မိန်းမလှကျွန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မိန်းမလှကျွန်းသည် ဧရာဝတီတိုင်းဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဖြစ်သည်။ မိန်းမလှကျွန်း သစ်တောကြိုးဝိုင်းသည် ဒီရေတောအမျိုးအစားဖြစ်ပြီး ၅၂.၇၉ ဧရိယာ စတုရန်းမိုင် ကျယ်ဝန်းသည်။ ၁၉၈၆ ခုနှစ်မှာ ကြိုးဝိုင်း သစ်တော အဖြစ် စတင်သတ်မှတ်ခဲ့ပြီး ဒီရေရောက်ဒေသများမှာ ပေါက်ရောက်ရှင် သန်နိုင်သည့် ဗျူး၊ ဗျူးခြေထောက်၊ လမု၊ လမဲ့၊ ကနစို၊ မဒမ စသည့် အပင်များ အများဆုံး ပေါက်ရောက်သည်။ မြန်မာနိုင်ငံ၌ ဧက အနည်းငယ်သာ ကျန်ရှိသော ဒီရေတောများထဲတွင် အကြီးဆုံး ဖြစ်သည်။ ဒီရေတောများသည် ဆက်တိုက် ပြုန်းတီးနေပြီး မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် ၅ % ပြုန်းတီးလျက်ရှိကြောင်း သိရသည်။ ဒီရေတောများ ပြုန်းတီးသည့် တန်ဖိုးကို ပြီးခဲ့သည့် နာဂစ်မုန်တိုင်းမှာ တွေ့ခဲ့ရသည်။ ဒီရေတောများသည် အများကြီး အကာအကွယ် ပေးခဲ့သည့်အတွက် ဒီရေတောရှိသည့် ဒေသများသည် မရှိသော ဒေသများထက် အသေအပျောက် အလွန်နည်းခဲ့သည်။ ဧရာဝတီတိုင်းအတွင်း ဒီရေတော ပမာဏ လျော့နည်းလာခဲ့၍ နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားရပြီး လူအမြောက်အများ သေဆုံးရခြင်း ဖြစ်သည်ဟု အက်ဖ်အေအိုမှ သစ်တောရေးရာ ပညာရှင်တစ်ဦးက ဆိုသည်။

ပထဝီဆိုင်ရာ အခြေခံ အချက်အလက်များ[ပြင်ဆင်ရန်]

တည်နေရာ[ပြင်ဆင်ရန်]

မိန်းမလှကျွန်းသည် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၂ မိနစ်နှင့်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၁၇ မိနစ် တို့ဆုံရာ၊ ဘိုကလေးမြစ်ဝနှင့် ကဒုံကနိမြစ်ဝ တို့အကြား၊ ရန်ကုန်မြို့မှ အနောက်တောင်ဘက် ခန့်မှန်း ကီလိုမီတာ ၁၃၀ အကွာ၌ တည်ရှိသည်။ ဘိုကလေးမြို့မှ ဆိုလျှင်တောင်ဘက် ၁၉ ကီလိုမီတာ (၁၂ မိုင်) အကွာ ဖြစ်သည်။

အမြင့်[ပြင်ဆင်ရန်]

ကျွန်း၏ ဧရိယာ အများစုသည် ပင်လယ် ရေမျက်နှာပြင်နှင့် တပြေးတည်း ဖြစ်ပြီး အမြင့်ဆုံးနေရာသည် ပင်လယ် ရေမျက်နှာပြင်ထက် (၂၅) မီတာ ခန့်သာ မြင့်ပါသည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ်၊ မေလ နာဂစ် မုန်တိုင်းကာလမှာ ရိုက်ကူးခဲ့သည့် ဂြိုဟ်ထု ဓာတ်ပုံတွင် မိန်းမလှကျွန်းတစ်ခုလုံး ပင်လယ်အောက်ရောက်နေသည်ကို တွေ့မြင်ခြင်း ဖြစ်သည်။

ရာသီဥတု[ပြင်ဆင်ရန်]

