မဟာသုဒဿနသုတ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဤသုတ်သည် မဟာသုဒဿနမင်းကြီ၏ ချမ်းသာကြွယ်ဝပုံနှင့် ကုသာဝတီ နေပြည်တော်ကြီး၏ တင့်တယ်ခမ်းနားပုံတို့ကို ဖေါ်ပြသောသုတ်ဖြစ်သည်။ ဤသုတ်ကို ဟောပြောရခြင်းအကြောင်းမှာ ဖြစ်လျှင်ပျက်တတ်သော သဘောတရားနှင့် အရာဝတ္ထုမှန်သမျှသည် အနိစ္စသဘောသာလျှင် ဖြစ်ကြောင်း ပြညွှန်ရန်နှင့် အမှန်တရားမှအပ အားလုံးသောအရာတို့သည် အချည်းနှီးပင်ဖြစ်ကြောင်း ထင်ရှားစေရန်ပင်ဖြစ်သည်။[၁]


မဟာသုဒဿနသုတ်၏ မြန်မာပြန်ဆိုချက်မှာ အောက်ပါအတိုင်းဖြစ်သည်။


ဒီဃနိကာယ်

၄—မဟာသုဒဿနသုတ်[ပြင်ဆင်ရန်]

၂၄၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး ပရိနိဗ္ဗာန်ပြုခါနီး၌ မြတ်စွာဘုရားသည် ကုသိနာရုံပြည်မြို့သို့ဝင်ရန် လမ်းကွေ့ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် အင်ကြင်းပင်အစုံတို့၏ အကြား၌ သီတင်းသုံးနေတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေ၏။ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာသည်မြတ်စွာဘုရား အား ဤစကားကို လျှောက်၏—

“အသျှင်ဘုရား မြတ်စွာဘုရားသည် ကျေးတောကျသောမြို့လက်ဖြစ်သော ဤမြို့သိမ်မြို့ငယ်၌ ပရိနိဗ္ဗာန်ပြုတော်မမူပါလင့်၊ အသျှင်ဘုရား တစ်ပါးသော စမ္ပာပြည် ရာဇဂြိုဟ်ပြည် သာဝတ္ထိပြည်သာကေတမြို့ ကောသမ္ဗီပြည် ဗာရာဏသီပြည်ကြီးတို့သည် ရှိပါကုန်၏၊ ထို (ပြည်ကြီး) တို့၌မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါ၊ ထိုပြည်ကြီးတို့၌ မြတ်စွာဘုရားကို အလွန်ကြည်ညို ကုန်သောမင်း သူဌေး ပုဏ္ဏားသူဌေး သူကြွယ်သူဌေးတို့သည် များစွာရှိပါကုန်၏၊ ထို (သူဌေး) တို့သည်မြတ်စွာဘုရား၏ အလောင်းတော်ကို ပူဇော်ကြပါကုန်လတ္တံ့”ဟု (လျှောက်၏)။

၂၄၂။ အာနန္ဒာ “ကျေးတောကျသောမြို့လက်ဖြစ်သောမြို့သိမ်မြို့ငယ်”ဟု ဤသို့ မဆိုလင့်၊ အာနန္ဒာ ဤသို့ မဆိုလင့်။

ကုသာဝတီနေပြည်တော်[ပြင်ဆင်ရန်]

အာနန္ဒာ ရှေး၌ ဖြစ်ဖူးသည်ကား သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်သူအပေါင်းတို့ကို အောင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါး နှင့်ပြည့်စုံသော တရားစောင့်သော တရားနှင့်အညီ မင်းပြုသော၁ မဟာသုဒဿနမည်သော စကြဝတေးမင်းသည်၁ ရှိ၏။ အာနန္ဒာ ဤကုသိနာရုံမြို့သည် မဟာသုဒဿနမင်း၏ ကုသာဝတီမည်သော နေပြည်တော်ဖြစ်ခဲ့ဖူး၏။ အရှေ့အနောက် အလျား တစ်ဆယ့်နှစ်ယူဇနာ ရှိ၏၊ တောင်မြောက် အနံ ခုနစ်ယူဇနာရှိ၏။

အာနန္ဒာ ကုသာဝတီနေပြည်တော်သည် ပြည့်စုံကြွယ်ဝ၏၊ စည်ပင်ဝပြော၏၊ များသောလူ (ဦးရေ) ရှိ၏၊ လူ (မျိုးစုံ) တို့ဖြင့် ပြွမ်း၏၊ အစားအစာပေါများ၏။ အာနန္ဒာ ဥပမာအားဖြင့် အာဠကမန္ဒာမည်သော နတ်မြို့တော်သည် ပြည့်စုံကြွယ်ဝသကဲ့သို့ စည်ပင်ဝပြောသကဲ့သို့ များသော နတ် (ဦးရေ) ရှိသကဲ့သို့နတ်ဘီလူး (မျိုးစုံ) တို့ဖြင့် ပြွမ်းသကဲ့သို့ အစားအစာပေါများသကဲ့သို့ အာနန္ဒာ ဤအတူပင် ကုသာဝတီနေပြည်တော်သည် ပြည့်စုံကြွယ်ဝ၏၊ စည်ပင်ဝပြော၏၊ များသော လူ (ဦးရေ) ရှိ၏၊ လူ (မျိုးစုံ) တို့ဖြင့်ပြွမ်း၏၊ အစားအစာ ပေါများ၏။

အာနန္ဒာ ကုသာဝတီနေပြည်တော်သည် ဆင်သံ၊ မြင်းသံ၊ ရထားသံ၊ စည်ကြီးသံ၊ မုရိုးစည်သံ၊ စောင်းသံ၊ သီချင်းသံ၊ ခရုသင်းသံ၊ ကြေးနင်း ခွက်ခွင်းသံ၊ “စားကြပါ သောက်ကြပါ ခဲကြပါ”ဟုဆိုသော ဆယ်ခုမြောက်သော အသံ၊ (ဤ) ဆယ်ပါးသော အသံတို့ဖြင့် နေ့ရော ညဉ့်ပါမစဲမဆိတ်သည်သာ ဖြစ်၏။

အာနန္ဒာ ကုသာဝတီနေပြည်တော်သည် ရွှေတံတိုင်းတစ်ထပ် ငွေတံတိုင်းတစ်ထပ် ကြောင်မျက်ရွဲတံတိုင်းတစ်ထပ် ဖလ်တံတိုင်းတစ်ထပ် ကျောက်နီတံတိုင်းတစ်ထပ် ပတ္တမြားပြောက်တံတိုင်းတစ်ထပ်ရတနာမျိုးစုံတံတိုင်း တစ်ထပ်အားဖြင့် တံတိုင်းခုနစ်ထပ်ခြံရံလျက် ရှိ၏။ အာနန္ဒာ ကုသာဝတီနေပြည်တော်၌ ရွှေတံခါးတစ်ခု ငွေတံခါးတစ်ခု ကြောင်မျက်ရွဲတံခါးတစ်ခု ဖလ်တံခါးတစ်ခုအားဖြင့်အရောင်လေးမျိုး ရှိသော တံခါးတို့သည် ရှိကုန်၏။

တစ်ခုတစ်ခုသော တံခါး၌ လုံးပတ်တစ်ဆယ့်ငါးတောင် မြေဝင်တစ်ဆယ့်ငါးတောင်၂ မြေပေါ်အမြင့်အတောင်ခြောက်ဆယ်ရှိသော ခုနစ်လုံးခုနစ်လုံးသော တံခါးတိုင်တို့ကို စိုက်ထူထားကုန်၏။ ထိုတံခါးတိုင်ခုနစ်လုံးတို့တွင် တစ်လုံးသည် ရွှေဖြင့် ပြီး၏၊ တစ်လုံးသည် ငွေဖြင့် ပြီး၏၊ တစ်လုံးသည် ကြောင်မျက်ရွဲဖြင့် ပြီး၏၊ တစ်လုံးသည် ဖလ်ဖြင့် ပြီး၏၊ တစ်လုံးသည် ကျောက်နီဖြင့် ပြီး၏၊ တစ်လုံးသည်ပတ္တမြားပြောက်ဖြင့် ပြီး၏၊ တစ်လုံးသည် ရတနာမျိုးစုံတို့ဖြင့် ပြီး၏။

