မာတိကာသို့ ခုန်သွားရန်

မိန်းမလှကျွန်း

ဝီကီပီးဒီးယား မှ
မိန်းမလှကျွန်း
မိန်းမလှကျွန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မိန်းမလှကျွန်း
မိန်းမလှကျွန်း
မြန်မာနိုင်ငံတွင်း မိန်းမလှကျွန်း တည်ရှိရာနေရာ
ပထဝီဝင်
တည်နေရာကပ္ပလီပင်လယ် / မြစ်ဝကျွန်းပေါ်ဒေသ
ကိုဩဒိနိတ်15°52′N 95°17′E / 15.867°N 95.283°E / 15.867; 95.283ကိုဩဒိနိတ်: 15°52′N 95°17′E / 15.867°N 95.283°E / 15.867; 95.283
ဧရိယာ၅၂.၇၉ sq mi (၁၃၆.၇ km2)
အမြင့်ဆုံး ပင်လယ်ရေ မျက်နှာပြင်အမြင့်၂၅ m (၈၂ ft)
အုပ်ချုပ်မှု
Demographics
လူဦးရေ၀ (ဘေးမဲ့တောအဖြစ် သတ်မှတ်ထားသဖြင့် လူနေထိုင်ခြင်းမရှိ)

မိန်းမလှကျွန်းသည် မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီးဘိုကလေးမြို့နယ်တွင် တည်ရှိသော ကျွန်းတစ်ကျွန်း ဖြစ်ပြီး ကျွန်းတစ်ခုလုံးကို မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သတ်မှတ်ထိန်းသိမ်းထားသည်။ မိန်းမလှကျွန်း သစ်တောကြိုးဝိုင်းသည် သဘာဝဒီရေတော အမျိုးအစားဖြစ်ပြီး ၅၂.၇၉ စတုရန်းမိုင် (၁၃၆.၇ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည်။[]

၁၉၈၆ ခုနှစ်တွင် ကြိုးဝိုင်းသစ်တောအဖြစ် စတင်သတ်မှတ်ခဲ့ပြီး ဒီရေရောက်ဒေသများတွင် ပေါက်ရောက်ရှင်သန်နိုင်သည့် ဗျူး၊ ဗျူးခြေထောက်၊ လမု၊ လမဲ့၊ ကနစို၊ မဒမ စသည့် ဒီရေတောသစ်ပင်များ အများဆုံး ပေါက်ရောက်သည်။ မြန်မာနိုင်ငံ၌ ဧကအနည်းငယ်သာ ကျန်ရှိတော့သော ဒီရေတောများအနက် အကြီးဆုံးနှင့် အဓိကအကျဆုံးသော ဂေဟစနစ်တစ်ခု ဖြစ်သည်။

ဒီရေတောများသည် ပတ်ဝန်းကျင်အတွက် အလွန်အရေးပါလှပြီး တရားမဝင် ထင်းနှင့် မီးသွေးထုတ်လုပ်မှုများကြောင့် မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းခန့် ပြုန်းတီးလျက်ရှိသည်။ ဒီရေတောများ၏ အကာအကွယ်ပေးနိုင်စွမ်းကို ၂၀၀၈ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကာလတွင် ထင်ရှားစွာ တွေ့မြင်ခဲ့ရပြီး၊ ဒီရေတောရှိသည့် ဒေသများသည် မရှိသောဒေသများနှင့် နှိုင်းယှဉ်ပါက မုန်တိုင်းဒီရေဒဏ်ကို သက်သာစေသဖြင့် လူအသေအပျောက် အလွန်နည်းပါးခဲ့သည်။ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို) မှ သစ်တောရေးရာ ပညာရှင်များ၏ သုံးသပ်ချက်အရ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်း ဒီရေတောများ လျော့နည်းပြုန်းတီးခဲ့ခြင်းကြောင့် နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီး လူပေါင်းများစွာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ပထဝီဝင်ဆိုင်ရာ အခြေခံအချက်အလက်များ

[ပြင်ဆင်ရန်]

တည်နေရာ

[ပြင်ဆင်ရန်]