မုတ်သုံရာသီဥတု ဖြစ်ပြီး နှစ်စဉ် ပျမ်းမျှ မိုးရေချိန် (၂၇၇၇) မီလီလီတာ ရှိသည်။ မိုးရာသီသည် နှစ်စဉ် မေလ ကနေ အောက်တိုဘာလ အထိ တာရှည်လေ့ရှိသည်။

မိန်းမလှကျွန်း ဘေးမဲ့ သစ်တောကြိုးဝိုင်း[ပြင်ဆင်ရန်]

ဒီရေတောသစ်ပင် အမျိုးအစားပေါင်း ၂၉ မျိုးခန့်ပေါက်ရောက် လျက်ရှိပြီး၊ ရှိပြီးသား သစ်တောကို ထိန်းသိမ်းတာ အပြင် ဒီရေတော အပင်များကို စိုက်ပျိုးပြီး သစ်တောပြန်လည် ထူထောင်ခြင်း လည်း ဆောင်ရွက်လျက်ရှိသည်။ ဘေးမဲ့တောတွင် ဒရယ်ဖျံလိပ်တောဝက်တောခွေးမိကျောင်းများ အပါအဝင် တိရစ္ဆာန် အမျိုးပေါင်းများစွာ ဘေးမဲ့စောင့်ရှောက်ထားသည်။ ထူးခြားချက်မှာ ရှားပါးသည့် ငှက်မျိုးစိတ်များ အပါအဝင်၊ ငှက်မျိုးစိတ်ပေါင်း ၃၄ မျိုးခန့်ရှိသည့်အတွက် ငှက်ကြည့်ဝါသနာရှင်များ အလွန်ပင် စိတ်ဝင်စားသော နေရာတစ်ခုလည်း ဖြစ်ပေသည်။ ရေဝက်နှင့် ဧရာဝတီ လင်းပိုင်များလည်း တခါတရံမှာ လာရောက် ကျက်စားသည်ကို တွေ့ရှိရသည်။

မြန်မာ့ ပုလဲနှင့်ငါးလုပ်ငန်းနှင့် သစ်တောရေးရာ ဦးစီးဌာနတို့ ပူးပေါင်းပြီး သဘာဝ မိကျောင်း မွေးမြူထိန်းသိမ်းရေးကို ဆောင်ရွက်လျက်ရှိသည်။ သကေတ မိကျောင်းမွေးမြူရေး စခန်းမှ မိကျောင်းသားပေါက်များကို မိန်းမလှကျွန်းမှာ သဘာဝအတိုင်း မွေးမြူပြီး ထိန်းသိမ်းစောင့်ရှောက်ထားသည်။ မိန်းမလှကျွန်းကို အခြေပြုပြီး မိကျောင်းကောင်ရေ ၂၆၀၀ ခန့် နေထိုင်မည်ဟု ခန့်မှန်းထားပြီး၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် နေထိုင်ကျက်စားသော မိကျောင်းအားလုံး၏ သုံးပုံ နှစ်ပုံ ဖြစ်ပါသည်။ မိကျောင်းများကို စောင့်ကြည့်ထိန်းသိမ်းဖို့ အခြေခံစခန်းကို ထော်ပိုင်ချောင်းမှာ ထားရှိပြီး၊ ကျွန်းပတ်လည်မှာ ကင်းစခန်း ၉ ခုနှင့် စောင့်ကြပ်လျက်ရှိပေသည်။ ကျွန်းပေါ်ရှိ တောရိုင်းတိရစ္ဆာန်နှင့် မိကျောင်းများသာမက ကျွန်းပေါ်နှင့် ကျွန်းအနီး သတ်မှတ် နေရာများတွင် ငါး၊ ပုဇွန် ဖမ်းဆီးခွင့်၊ မွေးမြူခွင့် အားလုံးကို ဥပဒေအရ တားမြစ်ထားသည်။

ဒဏ္ဍာရီ ပုံပြင်များ[ပြင်ဆင်ရန်]

