ဥက္ကာပျံ

ဥက္ကာပျံ (Meteor) ဆိုသည်မှာ အာကာသမှ ဥက္ကာခဲများ ကမ္ဘာ့လေထုသို့ ဝင်ရောက်လာသောအခါ အပေါ်ပိုင်းလေထုရှိ မော်လီကျူးများဖြင့် ပွတ်တိုက်မိပြီး[၂][၃][၄] အပူရှိန်ကြောင့် လောင်ကျွမ်းတောက်ပသောအရာကို ခေါ်ဆိုသည်။ ညဘက်ကောင်းကင်ယံတွင် ကြယ်ကြွေခြင်း (shooting star) အဖြစ် ကမ္ဘာတဝှမ်း သိထားကြသည်။ ဥက္ကာပျံများသည် ကမ္ဘာ့လေထု၏ ၇၆–၁၀၀ ကီလိုမီတာ (၄၇–၆၂ မိုင်) အကွာရှိ[၅][၆] မီဆိုစဖီယားအလွှာတွင် ဖြစ်ပေါ်တတ်သည်။ ကမ္ဘာ့လေထုတွင် နေ့စဉ်နှင့်အမျှ ဥက္ကာပျံ သို့မဟုတ် ကြယ်ကြွေခြင်းဖြစ်စဉ် သိန်းချီ၍ ဖြစ်ပွားသည်။ ဥက္ကာပျံ ဖြစ်ပွားစေသည့် ဥက္ကာခဲ အရွယ်အစားအများစုမှာ သဲတပွင့်စာမျှသာ ရှိတတ်ကြသည်။ များသောအားဖြင့် ၁ mm (၁⁄၂၅ in) သို့မဟုတ် ထိုထက် ပိုသေးကြသည်။
ဥက္ကာပျံနှင့်ပတ်သတ်သော အယူအဆနှင့် မှတ်တမ်းများ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ
[ပြင်ဆင်ရန်]မြန်မာ့ရာဇဝင် တစ်လျှောက်ကိုလည်း ပြန်လည်လေ့လာမည် ဆိုလျှင် မဟူရာ ကောင်းကင်ပြင်တွင် ကြယ်ဥက္ကာပျံများ ပေါ်ခြင်း ၊ကြွေကျခြင်းတို့ ကြောင့် မြန်မာ့ရာဇဝင် တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ ရပုံ များကို လေ့လာတွေ့ရှိနိုင်သည်။ ယင်းကဲ့သို့ မြန်မာ့မြေပေါ်တွင် ကျရောက်ခဲ့သော သမိုင်းဝင် ဥက္ကာပျံများနှင့် ပတ်သက် ၍ စာရေးဆရာ ရွှေကိုင်းသားအမည်ခံ ဆရာတော် ဦးသောဘိတ သည် စာတန်းတစ်ခု ပြုစုထားသည်။
- (၁) ပုဂံပြည်ကို စတင်တည်ထောင်သည့် သမုဒ္ဒရာဇ်မင်းလက်ထက် မြန်မာ သက္ကရာဇ် ၇၄ခု (အေဒီ ၁၅၂ ခုနှစ်) လောက်တွင် လှည်းဘီးအရွယ်ခန့်ရှိသော ဧရာမဥက္ကာပျံကြီးတစ်လုံး ကောင်းကင်မှ ပျံသန်းလာပြီး ဘုရင့် ရှေ့ တော် သို့ ကျခဲ့လေသည်။
- (၂) စုက္ကတေးမင်းလက်ထက် မြန်မာ သက္ကရာဇ် ၃၇၉ခု ၊ (အေဒီ ၁၀၁၇ )တွင် နန်းတော်တွင်းသို့ ဥက္ကာပျံဟုယူဆရသော ပူလောင်တောက်ပသည့် အစိုင်အခဲတစ်ခုကျရောက်လာသည်။
- (၃)အင်း၀ဘုရင် ဒုတိယမင်းခေါင်လက်ထက်၊ မြန်မာသက္ကရာဇ် ၈၆၃ခု၊ (အေဒီ ၁၅၀၂)ခုလောက်တွင် ဥပါပျံ ၊ သို့မဟုတ် ဥက္ကာပျံသည်။
- (၄)အနောက်ဘက်လွန်မင်း လက်ထက် မြန်မာသက္ကရာဇ် ၇၉၁ခု ၊ (အေဒီ ၁၆၀၉) တွင် အင်းဝမှ တောင်ငူသို့ ချီရာတွင် မင်းတြားစကေးအင်း၌ တပ်တော်ချထားစဉ် ညဉ့်တစ်ချက်တီးကျော်အချိန် အခြွေအရံနှင့် ဥက္ကာပျံလာ ပြီး စခန်းချရာ တဲတော်ဦးတွင် ထိုးကျသည်။
- (၅) သာလွန်မင်းတရားကြီးလက်ထက် မြန်မာသက္ကရာဇ် ၉၉၂ ခု ၊ ပြာသိုလဆန်း ၄ ရက် ၊တနင်္လာနေ့ (အေဒီ ၁၆၃၀)တွင် ဥက္ကာပျံကြီးတစ်ခု ပျံသန်းလာပြီး အနောက်မြောက်ထောင့်တွင် ကျသွားလေသည်။
- (၆) ငါးထပ်ဒါယကာ မင်းရဲနန္ဒမိတ် လက်ထက်၊ မြန်မာ သက္ကရာဇ် ၁၀၂၂ ခု ၊တန်ဆောင်မုန်းလဆန်း ၃ ရက် ၊ကြာသပတေးနေ့ ၊ (အေဒီ ၁၆၆၀) တွင်တောက်ပသော ဥက္ကာပျံကြီးတောင်ဘက်ကောင်းကင်ပျံမှ ပျံလာပြီး မြောက်ဘက်အရပ်သို့ ထိုးကျသွားလေသည်။ လဆန်း ၁၄ ရက်နေ့တွင် တောင်အရပ်မှ ပျံသန်းလာပြီး အင်းဝမြို့တွင်း၌ကျသည်။
