မာတိကာသို့ ခုန်သွားရန်

အင်္ဂါဂြိုဟ်

ဝီကီပီးဒီးယား မှ
(မားစ်ဂြိုဟ် မှ ပြန်ညွှန်းထားသည်)
အင်္ဂါဂြိုဟ် ♂
အင်္ဂါဂြိုဟ်
ဟာဘယ် တယ်လီစကုပ်မှ
အင်္ဂါဂြိုဟ်ပုံ ၂၀၀၃ ခုနှစ်။
အသံထွက်ဗြိတိသျှ အင်္ဂလိပ်: /mɑːz/
အမေရိကန် အင်္ဂလိပ်: /ˈmɑːrz/ ( )
ပါဝင်အရာဝတ္ထုများMartian
ပတ်လမ်း ဂုဏ်အင်များ [၁]
Epoch J2000
အဝေးဆုံးပတ်လမ်း1.6660 AU
249.2 Gm
အနီးဆုံးပတ်လမ်း1.3814 AU
206.7 Gm
ဆီမီး မေဂျာ ဝင်ရိုး
1.523679 AU
227.9392 Gm
ပတ်လမ်း ဗဟိုကျမှု0.0934
ပတ်လမ်း ကာလ
1.8808 julian year
686.971 d
668.5991 sols
ပတ်လမ်း ကာလ
779.96 days
2.135 Julian years
ပျမ်းမျှ ပတ်နှုန်း
24.077 km/s
ပျမ်းမျှ မူမမှန်မှု
19.373°
ပတ်လမ်း တိမ်းစောင်းမှု1.850° to ecliptic
5.65° to Sun's equator
1.67° to invariable plane[၂]
Longitude of ascending node
49.558°
Argument of perihelion
286.502°
ဂြိုဟ်ရံလများ၂
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ
ပျမ်းမျှ အချင်းဝက်
3,389.5±0.2 km[၃]
အီကွေတာ အချင်းဝက်
3,396.2±0.1 km[၃]
0.533 Earths
ဝင်ရိုးစွန်း အချင်းဝက်
3,376.2±0.1 km[၃]
0.531 Earths
ပြားချပ်မှု0.00589±0.00015
မျက်နှာပြင် ဧရိယာ
144,798,500 km2
0.284 Earths
ထုထည်1.6318×1011 km3[၄]
0.151 Earths
ဒြပ်ထု6.4171×1023 kg[၅]
0.107 Earths
ပျမ်းမျှ သိပ်သည်းဆ
3.9335±0.0004 g/cm³[၄]
မျက်နှာပြင် ဒြပ်ဆွဲအား
3.711 m/s²[၄]
0.376 g
အင်နားရှားကိန်း
0.3662±0.0017[၆]
လွတ်မြောက်အလျင်
5.027 km/s
ဘေးဘက် လှည့်ပတ်ကာလ
1.025957 d
24° 37′ 22″[၄]
အီကွေတာ လည်ပတ်မှု အလျင်
၈၆၈.၂၂ km/h (၂၄၁.၁၇ m/s)
ဝင်ရိုးတိမ်းစောင်းမှု
25.19° to its orbital plane[၇]
မြောက်ဝင်ရိုးစွန်း ညာဘက် နိမ့်ဆင်းမှု
21° 10′ 44″
317.68143°
မြောက်ဝင်ရိုးစွန်း တိမ်းစောင်းမှု
52.88650°
Albedo0.170 (geometric)[၈]
0.25 (Bond)[၇]
မျက်နှာပြင် အပူချိန် အနည်းဆုံး ပျမ်းမျှ အများဆုံး
Kelvin 130 K 210 K[၇] 308 K
Celsius −143 °C[၉] −63 °C 35 °C[၁၀]
မြင်သာသော ပမာဏ
+1.6 to −3.0[၁၁]
ထောင့်ဖြတ်အချင်း
3.5–25.1″[၇]
လေထု[၇][၁၂]
မျက်နှာပြင် လေထုဖိအား
0.636 (0.4–0.87) kPa
၀.၀၀၆၂၈ standard atmosphere
လေထု၌ ဓာတုပါဝင်နှုန်း

အင်္ဂါဂြိုဟ် (အင်္ဂလိပ်: Mars) သည် နေမှ စတင်ရေတွက်လျှင် စတုတ္ထမြောက် ဂြိုဟ်ဖြစ်သည်၊၊ ၎င်း၏ လိမ္မော်နီရောင် သွင်ပြင်ကြောင့်[၁၃] ဂြိုဟ်နီကြီး[၁၄] ဟုလည်း လူသိများသည်။ အင်္ဂါဂြိုဟ်သည် ကာဗွန်ဒိုင်အောက်ဆိုက်အများစု ပါဝင်သော ကျဲပါးသည့် လေထုရှိသော သဲကန္တာရဆန်သည့် ကျောက်ဆောင်ဂြိုဟ်တစ်လုံး ဖြစ်သည်။ ပျမ်းမျှ လေထုဖိအားမှာ ကမ္ဘာ့လေထုဖိအား၏ ထောင်ဂဏန်းပုံ အနည်းငယ်မျှသာ ရှိပြီး လေထုအပူချိန်မှာ -၁၅၃ ဒီဂရီ စင်တီဂရိတ်မှ ၂၀ ဒီဂရီ စင်တီဂရိတ် (-၂၄၃ မှ ၆၈ ဒီဂရီ ဖာရင်ဟိုက်) အထိ ရှိကာ ပြင်ပအာကာသ ဓာတ်ရောင်ခြည်ဖြာထွက်မှု မြင့်မားသည်။ အင်္ဂါဂြိုဟ်တွင် မြေအောက်၌ သို့မဟုတ် လေထုအတွင်း ကျဲပါးစွာဖြင့် ရေအချို့ ကျန်ရှိနေပြီး တိမ်တိုက်များ၊ မြူများ၊ နှင်းခဲများအပြင် အမြဲအေးခဲနေသော မြေဆီလွှာနှင့် ရေခဲပြင်ကြီးများ (ရာသီအလိုက်ဖြစ်ပေါ်သော ကာဗွန်ဒိုင်အောက်ဆိုက် နှင်းခဲများ) အဖြစ် တည်ရှိသော်လည်း မျက်နှာပြင်ပေါ်တွင် အရည်အဖြစ် တည်ရှိသော ရေထု မရှိပေ။ ၎င်း၏ မျက်နှာပြင် ဆွဲငင်အားမှာ ကမ္ဘာ့ဆွဲငင်အား၏ သုံးပုံတစ်ပုံခန့် သို့မဟုတ် လကမ္ဘာ၏ ဆွဲငင်အားထက် နှစ်ဆခန့် ရှိသည်။ ပျမ်းမျှ အချင်း မီတာ ၆,၇၇၉ ကီလိုမီတာ (၄,၂၁၂ မိုင်) ရှိသဖြင့် ကမ္ဘာ့အချင်း၏ တစ်ဝက်ခန့်[၁၅] သို့မဟုတ် လ၏ အချင်းထက် နှစ်ဆခန့် ရှိပြီး မျက်နှာပြင်ဧရိယာမှာ ကမ္ဘာပေါ်ရှိ ကုန်းမြေဧရိယာ အားလုံး၏ စုစုပေါင်း ပမာဏခန့် ရှိသည်။

အမှုန်အမွှား ဖုန်မှုန့်များသည် မျက်နှာပြင်တစ်လျှောက်နှင့် လေထုအတွင်း ပျံ့နှံ့လျက်ရှိပြီး လေထုကျဲပါးသဖြင့် တိုက်ခတ်သော လေအား နည်းပါးသော်လည်း အင်္ဂါဂြိုဟ်၏ နည်းပါးသော ဆွဲငင်အားကြောင့် ဖုန်မှုန့်များ အလွယ်တကူ လွင့်ပျံသွားလေ့ရှိသည်။ အင်္ဂါဂြိုဟ်၏ မြေမျက်နှာပြင်သည် တောင်နှင့် မြောက် သိသိသာသာ ကွဲပြားလျက်ရှိရာ မြောက်ဘက်ကမ္ဘာခြမ်းတွင် အများအားဖြင့် အတော်အတန် ညီညာ၍ နိမ့်ပါးသော လွင်ပြင်များ ပါဝင်ပြီး တောင်ဘက်ကမ္ဘာခြမ်းတွင် ဥက္ကာတွင်းများ အများအပြားရှိသည့် ကုန်းမြင့်များ ပါဝင်သည်။ ဇီဝဗေဒနှင့် ရူပဗေဒဆိုင်ရာ ရုပ်သွင်အရ ဂြိုဟ်အတွင်းပိုင်းမှ ငလျင်လှုပ်ခတ်မှုများရှိ၍ သက်ဝင်လှုပ်ရှားမှု အတော်အတန်ရှိပြီး ငြိမ်းသွားခဲ့ပြီဖြစ်သော ဧရာမ မီးတောင်ကြီးများ (အမြင့်ဆုံးမှာ ၂၁.၉ ကီလိုမီတာ သို့မဟုတ် ၁၃.၆ မိုင် မြင့်သည့် အိုလံပတ်တောင်) အပြင် နေအဖွဲ့အစည်းအတွင်း အကြီးဆုံး ချောက်ကမ်းပါးကြီးများထဲမှ တစ်ခု (အလျား ကီလိုမီတာ ၄,၀၀၀ သို့မဟုတ် မိုင် ၂,၅၀၀ ရှည်လျားသည့် Valles Marineris) လည်း ရှိသည်။ အင်္ဂါဂြိုဟ်တွင် သေးငယ်ပြီး ပုံသဏ္ဌာန် မမှန်သော သဘာဝအရံဂြိုဟ်လ နှစ်စင်း ရှိရာ ၎င်းတို့မှာ ဖိုးဘော့စ် (Phobos) နှင့် ဒီးမော့စ် (Deimos) တို့ ဖြစ်ကြသည်။ အင်္ဂါဂြိုဟ်၏ ဝင်ရိုးစွန်းသည် ၂၅ ဒီဂရီ သိသာစွာ စိမ်းစောင်းနေသဖြင့် အင်္ဂါဂြိုဟ်တွင် ကမ္ဘာကဲ့သို့ပင် (ကမ္ဘာ၏ ဝင်ရိုးစွန်း စိမ်းစောင်းမှုမှာ ၂၃.၅ ဒီဂရီ ဖြစ်သည်) ရာသီဥတုများ ဖြစ်ပေါ်သည်။ အင်္ဂါဂြိုဟ်၏ နေပတ်နှစ် တစ်နှစ်သည် ကမ္ဘာမြေနှစ် ၁.၈၈ နှစ် (ကမ္ဘာမြေရက်ပေါင်း ၆၈၇ ရက်) နှင့် ညီမျှပြီး အင်္ဂါဂြိုဟ်၏ တစ်ရက် (sol) သည် ၂၄.၆ နာရီနှင့် ညီမျှသည်။

အင်္ဂါဂြိုဟ်သည် လွန်ခဲ့သော နှစ်ပေါင်း ၄.၅ ဘီလီယံခန့်က အခြားသော ဂြိုဟ်များနှင့်အတူ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အင်္ဂါဂြိုဟ်၏ Noachian ခေတ်ကာလ (လွန်ခဲ့သော နှစ်ပေါင်း ၄.၅ ဘီလီယံမှ ၃.၅ ဘီလီယံအထိ) အတွင်း ၎င်း၏ မျက်နှာပြင်ပေါ်တွင် ဥက္ကာခဲများ ထိမှန်ခြင်း၊ လှိုဏ်ဝှမ်းများ ဖြစ်ပေါ်ခြင်း၊ တိုက်စားခံရခြင်း၊ သမုဒ္ဒရာများ တည်ရှိခဲ့နိုင်ခြင်းနှင့် သံလိုက်စက်ကွင်း ဆုံးရှုံးသွားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ Hesperian ခေတ်ကာလ (လွန်ခဲ့သော နှစ်ပေါင်း ၃.၅ ဘီလီယံမှ စတင်ခဲ့ပြီး နှစ်ပေါင်း ၃.၃–၂.၉ ဘီလီယံတွင် အဆုံးသတ်ခဲ့) ၌ ကျယ်ပြန့်သော မီးတောင်လှုပ်ရှားမှုများနှင့် ရေကြီးရေလျှံမှုများ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ပြီး ဧရာမ ရေဆင်းမြောင်းကြီးများ ဖြစ်ပေါ်စေခဲ့သည်။ လက်ရှိအချိန်အထိ ဆက်လက်တည်ရှိနေသော Amazonian ခေတ်ကာလသည် လက်ရှိ မြေမျက်နှာပြင် ဖြစ်စဉ်များပေါ်တွင် အဓိက လွှမ်းမိုးလျက်ရှိသည်။ အင်္ဂါဂြိုဟ်၏ သမိုင်းကြောင်းအရ ယခင်က သို့မဟုတ် လက်ရှိအချိန်၌ သက်ရှိများ တည်ရှိနိုင်ခြေမှာ သိပ္ပံပညာရှင်များ တက်ကြွစွာ သုတေသနပြုနေသည့် နယ်ပယ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး အချို့သော သဲလွန်စများကို ဆက်လက်စစ်ဆေးရန် လိုအပ်နေဆဲ ဖြစ်သည်။