သမိုင်းကြောင်း အနေနှင့် ကျွန်းပေါ်လာသည့် သက်တမ်းသည် မကြာမြင့်လှသေးကြောင်း ယူဆစရာရှိပြီး၊ အစောဆုံး အနေနှင့် ၁၈ ရာစု ခန့်တွင် ဖြစ်ပျက်ခဲ့သည်ဟု မှတ်တမ်း ရှိသည်။ ရှေးမြန်မာ ရာဇဝင်များနှင့် မွန်ရာဇဝင်များမှာလည်း ကျွန်းအကြောင်း ဖေါ်ပြထားခြင်း မတွေ့ရှိရပါ။ ခရစ်နှစ် ၁၇၅၉ ခန့်တွင် အလောင်းမင်းတရားကြီး အောက်မြန်မာ နိုင်ငံကို သိမ်းသွင်းစဉ် ဩဇာ မခံယူလိုသော ကျုံ့တုံးမြို့စား မွန်မြို့စားကြီး ဗညားဇေယျ (ဘိုကလေးမြို့ သမိုင်းတွင် မွန်မင်းဗညားဇေယျဟု ဖော်ပြပါရှိသည်) နှင့် သူ့နောက်လိုက် နောက်ပါများ ပင်လယ်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်စဉ် မိန်းမလှကျွန်း၌ ကာလတစ်ခုအထိ စခန်းချ နေထိုင်ခဲ့ကြသည်ဟု သိရသည်။ (သုသေတန ပြုလုပ်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးသော သမိုင်းဆိုင်ရာ အချက်အလက်တစ်ခု သာဖြစ်ပါသည်) မြို့စားကြီး စီးနင်းလာသော လှေကြီး၏ ဦးပိုင်းက ထော်ပိုင်ချောင်းအနီးမှာ ယနေ့ တိုင်ရှိသေးသည်ဟု ဆိုသည်။

ထိုဒေသသည် နတ်ကိုးကွယ် ယုံကြည်မှုမှာ ထင်ရှားသည့် နတ်တစ်ပါး ဖြစ်သော ရေငံပိုင် ဦးရှင်ကြီး၏ ဇာတိလည်းဖြစ်သည်။ ဦးရှင်ကြီး ယနေ့တိုင် နေထိုင်လျက်ရှိသည်ဟု ဒေသခံများက ယုံကြည်ကြသည့် ကျွန်းညိုကြီးကျွန်းသည် မိန်းမလှကျွန်း၏ မြောက်ဘက်တွင် တည်ရှိသည်။ ရေငံပိုင်ဦးရှင်ကြီး၏ မွေးဖွားရာနေရာနှင့် ပက်သက်၍ အနည်းငယ် သဘောထား ကွဲလွဲနေတာတွေ့ရသည်။ တချို့က ဦးရှင်ကြီးကို ကျွန်းညိုကြီးမှာပဲ မွေးခဲ့တယ်လို့ ယုံကြည်ကြပြီး၊ တချို့ကလည်း ဦးရှင်ကြီး၏ မွေးဖွားရာ ဇာတိသည် ဗြုန်းမွှေးကျွန်းနှင့် မျက်နှာချင်းဆိုင်၊ မိန်းမလှ ကျွန်းပေါ်မှာ ဖြစ်သည်ဟု ယူဆကြသည်။ မည်သို့ပင်ဆိုစေ ဒေသခံများဟာ အစွဲအလန်း အလွန်ကြီးမားပြီး ကျွန်းဟာ အင်မတန် နတ်ကြီးတဲ့ နေရာလို့ ယုံကြည်ကြသည်။ (အလွန်အမင်း ထုတ်ယူအသုံးပြုခြင်းဒဏ် ခံရမှု အနည်းဆုံး ဒီရေတောတွေထဲမှာ မိန်းမလှကျွန်းပါဝင်နေတာဟာ ဒီအချက် ကလည်း အထောက် အကူ ပြုတာ ဖြစ်နိုင်သည်။) ကျွန်းအနီးတွင် အပြောအဆိုမှအစ အမှား မရှိစေရန်၊ အထူးသဖြင့် မိကျောင်းများကို ရန်မရှာရန်ဟု ဆိုကြသည်။ ဒီဒေသရှိ မိကျောင်းများအားလုံးသည် ရေငံပိုင်ဦးရှင်ကြီး၏ အစောင့်အရှောက်များ ဖြစ်သည်ဟု ဆိုကြသည်။ တစ်စုံတစ်ရာ အမှားအယွင်း ရှိခဲ့ပါက ဦးရှင်ကြီးမှ မိကျောင်းဖြင့် တိုက်လိမ့်မည်ဟုလည်း ယုံကြည်ကြသည်။