အာနန္ဒာ ကုသာဝတီနေပြည်တော်သည် ရွှေထန်းပင်တစ်တန်း ငွေထန်းပင်တစ်တန်း ကြောင်မျက်ရွဲထန်းပင် တစ်တန်း ဖလ်ထန်းပင်တစ်တန်း ပတ္တမြားနီထန်းပင်တစ်တန်း ပတ္တမြားပြောက်ထန်းပင်တစ်တန်းရတနာခုနစ်မျိုးစုံ ထန်းပင်တစ်တန်းအားဖြင့် ထန်းပင်တန်း ခုနစ်ခု ကာရံလျက် ရှိ၏။ ရွှေထန်းပင်၏ပင်စည်သည် ရွှေဖြင့်ပြီး၍ အရွက်အသီးတို့သည်ကား ငွေဖြင့်ပြီးကုန်၏။ ငွေထန်းပင်၏ ပင်စည်သည်ငွေဖြင့်ပြီး၍ အရွက်အသီးတို့သည်ကား ရွှေဖြင့်ပြီးကုန်၏။ ကြောင်မျက်ရွဲထန်းပင်၏ ပင်စည်သည် ကြောင်မျက်ရွဲဖြင့်ပြီး၍ အရွက်အသီးတို့သည်ကား ဖလ်ဖြင့် ပြီးကုန်၏။ ဖလ်ထန်းပင်၏ ပင်စည်သည် ဖလ်ဖြင့်ပြီး၍ အရွက်အသီးတို့သည်ကား ကြောင်မျက်ရွဲဖြင့် ပြီးကုန်၏။ ပတ္တမြားနီထန်းပင်၏ ပင်စည်သည်ပတ္တမြားနီဖြင့်ပြီး၍ အရွက်အသီးတို့သည်ကား ပတ္တမြားပြောက်ဖြင့် ပြီးကုန်၏။ ပတ္တမြားပြောက်ထန်းပင်၏ပင်စည်သည် ပတ္တမြားပြောက်ဖြင့်ပြီး၍ အရွက်အသီးတို့သည်ကား ပတ္တမြားနီ်ဖြင့် ပြီးကုန်၏။ ရတနာမျိုးစုံထန်းပင်၏ ပင်စည်သည် ရတနာမျိုးစုံဖြင့်ပြီး၍ အရွက်အသီးတို့သည်လည်း ရတနာမျိုးစုံတို့ဖြင့်ပင်ပြီးကုန်၏။

အာနန္ဒာ လေတိုက်ခတ်သည်ရှိသော် ထိုထန်းပင်တို့မှ ထွက်ပေါ်လာသော အသံသည် သာယာလည်းသာယာ၏၊ တပ်စွဲဖွယ်လည်း ဖြစ်၏၊ နှစ်သက်ဖွယ်လည်း ဖြစ်၏၊ မက်မောဖွယ်လည်း ဖြစ်၏၊ အာနန္ဒာဥပမာအားဖြင့် တူရိယာငါးပါးကို ကောင်းစွာ ပြင်ဆင်၍ အသံညှိကာ တတ်ကျွမ်းသူတို့ အညီအညွတ်တီးမှုတ်သည်ရှိသော် တူရိယာအသံသည် သာယာလည်း သာယာသကဲ့သို့ စွဲမက်ဖွယ်လည်း ဖြစ်သကဲ့သို့နှစ်သက်ဖွယ်လည်း ဖြစ်သကဲ့သို့ မက်မောဖွယ်လည်း ဖြစ်သကဲ့သို့ အာနန္ဒာ ဤအတူပင် လေတိုက်ခတ်သည်ရှိသော် ထိုထန်းပင်တန်းတို့မှ ထွက်ပေါ်လာသော အသံသည် သာယာလည်း သာယာ၏၊ တပ်စွဲဖွယ်လည်း ဖြစ်၏၊ နှစ်သက်ဖွယ်လည်း ဖြစ်၏၊ မက်မောဖွယ်လည်း ဖြစ်၏၊ အာနန္ဒာ ထိုအခါကုသာဝတီ နေပြည်တော်၌ ကစားကြူး မေထုန်ကြူး သေသောက်ကြူးကုန်သော သူတို့သည်လေတိုက်ခတ်သော ထိုထန်းပင်တန်းတို့၏ အသံဖြင့် ကခုန်ပျော်မြူးကုန်၏။

၁။ ဤပြန်ဆိုချက်များမှာ မဟာပရိနိဗ္ဗာနသုတ်၌လာသော (၁) သတ္တရတနသမန္နဂတော (၂) ဓမ္မိကော (၃) ဓမ္မရာဇာ (၄) စက္ကဝတ္တိဟူသော ပုဒ်များအရ ပြန်ဆိုခြင်းဖြစ်၏။ အခြားသုတ်များ၌လည်း စကြဝတေးမင်းကို ပြရာ၌ ၎င်းဂုဏ်ပုဒ် လေးခုပါရှိမြဲ ဖြစ်၏၊ ဤသုတ်၌ကား ၎င်းဂုဏ်ပုဒ်တို့ မရှိမူ၍ ခတ္တိယော မုဒ္ဓါဘိသိတ္တောဟု ထူးခြားသောပုဒ်များ ရှိနေ၏၊ ထိုပုဒ်များအရ ပြန်ဆိုလျင် မြေကြီးကို အစိုးရသော ဦးထိပ်၌ အဘိသိက်သွန်းခြင်းရှိသော (မဟာသုဒဿနမည်သော) မင်းသည် ရှိ၏ဟု ပြန်ဆိုရာ၏။

၂။ ပေါရိသ — တသူလျှင် မဇ္ဈိမပုရိသငါးတောင်ရှိသဖြင့် သုံးသူအတွက် တစ်ဆယ့်ငါးတောင်ဟု ပြန်ဆိုထားသည်။

စကြာရတနာ[ပြင်ဆင်ရန်]

၂၄၃။ အာနန္ဒာ မဟာသုဒဿနမင်းသည် ရတနာခုနစ်ပါး တန်ခိုးလေးပါးတို့နှင့် ပြည့်စုံ၏။ အဘယ်ရတနာခုနစ်ပါးတို့နှင့် (ပြည့်စုံသနည်း) ဟူမူ — အာနန္ဒာ မဟာသုဒဿနမင်းအား တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့၌ ဦးခေါင်းဆေးမင်္ဂလာပြုပြီးလျှင် (အဋ္ဌင်္ဂ) ဥပုသ်ကို ဆောက်တည်လျက် မြတ်သောပြာသာဒ်ထက်၌ နေစဉ် အကန့်တစ်ထောင်ရှိသော အကွပ်ပုံတောင်းများနှင့်တကွ အခြင်းအရာအလုံးစုံရှိသော နတ်တန်ခိုးနှင့် ပြည့်စုံသော စကြာရတနာသည် ဖြစ်ပေါ်လာ၏၊ (ထိုစကြာရတနာကို) မြင်လတ်သော် မဟာသုဒဿနမင်းအား ဤသို့သော အကြံသည် ဖြစ်၏ —

“မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော အကြင်မင်းအား တစ်ဆယ့်ငါးရက်မြောက်ထိုဥပုသ်နေ့၌ ဦးခေါင်းဆေးမင်္ဂလာပြုပြီးလျှင် (အဋ္ဌင်္ဂ) ဥပုသ်ကို ဆောက်တည်လျက် မြတ်သောပြာသာဒ်ထက်၌ နေစဉ် အကန့်တစ်ထောင်ရှိသော အကွပ်ပုံတောင်းများနှင့်တကွ အခြင်းအရာအလုံးစုံရှိသော နတ်တန်ခိုးနှင့် ပြည့်စုံသော စကြာရတနာသည် ဖြစ်ပေါ်လာငြားအံ့၊ ထိုမင်းသည်စကြဝတေးမင်း ဖြစ်၏ဟူသော’ ဤစကားကို ငါကြားဖူး၏၊ ငါသည် စကြဝတေးမင်းဖြစ်ရာ သလော”ဟု (အကြံဖြစ်၏)။

၂၄၄။ အာနန္ဒာ ထိုအခါ မဟာသုဒဿနမင်းသည် နေရာမှ ထပြီးလျှင် အပေါ်ရုံစုလျားကို ပခုံးတစ်ဖက်၌ တင်၍ လက်ဝဲလက်ဖြင့် ရွှေကရားကို ကိုင်လျက် “အသျှင်စကြာရတနာသည် လည်စေသတည်း၊ အသျှင်စကြာရတနာသည် အောင်စေသတည်း”ဟု (ဆို၍) စကြာရတနာကို လကျာ်လက်ဖြင့် ရေသွန်းဖျန်း၏။

အာနန္ဒာ ထိုအခါ ထိုစကြာရတနာသည် အရှေ့အရပ်သို့ လည်သွားလေ၏၊ စစ်အင်္ဂါလေးပါးနှင့်တကွ့မဟာသုဒဿနမင်းသည်လည်း တစ်ပါတည်း လိုက်ပါသွားလေ၏၊ အာနန္ဒာ စကြာရတနာ ရပ်တံ့ရာအရပ်၌စစ်အင်္ဂါလေးပါးနှင့်တကွ မဟာသုဒဿနမင်းသည် စခန်းချလျက် နေ၏။

အာနန္ဒာ အရှေ့အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် မဟာသုဒဿနမင်းထံသို့ ချဉ်းကပ်ပြီးလျှင် “မင်းကြီး ကြွတော်မူပါ၊ မင်းကြီး အရှင်၏ လာခြင်းသည် ကောင်းသော လာခြင်းဖြစ်ပါသည်၊ မင်းကြီး (ဤနိုင်ငံသည်) အရှင်၏ နိုင်ငံပါတည်း၊ မင်းကြီး ဆုံးမတော်မူပါ”ဟု ဆိုကုန်၏။

မဟာသုဒဿနမင်းသည် ဤသို့ မိန့်ဆို၏၊ “အသက်ကို မသတ်အပ်၊ မပေးသည်ကို မယူအပ်၊ ကာမဂုဏ်တို့၌ ဖောက်ပြားသော အကျင့်ကို မကျင့်အပ်၊ မဟုတ်မမှန်သော စကားကို မပြောအပ်၊ သေရည်သေရက်ကို မသောက်အပ်၊ ကောက်ခံမြဲ အခွန်အတုတ်ကိုလည်း ကောက်ခံသုံးစွဲကြကုန်လော့”ဟု (မိန့်ဆို၏)။ အာနန္ဒာ အရှေ့အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် မဟာသုဒဿနမင်း၏ ဩဇာခံမင်းတို့ဖြစ်လေကုန်၏။