- (၇) ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော် ဘုရားလက်ထက် ကောင်းကင်မှကြယ်များ ကြွေကျသကဲ့သို့ မြင်ကြရသည်။ မြင်သည့်အရပ် တိုင်းမှ တက်သေးအင်းတွင် ကျသည်ဟု မြင်ကြရသည်။ နောက်တစ်ကြိမ် မြန်မာသက္ကရာဇ် ၁၁၉၆ ခုနှစ်၊ (အေဒီ ၁၈၃၄)၌ အင်းဝမြို့တွင်လည်း ထိုတက်သေးအင်းတွင် ကျသကဲ့သို့ မြင်ကြရသည်။ ယင်းပုံများကို လန်ဒန်မြို့ရှိ ဝိတိုရိယ နှင့် အဲလ်ဘတ် ပြတိုက်တွင် ရောက်ရှိနေသည့် ပုရပိုက် ဓာတ်ပုံတွင် ကြယ်များကြွေကျနေပုံကို စာနှင့် ရေးသားဖော်ပြထားသည်။
- (၈)ရွှေဘိုမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၀၈ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ရက် ၊ (အေဒီ ၁၈၄၆ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့)တွင် အတိတ်နိမိတ် အနေဖြင့် ဥက္ကာ အရှေ့ရပ်မှ အနောက်အရပ်သို့ ပျံကျသည်ဟု မှတ်တမ်းတွင် ဖော်ပြထားသည်။
- (၉) မင်းတုန်းမင်းလက်ထက်တွင် မြန်မာသက္ကရာဇ် ၁၂၂၈ခု ၊ ပြာသိုလဆန်း ၁၅ ရက်၊ (အေဒီ ၁၈၆၇ ခုနစ်၊ ဇန်နဝါရီလ ၁၉ ရက်) ညဉ့်တစ်ချက်မတီးမီ အရှေ့မျက်နှာ မြောက်အရပ်မှတောင်အရပ်သို့ ဥက္ကာပျံပြီးတော်လဲ သည်။
ထို့နောက် မြန်မာသက္ကရာဇ် ၁၂၄၀ (အေဒီ ၁၈၇၈) နတ်ရွာစံခါနီးတွင် ပြသည့် နိမိတ်မှာ သပိတ်လုံးခန့် ရှိသည့် ဥက္ကာသည် ရွှေမြို့တော်အရှေ့တောင်အရပ်မှ အနောက်မြောက်အရပ် ကို ပျံသည်ဟု ရာဇဝင်တွင်ဖော်ပြထား သည်။ ဝိတိုရိယနင့် အဲလ်ဘတ်ပြတိုက်မှ ပုရပိုက်တွင် ပုံနှင့် တကွဖော်ပြထားလေသည်။
- (၁၀) သီပေါမင်း နန်းကျခါနီး မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၆ ရက်၊(အေဒီ ၁၈၈၅ ခုနစ်၊ နိုဝင်ဘာလ ၂၇ညဉ့် ၇နာရီအချိန်မှ စ၍ ကြယ်များကြွေကျသည်ဟု ရာဇဝင်တွင်ဖော်ပြထားသည်။ ဝိတိုရိယနင့် အဲလ်ဘတ်ပြတိုက်တွင် ရှိသည့် ဆေးပုရပိုက်တွင် ပုံနှင့်တကွ ဖော်ပြထားသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Cosmic Fireball Falling Over ALMA"။
- ↑ Glossary International Meteor Organization။ International Meteor Organization (IMO)။ 2011-09-16 တွင် ပြန်စစ်ပြီး။
- ↑ "meteor"။ Merriam-Webster Dictionary။ 2014-09-21 တွင် ပြန်စစ်ပြီး။
- ↑ Bronshten၊ V. A. (2012)။ Physics of Meteoric Phenomena။ Science။ Springer Science & Business Media။ p. 358။ ISBN 978-94-009-7222-3။
- ↑ Erickson၊ Philip J.။ Millstone Hill UHF Meteor Observations: Preliminary Results။ 2016-03-05 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Meteor FAQs: How high up do meteors occur?။ American Meteor Society (AMS)။ 2021-04-16 တွင် ပြန်စစ်ပြီး။