များမကြာမီနှစ်များ အတွင်းက ဖြစ်ပွားခဲ့တယ့် ဖြစ်ရပ်တစ်ခုတွင် နိုင်ငံခြားသား ပညာရှင် တစ်ယောက်သည် မိကျောင်းများကို ဓာတ်ပုံရိုက်ရန် သစ်တောဌာနမှ တာဝန်ရှိသူများ လိုက်ပါပြီး မိန်းမလှကျွန်းသို့ လာရောက်ရာတွင် မိကျောင်းတစ်ကောင်တစ်လေ မတွေ့ရသောကြောင့် ဒေသခံများ၏ အကြံပေးချက်အရ မော်တော်ဦးတွင် ကန်တော့ပွဲပေးပြီး ဦးရှင်ကြီးကို ကန်တော့သည့်အခါတွင်မှ မိကျောင်းများ ပေါ်လာသည်ဟု ဆိုသည်။

မိန်းမလှကျွန်းဟု ခေါ်ဆိုရခြင်းသည် ကျွန်းအား လှမ်းမျှော်ကြည့်လျှင် ဒီရေတောများသည် ကမ်းစပ်တွင် မိန်းမလှလှကြီးများ တန်းစီ၍ရပ်သယောင် ထင်ရလောက်အောင် လှပဝေဆာသောကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ လယ်ယာမြေ တိုးချဲ့လာမှု၊ ငါးပုဇွန်မွေးမြူရေး လုပ်ငန်းတွေ တိုးချဲ့လာမှု၊ လောင်စာအတွက် ဒီရေတော တွေကို အလွန်အမင်း ထုတ်ယူမှု၊ ဒေသခံတွေမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာ နည်းပါးမှုတွေ ကြောင့် မိန်းမလှကျွန်း အပါ အဝင် ဒီရေတော တွေဟာ တစစ ပြုန်းတီးလာခဲ့ ရတယ်။ ဒီရေတောတွေဟာ လယ်မြေတွေ ဖြစ်ကုန်၊ ထင်းနဲ့ မီးသွေး အတွက် ဒီရေတောတွေ ကို မတရား ခုတ်ခဲ့ကြတာကြောင့် အခု ဒေသခံ လုထု အတွက်တောင် သုံးစရာ လောင်စာ အခက်အခဲ ဖြစ်နေပါပြီ။

ဒီရေတွေကို အခုမှ ပြန်လည် ပျိုးထောင်ဆဲ ဖြစ်ပြီး၊ ဒီရေတောတွေ နဲ့ အတူ ကျေးရွာ အလိုက် တနိုင်တပိုင် ထင်းစိုက်ခင်းတွေ ကိုလည်း စိုက်ပျိုးစေပြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာ ပေးတာတွေလည်း ပြုလုပ်နေပါတယ်။ လွန်ခဲ့တယ် ဆယ်စုနှစ် တခုကျော်လောက် အထိ အလွန် နာမည်ကြီးခဲ့တယ့် "ဘိုကလေး မီးသွေး" ကလည်း ဒီရေတောတွေကို အဓိက ပြုန်းတီးစေခဲ့တဲ့ အကြောင်းရင်း တစ်ခုပါ။ ဒီရေတောပင်တွေဟာ မီးသွေးဖုတ်လို့ အင်မတန်မှကောင်းပါတယ်။ ဘိုကလေး မြို့နယ် အတွင်းမှာ ဒီရေတော တွေ အများကြီးပေါက်ရောက် ခဲ့တာ ကြောင့် အများအပြား ထုတ်လုပ်နိုင်ခဲ့ ပြီး ဘိုကလေးမီးသွေး ဟာလည်း နာမည်ကျော်ခဲ့ ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု အတွင်းမှာတော့ ဘိုကလေး မီးသွေးဆို မမြင်ရလောက်အောင် ရှားသွားပါပြီ။