အာနန္ဒာ ထိုအခါ ထိုစကြာရတနာသည် အရှေ့သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန် ပြန်တက်ပြီးလျှင်တောင်အရပ်သို့ လည်သွားလေ၏။ပ။ တောင်သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန် ပြန်တက်ပြီးလျှင်အနောက်အရပ်သို့ လည်သွားလေ၏။ပ။ အနောက်သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန် ပြန်တက်ပြီးလျှင်မြောက်အရပ်သို့ လည်သွားလေ၏၊ စစ်အင်္ဂါလေးပါးနှင့်တကွ မဟာသုဒဿနမင်းသည်လည်း တစ်ပါတည်းလိုက်ပါသွားလေ၏၊ အာနန္ဒာ စကြာရတနာရပ်တံ့ရာ အရပ်၌ စစ်အင်္ဂါလေးပါးနှင့်တကွ မဟာသုဒဿနမင်းသည် စခန်းချလျက် နေ၏။

အာနန္ဒာ မြောက်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် မဟာသုဒဿနမင်းထံ ချဉ်းကပ်၍ ဤသို့ဆိုကုန်၏၊ “မင်းကြီး ကြွတော်မူပါ၊ မင်းကြီး အရှင်၏ လာခြင်းသည် ကောင်းသော လာခြင်းဖြစ်ပါသည်၊ မင်းကြီး (ဤနိုင်ငံသည်) အရှင်၏ နိုင်ငံပါတည်း၊ မင်းကြီး ဆုံးမတော်မူပါ”ဟု (ဆိုကုန်၏)။

မဟာသုဒဿနမင်းသည် ဤသို့ မိန့်ဆို၏၊ “အသက်ကို မသတ်အပ်၊ မပေးသည်ကို မယူအပ်၊ ကာမဂုဏ်တို့၌ ဖောက်ပြားသော အကျင့်ကို မကျင့်အပ်၊ မဟုတ်မမှန်သော စကားကို မပြောဆိုအပ်၊ သေရည်သေရက်ကို မသောက်အပ်၊ ကောက်ခံမြဲ အခွန်အတုတ်ကိုလည်း ကောက်ခံသုံးစွဲကြကုန်လော့”ဟု (ဆို၏)။ အာနန္ဒာ မြောက်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် မဟာသုဒဿနမင်း၏ ဩဇာခံမင်းတို့ဖြစ်လေကုန်၏။

၂၄၅။ အာနန္ဒာ ထိုအခါ ထိုစကြာရတနာသည် သမုဒ္ဒရာအပိုင်းအခြားရှိသော မြေကို အောင်ပြီး၍ကုသာဝတီမင်းနေပြည်တော်သို့ တစ်ဖန် ပြန်လည်ပြီးလျှင် မဟာသုဒဿနမင်း၏ နန်းတော်တံခါး လွှတ်ရုံးတော်မုခ်ဦး၌ မဟာသုဒဿနမင်း၏ နန်းတော်ကို တင့်တယ်စေလျက် ဝင်ရိုးတပ်ထားဘိသကဲ့သို့ တည်နေ၏။ အာနန္ဒာ မဟာသုဒဿနမင်းအား ဖြစ်ပေါ်လာသော စကြာရတနာသည် ဤသို့သဘော ရှိပေ၏။ (၁)

ဆင်ရတနာ[ပြင်ဆင်ရန်]

၂၄၆။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မဟာသုဒဿနမင်းအား ကိုယ်လုံးဖြူသော အင်္ဂါခုနစ်ပါးဖြင့် (မြေ၌ ထိလျက်) တည်သော တန်ခိုးရှိသော ကောင်းကင်ပျံနိုင်သော ဥပေါသထ ဆင်မင်းမျိုးဖြစ်သော ဆင်ရတနာသည် ဖြစ်ပေါ်လာ၏။ ထို (ဆင်ရတနာ) ကို မြင်လတ်သော် မဟာသုဒဿနမင်း၏ စိတ်သည်ကြည်နူးလျက်ရှိ၏၊ “အချင်းတို့ ဤဆင်ယာဉ် (ရတနာ) သည် လိမ္မာပြီးဖြစ်ပါမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ အာနန္ဒာ ထိုအခါ ထို (ဆင်ရတနာ) သည် ကာလရှည်မြင့်စွာ အပြည့်အစုံ သင်ကြားဆုံးမထားပြီးသော အာဇာနည် ဂန္ဓဆင်မျိုးကဲ့သို့ပင် လိမ္မာလျက် ရှိ၏။ အာနန္ဒာ ရှေး၌ဖြစ်ဖူးသည်ကား မဟာသုဒဿနမင်းသည် ထိုဆင်ရတနာကိုပင် စုံစမ်းလိုသည် ဖြစ်၍ နံနက်အခါ၌ တက်စီးလျက် သမုဒ္ဒရာ့အပိုင်းအခြားရှိသော မြေပြင်အားလုံးကို လှည့်လည်ပြီးလျှင် ကုသာဝတီနေပြည်တော်သို့ ပြန်လာ၍ နံနက်ပွဲတော်စာ သုံးဆောင်လေ၏။ အာနန္ဒာ မဟာသုဒဿနမင်းအား ဖြစ်ပေါ်လာသော ဆင်ရတနာသည်ဤသို့ သဘောရှိပေ၏။ (၂)

မြင်းရတနာ[ပြင်ဆင်ရန်]

၂၄၇။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မဟာသုဒဿနမင်းအား ကိုယ်လုံးဖြူ၍ ဦးခေါင်းညိုသော ဖြူဆံမြက်ကဲ့သို့ ထိပ်ဆံရှိသော တန်ခိုးရှိသော ကောင်းကင်ပျံနိုင်သော ဝလာဟက မြင်းမင်းမျိုးဖြစ်သောမြင်းရတနာသည် ဖြစ်ပေါ်လာ၏။ ထိုမြင်းရတနာကို မြင်လတ်သော် မဟာသုဒဿနမင်း၏ စိတ်သည်ကြည်နူးလျက် ရှိ၏၊ “အချင်းတို့ ဤမြင်းယာဉ် (ရတနာ) သည် လိမ္မာပြီးဖြစ်ပါမူ ကောင်းလေစွ”ဟုအကြံ ဖြစ်၏။ အာနန္ဒာ ထိုအခါ ထိုမြင်းရတနာသည် ကာလရှည်မြင့်စွာ အပြည့်အစုံ သင်ကြားဆုံးမထားပြီးသော အာဇာနည်မြင်းကဲ့သို့ပင် လိမ္မာလျက် ရှိ၏။ အာနန္ဒာ ရှေး၌ဖြစ်ဖူးသည်ကား မဟာသုဒဿနမင်းသည် ထိုမြင်းရတနာကိုပင် စုံစမ်းလိုသည်ဖြစ်၍ နံနက်အခါ၌ တက်စီးလျက် သမုဒ္ဒရာလေးစင်းအပိုင်းအခြားရှိသော မြေပြင်အားလုံးကို လှည့်လည်ပြီးလျှင် ကုသာဝတီနေပြည်တော်သို့ ပြန်လာ၍ နံနက်ပွဲတော်စာ သုံးဆောင်လေ၏။ အာနန္ဒာ မဟာသုဒဿနမင်းအား ဖြစ်ပေါ်လာသော မြင်းရတနာသည်ဤသို့သဘော ရှိပေ၏။ (၃)

ပတ္တမြားရတနာ[ပြင်ဆင်ရန်]

၂၄၈။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မဟာသုဒဿနမင်းအား ပတ္တမြား (ကြောင်မျက်ရွဲ) ရတနာသည်ဖြစ်ပေါ်လာ၏။ ထိုပတ္တမြား (ကြောင်မျက်ရွဲ) ရတနာသည် အလွန်တောက်ပ၏၊ အမျိုးမှန်၏၊ ရှစ်မြှောင့်ရှိ၏၊ ကောင်းစွာ ပြုပြင်ပြီးဖြစ်၏၊ အရည်ကောင်း၏၊ အထူးကြည်လင်၏၊ နောက်ကျုကင်း၏၊ (သွေးခြင်းဖောက်ခြင်းစသော) အခြင်းအရာအားလုံးနှင့် ပြည့်စုံ၏။ အာနန္ဒာ ထိုပတ္တမြားရတနာ၏အရောင် သည် ထက်ဝန်းကျင် တစ်ယူဇနာတိုင်အောင် ပျံ့နှံ့၏။

အာနန္ဒာ ရှေး၌ဖြစ်ဖူးသည်ကား မဟာသုဒဿနမင်းသည် ထိုပတ္တမြားရတနာကိုပင် စုံစမ်းလိုသည် ဖြစ်၍အင်္ဂါလေးပါးရှိသော စစ်တပ်ကို ခင်းကျင်းလျက် ပတ္တမြားရတနာကို တံခွန်ဖျား၌ တင်ပြီးလျှင်ညဉ့်သန်းခေါင်ယံ မှောင်မိုက်နေစဉ် ခရီးထွက်တော်မူ၏။ အာနန္ဒာ ပတ်ဝန်းကျင်အရပ်မှ ရွာသားတို့သည်ထိုပတ္တမြားရတနာ၏ အရောင်ဖြင့် မိုးလင်းပြီဟု မှတ်ထင်လျက် အမှုကိစ္စတို့ကို ပြုလုပ်ကြကုန်၏။ အာနန္ဒာ မဟာသုဒဿနမင်းအား ဖြစ်ပေါ်လာသော ပတ္တမြားရတနာသည် ဤသို့သဘော ရှိပေ၏။ (၄)