မိန်းမလှကျွန်းသည် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၂ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၇ မိနစ်တို့ ဆုံရာ၊ ဘိုကလေးမြစ်ဝနှင့် ကဒုံကနိမြစ်ဝတို့အကြား၊ ရန်ကုန်မြို့မှ အနောက်တောင်ဘက် ခန့်မှန်းခြေ ၁၃၀ ကီလိုမီတာ (၈၁ မိုင်) အကွာတွင် တည်ရှိသည်။ ဘိုကလေးမြို့မှ တောင်ဘက်သို့ ၁၉ ကီလိုမီတာ (၁၂ မိုင်) ခန့် ကွာဝေးသည်။

အမြင့်

[ပြင်ဆင်ရန်]

ကျွန်း၏ ဧရိယာအများစုသည် ပင်လယ်ရေမျက်နှာပြင်နှင့် တစ်ပြေးတည်းနီးပါး ရှိပြီး အမြင့်ဆုံးနေရာသည် ပင်လယ်ရေမျက်နှာပြင်ထက် ၂၅ မီတာ (၈၂ ပေ) ခန့်သာ မြင့်မားသည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကာလအတွင်း ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများ၌ မိန်းမလှကျွန်းတစ်ခုလုံး ပင်လယ်ရေအောက်သို့ ခေတ္တမြုပ်ကွယ်သွားသည်ကို တွေ့ရှိခဲ့ရသည်။

ရာသီဥတု

[ပြင်ဆင်ရန်]

အပူပိုင်းမုတ်သုံရာသီဥတုမျိုးရှိပြီး နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၂,၇၇၇ မီလီမီတာ ရှိသည်။ မိုးရာသီသည် နှစ်စဉ် မေလမှ အောက်တိုဘာလအထိ တာရှည်လေ့ရှိသည်။

သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်များ

[ပြင်ဆင်ရန်]

မိန်းမလှကျွန်းပေါ်တွင် ဒီရေတောသစ်ပင် အမျိုးအစားပေါင်း ၂၉ မျိုးခန့် ပေါက်ရောက်လျက်ရှိပြီး လက်ရှိတွင် သဘာဝသစ်တော ထိန်းသိမ်းခြင်းအပြင် ဒီရေတောပြန်လည်ထူထောင်ရေး စိုက်ပျိုးခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိသည်။ ဘေးမဲ့တောအတွင်း၌ ဒရယ်ဖျံလိပ်တောဝက်တောခွေးနှင့် ရေငံမိကျောင်းများ အပါအဝင် တိရစ္ဆာန်အမျိုးပေါင်းများစွာကို ဘေးမဲ့စောင့်ရှောက်ထားသည်။ ထို့ပြင် ရှားပါးငှက်မျိုးစိတ်များ အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၃၄ မျိုးခန့် ကျက်စားသဖြင့် ငှက်ကြည့်ဝါသနာရှင်များ စိတ်ဝင်စားရာနေရာ ဖြစ်သည်။ ကမ်းခြေနှင့် ရေပြင်အနီးတစ်ဝိုက်တွင် ရေဝက်နှင့် ဧရာဝတီ လင်းပိုင်များကိုလည်း တစ်ခါတရံ တွေ့ရှိရတတ်သည်။

မြန်မာ့ပုလဲနှင့် ငါးလုပ်ငန်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝမိကျောင်း မွေးမြူထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ သာကေတ မိကျောင်းမွေးမြူရေးစခန်းမှ မိကျောင်းသားပေါက်များကို မိန်းမလှကျွန်းရှိ သဘာဝတောအတွင်းသို့ လွှတ်၍ ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်သည်။ မိန်းမလှကျွန်းကို အခြေပြု၍ နေထိုင်သော ရေငံမိကျောင်းကောင်ရေ ၂,၆၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားပြီး၊ ယင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ မိကျောင်းစုစုပေါင်း၏ သုံးပုံနှစ်ပုံ ဖြစ်သည်။ မိကျောင်းများ စောင့်ကြည့်ထိန်းသိမ်းရေး အခြေခံစခန်းကို ထော်ပိုင်ချောင်းတွင် ထားရှိပြီး ကျွန်းပတ်လည်တွင် ကင်းစခန်း ၉ ခုဖြင့် စောင့်ကြပ်လျက်ရှိသည်။ ကျွန်းပေါ်နှင့် ကျွန်းပတ်လည် သတ်မှတ်နေရာများတွင် ငါး၊ ပုဇွန် ဖမ်းဆီးခွင့်နှင့် မွေးမြူခွင့် အားလုံးကို ဥပဒေအရ တားမြစ်ထားသည်။