ဒါဟာ ဥပဒေကြောင်း အရ တားမြစ်ထားတာ ကြောင့်လည်း ဖြစ်သလို၊ ဘိုကလေးမြို့နယ် အတွင်းမှာ မိန်းမလှကျွန်းလို ထိန်းသိမ်းထားတဲ့ သစ်တောကလွဲလို့ တခြားခုတ်စရာ ဒီရေတောပင် တစ်ပင်တစ်လေတောင် မရှိတော့တာကြောင့်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လေ့လာရေး ခရီးစဉ်အတွင်း ရောက်ရာ ဒေသတွေမှာ ဒေသခံတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေး ဆွေးနွေးမှုတွေ လုပ်ကြတယ်၊ ဒီရေတော အပင်ပေါက်လေးတွေကို ဒေသခံတွေကို ကျေးရွာအလိုက်ဝေပေးကြတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ကဒုံကနိ ကျေးရွာ အနီးနဲ့ မိန်းမလှကျွန်း မျက်နှာချင်းဆိုင်က ဗြုန်းမွှေးကျွန်းပေါ်မှာ ဒီရေတော အပင်လေးတွေ စိုက်ပျိုးခဲ့ကြတယ်။

ပြန်လည် ထူထောင်ရေး လုပ်ငန်းများ[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ်မေလ မှာ တိုက်ခိုက်ခဲ့တယ့် နာဂစ်မုန်တိုင်းမှာ မိန်းမလှကျွန်းက ဒီရေတောတွေဟာ ပတ်ဝန်းကျင်ကို အထိုက်အလျောက် အကာအကွယ် ပေးနိုင်ခဲ့တယ်၊ သို့သော် ကျွန်းမှာ ဆောင်ရွက်နေတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ များစွာ ထိခိုက် ပျက်ဆီးခဲ့တယ်။ သဘာဝ ပတ်ဝန်းကျင် အပြောင်းအလဲ တွေ ဖြစ်ပေါ်လာပြီး နေထိုင်တဲ့ သက်ရှိမျိုးစိတ်တွေ အပေါ်မှာ များစွာ သက်ရောက်မှုတွေ ရှိပါတယ်။ မိန်းမလှကျွန်းပြန်လည် ထူထောင်ရေးဟာ အထူးတလည် လိုအပ်တဲ့ ကိစ္စရပ် တစ်ခုဖြစ်တယ်။ ပြန်လည် ထူထောင်ရေး လုပ်ငန်းအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းလုပ် ဆောင်နေကြပါတယ်။

သို့သော် အခက်အခဲ တွေ များစွာရှိနေဆဲ ပဲဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် အတွင်း သုတေသန ပြုချက်တွေ အရ မိန်းမလှကျွန်းမှာ ငှက်မျိုးစိတ်(၉) မျိုးကို ထပ်မံတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ငှက်ဝါသနာရှင်များ အသင်းမှ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒီမှာ ဖတ်ပါ ခင်ဗျာ။ သက်ရှိမျိုးစိတ်များ ထိန်းသိမ်း စောင့်ရှောက်ရေး။ ဒီရေတောများ ပြန်လည် ပျိုးထောင် စိုက်ပျိုးရေး၊ ဒေသခံများအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးမှုများ အပြင် ထင်းအစားထိုး သဘာဝ လောင်စာ ထုတ်လုပ်ရေးတို့ကို သမာဝါယမ အသင်းအချို့ကပါ ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်နေကြပါပြီ။