မိဖုရားရတနာ[ပြင်ဆင်ရန်]

၂၄၉။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မဟာသုဒဿနမင်းအား အလွန်အဆင်းလှသော ရှုချင်ဖွယ်ရှိသော (စိတ်ကို) ကြည်နူးစေတတ်သော မြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံသော မမြင့်လွန်း မနိမ့်လွန်း မကြုံလွန်း မဆူလွန်း မမည်းလွန်း မဖြူလွန်းသော လူတို့၏ အဆင်းကို လွန်၍ နတ်တို့၏အဆင်းတမျှရှိသော မိဖုရားရတနာသည် ဖြစ်ပေါ်လာ၏၊ အာနန္ဒာ ထိုမိဖုရားရတနာ၏ ကိုယ်အတွေ့သည်လဲမှို့အစုကဲ့သို့လည်းကောင်း ဝါဂွမ်းအစုကဲ့သို့လည်းကောင်း ညက်ညော၏။

အာနန္ဒာ ထိုမိဖုရားရတနာ၏ ကိုယ်ငွေ့သည် အေးသောအခါ၌ ပူ၏၊ ပူသောအခါ၌ အေး၏၊ အာနန္ဒာထိုမိဖုရားရတနာ၏ ကိုယ်မှ စန္ဒကူးနံ့သည် လှိုင်၏၊ ခံတွင်းမှ ကြာညိုနံ့သည် ကြိုင်၏၊ အာနန္ဒာမဟာသုဒဿနမင်း၏ ထိုမိဖုရားရတနာသည် ရှေးဦးစွာ (အိပ်ရာနေရာမှ) ထလေ့ရှိ၏၊ နောက်မှ အိပ်လေ့ထိုင်လေ့ရှိ၏၊ အဘယ်ကို ပြုရပါအံ့နည်းဟု နာခံလေ့ရှိ၏၊ နှစ်ခြိုက်ဖွယ်ကို ပြုကျင့်လေ့ရှိ၏၊ ချစ်ဖွယ့်စကားကို ဆိုလေ့ရှိ၏၊ အာနန္ဒာ ထိုမိဖုရားရတနာသည် မဟာသုဒဿနမင်းကို စိတ်ဖြင့်သော်လည်း လွန်ကြူး၍ မကျင့်၊ ကိုယ်ကျင့်မူကား အဘယ်မှာ လွန်ကြူး၍ ကျင့်ပါအံ့နည်း။ အာနန္ဒာ မဟာသုဒဿနမင်းအား ဖြစ်ပေါ်လာသော မိဖုရားရတနာသည် ဤသို့ သဘောရှိပေ၏။ (၅)

သူဌေးရတနာ[ပြင်ဆင်ရန်]

၂၅ဝ။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မဟာသုဒဿနမင်းအား သူဌေးရတနာသည် ဖြစ်ပေါ် လာ၏၊ ထို (သူဌေးရတနာ) အား ကံကြောင့်ဖြစ်သော နတ်မျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ယင်း (နတ်မျက်စိ) ဖြင့် အရှင်ရှိ အရှင်မဲ့ဖြစ်သော မြှုပ်နှံထားသည့် ရတနာအိုးများကို မြင်နိုင်၏၊ ထို (သူဌေး ရတနာ) သည်မဟာသုဒဿနမင်းကို ချဉ်းကပ်၍ ဤသို့ လျှောက်ထား၏၊ “မင်းမြတ် အရှင်မင်းမြတ်သည်ကြောင့်ကြမဲ့နေတော်မူပါလော့၊ အရှင်မင်းမြတ်အတွက် ဥစ္စာဖြင့် ပြုဖွယ်ကိစ္စကို အကျွန်ုပ်သည် ဥစ္စာဖြင့် ပြုပါအံ့”ဟု (လျှောက်၏)။

အာနန္ဒာ ရှေး၌ဖြစ်ဖူးသည်ကား မဟာသုဒဿနမင်းသည် ထိုသူဌေးရတနာကိုပင် စုံစမ်းလိုသည် ဖြစ်၍လှေကို စီးလျက် ဂင်္ဂါမြစ်အလယ် ရေစီးကြောင်းသို့ သွားရောက်ပြီးလျှင် “သူဌေး ရွှေငွေကို ငါအလိုရှိ၏”ဟု သူဌေးရတနာအား ဆို၏။

“မင်းမြတ် သို့ဖြစ်လျှင် လှေကို တစ်ဖက်ကမ်းသို့ ကပ်ပါစေလော့”ဟု (လျှောက်၏)။

“သူဌေး ဤနေရာ၌ပင်လျှင် ရွှေငွေကို ငါ အလိုရှိ၏”ဟု (ဆို၏)။

အာနန္ဒာ ထိုအခါ ထိုသူဌေးရတနာသည် လက်နှစ်ဖက်တို့ဖြင့် ရေကို ယက်၍ ရွှေငွေဖြင့် ပြည့်သောအိုးကို ထုတ်ဖော်ပြီးလျှင် မဟာသုဒဿနမင်းအား ဤသို့ လျှောက်၏။

“မင်းမြတ် ဤမျှဖြင့် တော်လောက်ပါပြီလော၊ မင်းမြတ် ဤမျှဖြင့် ဆောင်ရွက်ရာ ရောက်ပါပြီ လော၊ မင်းမြတ် ဤမျှဖြင့် ပူဇော်ရာ ရောက်ပါပြီလော”ဟု (လျှောက်၏)။

“သူဌေး ဤမျှဖြင့် တော်လောက်ပါပြီ၊ ဤမျှ ဖြင့် ဆောင်ရွက်ရာ ရောက်ပါပြီ၊ ဤမျှဖြင့် ပူဇော်ရာရောက်ပါပြီ”ဟု မဟာသုဒဿနမင်းသည် ဆို၏၊ အာနန္ဒာ မဟာသုဒဿနမင်းအား ဖြစ်ပေါ်လာသောသူဌေးရတနာသည် ဤသို့သဘော ရှိပေ၏။ (၆)

သားကြီးရတနာ[ပြင်ဆင်ရန်]

၂၅၁။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မဟာသုဒဿနမင်းအား ထက်မြက်လိမ္မာ ပညာရှိသောသားကြီးရတနာသည် ဖြစ်ပေါ်လာ၏၊ (ထိုသားကြီးရတနာသည်) မဟာသုဒဿနမင်းထံ ဝင်ရောက်ခစားစေခြင်းငှါ သင့်တော်သူကို ဝင်ရောက်ခစားစေ၍ မသင့်သောသူကို ပယ်ရှားရန် စွမ်းနိုင်ရာ၏၊ ရာထူး၌ခန့်ထားသင့်သောသူကို ခန့်ထားရန်လည်း စွမ်းနိုင်၏၊ ထို (သားကြီးရတနာ) သည် မဟာသုဒဿနမင်းထံသို့ ချဉ်းကပ်၍ “မင်းမြတ် အရှင်မင်းမြတ်သည်ကြောင့်ကြမဲ့ နေတော်မူပါလော့၊ အကျွန်ုပ်သည်စီမံခန့်ခွဲပါအံ့”ဟု လျှောက်၏။ အာနန္ဒာ မဟာသုဒဿနမင်းအား ဖြစ်ပေါ်လာသော သားကြီးရတနာသည်ဤသို့သဘော ရှိပေ၏။ (၇)

အာနန္ဒာ မဟာသုဒဿနမင်းသည် ဤဆိုခဲ့သော ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံပေ၏။

တန်ခိုးလေးပါးနှင့် ပြည့်စုံခြင်း[ပြင်ဆင်ရန်]

၂၅၂။ အာနန္ဒာ မဟာသုဒဿနမင်းသည် တန်ခိုးလေးပါးတို့နှင့် ပြည့်စုံ၏ (ဟူရာ၌) အဘယ်တန်ခိုးလေးပါးတို့နှင့် ပြည့်စုံသနည်းဟူမူ—

အာနန္ဒာ မဟာသုဒဿနမင်းသည် သူတစ်ပါးတို့ထက် လွန်ကဲ၍ အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ့ကြည်ညိုဖွယ်ရှိ၏၊ မြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏၊ အာနန္ဒာ မဟာသုဒသနမင်းသည် ရှေးဦးစွာသော ဤတန်ခိုးနှင့် ပြည့်စုံပေ၏။

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မဟာသုဒဿနမင်းသည် သူတစ်ပါးတို့ထက် လွန်ကဲ၍ အသက်ရှည်၏၊ ကြာမြင့်စွာ တည်ခြင်းရှိ၏၊ အာနန္ဒာ မဟာသုဒဿနမင်းသည် နှစ်ခုမြောက်သော ဤတန်ခိုးနှင့်လည်း ပြည့်စုံပေ၏၊

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မဟာသုဒဿနမင်းသည် သူတစ်ပါးတို့ထက် လွန်ကဲ၍ အနာ ကင်း၏၊ ရောဂါကင်း၏၊ အစာကို အညီအမျှကြေစေတတ်သည့် မအေးလွန်း မပူလွန်းသော ဝမ်းမီးနှင့် ပြည့်စုံ၏။ အာနန္ဒာ မဟာသုဒဿနမင်းသည် သုံးခုမြောက်သော ဤဆိုခဲ့သော တန်ခိုးနှင့်လည်း ပြည့်စုံ ပေ၏။