ကမ္ဘာ့ကောင်းကင်တွင် နီရဲသော ကြယ်တစ်လုံးအဖြစ် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သဖြင့် အင်္ဂါဂြိုဟ်ကို သမိုင်းတစ်လျှောက် လေ့လာစောင့်ကြည့်ခဲ့ကြပြီး ယဉ်ကျေးမှုအသီးသီး၌ အမျိုးမျိုးသော စွဲယူယူဆချက်များ ရှိခဲ့ကြသည်။ ၁၉၆၃ ခုနှစ်တွင် Mars 1 ဖြင့် အင်္ဂါဂြိုဟ်ဆီသို့ ပထမဆုံး ပျံသန်းမှု ပြုလုပ်ခဲ့သော်လည်း လမ်းခရီးတွင် ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည်။ အင်္ဂါဂြိုဟ်ကို ပထမဆုံး အောင်မြင်စွာ ဘေးမှ ဖြတ်ပျံသန်း၍ စူးစမ်းနိုင်ခဲ့သည်မှာ ၁၉၆၅ ခုနှစ်တွင် မာရီနာ ၄ အာကာသ စူးစမ်းရေးယာဉ်ဖြင့် ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် မာရီနာ ၉ သည် အင်္ဂါဂြိုဟ်၏ ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး လ၊ နေ သို့မဟုတ် ကမ္ဘာမှလွဲ၍ အခြားသော အာကာသဝတ္ထုတစ်ခုကို ပထမဆုံး ပတ်ကြည့်နိုင်သည့် အာကာသယာဉ် ဖြစ်လာခဲ့သည်။ ထိုနှစ်မှာပင် အင်္ဂါဂြိုဟ်ပေါ်သို့ ထိန်းချုပ်မှုမရှိဘဲ ပထမဆုံး ပျက်ကျခဲ့မှု (Mars 2) နှင့် ပထမဆုံး အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့မှု (Mars 3) တို့ ဖြစ်ပေါ်ခဲ့သည်။ ၁၉၉၇ ခုနှစ်မှစ၍ အင်္ဂါဂြိုဟ်ပေါ်တွင် စူးစမ်းရေးယာဉ်များ မပြတ်မတောက် သက်ဝင်လှုပ်ရှားလျက်ရှိသည်။ အချို့သော အချိန်များ၌ ပတ်လမ်းကြောင်းအတွင်း သို့မဟုတ် မျက်နှာပြင်ပေါ်တွင် အာကာသစူးစမ်းရေးယာဉ် ၁၀ စင်းထက်မက တစ်ပြိုင်နက်တည်း လှုပ်ရှားဆောင်ရွက်ခဲ့ရာ ကမ္ဘာမှလွဲ၍ အခြားမည်သည့် ဂြိုဟ်ထက်မဆို ပိုမိုများပြားသည်။ အင်္ဂါဂြိုဟ်သည် အနာဂတ် လူလိုက်ပါမည့် စူးစမ်းလေ့လာရေး ခရီးစဉ်များအတွက် မကြာခဏ အဆိုပြုခြင်းခံရသော ပစ်မှတ်တစ်ခုဖြစ်သော်လည်း လက်ရှိတွင် ထိုသို့သော ခရီးစဉ်မျိုး အစီအစဉ် မရှိသေးပေ။

ရူပ သွင်ပြင်လက္ခဏာများ

အင်္ဂါဂြိုဟ်၏ အချင်းသည် ကမ္ဘာ့အချင်း၏ တစ်ဝက်ခန့် သို့မဟုတ် လ၏ အချင်းထက် နှစ်ဆခန့် ရှိပြီး မြေမျက်နှာပြင် အကျယ်အဝန်းမှာ ကမ္ဘာပေါ်ရှိ ခြောက်သွေ့ ကုန်းမြေ စုစုပေါင်း အကျယ်အဝန်းထက် အနည်းငယ်မျှသာ နည်းပါးသည်။ အင်္ဂါဂြိုဟ်သည် ကမ္ဘာထက် သိပ်သည်းဆ နည်းပါးပြီး ကမ္ဘာ့ထုထည်၏ ၁၅ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ့ထုထည် ပမာဏ၏ ၁၁ ရာခိုင်နှုန်းခန့် သာရှိသဖြင့် ၎င်း၏ မျက်နှာပြင် ဆွဲငင်အားမှာ ကမ္ဘာ့ဆွဲငင်အား၏ ၃၈ ရာခိုင်နှုန်းခန့် ရှိသည်။ အင်္ဂါဂြိုဟ်သည် လက်ရှိအချိန်၌ သိရှိထားသမျှတွင် ကမ္ဘာပေါ်ရှိ သဲကန္တာရများနှင့် ဆင်တူသော မျက်နှာပြင်ရှိသည့် ကျောက်ဆောင်ဂြိုဟ်အမျိုးအစားဖြစ်သော သဲကန္တာရဂြိုဟ် (desert planet) ၏ တစ်ခုတည်းသော နမူနာ ဖြစ်သည်။

အတွင်းပိုင်း ဖွဲ့စည်းပုံ

အတွင်းပိုင်း ဝတ်ဆံ သို့မဟုတ် ဗဟိုအမြူတေ မရှိဟု ယူဆထားသည့် အင်္ဂါဂြိုဟ်၏ အတွင်းပိုင်း ဖွဲ့စည်းပုံ

ကမ္ဘာမြေကဲ့သို့ပင် အင်္ဂါဂြိုဟ်ကိုလည်း သိပ်သည်းဆ နည်းပါးသော ကျောက်ဆောင် အလွှာများ ဖုံးလွှမ်းထားသည့် သိပ်သည်းမှု မြင့်မားသော သတ္တု ဗဟိုအမြူတေအဖြစ် အလွှာများ ပိုင်းခြားထားသည်။ အပြင်ဘက်ဆုံး အလွှာမှာ ဂျပ်ပြင် (crust) ဖြစ်ပြီး ပျမ်းမျှအားဖြင့် ၄၂ မှ ၅၆ ကီလိုမီတာ (၂၆ မှ ၃၅ မိုင်) ခန့် ထူထဲကာ Isidis Planitia ဒေသ၌ အနည်းဆုံး ထူထပ်မှု ၆ ကီလိုမီတာ (၃.၇ မိုင်) ရှိပြီး တောင်ဘက် Tharsis ကုန်းပြင်မြင့်၌ အများဆုံး ထူထပ်မှု ၁၁၇ ကီလိုမီတာ (၇၃ မိုင်) ရှိသည်။ နှိုင်းယှဉ်ချက်အရ ကမ္ဘာ့ဂျပ်ပြင်သည် ပျမ်းမျှ ၂၇.၃ ± ၄.၈ ကီလိုမီတာ အထူသည်။ အင်္ဂါဂြိုဟ် ဂျပ်ပြင်အတွင်း အများဆုံး ပါဝင်သော ဒြပ်စင်များမှာ ဆီလီကွန်၊ အောက်ဆီဂျင်၊ သံ၊ မဂ္ဂနီစီယမ်၊ အလူမီနီယမ်၊ ကယ်လ်စီယမ်နှင့် ပိုတက်စီယမ်တို့ ဖြစ်ကြသည်။ အင်္ဂါဂြိုဟ်သည် ငလျင်လှုပ်ရှားမှု ရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် InSight အာကာသယာဉ်သည် အင်္ဂါဂြိုဟ်ငလျင် (marsquakes) နှင့် ဆက်စပ်ဖြစ်စဉ်ပေါင်း ၄၅၀ ကျော်ကို စမ်းသပ်တွေ့ရှိကာ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း အစီရင်ခံခဲ့သည်။

ဘူမိဗေဒ သွင်ပြင်လက္ခဏာများ

နာဆာမှ ရရှိသော အမြင့်ပြမြေပုံနှင့် အရောင်ပြမြေပုံတို့ကို အသုံးပြု၍ ပုံဖော် ဖန်တီးထားသည့် အင်္ဂါဂြိုဟ် မျက်နှာပြင်ပမြေပုံ ဖြစ်သည်။

ဂျိုဟန်း ဟင်းရစ် ဖွန် မဒ်လာ (Johann Heinrich von Mädler) နှင့် ဗီးလ်ဟဲမ်း ဘီးယား (Wilhelm Beer) တို့သည် လမျက်နှာပြင် မြေပုံညွှန်း ရေးဆွဲခဲ့ခြင်းကြောင့် ပိုမို လူသိများသော်လည်း ၎င်းတို့သည် ပထမဆုံးသော အင်္ဂါဂြိုဟ် မြေမျက်နှာသွင်ပြင် ပညာရှင်များ (areographers) ဖြစ်ကြသည်။[၁၆] ၎င်းတို့သည် အင်္ဂါဂြိုဟ်၏ မျက်နှာပြင် ရုပ်သွင်အများစုမှာ အမြဲတမ်း တည်ရှိနေခြင်းဖြစ်ကြောင်း အတည်ပြုခြင်းနှင့် ဂြိုဟ်၏ လည်ပတ်ချိန် ကာလကို ပိုမို တိကျစွာ တိုင်းတာခြင်းတို့ဖြင့် စတင်ခဲ့ကြသည်။ ၁၈၄၀ ပြည့်နှစ်တွင် မဒ်လာသည် ဆယ်စုနှစ်တစ်ခုစာ လေ့လာစောင့်ကြည့်ချက်များကို ပေါင်းစပ်၍ ပထမဆုံးသော အင်္ဂါဂြိုဟ် မြေပုံကို ရေးဆွဲခဲ့သည်။

အင်္ဂါဂြိုဟ်ပေါ်ရှိ မြေမျက်နှာသွင်ပြင်များကို အရင်းအမြစ် အမျိုးမျိုးမှ အမည်ပေးထားကြသည်။ အလင်းပြန်နှုန်းဆိုင်ရာ ရုပ်သွင်များ (Albedo features) ကို ရှေးဟောင်း ဒဏ္ဍာရီများကို အစွဲပြု၍ အမည်ပေးထားသည်။ ၅၀ ကီလိုမီတာခန့်ထက် ပိုမိုကြီးမားသော ဥက္ကာတွင်းများကို ကွယ်လွန်သွားပြီဖြစ်သော သိပ္ပံပညာရှင်များ၊ စာရေးဆရာများနှင့် အင်္ဂါဂြိုဟ် လေ့လာရေးတွင် ပါဝင်ကူညီခဲ့ကြသူများကို အစွဲပြု၍ အမည်ပေးထားသည်။ ပိုမိုသေးငယ်သော ဥက္ကာတွင်းများကို လူဦးရေ ၁၀၀,၀၀၀ အောက်ရှိသော ကမ္ဘာပေါ်ရှိ မြို့များနှင့် ကျေးရွာများ၏ အမည်များကို ပေးထားသည်။ လှိုဏ်ဝှမ်းကြီးများကို ဘာသာစကား အမျိုးမျိုးရှိ အင်္ဂါဂြိုဟ် သို့မဟုတ် ကြယ် ဟုအဓိပ္ပာယ်ရသည့် စကားလုံးဖြင့် အမည်ပေးထားပြီး ပိုမိုသေးငယ်သော လှိုဏ်ဝှမ်းများကို မြစ်များ၏ အမည်များ ပေးထားသည်။

