေး ကောက်ပွဲကျင်းပရန် နှစ်စေ့လာလေသည်။ ထိုစဉ်က ထရူးမန်း ၏ပါတီတွင်း၌ သဘောကွဲလွဲချက်များရှိနေသဖြင့်၊ ထရူးမန်း ပြန်၍ အရွေးခံလျှင် နိုင်ဘို့ရာခက်သည်ဟု အများက ထင်မြင် ချက်ပေးကြသည်။ သို့သော် ထရူးမန်းသည် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့်အခြေသို့ ရောက်သောအခါ၊ အကယ်ပင် ဇွဲသတ္တိ ဖြင့် အလုပ်လုပ်တတ်သောကြောင့် နောက်ဆုံးတွင် သမ္မတ အဖြစ်ဖြင့် ဒုတိယအကြိမ်ဆက်လုပ်ရန် အရွေးခံရလေသည်။

ဤအကြိမ်၌ သမ္မတ ထရူးမန်းသည် ပြည်တွင်းရေးရာ တို့တွင် အခက်အခဲတွေ့ခဲ့ရသည်။ ရီပတ်ဗလစ်ကင် အဖွဲ့ဝင် တို့သည် တောင်ပိုင်းဒီမိုကရက်တို့နှင့်ပေါင်းကာ ထရူးမန်း၏ ဒီမိုကရက်တစ်ပါတီကို အတိုက်အခံပြုလာကြသဖြင့် ထရူးမန်း ၏ ဆောင်ရွက်ချက်တို့သည် အောင်မြင်သင့်သလောက် မအောင်မြင်ချေ။ သို့သော် ၁၉၅ဝ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့ က စတင်ဖြစ်ပွားခဲ့သော ကိုးရီးယားစစ်ပွဲ၌ ထရူးမန်း၏ ဆောင်ရွက်ချက်တို့သည် ထင်ရှားကျော်ကြားလာခဲ့သည်။

၁၉၅ဝ ပြည့်နှစ် နိုဝင်ဘာလတွင် ထရူးမန်းသည် လူသတ်သမား တစ်ဦး၏ လုပ်ကြံခြင်းကိုပင် ခံလိုက်ရသေးသည်။ သို့သော် ကုသိုလ်ကံကောင်းသောကြောင့်၊ အသက်မသေ ဒဏ်ရာ အနာ တရမရှိ ချမ်းသာခဲ့၏။ ၁၉၅၁ ခုနှစ်တွင် ထရူးမန်းသည် ကိုရီးယားစစ်အတွက် ကုလသမဂ္ဂစစ် ဦးစီးဖြစ်သူ ဂျင်နရယ် မက်အာသာနှင့် သဘောကွဲလွဲ၍၊ မက်အာသာကို ရာထူးမှ ထုတ်ပယ်လိုက်လေသည်။ ကိုရီးယားစစ်ပွဲ အပြီးမသတ်သေးမီ ၁၉၅၃ ခုနှစ် ရွေးကောက်ပွဲအချိန်သို့ ရောက်လာသောအခါ၊ ထရူးမန်းသည် သမ္မတအဖြစ် ဆက်လက် အရွေးမခံတော့ဘဲ သူ၏မူလနေထိုင်ရာဖြစ်သော မိဇူးရီပြည်နယ် အင်ဒီပင်း ဒင့်မြို့ သို့သွားရောက်၍ နိုင်ငံရေးမှ အနားယူကာ နေထိုင်လေသည်။

ထရူးမန်းသည် ၁၉၁၉ ခုနှစ်တွင် သူနှင့် ကလေးဘဝကပင် ကစားဖော် ကစားဘက်ဖြစ်သူ ဗက်ဝေါလေ့နှင့် လက်ထပ်ရာ၊ မာဂရက်ဟူသော သမီးတစ်ယောက် ထွန်းကားလေသည်။ ထရူး မန်းသည် ယခုအခါ သူ၏အမည်ဖြင့် စာကြည့်တိုက်တစ်ခုကို တည်ထောင်လျက်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)