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မဟာသုဒဿနမင်းကို ပုဏ္ဏားနှင့် သူကြွယ်တို့သည် ချစ်ခင်မြတ်နိုးကုန်၏၊ အာနန္ဒာ ဥပမာအားဖြင့် ဖခင်ကို သားသမီးတို့သည် ချစ်ခင်မြတ်နိုးကုန်သကဲ့သို့ပင် မဟာသုဒဿနမင်းကို ပုဏ္ဏားနှင့် သူကြွယ်တို့သည် ချစ်ခင်မြတ်နိုးကုန်၏၊ အာနန္ဒာ မဟာသုဒဿနမင်းသည်လည်းပုဏ္ဏားနှင့် သူကြွယ်တို့ကို ချစ်ခင်မြတ်နိုး၏၊ အာနန္ဒာ ဥပမာအားဖြင့် ဖခင်သည် သားသမီးတို့ကိုချစ်ခင်မြတ်နိုးသကဲ့သို့ပင် မဟာသုဒဿနမင်းသည်လည်း ပုဏ္ဏားနှင့် သူကြွယ်တို့ကို ချစ်ခင်မြတ်နိုး၏။

အာနန္ဒာ ရှေး၌ဖြစ်ခဲ့ဖူးသည်ကား မဟာသုဒဿနမင်းသည် အင်္ဂါလေးပါးရှိသော စစ်တပ်ဖြင့် ဥယျာဉ်မြေ အရပ်သို့ ထွက်တော်မူ၏၊ အာနန္ဒာ ထိုအခါ၌ ပုဏ္ဏားနှင့် သူကြွယ်တို့သည် မဟာသုဒဿန မင်းသို့ချဉ်းကပ်၍ “မင်းမြတ် အရှင်မင်းမြတ်ကို အကျွန်ုပ်တို့ ကြာမြင့်စွာ ဖူးမြော်နိုင်ရန်အလို့ငှာ ဖြည်းဖြည်းကြွသွားတော်မူပါလော့”ဟု ဆိုကုန်၏။ အာနန္ဒာ မဟာသုဒဿနမင်းသည်လည်း “အချင်းရထားထိန်းငါသည် ပုဏ္ဏားနှင့် သူကြွယ်တို့ကို ကြာမြင့်စွာ မြင်နိုင်ရန်အလို့ငှာ ရထားကို ဖြည်းဖြည်း မောင်းနှင်လော့”ဟု ရထားထိန်းအား မိန့်တော်မူ၏။

အာနန္ဒာ မဟာသုဒဿနမင်းသည် လေးခုမြောက်သော ဤတန်ခိုးနှင့်လည်း ပြည့်စုံပေ၏။ အာနန္ဒာမဟာသုဒဿနမင်းသည် ဤတန်ခိုးလေးပါးတို့နှင့် ပြည့်စုံပေ၏။

ဓမ္မပြာသာဒ်နှင့် ဓမ္မရေကန်[ပြင်ဆင်ရန်]

၂၅၃။ အာနန္ဒာ ထိုအခါ မဟာသုဒဿနမင်းအား ဤသို့သော အကြံဖြစ်၏ “ငါသည် ဤထန်းပင် (တန်း) တို့၏ အကြား၌ ကုလလေးတာ၁ တစ်ရာစီ တစ်ရာစီ ကျယ်ပြန့်သော လေးထောင့်ကန်တို့ကို ဖန်ဆင်းရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။ အာနန္ဒာ မဟာသုဒဿနမင်းသည် ထိုထန်းပင် (တန်း) တို့၏အကြား၌ ကုလလေးတာ တစ်ရာစီ တစ်ရာစီ ကျယ်ပြန့်သော လေးထောင့်ကန်တို့ကို ဖန်ဆင်းလေ၏။ အာနန္ဒာ ထိုလေးထောင့်ကန်တို့ကို ရွှေအုတ်တစ်မျိုး၊ ငွေအုတ်တစ်မျိုး၊ ကြောင်မျက်ရွဲ (ပတ္တမြား) အုတ်တစ်မျိုး၊ ဖလ်အုတ်တစ်မျိုးဟူ၍ အရောင်လေးမျိုးရှိသော အုတ်တို့ဖြင့် စီထားကုန်၏။

အာနန္ဒာ ထိုလေးထောင့်ကန်တို့၌ ရွှေစောင်းတန်းတစ်မျိုး၊ ငွေစောင်းတန်းတစ်မျိုး၊ ကြောင်မျက်ရွဲစောင်းတန်းတစ်မျိုး၊ ဖလ်စောင်းတန်းတစ်မျိုးအားဖြင့် အရောင်လေးမျိုးရှိသော စောင်းတန်းလေးခုစီ ရှိကုန်၏။ ရွှေစောင်းတန်း၌ လက်ရန်းတိုင်တို့သည် ရွှေဖြင့် ပြီး၍ စိန်ချွန်၂နှင့် နဖူးစည်းတို့သည် ငွေဖြင့်ပြီးကုန်၏။ ငွေစောင်းတန်း၌ လက်ရန်းတိုင်တို့သည် ငွေဖြင့် ပြီးကုန်၍ စိန်ချွန်နှင့် နဖူးစည်းတို့ကားရွှေဖြင့် ပြီးကုန်၏။ ကြောင်မျက်ရွဲစောင်းတန်း၌ လက်ရန်းတိုင်တို့သည် ကြောင်မျက်ရွဲဖြင့် ပြီး၍ စိန်ချွန်နှင့် နဖူးစည်းတို့ကား ဖလ်ဖြင့် ပြီးကုန်၏။ ဖလ်စောင်းတန်း၌ လက်ရန်းတိုင်တို့သည် ဖလ်ဖြင့် ပြီး၍စိန်ချွန်နှင့် နဖူးစည်းတို့သည်ကား ကြောင်မျက်ရွဲဖြင့် ပြီးကုန်၏။

အာနန္ဒာ ထိုလေးထောင့်ကန်တို့သည် အရံအတား နှစ်ခုစီ ကာရံလျက် ရှိကုန်၏၊ အရံအတားတစ်ခုသည် ရွှေဖြင့် ပြီး၍ အရံအတားတစ်ခုကား ငွေဖြင့် ပြီး၏၊ ရွှေဖြင့် ပြီးသော အရံအတား၌ တိုင်တို့သည့်ရွှေဖြင့် ပြီး၍ စိန်ချွန်နှင့် နဖူးစည်းတို့ကား ငွေဖြင့် ပြီးကုန်၏။ ငွေဖြင့် ပြီးသော အရံအတား၌ တိုင်တို့သည် ငွေဖြင့် ပြီး၍ စိန်ချွန်နှင့် နဖူးစည်းတို့ကား ရွှေဖြင့် ပြီးကုန်၏။

အာနန္ဒာ ထိုအခါ၌ မဟာသုဒဿနမင်းအား ဤသို့သော အကြံသည် ဖြစ်၏၊ “ငါသည် ဤလေးထောင့်ကန်တို့၌ (ဥပ္ပလ) ကြာ ပဒုမ္မာကြာ ကုမုဒြာကြာ ပုဏ္ဍရိက်ကြာဟူသောဥတုသုံးပါးလုံးပွင့်သော လူအများသုံးနိုင်ခွင့်ရှိသော ပန်းမျိုးကို စိုက်ပျိုးစေရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။ အာနန္ဒာ မဟာ သုဒဿနမင်းသည် ထိုလေးထောင့်ကန်တို့၌ ဥပ္ပလကြာ ပဒုမ္မာကြာကုမုဒြာကြာ ပုဏ္ဍရိက်ကြာ ဟူသော ဥတုသုံးပါးလုံးပွင့်သော လူအများ သုံးနိုင်ခွင့်ရှိသော ပန်းမျိုးကိုစိုက်ပျိုးစေ၏။

၂၅၄။ အာနန္ဒာ ထိုအခါ မဟာသုဒဿနမင်းအား ဤသို့သော အကြံသည် ဖြစ်ပြန်၏၊ “ငါသည်ဤလေးထောင့်ကန်တို့၏ ကမ်း၌ ရောက်လာသမျှသော လူအပေါင်းကို ရေချိုးပေးရန်အလို့ငှာ ရေချိုးပေးသူများကို ခန့်ထားရမူ ကောင်းလေစွ”ဟု (အကြံဖြစ်ပြန်၏)။ အာနန္ဒာ မဟာသုဒဿနမင်းသည် ထိုလေးထောင့်ကန်တို့၏ ကမ်း၌ ရောက်လာသမျှသော လူအပေါင်းကို ရေချိုးပေးရန်အလို့ငှာ ရေချိုးပေးသူများကို ခန့်ထားလေ၏။

အာနန္ဒာ ထိုအခါ မဟာသုဒဿနမင်းအား ဤသို့သော အကြံသည် ဖြစ်ပြန်၏၊ “ငါသည် ဤလေးထောင့်ကန်တို့၏ ကမ်း၌ ထမင်းအလိုရှိသောသူအား ထမင်းအလှူကို အဖျော်အလိုရှိသောသူအား အဖျော်အလှူကို အဝတ်အလိုရှိသောသူအား အဝတ်အလှူကို ယာဉ်အလိုရှိသောသူအား ယာဉ်အလှူကို အိပ်ရာအလိုရှိသောသူအား အိပ်ရာအလှူကို မိန်းမအလိုရှိသောသူအား မိန်းမအလှူကို ငွေအလိုရှိသောသူအားငွေအလှူကို ရွှေအလိုရှိသောသူအား ရွှေအလှူကို ပေးလှူစေရမူ ကောင်းလေစွ”ဟု (အကြံဖြစ်ပြန်၏)။