ကြီးမားသော အလင်းပြန်နှုန်းဆိုင်ရာ ရုပ်သွင်များသည် အမည်ဟောင်း အများအပြားကို ဆက်လက် ထိန်းသိမ်းထားသော်လည်း ယင်းရုပ်သွင်များ၏ သဘာဝဆိုင်ရာ အသိပညာသစ်များကို ထိန်းညှိ ရောင်ပြန်ဟပ်ရန်အတွက် မကြာခဏ အသစ်ပြင်ဆင်လေ့ရှိသည်။ ဥပမာအားဖြင့် Nix Olympica (အိုလင်ပတ်က၏ နှင်းများ) သည် အိုလန်ပတ်တောင် (Olympus Mons) ဖြစ်လာခဲ့သည်။ ကမ္ဘာမြေမှ မြင်တွေ့ရသည့် အင်္ဂါဂြိုဟ် မျက်နှာပြင်ကို အလင်းပြန်နှုန်း ကွဲပြားသော ဧရိယာ နှစ်မျိုးအဖြစ် ပိုင်းခြားထားသည်။ နီရဲသော သံအောက်ဆိုဒ်များ ကြွယ်ဝသည့် ဖုန်မှုန့်များနှင့် သဲများ ဖုံးလွှမ်းနေသော အရောင်ဖျော့သည့် လွင်ပြင်များကို တစ်ချိန်က အင်္ဂါဂြိုဟ်၏ တိုက်ကြီးများ ဟု ယူဆခဲ့ကြပြီး အရဗျ ကုန်းမြေ (Arabia Terra ) သို့မဟုတ် အမေဇုန်နီယံ လွင်ပြင် (Amazonis Planitia) ကဲ့သို့သော အမည်များ ပေးခဲ့ကြသည်။ အရောင်မှောင်သော ရုပ်သွင်များကို ပင်လယ်များဟု ယူဆခဲ့ကြသဖြင့် Mare Erythraeum၊ Mare Sirenum နှင့် Aurorae Sinus ဟု အမည်ပေးခဲ့ကြသည်။ ကမ္ဘာမြေမှ မြင်တွေ့ရသည့် အကြီးမားဆုံးသော အရောင်မှောင်သည့် ရုပ်သွင်မှာ Syrtis Major Planum ဖြစ်သည်။[၁၇] မြောက်ဘက်ရှိ ဧရာမ ရေခဲပြင်ကြီးကို Planum Boreum ဟု အမည်ပေးထားပြီး တောင်ဘက် ရေခဲပြင်ကြီးကို Planum Australe ဟု ခေါ်ဆိုသည်။

အင်္ဂါဂြိုဟ်၏ အီကွေတာကို ယင်း၏ လည်ပတ်မှုဖြင့် သတ်မှတ်သော်လည်း ပင်မ မီရီဒီယန် (Prime Meridian) တည်နေရာကိုမူ ကမ္ဘာမြေပေါ်တွင် ဂရင်းနစ်စံတော်ချိန်ကို သတ်မှတ်ခဲ့သကဲ့သို့ စိတ်ကြိုက် မှတ်တိုင်တစ်ခု ရွေးချယ်၍ သတ်မှတ်ခဲ့သည်၊၊ မဒ်လာနှင့် ဘီးယားတို့သည် ၁၈၃၀ ပြည့်နှစ်၌ ရေးဆွဲခဲ့သော ပထမဆုံး အင်္ဂါဂြိုဟ် မြေပုံများအတွက် မျဉ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့ကြသည်။ ၁၉၇၂ ခုနှစ်တွင် မာရီနာ ၉ အာကာသယာဉ်က အင်္ဂါဂြိုဟ်၏ ကျယ်ပြန့်သော ပုံရိပ်များကို ရရှိစေခဲ့ပြီးနောက် မူလ ရွေးချယ်မှုနှင့် ထပ်တူကျစေရန်အတွက် Merton E. Davies၊ Harold Masursky နှင့် Gérard de Vaucouleurs တို့က Sinus Meridiani ("အလယ်ပိုင်း ပင်လယ်ကွေ့" သို့မဟုတ် "မီရီဒီယန် ပင်လယ်ကွေ့") တွင် တည်ရှိသော ဥက္ကာတွင်းငယ်တစ်ခုကို (နောက်ပိုင်းတွင် Airy-0 ဟု ခေါ်ဆိုခဲ့) လောင်ဂျီတွဒ် ၀.၀ ဒီဂရီအဖြစ် သတ်မှတ်ရန် ရွေးချယ်ခဲ့ကြသည်။[၁၈][၁၉]

အင်္ဂါဂြိုဟ်တွင် သမုဒ္ဒရာများ မရှိသဖြင့် ပင်လယ်ရေမျက်နှာပြင် မရှိသောကြောင့် အမြင့်ပိုင်း သုည မျက်နှာပြင်ကို ကိုးကားချက် ရေပြင်ညီအဖြစ် ရွေးချယ်ခဲ့ရသည်၊၊ ၎င်းကို ကမ္ဘာမြေ၏ ဂီယိုအိုက် (geoid) နှင့် အလားတူသော အင်္ဂါဂြိုဟ်၏ အာရီယိုအိုက် (areoid) ဟု ခေါ်ဆိုသည်။[၂၀] အမြင့်ပိုင်း သုညကို လေထုဖိအား ၆၁၀.၅ ပက်စကယ် (၆.၁၀၅ မီလီဘား) ရှိသည့် အမြင့်ဖြင့် သတ်မှတ်ခဲ့သည်။ ဤလေထုဖိအားသည် ရေ၏ သုံးထပ်မှတ် (triple point) နှင့် ညီမျှပြီး ကမ္ဘာ့ ပင်လယ်ရေမျက်နှာပြင်ရှိ လေထုဖိအား၏ ၀.၆ ရာခိုင်နှုန်းခန့် (၀.၀၀၆ atm) ရှိသည်။

မြေပုံညွှန်း ရေးဆွဲရေး ရည်ရွယ်ချက်များအတွက် အမေရိကန် ပြည်ထောင်စု ဘူမိဗေဒ တိုင်းတာရေးအဖွဲ့ (United States Geological Survey) သည် အင်္ဂါဂြိုဟ် မျက်နှာပြင်ကို မြေပုံညွှန်း စတုဂံအကွက် ၃၀ (thirty cartographic quadrangles) ပိုင်းခြားထားပြီးအကွက်တစ်ခုစီကို ၎င်းအတွင်း ပါဝင်သော ရှေးဟောင်း အလင်းပြန်နှုန်းဆိုင်ရာ ရုပ်သွင်တစ်ခုစီအတွက် အမည်ပေးထားသည်။[၂၁] ၂၀၂၃ ခုနှစ် ဧပြီလတွင် The New York Times သတင်းစာက Hope အာကာသယာဉ်မှ ပုံရိပ်များကို အခြေခံထားသော နောက်ဆုံးပေါ် အင်္ဂါဂြိုဟ် ကမ္ဘာလုံးဆိုင်ရာ မြေပုံတစ်ခုကို ဖော်ပြခဲ့သည်။[၂၂] ယင်းနှင့် ဆက်စပ်ပြီး ပိုမို အသေးစိတ်ကျသော ကမ္ဘာလုံးဆိုင်ရာ အင်္ဂါဂြိုဟ် မြေပုံတစ်ခုကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် နာဆာက ထုတ်ပြန်ခဲ့သည်။[၂၃]

ဂြိုဟ်ရံလများ

အင်္ဂါဂြိုဟ် မျက်နှာပြင်မှ မြင်တွေ့ရသည့် ဒီးမော့စ် (Deimos) နှင့် ဖိုးဘော့စ် (Phobos) အရံလများ၏ ထင်ရှားသော အရွယ်အစား (apparent size) ကို ကမ္ဘာမြေမှ မြင်တွေ့ရသည့် ထင်ရှားသော အရွယ်အစားရော အမှန်တကယ် အရွယ်အစားပါ အဆပေါင်းများစွာ ပိုမိုကြီးမားသော ကမ္ဘာ့အရံလနှင့် နှိုင်းယှဉ်ထားပုံ ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ကမ္ဘာနှင့် လတို့၏ အကွာအဝေးကဲ့သို့ အင်္ဂါဂြိုဟ်နှင့် ဝေးကွာနေခဲ့ပါက အင်္ဂါဂြိုဟ် ကောင်းကင်ထက်၌ အားနည်းသော ကြယ်ရောင်စဉ်လေးများအဖြစ်မျှသာ မြင်တွေ့ရမည် ဖြစ်သည်။
အင်္ဂါဂြိုဟ်ကို ပတ်လှည့်နေသည့် သဘာဝဂြိုဟ်ရံလများနှင့် လူလုပ်ဂြိုဟ်တုများ၏ ပတ်လမ်းကြောင်းများကို အရွယ်အစား အချိုးအစားအမှန် (scale) အလိုက် ဖော်ပြထားပုံ ဖြစ်ပြီး၊ အဝေးဆုံးပတ်လမ်းကြောင်းရှိ ဂြိုဟ်ရံလ (ဒီးမော့စ် / Deimos) မှာ ၂၃,၄၆၀ ကီလိုမီတာ (၁၄,၅၈၀ မိုင်) အကွာအဝေး၌ တည်ရှိသည်။

အင်္ဂါဂြိုဟ်တွင် (ကမ္ဘာ့လနှင့် နှိုင်းယှဉ်ပါက) အတော်အတန် သေးငယ်သော သဘာဝ ဂြိုဟ်ရံလ နှစ်စင်း တည်ရှိပြီး အချင်းအားဖြင့် ၂၂ ကီလိုမီတာ (၁၄ မိုင်) ခန့်ရှိသော ဖိုဘော့စ် (Phobos) နှင့် ၁၂ ကီလိုမီတာ (၇.၅ မိုင်) ခန့်ရှိသော ဒေမော့စ် (Deimos) တို့ ဖြစ်ကြကာ၊ ဂြိုဟ်ကို ၉,၃၇၆ ကီလိုမီတာ (၅,၈၂၆ မိုင်) နှင့် ၂၃,၄၆၀ ကီလိုမီတာ (၁၄,၅၈၀ မိုင်) အကွာအဝေးတို့မှ အသီးသီး ပတ်လှည့်နေကြသည်။ ၎င်း အရံလ နှစ်စင်း၏ မူလအစမှာ ရှင်းလင်းစွာ မသိရှိရသေးသော်လည်း၊ ရေပန်းစားသော ယူဆချက်တစ်ခုတွင် ၎င်းတို့သည် အင်္ဂါဂြိုဟ်၏ ပတ်လမ်းကြောင်းအတွင်းသို့ ဖမ်းယူခြင်းခံခဲ့ရသည့် ဥက္ကာခဲများ (asteroids) ဖြစ်သည်ဟု ဆိုထားသည်။

အရံဂြိုဟ် နှစ်စင်းစလုံးကို ၁၈၇၇ ခုနှစ်တွင် အာဆက်ဖ် ဟောလ် (Asaph Hall) က စမ်းသပ်တွေ့ရှိခဲ့ပြီး၊ ဂရိ ဒဏ္ဍာရီတွင် ခမည်းတော် စစ်နတ်ဘုရား အဲရီးဇ် (Ares) နှင့်အတူ စစ်ပွဲအတွင်း သို့ လိုက်ပါသွားကြသည့် အမြွှာညီနောင်များဖြစ်သော ဖိုးဘော့စ် (ထိတ်လန့်ခြင်းနှင့် ကြောက်ရွံ့ခြင်းဆိုင်ရာ နတ်ဘုရား) နှင့် ဒီးမော့စ် (ထောက်လှန့်ခြင်းနှင့် ထိတ်လန့်တုန်လှုပ်ခြင်းဆိုင်ရာ နတ်ဘုရား) ဇာတ်ကောင်များကို အစွဲပြု၍ အမည်ပေးခဲ့ခြင်း ဖြစ်သည်။[၂၄] အင်္ဂါဂြိုဟ်သည် ရောမတို့၏ သတ်မှတ်ချက်အရ အရီးစ် နတ်ဘုရားနှင့် ထပ်တူညီသည်။ ခေတ်သစ် ဂရိဘာသာစကားတွင် အဆိုပါဂြိုဟ်သည် ယင်း၏ ရှေးဟောင်းအမည် အရီးစ် (Aris: Άρης) ကို ဆက်လက် ထိန်းသိမ်းထားသည်။

