မာရပါသသုတ်

ဝီကီပီးဒီးယား မှ

(၄)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကာသိနိုင်ငံ ဗာရာဏသီမြို့တော်အနီး ဣသိပတန မိဂဒါယ၌ သီတင်းသုံးတော်မူစဉ် ပထမဝါတွင်းကာလ၌ မိမိ၏ အနုတ္တရာဝိမုတ္တိ အနုပ္ပတ္တဓမ္မ၊ အနုတ္တရာဝိမုတ္တိ သစ္ဆိကတဓမ္မနှင့် ရဟန်းတို့၏ ယင်းဓမ္မတို့ကို ရဟန်းတော်တို့အား ဟောကြားတော်မူနေစဉ် ပါပိမမာရ်နတ်က “ဗဒ္ဓေါသိ” အစရှိသော ဂါထာကိုရွတ်ဆို၍ ပြောဆိုရာ ဘုရားရှင်က “မုတ္တာဟံ” အစရှိသော ဂါထာဖြင့် မာရ်နတ်ကျော့ကွင်းမှ လွတ်မြောက်တော်မူပုံ၊ မာရ်နတ်ကျော့ကွင်းကို ဖျက်ဆီးတော်မူပြီးပုံကို ပြန်လည်၍ မိန့်တော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။


[၂] ဘုရားရှင် ကာသိနိုင်ငံ ဗာရာဏသီမြို့တော်အနီး ဣသိပတန မိဂဒါယ၌ ပထမဝါကျွတ်တော်မူပြီး မိမိနှင့် ခြောက်ကျိပ်သော ရဟန်းတော်များ နတ်, လူတို့၏ ကျော့ကွင်းအားလုံးတို့မှ လွတ်မြောက်တော်မူပြီးကြပုံကို မိန့်ကြားတော်မူပြီး (က) ရည်ရွယ်ချက်၊ (ခ) တားမြစ်ချက်၊ (ဂ) ညွှန်ကြားချက်၊ (ဃ) အကျိုးကျေးဇူးတို့ပါရှိသော သာသနာပြု မိန့်ခွန်းတော်ကိုမြွက်ကြား၍ သာသနာပြုရန်စေလွှတ်တော်မူပြီး ကိုယ်တော်တိုင် သေနာနိဂုံးအနီး ဥရုဝေဠတောသို့ သာသနာပြုကြွတော်မူမည်ကို ရဟန်းခြောက်ကျိပ်တို့အား မိန့်ကြားတော်မူနေစဉ် မာရ်နတ်က အထက်သုတ်အတိုင်း ပြောကြားသည်ကို ပြန်လည်ရှင်းလင်း မိန့်ကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။


[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် “အလိုရှိအပ်၊ နှစ်သက်အပ်၊ မြတ်နိုးအပ်၊ ချစ်ခင်နှစ်သက်ဖွယ် စွဲမက်ဖွယ်ကောင်းကုန်သောစက္ခုဝိညာဏ်ဖြင့် သိမြင်အပ်သော အဆင်း၊ သောတဝိညာဏ်ဖြင့် ကြားသိရသော အသံ၊ ဃာန ဝိညာဏ်ဖြင့် နမ်းရှူ သိအပ်သော အနံ့၊ ဇိဝှါဝိညာဏ်ဖြင့် စားလျက် သိအပ်သော အရသာ မနောဝိညာဉ်ဖြင့်သိအပ်သော (သဘောတရား) ဓမ္မာရုံတို့တွင် တစ်မျိုး မျိုးကို အလွန်နှစ်သက်၊ စွဲလမ်း၊ (တဏှာဒိဋ္ဌိတို့ဖြင့်) လွှမ်းမိုးခံရသော ရဟန်းကို မာရ်နတ်၏နေရာအိမ်သို့ရောက်နေသူ၊ မာရ်နတ်၏အလိုသို့ လိုက်ပါနေရသူ မာရ်နတ်၏ ကျော့ကွင်းကို(လည်ပင်း၌) စွပ်ထားခံနေရသူ၊ မာရ်နတ်၏အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ ခံနေရသူ၊ ယုတ်မာသောမာရ်နတ်၏ အလိုရှိတိုင်း အပြုခံနေရသူဟုလည်းကောင်း။ ထိုအာရုံငါးမျိုးတို့(တွင် တစ်မျိုးမျိုး)ကို အလွန်မနှစ်သက်၊ မစွဲလမ်း၊ (တဏှာ ဒိဋ္ဌိတို့ဖြင့်)လွှမ်းမိုး၍ မတည်သောရဟန်းကို မာရ်နတ်၏နေအိမ်သို့ မရောက်တော့သူ၊ မာရ်နတ်၏အလိုသို့ မလိုက်မပါသူ၊ မာရ်နတ်၏ကျော့ကွင်းကို(လည်ပင်းမှ)ချွတ်ပြီးသူ မာရ်နတ်၏ ပြုလုပ်၍မရတော့သူဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင်မိန့်တော်မူသည့်သုတ်။


[၄] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အထက်သုတ်တော် အတိုင်း ဝိညာဏ်ငါးမျိုးတို့ဖြင့်သိအပ်သော အာရုံငါးပါးတို့၌ အလွန်နှစ်သက်စွဲလမ်း (တဏှာ-ဒိဋ္ဌိတို့ဖြင့်) လွှမ်းမိုးခံရသောရဟန်းကို ဝိညာဏ်ငါးပါးတို့ဖြင့် သိအပ်သော အာရုံငါးပါးတို့၌ အနှောင်အဖွဲ့ခံရသူ၊ မာရ်နတ်နေအိမ်သို့ရောက်နေသူ၊ မာရ်နတ်၏ အလိုသို့လိုက်ပါနေရသူ၊ မာရ်နတ်၏ကျော့ကွင်းကို(လည်ပင်း၌) စွပ်ထားခံရသူ၊ မာရ်နတ်၏ အလိုရှိတိုင်း အပြုခံနေရသူဟုလည်းကောင်း။

ထိုအာရုံငါးမျိုး၌ အလွန်နှစ်သက်၊ စွဲလမ်း(တဏှာ-ဒိဋ္ဌိတို့ဖြင့်) လွှမ်းမိုးမခံရသော ရဟန်းကို-မာရ်နတ်၏အလိုရှိတိုင်း အပြုမခံရသူဖြစ်ပုံကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၀၆။ သံ၊မြန်၊၁၊၁၀၂-၃။ သံ၊ဋ္ဌ၊၁၊၁၅၇။ သံ၊ဋီ၊၁၊၂၀၃-၄။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၄-မာရသံယုတ္တ၊ ၁-ပဌမဝဂ္ဂ၊ စတုတ္ထသုတ်။
  2. -သံ၊၁၊၁၀၆-၇။ သံ၊မြန်၊၁၊၁၀၃-၄။ သံ၊ဋ္ဌ၊၁၊၁၅၇-၈။ ၂၀၄-၅။ -သံယုတ္တနိကာယ ... ပဉ္စမသုတ်။ (ဝိ၊၃၊၂၅-၂၈-၂၉။)
  3. -သံ၊၂၊၃၁၁-၂။ သံ၊မြန်၊၂၊၃၀၅-၆။ သံ၊ဋ္ဌ၊၃၊၃၃။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၁၂) ၂-လောကကာမဂုဏဝဂ္ဂ၊ ပထမသုတ်။
  4. -သံ၊၂၊၃၁၂-၃။ သံ၊မြန်၊၂၊၃၀၆-၇။ -သံယုတ္တနိကာယ ဒုတိယသုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