မီးသွေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မီးသွေးခြောက်
မီးလောင်နေသော မီးသွေးတုံးများ

မီးသွေး (Charcoal) ကို နေ့တိုင်းပင် လူအများတွေ့မြင်ဘူးကြသော်လည်း မည်ကဲ့သို့ လုပ်ယူရရှိ၍ မည်မျှ အသုံးဝင်ပုံ ကိုကား လူတိုင်း မသိရှိကြချေ။ ထင်းမီးသွေး အရိုးမီးသွေးဟူ၍ မီးသွေးနှစ်မျိုး နှစ်စားရှိရာ သစ်သားကို မီးရှို့လိုက်သောအခါတွင် ထင်း မီးသွေးကိုရ၍၊အရိုးကို မီးရှို့လိုက်သောအခါ အရိုးမီးသွေးကိုရလေသည်။ ထိုမီးသွေးများသည် အရောင် မည်းနက်၍ အပေါက်ငယ်ကလေးများ ရှိပြီး လျှင် ဆတ်၏။ မီးသွေးသည် ကာဗွန် အစစ်မဟုတ်ပေ။ သို့သော် ကာဗွန်ရာခိုင်နှုန်း အများဆုံးပါ၍ ဓာတ်ငွေ့များကို စုတ်ပြီးလျှင် ထိန်သိမ်းထားနိုင်သော သတ္တိရှိသောကြောင့် မီးသွေးကို အမျိုးမျိုး အသုံးပြုနိုင်လေသည်။ မီးသွေးသည် မီးခိုးမထွက်ဘဲ လောင်၍ မီးအရှိန် ပြင်းသည်။ ထို့ကြောင့် ရှေးက သတ္တုကျောက်ရိုင်းများမှ သတ္တုကို ထုတ်ရာ၌ မီးသွေးမီးဖြင့် ကျိုယူကြသည်။

သစ်သားသည် ဓာတ်သဘောအရ ကာဗွန်၊ ဟိုက်ဒြိုဂျင်နှင့် အောက်ဆီဂျင်တို့ ပါဝင်သော ကာဗိုဟိုက် ဒရိတ် ဖြစ်သည်။ သစ်သားကို လေသာတွင် မီးရှို့လိုက်သောအခါ မီးလောင်သွား၍ ပြာအဖြူ အနည်းငယ် ကျန်ရစ်သည်ကို တွေ့ရသည်။ သို့သော် သစ်သားကို မီးရှို့ရာတွင် လေအကုန်ထွက်မသွားစေဘဲ သစ်ရွက်များ၊ မြက်ပင်များနှင့် ဖုံး၍ လေကို ပိတ်ထားလိုက်လျှင် မလိုသောအရာများပျံ့လွင့် ထွက်သွားကာ မီးသွေးသာ ကျန်ရစ်နေမည် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ဝေါ့ကာမြို့အနီးရှိ မီးသွေးဖုတ်သည့်ကျင်း(မီးသွေးကျင်း)ကြီးတစ်ခု

မီးသွေးဖုတ်ရာတွင် ကျင်းများပြုလုပ်၍ ဖုတ်လေ့ရှိကြ၏။ သစ်သားအတိုအစများကို ထောင်၍ အတန်းလိုက် အတန်းလိုက် စီပြီးလျှင် အပုံကြီးဖြစ်လာအောင် ပုံထားကြသည်။ ထိုနောက်အပုံပေါ်တွင် မြက်များ၊ ပြာအစိုများဖြင့်ဖုံးအုပ်ထားပြီးလျှင် အောက်ဖက် မှ လေဝင်သာအောင် အပေါက်ဖောက်ထားရသည်။ အပေါ် ထိပ်၌လည်း ခေါင်းတိုင်သဖွယ် အပေါက်တစ်ပေါက် ဖောက်ထားရလေသည်။ ထိုသစ်တို သစ်စများကို မီးရှို့လိုက်၍ လောင်လာသောအခါ မီးသည် အပေါ်မှ အောက်သို့ တဖြည်းဖြည်း လောင်ဆင်းပြီးလျှင်အလယ်မှ ဘေးသို့လည်း တဖြည်းဖြည်းလောင်လာလေသည်။ ယင်းသို့ အားလုံးလောင်ကျွမ်းပြီးသောအခါ ဖုံးထား၍ ၂ ရက် ၃ ရက် တန်သည် အအေးခံထားရလေသည် မီးသွေး ဖုတ်ခြင်း လုပ်ငန်းသည် အရေးကြီးသည့်လုပ်ငန်းတစ်ရပဖြစ်သည့်အလျောက် တောင်တန်း ဒေသများတွင် များစွာ တွေ့မြင်ရသည်။

မီးသွေး ဖုတ်ရာတွင် ဖိုများကို အလုံပိတ်၍ ထားလျှင် မီးသွေးပို၍ ရနိုင်မည် ဖြစ်သည်။ ထိုသို့ ဖုတ်ရာတွင် ဘေးထွက်ပစ္စည်းများဖြစ်သော ကတ္တရာစေး၊ သစ်သားအရက်ပျံ၊ အက်ဆီတစ်အက်ဆစ်နှင့် အက်ဆက်တုန်းတို့ရရှိနိုင်လေသည်။ ထင်းမီးသွေးသည် အရေးကြီး၍ အလွန်အသုံးဝင်သော ပစ္စည်းတစ်ရပ်ဖြစ်ရကား ယမ်းများပြုလုပ်ရာ၌ ဖြစ်စေ၊ ရေစစ်ရာ၌ ဖြစ်စေ၊ အပူမလိုက်နိုင်သော ပစ္စည်းများ ပြုလုပ်ရာ၌ ဖြစ်စေ အများပင် အသုံးပြုကြလေသည်။

ထိုပြင်ဆေးအဖြစ်ဖြင့်လည်း အသုံးပြုနိုင်သေး၏။ အဆိပ် ဓာတ်ငွေ့များမှ ကာကွယ်သော ဓာတ်ငွေ့ မျက်နှာဖုံးပြုလုပ်ရာ၌လည်း မီးသွေးကို အသုံးပြုကြ၏။ သို့သော် ထိုမီးသွေးမှာ အုန်းခွံများကို ဖုတ်၍ရသော မီးသွေးဖြစ်သည်။ အရိုးများကို အိုးတစ်ခုတွင် ပိတ်၍ ဖုတ်သော အခါဓာတ်ငွေ့များ၊ ရေခိုးရေငွေ့များနှင့် ဆီများထွက်သွားသဖြင့် အရိုးမီးသွေးကို ရလေသည်။ သွေးကို မီးတိုက်ပေးခြင်းဖြင့်လည်း အရိုးမီးသွေး တစ်မျိုးကို ရနိုင်သည်။ အရိုးမီးသွေးသည် ပဲနောက် အရွယ်မှအလုံးသေးသေးလေးထိ အရွယ်အစားစားရှိ၏။ အရိုးမီးသွေးကို မကောင်းသော အနံ့အသက်များ ပပျောက်စေရန်၌ ဖြစ်စေ၊ အရည်များတွင်ရှိသော အရောင်များကို ချွတ်ရာ၌ ဖြစ်စေ များစွာ အသုံးပြုကြသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)