အင်္ဂါဂြိုဟ် မျက်နှာပြင်မှကြည့်လျှင် ဖိုးဘော့စ်နှင့် ဒီးမော့စ်တို့၏ ရွေ့လျားမှုများသည် ကမ္ဘာ့အရံလ၏ ရွေ့လျားမှုနှင့် မတူဘဲ ကွဲပြားနေသည်။ ဖိုးဘော့စ်သည် အနောက်ဘက်မှ ထွက်ပေါ်လာပြီး အရှေ့ဘက်တွင် ဝင်ရောက်ကာ ၁၁ နာရီအတွင်း၌ပင် နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာသည်။ ဒီးမော့စ်မှာမူ ပတ်လမ်းကြာချိန်နှင့် ဂြိုဟ်၏ လည်ပတ်ချိန် ပတ်ဝန်းကျင် တူညီသည့် တူညီချိန် ပတ်လမ်းကြောင်း (synchronous orbit) ၏ အပြင်ဘက်နားလေး၌သာ ရှိနေသဖြင့် မျှော်လင့်ထားသည့်အတိုင်း အရှေ့ဘက်မှ ထွက်ပေါ်လာသော်လည်း အလွန် နှေးကွေးသည်။ ဖိုးဘော့စ်၏ ပတ်လမ်းကြောင်းသည် တူညီချိန် အမြင့်ပိုင်းအောက်၌ တည်ရှိသောကြောင့် အင်္ဂါဂြိုဟ်၏ ဒီရေဆိုင်ရာ အားများ (tidal forces) က ယင်း၏ ပတ်လမ်းကြောင်းကို တဖြည်းဖြည်း နိမ့်ကျသွားစေသည်။ နောင် နှစ်သန်းပေါင်း ၅၀ ခန့်အကြာတွင် ဖိုးဘော့စ်သည် အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်သို့ ပျက်ကျသွားနိုင်သကဲ့သို့ ဂြိုဟ်ကို ပတ်လှည့်နေသည့် ကွင်းဆက် ရုပ်သွင်တစ်ခုအဖြစ်သို့လည်း ပြိုကွဲသွားနိုင်သည်။[၂၅]

ဤအရံဂြိုဟ် နှစ်စင်း၏ မူလအစကို သေချာစွာ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ ၎င်းတို့၏ အလင်းပြန်နှုန်း နည်းပါးခြင်းနှင့် ကာဗွန်ဓာတ်ပါ ကာဗွန်နေးရှပ် ချွန်ဒရိုက် (carbonaceous chondrite) ပါဝင်မှုတို့သည် ဥက္ကာခဲများနှင့် ဆင်တူသည်ဟု ယူဆရသဖြင့် ဖမ်းယူခြင်းခံရသည်ဆိုသော ယူဆချက်ကို ထောက်ခံနေသည်။ ဖိုးဘော့စ်၏ မတည်ငြိမ်သော ပတ်လမ်းကြောင်းသည်လည်း မကြာသေးမီကမှ ဖမ်းယူခြင်းခံခဲ့ရသည့် သဘောသို့ ညွှန်းဆိုနေသည်။ သို့သော်လည်း နှစ်စင်းစလုံးသည် အီကွေတာ အနီးတွင် စက်ဝိုင်းပုံစံ ပတ်လမ်းကြောင်းများ ရှိနေကြရာ၊ ၎င်းသည် ဖမ်းယူခြင်းခံရသည့် အရာများအတွက် ပုံမှန်မဟုတ်ဘဲ လိုအပ်သော ဖမ်းယူမှု ရူပဗေဒဆိုင်ရာ အရှိန်စနစ်များမှာလည်း ရှုပ်ထွေးလှသည်။ အင်္ဂါဂြိုဟ် သမိုင်းအစောပိုင်းတွင် ဒြပ်ထု စုစည်းဖြစ်ပေါ်မှု (Accretion) သည် ဖြစ်နိုင်ခြေရှိသော်လည်း၊ အကယ်၍ အတည်ပြုနိုင်ခဲ့ပါက အင်္ဂါဂြိုဟ် ကိုယ်တိုင်ထက် ဥက္ကာခဲများနှင့် ပိုမိုဆင်တူသည့် ပါဝင်မှုစနစ်အတွက်မူ အကြောင်းပြချက် ပေးနိုင်မည် မဟုတ်ပေ။[၂၆] အင်္ဂါဂြိုဟ်တွင် အချင်း မီတာ ၅၀ မှ ၁၀၀ (၁၆၀ မှ ၃၃၀ ပေ) ထက် သေးငယ်သော မတွေ့ရှိရသေးသည့် အရံလများ ရှိနေနိုင်သေးပြီး ဖိုးဘော့စ်နှင့် ဒီးမော့စ် အကြားတွင် ဖုန်မှုန့်ကွင်းဆက်တစ်ခု တည်ရှိနေသည်ဟု ခန့်မှန်းထားကြသည်။[၂၇]

အင်္ဂါဂြိုဟ်၏ အရံဂြိုဟ်များ ဖြစ်လာစေသည့် တတိယမြောက် ဖြစ်နိုင်ခြေမှာ တတိယ ဒြပ်ထုတစ်ခု၏ ပါဝင်ပတ်သက်မှု သို့မဟုတ် ပြင်းထန်သော ရိုက်ခတ် ပျက်စီးမှု အမျိုးအစားတစ်ခုကြောင့် ဖြစ်နိုင်သည်။ ဖိုးဘော့စ်၏ အတွင်းပိုင်းသည် အလွန်ပင် ပေါက်ရောက်ဆန်သော အခေါင်းပွပုံစံ ရှိနေကြောင်းနှင့် အင်္ဂါဂြိုဟ်မှ သိရှိထားသည့် phyllosilicates နှင့် အခြား သတ္တုဓာတ်များ အဓိက ပါဝင်နေကြောင်းကို ညွှန်းဆိုနေသည့် လတ်တလော အထောက်အထားများသည် ကမ္ဘာ့ အရံလ မူလအစ ဖြစ်တည်မှုဆိုင်ရာ လွှမ်းမိုးထားသည့် ယူဆချက်နှင့် အလားတူစွာ အင်္ဂါဂြိုဟ်ကို ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားခဲ့သော ပစ္စည်းများက အင်္ဂါဂြိုဟ် ပတ်လမ်းအတွင်း၌ ပြန်လည် စုစည်းမိခြင်းမှ ဖိုးဘော့စ် ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်းကို ထောက်ပြနေသည်။ အဆိုပါ အရံလများ၏ မြင်နိုင်သော အရောင်နှင့် အနီအောက်ရောင်ခြည်အနီး ရောင်စဉ်များသည် အပြင်ဘက် ပတ်လမ်းကြောင်းရှိ ဥက္ကာခဲများနှင့် ဆင်တူသော်လည်း ဖိုးဘော့စ်၏ အပူဆိုင်ရာ အနီအောက်ရောင်ခြည် ရောမှာမူ မည်သည့် ချွန်ဒရိုက် (chondrites) အမျိုးအစားနှင့်မျှ ကိုက်ညီမှု မရှိကြောင်း အစီရင်ခံထားသည်။ ဖိုးဘော့စ်နှင့် ဒီးမော့စ်တို့သည် အင်္ဂါဂြိုဟ်ပေါ်သို့ ကြီးမားသော ရိုက်ခတ်မှုတစ်ရပ်မှ ဖြစ်ပေါ်လာသည့် အပျက်အစီးများဖြင့် ဖြစ်တည်ခဲ့သော ရှေးဟောင်း အရံလတစ်ခု၏ အစိတ်အပိုင်းများ ဖြစ်နိုင်ပြီး၊ နောက်ပိုင်းတွင် အဆိုပါ အရံလပေါ်သို့ ပိုမို၍ လတ်တလော ကျရောက်ခဲ့သည့် ရိုက်ခတ်မှုတစ်ခုကြောင့် ပြိုကွဲပျက်စီးသွားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။[၂၈]


ပိုမို လတ်တလောအားဖြင့် နိုင်ငံအများအပြားမှ သုတေသနအဖွဲ့တစ်ဖွဲ့၏ လေ့လာဆန်းစစ်ချက်အရ အတိတ်ကာလက ဖိုးဘော့စ်ထက် အနည်းဆုံး ၁၅ ဆမျှ ကြီးမားသော ပျောက်ဆုံးသွားသည့် အရံလတစ်စင်း တည်ရှိခဲ့ဖူးနိုင်ကြောင်း ညွှန်းဆိုထားသည်။ ဂြိုဟ်ပေါ်ရှိ ဒီရေဆိုင်ရာ ဖြစ်စဉ်များကို ထောက်ပြနေသည့် ကျောက်ဆောင်များကို ဆန်းစစ်ခြင်းအားဖြင့် အဆိုပါ ဒီရေတက်မှုများကို အတိတ်က တည်ရှိခဲ့သော အရံလတစ်စင်းက ထိန်းညှိပေးခဲ့ခြင်း ဖြစ်နိုင်ပေသည်။[၂၉]

လေထု

Image of Mars
Hope အာကာသယာဉ်မှ မြင်ရသော အင်္ဂါဂြိုဟ်လေထု

အင်္ဂါဂြိုဟ်သည် လွန်ခဲ့သော နှစ်ပေါင်း ၄ ဘီလီယံက ဂြိုဟ်သိမ်များ မကြာခဏ ရိုက်ခတ်မှုကြောင့် ၎င်း၏ သံလိုက်စက်ကွင်းအလွှာ (magnetosphere) ပျောက်ကွယ်ခဲ့ရပြီး၊[၃၀] ယင်းကြောင့် နေမှလာသော နေလေပြင်းများ (solar wind) သည် အင်္ဂါဂြိုဟ်၏ အိုင်းယွန်းလွှာ (ionosphere) နှင့် တိုက်ရိုက် ထိတွေ့ကာ အပြင်ဘက်အလွှာမှ အက်တမ်များကို တိုက်စားထုတ်ယူခြင်းဖြင့် လေထု၏ သိပ်သည်းဆကို လျော့ကျစေခဲ့သည်။[၃၁] Mars Global Surveyor နှင့် Mars Express အာကာသယာဉ် နှစ်စင်းစလုံးသည် အင်္ဂါဂြိုဟ်၏ အနောက်ဘက် အာကာသအတွင်းသို့ လွင့်ပါးထွက်ခွာသွားသော အိုင်းယွန်းဖြစ်နေသည့် လေထုအမှုန်အမွှားများကို စမ်းသပ်တွေ့ရှိခဲ့သည်။ ကမ္ဘာနှင့် နှိုင်းယှဉ်ပါက အင်္ဂါဂြိုဟ်၏ လေထုသည် အလွန်တရာ ကျဲပါးလှသည်။ ယနေ့ခေတ် မျက်နှာပြင်ပေါ်ရှိ လေထုဖိအားသည် အိုလန်ပတ်တောင်ပေါ်တွင် အနိမ့်ဆုံး ၃၀ ပါစကယ် (၀.၀၀၄၄ psi) မှ Hellas Planitia ဒေသတွင် ၁,၁၅၅ ပါစကယ် (၀.၁၆၇၅ psi) အထက်အထိ ရှိပြီး မျက်နှာပြင် အဆင့်ရှိ ပျမ်းမျှ ဖိအားမှာ ၆၀၀ ပါစကယ် (၀.၀၈၇ psi) ဖြစ်သည်။ အင်္ဂါဂြိုဟ်ပေါ်ရှိ အမြင့်ဆုံး လေထုသိပ်သည်းဆသည် ကမ္ဘာ့မျက်နှာပြင်အထက် ကီလိုမီတာ ၃၅ (၂၂ မိုင်) ၌ တွေ့ရှိရသည့် သိပ်သည်းဆနှင့် ညီမျှသည်။ ထွက်ပေါ်လာသော ပျမ်းမျှ မျက်နှာပြင် ဖိအားမှာ ကမ္ဘာ့ဖိအားဖြစ်သော ၁၀၁.၃ ကီလိုပါစကယ် (၁၄.၆၉ psi) ၏ ၀.၆ ရာခိုင်နှုန်းမျှသာ ရှိသည်။ အင်္ဂါဂြိုဟ်၏ မျက်နှာပြင် ဆွဲငင်အားသည် ကမ္ဘာ့ဆွဲငင်အား၏ ၃၈ ရာခိုင်နှုန်းခန့်မျှသာ ရှိသောကြောင့်[၃၂] လေထု၏ စကေးအမြင့် (scale height) မှာ ၁၀.၈ ကီလိုမီတာ (၆.၇ မိုင်) ခန့် ရှိပြီး ကမ္ဘာ့စကေးအမြင့်ဖြစ်သော ၆ ကီလိုမီတာ (၃.၇ မိုင်) ထက် ပိုမိုမြင့်မားသည်။