လက်ရှိ အခြေအနေ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံမှာ ၁၉၂၄ ခုနှစ်က ဧရာဝတီတိုင်း အတွင်း ဒီရေတော ဧကပေါင်း ဟတ်တာ ၂၅၀၀၀ဝ ကျော်ရှိခဲ့ပြီး၊ ၂၀၀၂ ခုနှစ်တွင် ဟတ်တာ ၁၁၀၀၀ဝ ကျော်သာကျန်ရှိတော့ သောကြောင့် (၇၇) နှစ်အတွင်း ဒီရေတော ပြုန်းတီးမှုမှာ (၅၅) ရာခိုင်နှုန်းဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းများ အရ သိရပါတယ်။ ဥတုရာသီ တောကို မှီဆိုတဲ့ စကားဟာ အစဉ်အမြဲ မှန်ကန် ခဲ့ သလို သဘာဝပတ်ဝန်းကျင် ပျက်ဆီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်း တို့နဲ့ အတူ ဧရာဝတီတိုင်း အတွက် ဒီရေတောတွေရဲ့ အခန်း ကဏ္ဍဟာ ပိုလို့ အရေးပါလာနေပါပြီ။ ဒီရေတော တွေကို ကျွန်တော်တို့ အမြန်ဆုံး ပြန်လည် ထူထောင်နိုင်ဖို့လိုတယ်။ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေကို စိမ်းလန်းတဲ့ သစ်တောတွေနဲ့အတူ ဒီရေတောတွေကို ချစ်တတ်၊ ထိန်းသိမ်းတတ်တဲ့ စိတ်ဓာတ်တွေကို အမွေပေး ကြရမယ်။ ဧရာဝတီ လင်းပိုင်များ အပါအဝင် ကမ္ဘာပေါ်မှာ မျိုးတုန်းပျောက်ကွယ်မယ့် အန္တာရယ်နဲ့ ကြုံတွေ့ နေရတယ့် သက်ရှိမျိုး စိတ်များ ဟာ ကျွန်းကို အမှီပြုပြီး ရှင်သန်နေကြရတယ်။ ကမ္ဘာပေါ်မှာ သုံးကောင်ပဲ ကျန်ရှိတော့တယ့် ဒီရေတောဆင် တွေဟာလည်း မိန်းမလှကျွန်းနဲ့ ပြင်ဒရယ် ကြိုးဝိုင်း အနီးမှာ ကျက်စားကြတယ်လို့ သိရတယ်။ (ဒီဆင်သုံးကောင် လုံးက အထီးတွေ ဖြစ်တဲ့ အတွက် ဒီရေတော ဆင်တွေဟာတော့ မျိုးတုန်းပျောက်ကွယ် ဖို့ သေချာသွားပါပြီ)။

ကျွန်းပေါ်မှာ ဌာနဆိုင်ရာ ကင်းစခန်းတွေက လွဲလို့ မည်သူမျှ အခြေချ နေထိုင်ခွင့် မရှိပါဘူး။ သို့သော်လက်ရှိမှာ ကျွန်းပေါ်က ချောင်းတွေထဲမှာ ငါးခိုးဖမ်းတာတွေ ရှိနေသလို၊ ကျွန်းပေါ်မှာလည်း ထင်းခိုးခုတ်နေတယ့် အနေအထားတွေ ရှိနေတုန်းပါပဲ။ ဥပဒေကြောင်း အရ တင်းကျပ်ထားပြီး ဖမ်းဆီး အရေးယူနေတာတွေ လုပ်နေသော်လည်းပဲ၊ ဒေသခံလူထုရဲ့ တကယ်နားလည် မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရာရှိမှာ သာလျှင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဟာ ရာနှုန်းပြည့် အောင်မြင်မှာ ဖြစ်ပါတယ်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒီရေတောများကို ချစ်ကြပါ၊ ကြည်ဝေ၊ ဇွန် ၂၇၊ ၂၀၀၈