အာနန္ဒာ မဟာသုဒဿနမင်းသည် ထိုရေကန်တို့၏ ကမ်း၌ ထမင်းအလိုရှိသောသူအား ထမင်း အလှူကိုအဖျော်အလိုရှိသောသူအား အဖျော်အလှူကို အဝတ်အလိုရှိသောသူအား အဝတ်အလှူကို ယာဉ်အလိုရှိသောသူအား ယာဉ်အလှူကို အိပ်ရာအလိုရှိသောသူအား အိပ်ရာအလှူကို မိန်းမအလိုရှိသောသူအားမိန်းမအလှူကို ငွေအလိုရှိသောသူအား ငွေအလှူကို ရွှေအလိုရှိသောသူအား ရွှေအလှူကို ပေးလှူစေ၏။

၂၅၅။ အာနန္ဒာ ထိုအခါ၌ ပုဏ္ဏားနှင့် သူကြွယ်တို့သည် များစွာသော ဥစ္စာကို ယူဆောင်လာကာမဟာသုဒဿနမင်းသို့ ချဉ်းကပ်ပြီးလျှင် “မင်းမြတ် မင်းမြတ်အတွက်ပင် ရည်ရွယ်၍ ဤများစွာသောဥစ္စာကို ယူဆောင်လာခဲ့ပါသည်၊ မင်းမြတ်သည် ထို (ဥစ္စာ) ကို ခံယူတော်မူပါ”ဟု (လျှောက်ကုန်၏)။ အချင်းတို့ အလိုမရှိပြီ၊ တရားသော အခွန်အတုတ်ဖြင့် စုဆောင်းထားသော ဤငါ့ဥစ္စာသည်လည်း များလှပါ၏၊ ထို (သင်တို့၏ ဥစ္စာ) သည်လည်း သင်တို့၏ (ဥစ္စာပင်) ဖြစ်ပါစေ၊ ဤ (ငါ့ဥစ္စာ) မှလည်း ထပ်၍ယူကုန်ဦးလော့ဟု (မိန့်ဆို၏)။

ဤသို့ မဟာသုဒဿနမင်းက ငြင်းပယ်လိုက်သည်ရှိသော် ထိုပုဏ္ဏားနှင့် သူကြွယ်တို့သည် တစ်ခုသောနေရာသို့ ဖဲသွားကြပြီးလျှင် “ဤဥစ္စာတို့ကို ငါတို့၏ အိမ်သို့ တစ်ဖန်ပြန်၍ ယူဆောင်သည် ရှိသော်ငါတို့အား မလျောက်ပတ်၊ ငါတို့သည် မဟာသုဒဿနမင်းအား နန်းတော် တည်ဆောက်ပေးရမူ ကောင်းလေစွ”ဟု အညီအညွတ် ကြံစည်ဆုံးဖြတ်ကုန်၏။ (ဤသို့ ဆုံးဖြတ်ပြီးလျှင်) ထိုသူတို့သည် မဟာသုဒဿနမင်းထံသို့ ချဉ်းကပ်၍ “မင်းမြတ် အရှင်မင်းမြတ်အား နန်းတော် တည်ဆောက်ပေးပါကုန်အံ့”ဟု ဆိုကုန်၏။ အာနန္ဒာ မဟာသုဒဿနမင်းသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံလေ၏။

၂၅၆။ အာနန္ဒာ ထိုအခါ နတ်တို့၏အရှင် သိကြားမင်းသည် မဟာသုဒဿနမင်း၏ စိတ်အကြံကို (မိမိ) စိတ်ဖြင့် သိ၍ “အချင်းဝိသကြုံ လာလော့၊ သင်သည် မဟာသုဒဿနမင်းအား ဓမ္မမည်သော (နန်း) ပြာသာဒ်ကို ဖန်ဆင်းပေးချေလော့”ဟု ဝိသကြုံနတ်သားကို အမိန့်ပေး၏။ “အရှင် သိကြားမင်း ကောင်းပါပြီ”ဟု ဝိသကြုံနတ်သားသည် နတ်တို့၏အရှင် သိကြားမင်းအား ဝန်ခံပြီးလျှင် အားရှိသော ယောကျာ်း့သည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကိုကွေး သကဲ့သို့လည်းကောင်း တာဝတိံသာနတ်ပြည်မှ ကွယ်ခဲ့၍ မဟာသုဒဿနမင်း၏ ရှေ့၌ထင်ရှားပေါ်လာ၏။

အာနန္ဒာ ထိုအခါ ဝိသကြုံနတ်သားသည် မဟာသုဒဿနမင်းအား “မင်းမြတ် အရှင်မင်းမြတ်အားဓမ္မမည်သော (နန်း) ပြာသာဒ်ကို ဖန်ဆင်းပေးပါအံ့”ဟု ဆို၏။ အာနန္ဒာ မဟာသုဒဿနမင်းသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံလေ၏။

အာနန္ဒာ ဝိသကြုံနတ်သားသည် မဟာသုဒဿနမင်းအား ဓမ္မမည်သော (နန်း) ပြာသာဒ်ကို ဖန်ဆင်းပေးလေ၏။ အာနန္ဒာ ဓမ္မမည်သော (နန်း) ပြာသာဒ်သည် အရှေ့ အနောက် အလျားတစ်ယူဇနာတောင်မြောက် အနံယူဇနာခွဲ ‘ယူဇနာဝက်’ ရှိ၏။ အာနန္ဒာ ဓမ္မမည်သော (နန်း) ပြာသာဒ်၏ အောက်ခံခုံသည် အမြင့်တစ်ဆယ့်ငါးတောင် ရှိ၏၊ (ယင်းခုံကို) ရွှေအုတ်တစ်မျိုး ငွေအုတ်တစ်မျိုး ကြောင်မျက်ရွဲအုတ်တစ်မျိုး ဖလ်အုတ်တစ်မျိုးဟူ၍ အရောင်လေးမျိုးရှိသော အုတ်တို့ဖြင့် စီထား၏။

အာနန္ဒာ ဓမ္မမည်သော (နန်း) ပြာသာဒ်၌ ရွှေတိုင်တစ်မျိုး ငွေတိုင်တစ်မျိုး ကြောင်မျက်ရွဲတိုင် တစ်မျိုးဖလ်တိုင်တစ်မျိုး ဟူ၍ အရောင်လေးမျိုးရှိသော တိုင်ပေါင်း ရှစ်သောင်းလေးထောင် ရှိ၏။ အာနန္ဒာဓမ္မမည်သော (နန်း) ပြာသာဒ်၌ ရွှေပျဉ်ချပ်တစ်မျိုး ငွေပျဉ် ချပ်တစ်မျိုး ကြောင်မျက်ရွဲ ပျဉ်ချပ် တစ်မျိုးဖလ်ပျဉ်ချပ်တစ်မျိုး ဟူ၍ အရောင်လေးမျိုးရှိသော ပျဉ်ချပ်တို့ကို ခင်းထား၏။

အာနန္ဒာ ဓမ္မမည်သော (နန်း) ပြာသာဒ်၌ ရွှေစောင်းတန်းတစ်မျိုး ငွေစောင်းတန်းတစ်မျိုး ကြောင် မျက်ရွဲစောင်းတန်းတစ်မျိုး ဖလ်စောင်းတန်းတစ်မျိုး ဟူ၍ အရောင်လေးမျိုးရှိသော စောင်းတန်း နှစ်ဆယ့်လေးသွယ် ရှိ၏။ ရွှေစောင်းတန်း၌ လက်ရန်းတိုင်တို့သည် ရွှေဖြင့် ပြီး၍ စိန်ချွန်နှင့် နဖူးစည်းတို့ကားငွေဖြင့် ပြီးကုန်၏။ ငွေစောင်းတန်း၌ လက်ရန်းတိုင်တို့သည် ငွေဖြင့် ပြီး၍ စိန်ချွန်နှင့် နဖူးစည်းတို့သည်ကား ရွှေဖြင့် ပြီးကုန်၏။

ကြောင်မျက်ရွဲစောင်းတန်း၌ လက်ရန်းတိုင်တို့သည် ကြောင်မျက်ရွဲဖြင့် ပြီး၍ စိန်ချွန်နှင့် နဖူးစည်းတို့ကား ဖလ်ဖြင့်ပြီးကုန်၏။ ဖလ်စောင်းတန်း၌ လက်ရန်းတိုင်တို့သည် ဖလ်ဖြင့်ပြီး၍ စိန်ချွန်နှင့် နဖူးစည်းတို့ကား ကြောင်မျက်ရွဲဖြင့် ပြီးကုန်၏။