အင်္ဂါဂြိုဟ်၏ လေထုတွင် ကာဗွန်ဒိုင်အောက်ဆိုက် ၉၆ ရာခိုင်နှုန်းခန့်၊ အာဂွန် ၁.၉၃ ရာခိုင်နှုန်းနှင့် နိုက်ထရိုဂျင် ၁.၈၉ ရာခိုင်နှုန်းတို့ ပါဝင်ပြီး အောက်ဆီဂျင်နှင့် ရေဓာတ် ပမာဏ အနည်းငယ်တို့လည်း ပါဝင်သည်။[၃၃] လေထုအတွင်း အချင်း ၁.၅ မိုက်ခရိုမီတာခန့်ရှိသော အမှုန်အမွှားများ ပါဝင်သဖြင့် အလွန် ဖုန်ထူထပ်ပြီး မျက်နှာပြင်မှ ကြည့်ရှုပါက အင်္ဂါဂြိုဟ်၏ မိုးကောင်းကင်ကို ဝါညိုရောင် တင်ကျန်စေသည်။ လေထုအတွင်း လွင့်ပျံ့နေသော သံအောက်ဆိုက် အမှုန်များကြောင့် ပန်းရောင်သန်းသည့် အရောင်အဖြစ်သို့လည်း ပြောင်းလဲသွားနိုင်သည်။

အင်္ဂါဂြိုဟ်ပေါ်တွင် မီသိန်းဓာတ်ကို မကြာခဏ စမ်းသပ်တွေ့ရှိခဲ့သော်လည်း[၃၄] ယင်း၏ မူလအစနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များအကြား ဘုံသဘောတူညီချက် မရှိသေးပေ။[၃၅] အယူအဆတစ်ခုမှာ အင်္ဂါဂြိုဟ်ပေါ်တွင် မီသိန်း တည်ရှိပြီး ယင်း၏ ပါဝင်မှု ပမာဏသည် ရာသီအလိုက် ပြောင်းလဲမှု ရှိသည်ဟူ၍ ဖြစ်သည်။[၃၆] မီသိန်း တည်ရှိမှုသည် အင်္ဂါဂြိုဟ်ပေါ်တွင် တွေ့ရှိရလေ့ရှိသည့် အိုလီဗင်း (olivine) သတ္တုဓာတ်၊ ရေနှင့် ကာဗွန်ဒိုင်အောက်ဆိုက်တို့ ပါဝင်သော ဆာပင်တိုင်းနိုက်ဇေးရှင်း (serpentinization) ကဲ့သို့သော ဇီဝမဟုတ်သည့် ဖြစ်စဉ်များမှ သို့မဟုတ် အင်္ဂါဂြိုဟ် သက်ရှိများမှ ထွက်ရှိလာခြင်း ဖြစ်နိုင်သည်။

ကမ္ဘာနှင့် နှိုင်းယှဉ်ပါက လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှု ပိုမိုမြင့်မားခြင်းနှင့် မျက်နှာပြင်ဖိအား နည်းပါးခြင်းတို့ကြောင့် လေမှလွဲ၍ သဘာဝ အသံမြည်ရာ ရင်းမြစ်များ ရှားပါးသည့် အင်္ဂါဂြိုဟ်ပေါ်တွင် အသံတုန်ခါမှု ပိုမို လျော့နည်း ပျောက်ကွယ်သွားရခြင်း ဖြစ်နိုင်သည်။ Perseverance စူးစမ်းလေ့လာရေးယာဉ်မှ ဖမ်းယူရရှိသော အသံမှတ်တမ်းများကို အသုံးပြု၍ သုတေသနပြုသူများက အင်္ဂါဂြိုဟ်ပေါ်ရှိ အသံ၏ အရှိန်မှာ ကြိမ်နှုန်း ၂၄၀ ဟာဇ် (Hz) အောက်အတွက် တစ်စက္ကန့်လျှင် ၂၄၀ မီတာခန့် ရှိပြီး ၂၄၀ ဟာဇ် အထက်အတွက် တစ်စက္ကန့်လျှင် ၂၅၀ မီတာခန့် ရှိကြောင်း ကောက်ချက်ချခဲ့ကြသည်။[၃၇][၃၈]

အင်္ဂါဂြိုဟ်ပေါ်တွင် ဥတ္တရအလင်းများ (auroras) ကိုလည်း တွေ့ရှိထားသည်။[၃၉][၄၀][၄၁] အင်္ဂါဂြိုဟ်၌ ဂြိုဟ်တခုလုံးဆိုင်ရာ သံလိုက်စက်ကွင်း မရှိသောကြောင့် ထိုနေရာရှိ ဥတ္တရအလင်း အမျိုးအစားများနှင့် ဖြန့်ကျက်မှုတို့သည် ကမ္ဘာပေါ်ရှိ ဥတ္တရအလင်းများနှင့် ကွဲပြားကြရာ[၄၂] ကမ္ဘာပေါ်၌ ဝန်ရိုးစွန်း ဒေသများ၌သာ အဓိက ကန့်သတ်ဖြစ်ပေါ်သကဲ့သို့ မဟုတ်ဘဲ အင်္ဂါဂြိုဟ်ရှိ ဥတ္တရအလင်းများသည် ဂြိုဟ်တစ်ခုလုံးကို လွှမ်းခြုံဖြစ်ပေါ်နိုင်သည်။[၄၃] နာဆာက ၂၀၁၇ ခုနှစ် စက်တင်ဘာလလယ်၌ ဖြစ်ပေါ်ခဲ့သော မထင်မှတ်ဘဲ ကြီးမားသည့် နေရောင်ခြည် မုန်တိုင်းကြောင့် အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်ရှိ ရေဒီယိုသတ္တိကြွမှု ပမာဏသည် ယာယီအားဖြင့် နှစ်ဆ မြင့်တက်ခဲ့ပြီး ယခင် စောင့်ကြည့်တွေ့ရှိခဲ့ဖူးသမျှထက် ၂၅ ဆမျှ ပိုမို လင်းလက်သော ဥတ္တရအလင်းနှင့် ဆက်စပ်ဖြစ်ပေါ်ခဲ့ကြောင်း အစီရင်ခံခဲ့သည်။[၄၃][၄၄]

သက်ရှိများ ရှင်သန်နိုင်စွမ်း

အင်္ဂါဂြိုဟ်သည် နေအဖွဲ့အစည်းတွင် ကမ္ဘာနှင့် အနီးဆုံးဂြိုဟ်ဖြစ်သဖြင့် လူသားတို့က သက်ရှိများရှိနိုင်မရှိနိုင် မေးခွန်းထုတ်ကြသည်။ နေအဖွဲ့အစည်းမှ အခြားဂြိုဟ်များနှင့် နှိုင်းယှဉ်လျှင် ရာသီဥတုများမှာ အတူဆုံးဖြစ်သည်။ အင်္ဂါဂြိုဟ်၏ ဝင်ရိုးပေါ်၌ တိမ်းစောင်းသော ဒီဂရီမှာလည်း ကမ္ဘာနှင့် အတူဆုံးဖြစ်သည်။ သို့သော် အင်္ဂါဂြိုဟ်သည် ကမ္ဘာနှင့်စာလျှင် နေမှပိုဝေးသဖြင့် ရာသီဥတုများမှာ ကမ္ဘာထက်ပို၍ ရှည်ကြာသည်။ ရလဒ်အားဖြင့် အင်္ဂါဂြိုဟ်၏ နှစ်တစ်နှစ်မှာ ကမ္ဘာ၏နှစ်တစ်နှစ်ထက်ပို၍ ရှည်လျားသည်။ အင်္ဂါဂြိုဟ်၏လေထုမှာ ကမ္ဘာ၏လေထုထက်ပို၍ ပါးလွှာသည်။ အံဩစရာကောင်းလောက်အောင်ပင် အင်္ဂါဂြိုဟ်၏ အပူချိန်မှာ ဆောင်းရာသီတွင် ဝင်ရိုးစွန်းဒေသတို့တွင် အနှုတ် ၁၁၃ဒီဂရီဆဲလ်စီးယပ်မျှရှိပြီး နွေရာသီတွင် သုည ဒီဂရီဆဲလ်စီးယပ် မျှရှိသည်။ အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိနေကြောင်းကို နာဆာ (NASA) က ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က အတည်ပြုခဲ့သည်။

၁၉ ရာစုနှောင်းပိုင်းတွင် အင်္ဂါဂြိုဟ်ပေါ်၌ အောက်ဆီဂျင်နှင့် ရေများ ရှိနေခြင်း အပါအဝင် သက်ရှိများ မှီတင်းနေထိုင်နိုင်သည့် အခြေအနေများ ရှိသည်ဟူသော အယူအဆကို အာကာသဗေဒ အသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် လက်ခံခဲ့ကြသည်။ သို့သော်လည်း ၁၈၉၄ ခုနှစ်တွင် Lick လေ့လာရေးစခန်းမှ W. W. Campbell က အဆိုပါဂြိုဟ်ကို လေ့လာစောင့်ကြည့်ခဲ့ရာ "အကယ်၍ အင်္ဂါဂြိုဟ်၏ လေထုအတွင်း ရေငွေ့ သို့မဟုတ် အောက်ဆီဂျင် တည်ရှိခဲ့ပါက ထိုအချိန်က ရရှိနိုင်သော ရောင်စဉ်တိုင်းကိရိယာများ (spectroscopes) ဖြင့် စမ်းသပ်တွေ့ရှိနိုင်ရန် ပမာဏ နည်းပါးလွန်းလှသည်" ဟု တွေ့ရှိခဲ့သည်။ ထိုစောင့်ကြည့်လေ့လာချက်သည် ထိုခေတ်ကာလ၏ တိုင်းတာမှုများစွာနှင့် ဆန့်ကျင်ဘက်ဖြစ်နေသဖြင့် ကျယ်ကျယ်ပြန့်ပြန့် လက်ခံခြင်း မရှိခဲ့ပေ။ Campbell နှင့် V. M. Slipher တို့သည် ၁၉၀၉ ခုနှစ်တွင် ပိုမိုကောင်းမွန်သော ကိရိယာများကို အသုံးပြု၍ အဆိုပါ လေ့လာမှုကို ထပ်မံပြုလုပ်ခဲ့သော်လည်း ရလဒ်များမှာ အတူတူပင် ဖြစ်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် W. S. Adams က ဤတွေ့ရှိချက်များကို အတည်မပြုနိုင်ခဲ့မီအထိ အင်္ဂါဂြိုဟ်ပေါ်၌ ကမ္ဘာမြေကဲ့သို့ သက်ရှိများ မှီတင်းနေထိုင်နိုင်သည်ဆိုသည့် ဒဏ္ဍာရီမှာ ပျက်ပြယ်မသွားခဲ့ပေ။ သို့သော်လည်း ၁၉၆၀ ပြည့်လွန်နှစ်များအထိ အင်္ဂါဂြိုဟ်၏ ရာသီအလိုက် ပြောင်းလဲမှုများအတွက် သက်ရှိများကြောင့်မဟုတ်သည့် အခြားရှင်းလင်းချက်များကို ဘေးဖယ်၍ အင်္ဂါဂြိုဟ်ဆိုင်ရာ ဇီဝဗေဒအကြောင်း ဆောင်းပါးများ ရေးသားထုတ်ဝေခဲ့ကြသည်။