သမိုင်းနှင့် ဒဏ္ဍာရီပုံပြင်များ

[ပြင်ဆင်ရန်]

ပထဝီဝင်အနေအထားအရ ကျွန်းပေါ်ထွန်းလာသည့် သက်တမ်းသည် မကြာမြင့်လှသေးဟု ယူဆရပြီး၊ အစောဆုံးမှတ်တမ်းအနေဖြင့် ၁၈ ရာစုခန့်တွင် စတင်တွေ့ရှိရသည်။ ရှေးမြန်မာရာဇဝင်များနှင့် မွန်ရာဇဝင်များတွင် မိန်းမလှကျွန်းအကြောင်း သီးခြားဖော်ပြထားခြင်း မရှိပေ။ ခရစ်နှစ် ၁၇၅၉ ခုနှစ်ခန့်တွင် အလောင်းမင်းတရားကြီး အောက်မြန်မာနိုင်ငံကို သိမ်းသွင်းစဉ် ဩဇာမခံလိုသော ကျုံ့တုံးမွန်မြို့စားကြီး ဗညားဇေယျနှင့် အခြွေအရံများသည် ပင်လယ်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်ရင်း မိန်းမလှကျွန်းတွင် ကာလတစ်ခုအထိ စခန်းချနေထိုင်ခဲ့ကြသည်ဟု ဆိုကြသည်။ မြို့စားကြီး စီးနင်းလာခဲ့သော လှေကြီး၏ ဦးပိုင်းဟု ယူဆရသည့် အပိုင်းအစသည် ထော်ပိုင်ချောင်းအနီးတွင် ယနေ့တိုင် ရှိနေသေးကြောင်း ဒေသခံများက ဆိုကြသည်။

ထိုဒေသသည် နတ်ကိုးကွယ်ယုံကြည်မှုတွင် ထင်ရှားသော ရေငံပိုင် ဦးရှင်ကြီး၏ ဇာတိလည်း ဖြစ်သည်။ ဦးရှင်ကြီး ကိန်းဝပ်ရာဟု ဒေသခံများ ယုံကြည်ကြသည့် "ကျွန်းညိုကြီးကျွန်း" သည် မိန်းမလှကျွန်း၏ မြောက်ဘက်တွင် တည်ရှိသည်။ ဦးရှင်ကြီး၏ မွေးဖွားရာဇာတိနှင့် ပတ်သက်၍ အချို့က ကျွန်းညိုကြီးဟု ယူဆကြပြီး၊ အချို့ကမူ ဗြုန်းမွှေးကျွန်းနှင့် မျက်နှာချင်းဆိုင် မိန်းမလှကျွန်းပေါ်တွင် ဖြစ်သည်ဟု ယူဆကြသည်။ ဒေသခံများသည် ကျွန်းကို အလွန်နတ်ကြီးသော နေရာအဖြစ် အစွဲအလန်းကြီးစွာ ယုံကြည်ကြပြီး ကျွန်းအနီးတွင် အပြောအဆို ဆင်ခြင်ကြရသည်။ အထူးသဖြင့် ကျွန်းတစ်ဝိုက်ရှိ မိကျောင်းများသည် ရေငံပိုင်ဦးရှင်ကြီး၏ အစောင့်အရှောက်များ ဖြစ်သဖြင့် ရန်မရှာရဟု တားမြစ်လေ့ရှိပြီး အမှားအယွင်းရှိပါက မိကျောင်းဖြင့် အတိုက်ခံရတတ်သည်ဟု ယုံကြည်ကြသည်။

"မိန်းမလှကျွန်း" ဟု ခေါ်ဆိုရခြင်းမှာ အဝေးမှ လှမ်းမျှော်ကြည့်ပါက ကမ်းစပ်ရှိ ဒီရေတောပင်များသည် မိန်းမလှကြီးများ တန်းစီ၍ မတ်တတ်ရပ်နေသယောင် ထင်မှတ်ရလောက်အောင် လှပဝေဆာစွာ တည်ရှိနေခြင်းကြောင့် ဖြစ်သည်ဟု အဆိုရှိသည်။

ပြုန်းတီးမှုနှင့် ပြန်လည်ထူထောင်ရေး

[ပြင်ဆင်ရန်]