အာနန္ဒာ ဓမ္မမည်သော (နန်း) ပြာသာဒ်မ၌ ရွှေပြာသာဒ်ဆောင်တစ်မျိုး ငွေပြာသာဒ်ဆောင်တစ်မျိုးကြောင် မျက်ရွွှဲပြာသာဒ်ဆောင်တစ်မျိုး ဖလ်ပြာသာဒ်ဆောင်တစ်မျိုးဟူ၍ အရောင်လေးမျိုးရှိသော ရွှေပြာသာဒ်ဆောင်ပေါင်း ရှစ်သောင်းလေးထောင် ရှိ၏။ ရွှေပြာသာဒ်ဆောင်၌ ငွေပလ္လင်ကို ခင်းထား၏၊ ငွေပြာသာဒ်ဆောင်၌ ရွှေပလ္လင်ကို ခင်းထား၏၊ ကြောင်မျက်ရွဲပြာသာဒ်ဆောင်၌ ဆင်စွယ်ပလ္လင်ကိုခင်းထား၏၊ ဖလ်ပြာသာဒ်ဆောင်၌ စန္ဒကူးနှစ် ပလ္လင်ကို ခင်းထား၏။

ရွှေပြာသာဒ်ဆောင် တံခါးဝ၌ ငွေထန်းပင် တည်ရှိ၏၊ ထို (ထန်းပင်) ၏ ပင်စည်သည် ငွေဖြင့်ပြီး၍အရွက်အသီးတို့သည်ကား ရွှေဖြင့်ပြီးကုန်၏။ ငွေပြာသာဒ်ဆောင်တံခါးဝ၌ ရွှေထန်းပင် တည်ရှိ၏၊ ထို (ထန်းပင်) ၏ ပင်စည်သည် ရွှေဖြင့်ပြီး၍ အရွက်အသီးတို့သည်ကား ငွေဖြင့် ပြီးကုန်၏။ ကြောင်မျက်ရွဲပြာသာဒ်ဆောင်တံခါးဝ၌ ဖလ်ဖြင့်ပြီးသော ငွေထန်းပင် တည်ရှိ၏၊ ထို (ထန်းပင်) ၏ ပင်စည်သည်ဖလ်ဖြင့် ပြီး၍ အရွက်အသီးတို့သည်ကား ကြောင်မျက်ရွဲဖြင့် ပြီးကုန်၏။ ဖလ်ပြာသာဒ်ဆောင်တံခါးဝ၌ကြောင် မျက်ရွဲဖြင့်ပြီးသော ထန်းပင်တည်ရှိ၏၊ ထို (ထန်းပင်) ၏ ပင်စည်သည် ကြောင်မျက်ရွဲဖြင့်ပြီး၍အရွက်အသီး တို့သည်ကား ဖလ်ဖြင့်ပြီးကုန်၏။

၂၅၇။ အာနန္ဒာ ထိုအခါ မဟာသုဒဿနမင်းအား “မဟာဝိယူဟမည်သော ပြာသာဒ်ဆောင်တံခါးဝ၌ရွှေအတိပြီးသော ထန်းတောကို ဖန်ဆင်းပြီးလျှင် ယင်းထန်းတော၌ နေ့သန့်စင်ကာ နေရမူ ကောင်းလေစွ”ဟု အကြံဖြစ်ပြန်၏။ အာနန္ဒာ မဟာသုဒဿနမင်းသည် မဟာဝိယူဟမည်သော ပြာသာဒ်ဆောင့်တံခါးဝ၌ ရွှေအတိပြီးသော ထန်းတောကို ဖန်ဆင်းပြီးလျှင် ယင်းထန်းတော၌ နေ့သန့်စင်ကာ နေ၏။ အာနန္ဒာ ဓမ္မမည်သော (နန်း) ပြာသာဒ်သည် အရံအတားနှစ်ခုတို့ဖြင့် ကာရံလျက်ရှိ၏၊ အရံအတားတစ်ခုကား ရွှေဖြင့်ပြီး၏။ တစ်ခုကား ငွေဖြင့်ပြီး၏။ ရွှေဖြင့်ပြီးသော အရံအတား၌ တိုင်တို့သည် ရွှေဖြင့်ပြီး၍စိန်ချွန်နှင့် နဖူးစည်းတို့ကား ငွေဖြင့်ပြီးကုန်၏။ ငွေဖြင့်ပြီးသော အရံအတား၌ တိုင်တို့သည် ငွေဖြင့်ပြီး၍စိန်ချွန်နှင့် နဖူးစည်းတို့ကား ရွှေဖြင့်ပြီးကုန်၏။

၂၅၈။ အာနန္ဒာ ဓမ္မမည်သော (နန်း) ပြာသာဒ်သည် ခြူကွန်ရက်နှစ်ခုတို့ဖြင့် ကာရံလျက်ရှိ၏၊ ကွန်ရက်တစ်ခုကား ရွှေဖြင့် ပြီး၏၊ ကွန်ရက်တစ်ခုကား ငွေဖြင့် ပြီး၏။ ရွှေကွန်ရက်၌ ငွေခြူတို့ကိုဆွဲထားကုန်၏၊ ငွေကွန်ရက်၌ ရွှေခြူတို့ကို ဆွဲထားကုန်၏။ အာနန္ဒာ လေတိုက်ခတ်သည်ရှိသော် ထိုခြူနှင့်ကွန်ရက်တို့မှ ထွက်ပေါ်လာသော အသံသည် သာယာလည်း သာယာ၏၊ စွဲမက်ဖွယ်လည်း ဖြစ်၏၊ နှစ်သက်ဖွယ်လည်း ဖြစ်၏၊ မက်မောဖွယ်လည်း ဖြစ်၏။

အာနန္ဒာ ဥပမာအားဖြင့် တူရိယာငါးပါးကို ကောင်းစွာ ပြင်ဆင်၍ အသံညှိကာ တတ်ကျွမ်းသူတို့အညီအညွတ်တီးမှုတ်သည်ရှိသော် တူရိယာသံသည် သာယာလည်း သာယာသကဲ့သို့ စွဲမက်ဖွယ်လည်း ဖြစ်သကဲ့သို့ နှစ်သက်ဖွယ်လည်း ဖြစ်သကဲ့သို့ မက်မောဖွယ်လည်း ဖြစ်သကဲ့သို့ အာနန္ဒာ ဤအတူပင်လေတိုက်ခတ်သည်ရှိသော် ထိုခြူနှင့် ကွန်ရက်တို့၏ အသံသည် သာယာလည်း သာယာ၏၊ စွဲမက်ဖွယ်လည်း ဖြစ်၏၊ နှစ်သက်ဖွယ်လည်း ဖြစ်၏၊ မက်မောဖွယ်လည်း ဖြစ်၏၊ အာနန္ဒာ ထိုအခါ ကုသာဝတီနေပြည်တော်၌ ကစားကြူး မေထုန်ကြူး သေသောက်ကြူးကုန်သော သူတို့သည် လေတိုက်ခတ်သောထိုခြူနှင့် ကွန်ရက်တို့၏ အသံဖြင့် ကခုန်ပျော်မြူးကုန်၏။

အာနန္ဒာ ဓမ္မမည်သော (နန်း) ပြာသာဒ်သည် ပြီးစီးလတ်သော် မကြည့်ရှုနိုင်လောက်အောင် အလွန်တောက်ပ၏၊ မျက်စိကျိန်းအောင် တောက်ပ၏။ အာနန္ဒာ ဥပမာအားဖြင့် မိုးဥတုအဆုံးတန်ဆောင်မုန်းလ အခါ၌ တိမ်တိုက်ကင်း၍ ကောင်းကင်စင်ကြယ်လတ်သော် ကောင်းကင်၌တက်ထွန်းလျက်ရှိသော နေမင်း သည် မကြည့်ရှုနိုင်အောင် အလွန်တောက်ပသကဲ့သို့ မျက်စိကျိန်းအောင်တောက်ပသကဲ့သို့ အာနန္ဒာ ဤအတူပင် ဓမ္မမည်သော (နန်း) ပြာသာဒ်သည် မကြည့်ရှုနိုင်လောက်အောင်အလွန်တောက်ပ၏၊ မျက်စိ ကျိန်းအောင် တောက်ပ၏။

၂၅၉။ အာနန္ဒာ ထိုအခါ မဟာသုဒဿနမင်းအား “ဓမ္မမည်သော (နန်း) ပြာသာဒ်၏ ရှေ့၌ ဓမ္မမည်သော လေးထောင့်ကန်ကို ဖန်ဆင်းရမူ ကောင်းလေစွ”ဟု အကြံဖြစ်ပြန်၏။ အာနန္ဒာ မဟာသုဒဿနမင်းသည် ဓမ္မမည်သော (နန်း) ပြာသာဒ်၏ ရှေ့၌ ဓမ္မမည်သော လေးထောင့်ကန်ကို ဖန်ဆင်းလေ၏။ အာနန္ဒာ ဓမ္မမည်သော လေးထောင့်ကန်သည် အရှေ့ အနောက် အလျား တစ်ယူဇနာ ရှိ၏၊ တောင် မြောက် အနံ ယူဇနာဝက် ရှိ၏၊ အာနန္ဒာ ဓမ္မမည်သော လေးထောင့်ကန်ကို ရွှေအုတ်တစ်မျိုးငွေအုတ် တစ်မျိုး (ပတ္တမြား) ကြောင်မျက်ရွဲအုတ်တစ်မျိုး ဖလ်အုတ်တစ်မျိုးဟူ၍ အရောင်လေးမျိုးရှိသောအုတ်တို့ဖြင့် စီထား ၏။