ဂြိုဟ်များ၌ သက်ရှိများ မှီတင်းနေထိုင်နိုင်မှု (ကမ္ဘာကြီးတစ်ခုတွင် သက်ရှိများ စတင်ဖြစ်ပေါ်လာရေးအတွက် သင့်တော်သော ပတ်ဝန်းကျင်အခြေအနေများ ဖြစ်ထွန်းလာနိုင်သည့် စွမ်းရည်) ဆိုင်ရာ လက်ရှိ နားလည်သဘောပေါက်မှုသည် ၎င်း၏ မျက်နှာပြင်ပေါ်တွင် ဒြပ်ရည်အဖြစ် တည်ရှိသော ရေရှိသည့် ဂြိုဟ်များကို ပိုမိုဦးစားပေးသည်။ အများအားဖြင့် ဤသို့ဖြစ်ရန် ဂြိုဟ်၏ ပတ်လမ်းကြောင်းသည် သက်ရှိများ မှီတင်းနေထိုင်နိုင်သောဇုန် (habitable zone) အတွင်း ကျရောက်ရန် လိုအပ်ပြီး၊ နေအတွက် အဆိုပါဇုန်သည် ကမ္ဘာ့ပတ်လမ်းကြောင်း အတွင်းဘက်မှ အင်္ဂါဂြိုဟ်၏ ပတ်လမ်းကြောင်းအထိ ကျယ်ပြန့်သည်ဟု ခန့်မှန်းထားကြသည်။ အင်္ဂါဂြိုဟ်သည် နေနှင့် အနီးဆုံးအမှတ် (perihelion) သို့ ရောက်ရှိချိန်တွင် ဤဒေသအတွင်းသို့ ရောက်ရှိသွားသော်လည်း အင်္ဂါဂြိုဟ်၏ ကျဲပါးသော (ဖိအားနည်းသော) လေထုကြောင့် ဒြပ်ရည်အဖြစ် တည်ရှိသော ရေသည် ကျယ်ပြန့်သော ဒေသများ၌ အချိန်ကြာမြင့်စွာ တည်ရှိနေခြင်းကို တားဆီးထားသည်။ အတိတ်ကာလက ဒြပ်ရည်အဖြစ် စီးဆင်းခဲ့သော ရေထု အထောက်အထားများသည် ထိုဂြိုဟ်၏ သက်ရှိများ မှီတင်းနေထိုင်နိုင်သည့် အလားအလာကို ဖော်ပြနေသည်။ လတ်တလော အထောက်အထားများအရ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်ရှိ မည်သည့် ရေထုမဆို ပုံမှန် ကမ္ဘာမြေပေါ်ရှိ သက်ရှိများကို ထောက်ပံ့ပေးရန်အတွက် ဆားဓာတ်နှင့် အက်ဆစ်ဓာတ် လွန်ကဲနေနိုင်ကြောင်း ညွှန်းဆိုထားသည်။

အင်္ဂါဂြိုဟ်ပေါ်ရှိ ပတ်ဝန်းကျင် အခြေအနေများသည် ဇီဝသက်ရှိများ တည်တံ့ခိုင်မြဲရေးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ ထိုဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် အပူကူးပြောင်းမှု နည်းပါးခြင်း၊ သံလိုက်စက်ကွင်း မရှိခြင်းကြောင့် နေမှလာသော နေလေပြင်းများ တိုက်ခတ်ခံရမှုမှ ကာကွယ်ပေးနိုင်စွမ်း အားနည်းခြင်းနှင့် ရေကို အရည်အဖြစ် ထိန်းသိမ်းထားရန် လေထုဖိအား မလုံလောက်ခြင်း (ယင်းအစား ရေသည် အငွေ့အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားသည်) တို့ ဖြစ်ကြသည်။ အင်္ဂါဂြိုဟ်သည် နီးပါးမျှ သို့မဟုတ် လုံးဝ အကန့်အသတ်မရှိ ရူပဗေဒဆိုင်ရာ အသက်ကင်းမဲ့နေပြီ ဖြစ်သည်၊ မီးတောင်လှုပ်ရှားမှုများ အဆုံးသတ်သွားခြင်းသည် ဂြိုဟ်၏ မျက်နှာပြင်နှင့် အတွင်းပိုင်းကြား ဓာတုပစ္စည်းများနှင့် သတ္တုဓာတ်များ သံသရာလည် ပြန်လည်အသုံးပြုမှုကို သိသိသာသာ ရပ်တန့်သွားစေခဲ့သည်။

အထောက်အထားများအရ ထိုဂြိုဟ်သည် ယနေ့ခေတ်ထက် ယခင်က သက်ရှိများ မှီတင်းနေထိုင်နိုင်မှု ပိုမိုအားကောင်းခဲ့ကြောင်း ညွှန်းဆိုနေသော်လည်း ထိုနေရာ၌ သက်ရှိများ တည်ရှိခဲ့ဖူးခြင်း ရှိမရှိကိုမူ မသိရှိရသေးပေ။ ၁၉၇၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းက ဗိုက်ကင်း (Viking) စူးစမ်းရေးယာဉ်များသည် ၎င်းတို့ ဆင်းသက်ခဲ့သည့် နေရာများ၌ အင်္ဂါဂြိုဟ် မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများကို ထောက်လှမ်းရန် ဒီဇိုင်းထုတ်ထားသော စမ်းသပ်မှုများကို သယ်ဆောင်သွားခဲ့ပြီး ရေနှင့် အာဟာရဓာတ်များ ထိတွေ့ချိန်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှု ခေတ္တတိုးတက်လာခြင်း အပါအဝင် အပြုသဘောဆောင်သော ရလဒ်များ ရရှိခဲ့သည်။ ဤသက်ရှိ အမှတ်အသားကို နောက်ပိုင်းတွင် သိပ္ပံပညာရှင်များက ငြင်းခုံခဲ့ကြသဖြင့် ငြင်းခုံဆွေးနွေးမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ရာ နာဆာ သိပ္ပံပညာရှင် Gilbert Levin က ဗိုက်ကင်းသည် သက်ရှိများကို တွေ့ရှိခဲ့ပုံရသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အင်္ဂါဂြိုဟ်မှ ကျရောက်လာသော ဥက္ကာခဲ EETA79001 ကို ဓာတ်ခွဲဆန်းစစ်ချက်အရ ကလောရိတ် (chlorate)၊ ပါကလောရိတ် (perchlorate) နှင့် နိုက်ထရိတ် အိုင်ယွန်များ လုံလောက်စွာ မြင့်မားသော ပမာဏဖြင့် တွေ့ရှိခဲ့ရသဖြင့် ၎င်းတို့သည် အင်္ဂါဂြိုဟ်ပေါ်တွင် ကျယ်ပြန့်စွာ တည်ရှိနေကြောင်း ညွှန်းဆိုနေသည်။ ခရမ်းလွန်ရောင်ခြည်နှင့် အက်စ်ရေးရောင်ခြည် ဖြာထွက်မှုများသည် ကလောရိတ်နှင့် ပါကလောရိတ် အိုင်ယွန်များကို အခြားသော ဓာတ်ပြုမှုလွန်ကဲသည့် အောက်ဆီကလိုရင်းများအဖြစ်သို့ ပြောင်းလဲစေမည်ဖြစ်သဖြင့် မည်သည့် ဇီဝမော်လီကျူးမဆို ရှင်သန်နိုင်ရန်အတွက် မျက်နှာပြင်အောက်တွင် မြှုပ်နှံထားရမည် ဖြစ်ကြောင်း ညွှန်းဆိုနေသည်။

အင်္ဂါဂြိုဟ် ပတ်လမ်းကြောင်းသွား ယာဉ်များမှ စမ်းသပ်တွေ့ရှိရသည့် မီသိန်းနှင့် ဖောမဲလ်ဒီဟိုက် ပမာဏအနည်းငယ်တို့သည် အဆိုပါ ဓာတုပေါင်းစပ်မှုများသည် အင်္ဂါဂြိုဟ် လေထုအတွင်း မြန်ဆန်စွာ ပြိုကွဲသွားမည် ဖြစ်သဖြင့် သက်ရှိများ တည်ရှိနိုင်ခြေရှိသော အထောက်အထားများအဖြစ် အခိုင်အမာ ဆိုကြသည်။ အခြားတစ်ဖက်တွင် အဆိုပါ ပေါင်းစပ်မှုများသည် မီးတောင် သို့မဟုတ် Serpentinite ကဲ့သို့သော အခြား ရူပဗေဒဆိုင်ရာ နည်းလမ်းများဖြင့် ပြန်လည်ဖြည့်တင်းပေးခြင်းလည်း ဖြစ်နိုင်သည်။ ကမ္ဘာမြေပေါ်တွင် သက်ရှိအမှတ်အသားများကို ထိန်းသိမ်းပေးနိုင်သော ဥက္ကာခဲများ ထိမှန်မှုကြောင့် ဖြစ်ပေါ်လာသည့် ရိုက်ခတ်ဖန် (Impact glass) များကိုလည်း အင်္ဂါဂြိုဟ်ပေါ်ရှိ ဥက္ကာတွင်းများ၏ မျက်နှာပြင်ပေါ်တွင် တွေ့ရှိထားသည်။[၄၅][၄၆] အလားတူပင် အင်္ဂါဂြိုဟ်ပေါ်ရှိ ဥက္ကာတွင်းများမှ ဖန်များသည်လည်း ထိုနေရာ၌ သက်ရှိများ တည်ရှိခဲ့ပါက သက်ရှိအမှတ်အသားများကို ထိန်းသိမ်းပေးထားနိုင်ခဲ့မည် ဖြစ်သည်။[၄၇][၄၈][၄၉]

၂၀၂၄ ခုနှစ် ဇွန်လတွင် အင်္ဂါဂြိုဟ်ပေါ်၌ တွေ့ရှိခဲ့သော Cheyava Falls ကျောက်ဆောင်ကို နာဆာက ဖြစ်နိုင်ခြေရှိသော ဇီဝအမှတ်အသား အဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာမြေသို့ ပြန်လည်ယူဆောင်ရန်နှင့် ဆက်လက်စစ်ဆေးရန်အတွက် Perseverance ရိုဗာမှ နမူနာ ရယူခဲ့သည်။ အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းသော်လည်း လက်ရှိရရှိနိုင်သော အချက်အလက်များဖြင့် ဤကျောက်ဆောင်၏ ဇီဝဗေဒဆိုင်ရာ သို့မဟုတ် ဇီဝမဲ့ဆိုင်ရာ မူလအစကို အတည်ပြု အဆုံးအဖြတ် လုံးဝ မပြုလုပ်နိုင်သေးပေ။[၅၀]

လူသိများသော ယဉ်ကျေးမှု

၁၈၉၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် အိပ်ခ်ျ ဂျီ ဝဲလ်စ် (H. G. Wells) ၏ ကမ္ဘာများ၏ စစ်ပွဲ ဝတ္ထုသည် လုပ်ကြံဖန်တီးထားသော အင်္ဂါဂြိုဟ်သားများ ကမ္ဘာဂြိုဟ်ကို ဝင်ရောက်ကျူးကျော်ပုံကို ပုံဖော်ထားခြင်း ဖြစ်သည်။

အင်္ဂါဂြိုဟ်နှင့်ပတ်သက်၍ ဇာတ်လမ်းအချို့ကိုရေးခဲ့ကြသည်။ စာရေးဆရာများက အင်္ဂါဂြိုဟ်တွင်နေထိုင်သော အသိဉာဏ်ရှိ သတ္တဝါများ Martians ဟုဖန်တီးရေးသားခဲ့ကြသည်။ ၁၉၃၈ ခုနှစ်တွင် အိတ်ချ်ဂျီဝဲလ်(H. G. Wells) က အင်္ဂါဂြိုဟ်သားတို့ ကမ္ဘာကို တိုက်ခိုက်သည့်အကြောင်းကို The War of the Worlds ဟူသော အမည်ဖြင့် ဝတ္ထုရေးခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် အော်ဆန် ဝဲလက်စ် (Orson Welles) က ထိုဇာတ်လမ်းကို အမေရိကန်ပြည်ထောင်စုတွင် ရေဒီယိုမှထုတ်လွှင့်ခဲ့ပြီး လူအများစုက တကယ်ဖြစ်ပျက်နေသည်ဟုထင်ကာ ကြောက်ရွံ့ခဲ့ကြသည်။ ၁၉၁၂ မှစ၍ အက်ဂ်ဂါရိုက်စ်ဘားရော့ဂ် (Edgar Rice Burroughs) က အင်္ဂါဂြိုဟ်ပေါ်ရှိ စွန့်စားခန်းများနှင့် ပတ်သက်၍ ဝတ္တုရေးခဲ့သည်။

အင်္ဂါဂြိုဟ်၏ အမည်ကို ရောမ စစ်နတ်ဘုရား (ဂရိနတ်ဘုရား အရီးစ် / Ares) ကို အစွဲပြု၍ ခေါ်ဆိုခဲ့ခြင်း ဖြစ်သော်လည်း၊ အရစ္စတိုတယ်၏ မှတ်တမ်းများအရ[၅၁] ရှေးခေတ် ဂရိ အာကာသဗေဒပညာရှင်များသည် ၎င်းကို နတ်ဘုရားတစ်ဝက် လူတစ်ဝက် ဖြစ်သော ဟာကျူလီ (ဂရိ ဟဲရာခလီးဇ်) နှင့်လည်း ဆက်စပ်တွဲဖက်ခဲ့ကြသည်။ အပေါ်ညာဘက်သို့ ဦးတည်နေသည့် လှံစွပ်ပါ စက်ဝိုင်းပုံစံ အင်္ဂါဂြိုဟ်၏ သင်္ကေတကို အမျိုးသား လိင်ညွှန်း သင်္ကေတအဖြစ်လည်း အသုံးပြုကြသည်။ ဤသင်္ကေတသည် အနည်းဆုံး ၁၁ ရာစုခန့်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သော်လည်း ယင်း၏ ရှေ့ပြေးပုံစံဟု ယူဆနိုင်သည်များကို ဂရိ Oxyrhynchus ပုရပိုက်မူများတွင် တွေ့ရှိထားပြီး ဖြစ်သည်။