လယ်ယာမြေ တိုးချဲ့လာမှု၊ ငါးပုဇွန်မွေးမြူရေးလုပ်ငန်းများနှင့် ထင်း၊ မီးသွေးအတွက် ဒီရေတောများကို အလွန်အမင်း ခုတ်လှဲထုတ်ယူမှုများကြောင့် မိန်းမလှကျွန်း အပါအဝင် မြစ်ဝကျွန်းပေါ်ရှိ ဒီရေတောများသည် တဖြည်းဖြည်း ပြုန်းတီးခဲ့ရသည်။ အထူးသဖြင့် အတိတ်ကာလက နာမည်ကျော်ခဲ့သော "ဘိုကလေးမီးသွေး" ထုတ်လုပ်မှုသည် ဒီရေတောများကို အဓိကပြုန်းတီးစေခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ လက်ရှိတွင် ဥပဒေအရ တားမြစ်ထားခြင်းကြောင့်သော်လည်းကောင်း၊ ထိန်းသိမ်းထားသည့် မိန်းမလှကျွန်းမှလွဲ၍ အခြားနေရာများတွင် ခုတ်လှဲစရာ ဒီရေတောပင် မရှိတော့ခြင်းကြောင့်သော်လည်းကောင်း မီးသွေးထုတ်လုပ်မှုလုပ်ငန်းများ မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ကျွန်းပေါ်ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ဂေဟစနစ် အများအပြား ထိခိုက်ပျက်စီးခဲ့ရသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ သုတေသနပြုချက်များအရ နာဂစ်မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးကာလအတွင်း မိန်းမလှကျွန်း၌ ငှက်မျိုးစိတ် ၉ မျိုးကို ထပ်မံတွေ့ရှိခဲ့ရသည်။ လက်ရှိတွင် ကျေးရွာအလိုက် တပိုင်တနိုင် ထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ ဒီရေတောပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်း (ဥပဒေအရ ကာကွယ်ထားသော ဗြုန်းမွှေးကျွန်းကဲ့သို့သော နေရာများတွင် စိုက်ပျိုးခြင်း) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

လက်ရှိအခြေအနေ

[ပြင်ဆင်ရန်]

တရားဝင်ထုတ်ပြန်ချက်များအရ ၁၉၂၄ ခုနှစ်က ဧရာဝတီတိုင်းအတွင်း ဒီရေတော ဧကပေါင်း ဟတ်တာ ၂၅၀,၀၀၀ ကျော် ရှိခဲ့သော်လည်း ၂၀၀၂ ခုနှစ်တွင် ဟတ်တာ ၁၁၀,၀၀၀ ကျော်သာ ကျန်ရှိတော့သဖြင့် ၇၇ နှစ်အတွင်း ဒီရေတော ပြုန်းတီးမှုမှာ ၅၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ဧရာဝတီလင်းပိုင် အပါအဝင် ကမ္ဘာ့မျိုးတုန်းလုနီးပါး အန္တရာယ်ရှိသည့် မျိုးစိတ်အများအပြားသည် ဤကျွန်းကို အမှီပြုရှင်သန်နေကြရသည်။ ထို့ပြင် ဒီရေတောဆင်ဟု ခေါ်ဆိုကြသည့် ဆင်အနည်းငယ်သည်လည်း မိန်းမလှကျွန်းနှင့် ပြင်ဒရယ်ကြိုးဝိုင်းအနီးတွင် ကျက်စားလျက်ရှိကြောင်း သိရသည်။

ကျွန်းပေါ်တွင် သစ်တောဌာနဆိုင်ရာ ကင်းစခန်းများမှလွဲ၍ မည်သူမျှ အခြေချနေထိုင်ခွင့် မရှိသော်လည်း လက်ရှိအချိန်အထိ ကျွန်းအတွင်းရှိ ချောင်းများ၌ ငါးခိုးဖမ်းခြင်းနှင့် ထင်းခိုးခုတ်ခြင်း အချို့ ရှိနေဆဲဖြစ်သည်။ ဥပဒေအရ ဖမ်းဆီးအရေးယူမှုများ တင်းကျပ်ထားသော်လည်း ဒေသခံလူထု၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိနားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိမှသာလျှင် မိန်းမလှကျွန်း ဂေဟစနစ် ထိန်းသိမ်းရေးသည် ရာနှုန်းပြည့် အောင်မြင်မည် ဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန။ 26 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-03-26 တွင် ပြန်စစ်ပြီး။
  2. ဒီရေတောများကို ချစ်ကြပါ၊ ကြည်ဝေ၊ ဇွန် ၂၇၊ ၂၀၀၈