အင်္ဂါဂြိုဟ်ပေါ်တွင် အသိဉာဏ်ရှိသော အင်္ဂါဂြိုဟ်သားများ နေထိုင်ကြသည်ဆိုသည့် အတွေးအခေါ်သည် ၁၉ ရာစုနှောင်းပိုင်းတွင် ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့သည်။ ရှာပါရဲလီ (Schiaparelli) ၏ မြောင်းများ (canali) တွေ့ရှိမှု စောင့်ကြည့်လေ့လာချက်များနှင့် ပါစီဗယ် လိုဝဲလ် (Percival Lowell) ၏ အဆိုပါအကြောင်းအရာဆိုင်ရာ စာအုပ်များ ပေါင်းစပ်လိုက်သောအခါ အင်္ဂါဂြိုဟ်သည် ခြောက်သွေ့၍ အေးစက်ကာ သေဆုံးနေပြီဖြစ်သော ကမ္ဘာကြီးတစ်ခုဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုများက ရေသွင်းမြောင်းများကို တည်ဆောက်ထားကြသည်ဆိုသည့် စံနမူနာပြ ယူဆချက် ဖြစ်ပေါ်လာခဲ့သည်။[၅၂] ထင်ရှားသော ပုဂ္ဂိုလ်များ၏ အခြားသော လေ့လာတွေ့ရှိချက်များနှင့် ကြေညာချက်များသည်လည်း အင်္ဂါဂြိုဟ် ရူးသွပ်မှု (Mars Fever) ဟု ခေါ်ဆိုကြသည့် ဖြစ်စဉ်ကို ပိုမိုအားကောင်းစေခဲ့သည်။ လက်ရှိအချိန်တွင် အင်္ဂါဂြိုဟ် မျက်နှာပြင်၏ ကြည်လင်ပြတ်သားမှုမြင့်မားသော မြေပုံညွှန်းများအရ သက်ရှိများ နေထိုင်ခဲ့သည့် အထောက်အထား တစ်စုံတစ်ရာမျှ မတွေ့ရှိရသေးသော်လည်း အင်္ဂါဂြိုဟ်ပေါ်ရှိ အသိဉာဏ်ရှိ သက်ရှိများအကြောင်း သာမန်သိပ္ပံထက် လွန်လွန်ကဲကဲ မှန်းဆချက်များ (pseudoscientific speculation) မှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်။ အဆိုပါ မြောင်းများ စောင့်ကြည့်လေ့လာချက်ကို သတိရစေသည့် အလားတူ မှန်းဆချက်များသည် အာကာသယာဉ် ရိုက်ကူးထားသော ပုံရိပ်များတွင် မြင်တွေ့ရသည့် ပိရမစ်များ နှင့် အင်္ဂါဂြိုဟ်ပေါ်မှ လူမျက်နှာပုံ ကဲ့သို့သော သေးငယ်သည့် မြေပြင်ရုပ်သွင်များပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။[၅၃] ဂြိုဟ်ဆိုင်ရာ အာကာသဗေဒပညာရှင် ကားလ် ဆေဂန် (Carl Sagan) က သူ၏ Cosmos စာအုပ်တွင် "အင်္ဂါဂြိုဟ်သည် ကျွန်ုပ်တို့ ကမ္ဘာမြေပေါ်ရှိ မျှော်လင့်ချက်များနှင့် စိုးရိမ်ပူပန်မှုများကို ထာဝရပုံရိပ်ယောင်အဖြစ် ထောက်ပြရာ ဒဏ္ဍာရီဆန်သော ကွင်းပြင်ကြီးတစ်ခု ဖြစ်လာခဲ့သည်" ဟု ရေးသားခဲ့သည်။

အင်္ဂါဂြိုဟ်၏ သိသာထင်ရှားသော အနီရောင်နှင့် ၎င်း၏ မျက်နှာပြင် အခြေအနေများသည် သက်ရှိများကိုတင်မကဘဲ အသိဉာဏ်ရှိ သက်ရှိများကိုပါ ထောက်ပံ့ပေးနိုင်သည်ဆိုသည့် ၁၉ ရာစု သိပ္ပံဆိုင်ရာ မှန်းဆချက်များသည် ဝတ္ထုတို/ရှည်များတွင် အင်္ဂါဂြိုဟ်ကို ပုံဖော်ဖွဲ့ဆိုမှုကို အားပေးလှုံ့ဆော်ခဲ့သည်။ ထိုမှတစ်ဆင့် H. G. Wells ၏ အင်္ဂါဂြိုဟ်သားများက သေဆုံးနေသော ဂြိုဟ်မှ လွတ်မြောက်ရန် ကမ္ဘာဂြိုဟ်ကို ကျူးကျော်ဝင်ရောက်သည့် The War of the Worlds၊ Ray Bradbury ၏ လူသားစူးစမ်းရှာဖွေသူများက အင်္ဂါဂြိုဟ် ယဉ်ကျေးမှုကို မတော်တဆ ဖျက်ဆီးလိုက်သည့် The Martian Chronicles အပြင် Edgar Rice Burroughs ၏ Barsoom စီးရီး၊ C. S. Lewis ၏ Out of the Silent Planet (၁၉၃၈) ဝတ္ထုနှင့် ၁၉၆၀ ရာစုနှစ်ဝက် မတိုင်မီ Robert A. Heinlein ရေးသားခဲ့သော ပုံပြင်ပေါင်းများစွာကဲ့သို့သော သိပ္ပံပညာဆိုင်ရာ စိတ်ကူးယဉ် ဇာတ်လမ်းများ ဖြစ်ပေါ်လာခဲ့သည်။ ထိုအချိန်မှစ၍ အင်္ဂါဂြိုဟ်သားများ၏ ပုံဖော်မှုများသည် ကာတွန်းရုပ်ရှင်များအထိ ကျယ်ပြန့်လာခဲ့သည်။ အသိဉာဏ်ရှိသော အင်္ဂါဂြိုဟ်သား ကာတွန်းဇာတ်ကောင် ဟာသပုံစံ Marvin the Martian ကို Warner Brothers ၏ Looney Tunes ကာတွန်းများတွင် Haredevil Hare (၁၉၄၈) ဇာတ်ကောင်အဖြစ် စတင်မိတ်ဆက်ခဲ့ပြီး ယနေ့ထက်ထိ ရေပန်းစားသော ယဉ်ကျေးမှု၏ အစိတ်အပိုင်းအဖြစ် တည်ရှိနေခဲ့သည်။ Mariner နှင့် Viking အာကာသယာဉ်များက အင်္ဂါဂြိုဟ်သည် သက်ရှိမရှိသော၊ ရေမြောင်းများမရှိသော ကမ္ဘာကြီးအဖြစ် ဓာတ်ပုံများ ပြန်လည်ပေးပို့လာပြီးနောက် အဆိုပါ အင်္ဂါဂြိုဟ်ဆိုင်ရာ စိတ်ကူးယဉ်ယူဆချက်များကို စွန့်လွှတ်ခဲ့ကြသည်။ သိပ္ပံပညာဆိုင်ရာ စာရေးဆရာအများစုအတွက် အသစ်တွေ့ရှိချက်များသည် စတင်ချိန်တွင် ကန့်သတ်ချက်များအဖြစ် ထင်မှတ်ခဲ့ရသော်လည်း နောက်ပိုင်းတွင် Viking ခေတ်လွန် အင်္ဂါဂြိုဟ်ဆိုင်ရာ အသိပညာများသည် Kim Stanley Robinson ၏ အင်္ဂါဂြိုဟ် သုံးတွဲပေါင်း ဝတ္ထု (Mars trilogy) ကဲ့သို့သော လက်ရာများအတွက် စိတ်ကူးဉာဏ်ကွန့်မြူးစရာ အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့သည်။[၅၄]

လွန်ခဲ့သော နှစ်ပေါင်း ၄ ဘီလီယံခန့်အကြာက အင်္ဂါဂြိုဟ်၏အခြေနေအား အနုပညာရှင်မှ ပုံဖော်ထားပုံ

ယနေ့အခြေအနေ

၂၀၀၈ ခုနှစ် မတ်လအချိန်ထိ သိပ္ပံပညာရှင်တို့ အနေဖြင့် အင်္ဂါဂြိုဟ်ပေါ်၌ ယခုလက်ရှိနေထိုင်သော သို့မဟုတ် မျိုးတုံးပျောက်ကွယ်သွားသော သက်ရှိဟူ၍ မတွေ့ရှိသေးပေ။ အချို့သော လူမပါသော အာကာသယာဉ်များသည် အင်္ဂါဂြိုဟ်သို့ ရောက်ရှိလေ့လာခဲ့ပြီးဖြစ်သည်။ အချို့မှာ အင်္ဂါဂြိုဟ်ကို လှည့်ပတ်သွားလာခဲ့ကြပြီး အချို့မှာ ဂြိုဟ်၏ မျက်နှာပြင်ပေါ်သို့ဆင်းသက်ခဲ့ကြသည်။ အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ကို ရိုက်ကူးထားသော ဓာတ်ပုံများကို အချို့သော အာကာသယာဉ်တို့မှ ရိုက်ယူပြီး ကမ္ဘာမြေပြင်သို့ ပြန်လည်ထုတ်လွှတ်ပေးပို့ခဲ့ကြသည်။ အချို့သောလူများက အင်္ဂါဂြိုဟ်ပေါ်သို့ လူများစေလွှတ်ရန်စိတ်ဝင်စားကြသည်။ သို့သော် အာကာသယာဉ်မှူးများအနေဖြင့် အာကာသထဲတွင် နှစ်ပေါင်းများစွာကြာအောင် နေရမည်ဖြစ်၍ ထိုအကြံအစည်မှာ အကောင်အထည်ပေါ်ရန် ခက်ခဲသည်။ (၂ဝ၂ဝ) ခုနှစ်တွင် နာဆာမှ လူလိုက်ပါသော အာကာသယာဉ်များဖြင့် အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများအားစေလွှတ်ရန် ရည်မှန်းထားသည်။ သို့​သော် (၂၀၂၁) ခုနှစ်အထိအ​ကောင်ထည်မ​ပေါ်​သေး​ပေ။NASA တွင်လက်ရှိတွင် (၂၀၂၀-၂၀၂၁) rovers နှစ်ခု (Curiosity and Perseverance)၊ Lander (InSight) နှင့် Mars (အင်္ဂါစပ်) တို့က Mars ၏မျက်နှာပြင်ကိုစူးစမ်းလေ့လာလျက်ရှိသည်။ ၂၀၂၁ ခုနှစ်မေလတွင်တရုတ်သည်၎င်း၏ Zhurong Mars rover ကိုထိမှန်သောအခါအင်္ဂါဂြိုဟ်ပေါ်တွင်အောင်မြင်စွာဆင်းသက်နိုင်သောဒုတိယမြောက်နိုင်ငံဖြစ်လာသည်။

ဆက်လက်ဖတ်ရှုရန်

ကျမ်းကိုး

  1. ↑ "Numerical expressions for precession formulae and mean elements for the Moon and planets" (February 1994). Astronomy and Astrophysics 282 (2): 663–683. Bibcode: 1994A&A...282..663S.
  2. ↑ The MeanPlane (Invariable plane) of the Solar System passing through the barycenter (April 3, 2009)။ 14 May 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 10, 2009 တွင် ပြန်စစ်ပြီး။ (produced with Solex 10 20 December 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . written by Aldo Vitagliano; see also invariable plane)
  3. 1 2 3 "Report of the IAU/IAG Working Group on cartographic coordinates and rotational elements: 2006" (2007). Celestial Mechanics and Dynamical Astronomy 98 (3): 155–180. doi:10.1007/s10569-007-9072-y. Bibcode: 2007CeMDA..98..155S.
  4. 1 2 3 4 Lodders, Katharina; Fegley, Bruce (1998)။ The planetary scientist's companion။ Oxford University Press US။ p. 190။ ISBN 0-19-511694-1။CS1 maint: multiple names: authors list (link)
  5. ↑ "Mars high resolution gravity fields from MRO, Mars seasonal gravity, and other dynamical parameters" (January 2011). Icarus 211 (1): 401–428. doi:10.1016/j.icarus.2010.10.004. Bibcode: 2011Icar..211..401K.
  6. ↑ Folkner, W. M. (1997). "Interior Structure and Seasonal Mass Redistribution of Mars from Radio Tracking of Mars Pathfinder". Science 278 (5344): 1749–1752. doi:10.1126/science.278.5344.1749. ISSN 00368075. Bibcode: 1997Sci...278.1749F.
  7. 1 2 3 4 5 Williams, David R. (September 1, 2004)။ Mars Fact Sheet။ National Space Science Data Center။ NASA။ 12 June 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 24, 2006 တွင် ပြန်စစ်ပြီး။
  8. ↑ Mallama, A. (2007). "The magnitude and albedo of Mars". Icarus 192 (2): 404–416. doi:10.1016/j.icarus.2007.07.011. Bibcode: 2007Icar..192..404M.
  9. ↑ What is the typical temperature on Mars?။ Astronomycafe.net။ August 14, 2012 တွင် ပြန်စစ်ပြီး။
  10. ↑ Mars Exploration Rover Mission: Spotlight။ Marsrover.nasa.gov (June 12, 2007)။ 2 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 14, 2012 တွင် ပြန်စစ်ပြီး။
  11. ↑ Mallama, A. (2011). "Planetary magnitudes". Sky and Telescope 121 (1): 51–56.
  12. ↑ Barlow၊ Nadine G. (2008)။ Mars: an introduction to its interior, surface and atmosphere။ Cambridge planetary science။ 8။ Cambridge University Press။ p. 21။ ISBN 0-521-85226-9။
  13. ↑ Rees၊ Martin J., ed. (October 2012)။ Universe: The Definitive Visual Guide။ New York: Dorling Kindersley။ pp. 160–161။ ISBN 978-0-7566-9841-6။
  14. ↑ Mars: Facts (in en-US)။ 4 July 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 September 2026 တွင် ပြန်စစ်ပြီး။
  15. ↑ Williams၊ Matthew (21 June 2016)။ What Are The Diameters of the Planets? (in en)။ 11 June 2026 တွင် ပြန်စစ်ပြီး။
  16. ↑ What Mars Maps Got Right (and Wrong) Through Time (in en) (19 October 2016)။ 21 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2022 တွင် ပြန်စစ်ပြီး။
  17. ↑ Tanaka၊ Kenneth L.; Coles၊ Kenneth S.; Christensen၊ Philip R., eds. (2019)၊ "Syrtis Major (MC-13)"၊ The Atlas of Mars: Mapping its Geography and Geology၊ Cambridge: Cambridge University Press၊ pp. 136–139၊ doi:10.1017/9781139567428.018၊ ISBN 978-1-139-56742-8၊ S2CID 240843698 |s2cid= တန်ဖိုး စစ်ဆေးရန် (အကူအညီ)၊ 1 March 2024 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ၊ 18 January 2022 တွင် ပြန်စစ်ပြီး
  18. ↑ "A preliminary control net of Mars" (10 January 1971). Journal of Geophysical Research 76 (2): 373–393. doi:10.1029/JB076i002p00373. Bibcode: 1971JGR....76..373D.
  19. ↑ de Vaucouleurs၊ Gerard; Davies၊ Merton E.; Sturms၊ Francis M. Jr. (1973)၊ "Mariner 9 Areographic Coordinate System"၊ Journal of Geophysical Research၊ 78 (20): 4395–4404၊ Bibcode:1973JGR....78.4395D၊ doi:10.1029/JB078i020p04395
  20. ↑ "A New Reference Equipotential Surface, and Reference Ellipsoid for the Planet Mars" (2009). Earth, Moon, and Planets 106 (1): 1–13. doi:10.1007/s11038-009-9342-7. ISSN 0167-9295.
  21. ↑ ESA Science & Technology – Using iMars: Viewing Mars Express data of the MC11 quadrangle။ 29 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 December 2021 တွင် ပြန်စစ်ပြီး။
  22. ↑ Chang၊ Kenneth။ "New Mars Map Lets You 'See the Whole Planet at Once' – Scientists assembled 3,000 images from an Emirati orbiter to create the prettiest atlas yet of the red planet."၊ The New York Times၊ 15 April 2023။
  23. ↑ Staff။ "Welcome to Mars! Caltech's Jaw-Dropping, 5.7 Terapixel Virtual Expedition Across the Red Planet"၊ SciTech၊ 16 April 2023။
  24. ↑ Planetary Names။ 30 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 May 2022 တွင် ပြန်စစ်ပြီး။
  25. ↑ Phobos (19 December 2019)။ 12 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 January 2022 တွင် ပြန်စစ်ပြီး။
  26. ↑ Explaining the Birth of the Martian Moons (in en-US)။ American Astronomical Society (23 September 2016)။ 13 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 December 2021 တွင် ပြန်စစ်ပြီး။
  27. ↑ Adler၊ M.; Owen၊ W.; Riedel၊ J. (June 2012)။ Use of MRO Optical Navigation Camera to Prepare for Mars Sample Return (PDF)။ Concepts and Approaches for Mars Exploration. 12–14 June 2012. Houston, Texas.။ 4337။ Bibcode:2012LPICo1679.4337A။ 26 December 2018 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ 28 August 2012 တွင် ပြန်စစ်ပြီး။
  28. ↑ "Dynamical evidence for Phobos and Deimos as remnants of a disrupted common progenitor" (22 February 2021). Nature Astronomy 5 (6): 539–543. doi:10.1038/s41550-021-01306-2. Bibcode: 2021NatAs...5..539B.
  29. ↑ Benningfield၊ Damond (11 December 2025)။ Ancient Lake on Mars May Have Risen and Fallen Under the Tidal Pull of a Long Lost Moon (in en-US)။ 13 December 2025 တွင် ပြန်စစ်ပြီး။
  30. ↑ Grossman၊ Lisa (20 January 2011)။ "Multiple Asteroid Strikes May Have Killed Mars's Magnetic Field"။ Wired။ 30 December 2013 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ 30 March 2022 တွင် ပြန်စစ်ပြီး။
  31. ↑ Jakosky, Bruce M. (1 April 2022). "How did Mars lose its atmosphere and water?". Physics Today 75 (4): 62–63. doi:10.1063/PT.3.4988. ISSN 0031-9228. Bibcode: 2022PhT....75d..62J.
  32. ↑ Mars Facts | All About Mars (in en) (10 November 2017)။ 10 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 December 2021 တွင် ပြန်စစ်ပြီး။
  33. ↑ "Abundance and Isotopic Composition of Gases in the Martian Atmosphere from the Curiosity Rover" (19 July 2013). Science 341 (6143): 263–266. doi:10.1126/science.1237966. PMID 23869014. Bibcode: 2013Sci...341..263M.
  34. ↑ Shekhtman၊ Lonnie (22 April 2024)။ Why is Methane Seeping on Mars? NASA Scientists Have New Ideas – NASA Science (in en-US)။ NASA Science။ 1 January 2026 တွင် ပြန်စစ်ပြီး။
  35. ↑ Sutter၊ Paul (16 November 2024)။ What's Behind the Martian Methane Mystery? (in en)။ 1 January 2026 တွင် ပြန်စစ်ပြီး။
  36. ↑ Sample၊ Ian။ "Nasa Mars rover finds organic matter in ancient lake bed"၊ The Guardian၊ 7 June 2018။
  37. ↑ Wright, Katherine (22 March 2022). "Sound Speed Measured on Mars". Physics 15. doi:10.1103/Physics.15.43. Bibcode: 2022PhyOJ..15...43W.
  38. ↑ "In situ recording of Mars soundscape" (1 April 2022). Nature 605 (7911): 653–658. doi:10.1038/s41586-022-04679-0. ISSN 0028-0836. PMID 35364602. Bibcode: 2022Natur.605..653M.
  39. ↑ Chow၊ Denise (7 December 2021)။ In an ultraviolet glow, auroras on Mars spotted by UAE orbiter (in en)။ 7 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 December 2021 တွင် ပြန်စစ်ပြီး။
  40. ↑ Auroras on Mars – NASA Science (10 May 2015)။ 14 May 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 May 2015 တွင် ပြန်စစ်ပြီး။ ကန့်သတ်ချက်မဲ့ လူထုပိုင်ဖြစ်သော ဤအကိုးအကားမှ အကြောင်းအရာအချက်အလက်များကို ဤဆောင်းပါးတွင်ပါဝင်ဖေါ်ပြထားသည်။
  41. ↑ NASA Spacecraft Detects Aurora and Mysterious Dust Cloud around Mars။ NASA (18 March 2015)။ 19 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 March 2015 တွင် ပြန်စစ်ပြီး။ ကန့်သတ်ချက်မဲ့ လူထုပိုင်ဖြစ်သော ဤအကိုးအကားမှ အကြောင်းအရာအချက်အလက်များကို ဤဆောင်းပါးတွင်ပါဝင်ဖေါ်ပြထားသည်။
  42. ↑ "Discovery of a proton aurora at Mars" (October 2018). Nature Astronomy 2 (10): 802–807. doi:10.1038/s41550-018-0538-5. ISSN 2397-3366. Bibcode: 2018NatAs...2..802D.
  43. 1 2 "Global Aurora on Mars During the September 2017 Space Weather Event" (16 August 2018). Geophysical Research Letters 45 (15): 7391–7398. doi:10.1029/2018GL077772. Bibcode: 2018GeoRL..45.7391S.
  44. ↑ Large Solar Storm Sparks Global Aurora and Doubles Radiation Levels on the Martian Surface။ NASA (29 September 2017)။ 1 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2018 တွင် ပြန်စစ်ပြီး။ ကန့်သတ်ချက်မဲ့ လူထုပိုင်ဖြစ်သော ဤအကိုးအကားမှ အကြောင်းအရာအချက်အလက်များကို ဤဆောင်းပါးတွင်ပါဝင်ဖေါ်ပြထားသည်။
  45. ↑ Nickel၊ Mark။ "Impact glass stores biodata for millions of years"၊ Brown University၊ 18 April 2014။
  46. ↑ "Preserved flora and organics in impact melt breccias" (June 2014). Geology 42 (6): 515–518. doi:10.1130/G35343.1. Bibcode: 2014Geo....42..515S.
  47. ↑ Brown၊ Dwayne; Webster၊ Guy; Stacey၊ Kevin (8 June 2015)။ "NASA Spacecraft Detects Impact Glass on Surface of Mars" (သတင်းထုတ်ပြန်ချက်)။ NASA။ 9 June 2015 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ 9 June 2015 တွင် ပြန်စစ်ပြီး။ ကန့်သတ်ချက်မဲ့ လူထုပိုင်ဖြစ်သော ဤအကိုးအကားမှ အကြောင်းအရာအချက်အလက်များကို ဤဆောင်းပါးတွင်ပါဝင်ဖေါ်ပြထားသည်။
  48. ↑ Stacey၊ Kevin။ "Martian glass: Window into possible past life?"၊ Brown University၊ 8 June 2015။
  49. ↑ Temming၊ Maria။ "Exotic Glass Could Help Unravel Mysteries of Mars"၊ Scientific American၊ 12 June 2015။
  50. ↑ NASA Says Mars Rover Discovered Potential Biosignature Last Year - NASA (in en-US)။ NASA။ 10 September 2025 တွင် ပြန်စစ်ပြီး။
  51. ↑ "Planetae", in Dictionary of Greek and Roman Antiquities, pp. 922, 923.
  52. ↑ The Bizarre Beliefs of Astronomer Percival Lowell (in en)။ 25 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2021 တွင် ပြန်စစ်ပြီး။
  53. ↑ Plait၊ Philip C. (2002)။ Bad Astronomy: Misconceptions and Misuses Revealed, from Astrology to the Moon Landing 'Hoax'။ New York: Wiley။ pp. 233–234။ ISBN 0-471-40976-6။ OCLC 48885221။
  54. ↑ Crossley၊ Robert (3 January 2011)။ Imagining Mars: A Literary History (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Wesleyan University Press။ pp. xiii–xiv။ ISBN 978-0-8195-7105-2။