အာနန္ဒာ ဓမ္မမည်သော လေးထောင့်ကန်၌ ရွှေစောင်းတန်းတစ်မျိုး ငွေစောင်းတန်းတစ်မျိုး (ပတ္တမြား) ကြောင်မျက်ရွဲစောင်းတန်းတစ်မျိုး ဖလ်စောင်းတန်းတစ်မျိုး ဟူ၍ အရောင်လေးမျိုးရှိသော စောင်းတန်းနှစ်ဆယ့်လေးသွယ် ရှိ၏။ ရွှေစောင်းတန်း၌ လက်ရန်းတိုင်တို့သည် ရွှေဖြင့် ပြီး၍ စိန်ချွန်နှင့်နဖူးစည်းတို့ကား ငွေဖြင့် ပြီးကုန်၏။ ငွေစောင်းတန်း၌ လက်ရန်းတိုင်တို့သည် ငွေဖြင့်ပြီး၍ စိန်ချွန်နှင့်နဖူးစည်းတို့ကား ရွှေဖြင့် ပြီးကုန်၏။ ကြောင်မျက်ရွှဲစောင်းတန်း၌ လက်ရန်းတိုင်တို့သည် ကြောင်မျက်ရွဲဖြင့် ပြီး၍ စိန်ချွန်နှင့် နဖူးစည်းတို့ကား ဖလ်ဖြင့် ပြီးကုန်၏။ ဖလ်စောင်းတန်း၌ လက်ရန်းတိုင်တို့သည်ဖလ်ဖြင့်ပြီး၍ စိန်ချွန်နှင့် နဖူးစည်းတို့ကား ကြောင်မျက်ရွဲဖြင့် ပြီးကုန်၏။

အာနန္ဒာ ဓမ္မမည်သော လေးထောင့်ကန်သည် အရံအတား နှစ်ခုတို့ဖြင့် ကာရံလျက် ရှိ၏။ အရံ့အတား တစ်ခုကား ရွှေဖြင့်ပြီး၏၊ တစ်ခုကား ငွေဖြင့်ပြီး၏။ ရွှေဖြင့်ပြီးသော အရံအတား၌ တိုင်တို့သည်ရွှေဖြင့်ပြီး၍ စိန်ချွန်နှင့် နဖူးစည်းတို့ကား ငွေဖြင့်ပြီးကုန်၏။ ငွေဖြင့်ပြီးသော အရံအတား၌ တိုင်တို့သည်ငွေဖြင့်ပြီး၍ စိန်ချွန်နှင့် နဖူးစည်းတို့ကား ရွှေဖြင့်ပြီးကုန်၏။

အာနန္ဒာ ဓမ္မမည်သော လေးထောင့်ကန်သည် ရွှေထန်းပင်တစ်တန်း ငွေထန်းပင်တစ်တန်း ကြောင်မျက်ရွဲ ထန်းပင်တစ်တန်း ဖလ်ထန်းပင်တစ်တန်း ပတ္တမြားနီထန်းပင်တစ်တန်း ပတ္တမြားပြောက် ထန်းပင်တစ်တန်း ရတနာမျိုးစုံ ထန်းပင်တစ်တန်းအားဖြင့် ထန်းပင်တန်းခုနစ်ခုတို့ ကာရံလျက် ရှိ၏။

ရွှေထန်းပင်၏ ပင်စည်သည် ရွှေဖြင့်ပြီး၍ အရွက်အသီးတို့သည်ကား ငွေဖြင့်ပြီးကုန်၏။ ငွေထန်းပင် ၏ပင်စည်သည် ငွေဖြင့်ပြီး၍ အရွက်အသီးတို့သည်ကား ရွှေဖြင့်ပြီးကုန်၏။ ကြောင်မျက်ရွဲထန်းပင်၏ပင်စည်သည် ကြောင်မျက်ရွွှဲဖြင့်ပြီး၍ အရွက်အသီးတို့သည်ကား ဖလ်ဖြင့်ပြီးကုန်၏။ ဖလ်ထန်းပင်၏ပင်စည်သည် ဖလ်ဖြင့်ပြီး၍ အရွက်အသီးတို့သည်ကား ကြောင်မျက်ရွဲဖြင့်ပြီးကုန်၏။ ပတ္တမြားနီထန်းပင်၏ပင်စည်သည် ပတ္တမြားနီဖြင့်ပြီး၍ အရွက်အသီးတို့သည်ကား ပတ္တမြားပြောက်ဖြင့်ပြီးကုန်၏။ ပတ္တမြားပြောက်ထန်းပင်၏ ပင်စည်သည် ပတ္တမြားပြောက်ဖြင့်ပြီး၍ အရွက်အသီးတို့သည်ကား ပတ္တမြားနီဖြင့်ပြီးကုန်၏။ ရတနာမျိုးစုံထန်းပင်၏ ပင်စည်သည် ရတနာမျိုးစုံဖြင့်ပြီး၍ အရွက်အသီးတို့သည်လည်း ရတနာမျိုးစုံဖြင့်ပြီးကုန်၏။

အာနန္ဒာ ထိုထန်းပင်တို့ကို လေတိုက်ခတ်သည်ရှိသော် အသံသည် သာယာလည်း သာယာ၏၊ စွဲမက်ဖွယ်လည်းဖြစ်၏၊ နှစ်သက်ဖွယ်လည်းဖြစ်၏၊ မက်မောဖွယ်လည်းဖြစ်၏။ အာနန္ဒာ ဥပမာအားဖြင့်တူရိယာ ငါးပါးကို ကောင်းစွာ ပြင်ဆင်၍ အသံညှိကာ တတ်ကျွမ်းသူတို့ အညီညွတ် တီးမှုတ်သည်ရှိသော်တူရိယာသံသည် သာယာလည်း သာယာသကဲ့သို့၊ စွဲမက်ဖွယ်လည်း ဖြစ်သကဲ့သို့ မက်မောဖွယ်လည်းဖြစ်သကဲ့သို့ အာနန္ဒာ ဤအတူပင် ထိုထန်းပင်တန်းတို့ကို လေတိုက်ခတ်သည်ရှိသော် အသံသည် သာယာလည်း သာယာ၏၊ စွဲမက်ဖွယ်လည်း ဖြစ်၏၊ နှစ်သက်ဖွယ်လည်း ဖြစ်၏၊ မက်မောဖွယ်လည်း ဖြစ်၏၊ အာနန္ဒာ ထိုအခါ ကုသာဝတီနေပြည်တော်၌ ကစားကြူး မေထုန်ကြူး သေသောက်ကြူးကုန်သော သူတို့သည် လေတိုက်ခတ်သော ထိုထန်းပင်တို့၏ အသံဖြင့် ကခုန်ပျော်မြူးကြကုန်၏။

အာနန္ဒာ မဟာသုဒဿနမင်းသည် ဓမ္မမည်သော (နန်း) ပြာသာဒ်ကြီး ပြီးစီးလတ်သော် ဓမ္မမည်သောလေးထောင့်ကန်ကြီး ပြီးစီးလတ်သော် ထိုစဉ်အခါက သမဏထဲ၌ သမဏဟု အသိအမှတ်ပြုထားသော သူနှင့် ဗြာဟ္မဏထဲ၌ ဗြာဟ္မဏဟု အသိအမှတ်ပြုထားသော သူတို့အား အလိုရှိရာ ဝတ္ထုမျိုးစုံတို့ကိုလိုသလောက် ပေးလှူ ပြီးလျှင် ဓမ္မမည်သော (နန်း) ပြာသာဒ်သို့ တက်လေ၏။

ပဌမခန်းပြီး၏။

၁။ ဤ၌ ကုလလေးတာ —ဟု ခေါ်သော ဓနုတာသည် လေးတောင်ရှိ၍ ကုလလေးတာ တစ်ရာသည် အတောင်လေးရာ နှင့် ညီမျှသည်။

၂။ စိန်ချွန်ဟူသည် လက်ရန်းတိုင်၌ စိုက်ထောင်ထားသော အချွန်အတက်ကလေးများကို ဆိုသည်။

ဈာန်နှင့် ပြည့်စုံခြင်း[ပြင်ဆင်ရန်]

၂၆ဝ။ အာနန္ဒာ ထိုအခါ မဟာသုဒဿနမင်းသည် “ငါ့အား ယခုအခါ၌ ဤသို့ တန်ခိုးအာနုဘော်ကြီးလျက် ရှိခြင်းသည် အဘယ်ကံ၏ အကျိုးဝိပါက်ပေနည်း”ဟု ဆင်ခြင်လေ၏။ အာနန္ဒာ ထိုနောက်မဟာသုဒဿနမင်းသည် “ငါ့အား ယခုအခါ၌ ဤသို့ တန်ခိုးအာနုဘော် ကြီးလျက်ရှိခြင်းသည် ပေးကမ်းခြင်း ‘ဒါန’ ၊ ဆုံးမခြင်း ‘ဒမ’၁၊ ကိုယ်နှုတ်စောင့်စည်းခြင်း ‘သီလသံယမ’ ဟူသော ကံသုံးပါးတို့၏ အကျိုးဝိပါက်ပေတည်း”ဟု သိမြင်လေ၏။

အာနန္ဒာ ထိုအခါ မဟာသုဒဿနမင်းသည် မဟာဝိယူဟမည်သော ပြာသာဒ်ဆောင်သို့ ချဉ်းကပ်၍ ထိုပြာသာဒ်တံခါးဝ၌ ရပ်လျက် (ဤသို့) ဥဒါန်းကျူးရင့်၏ —

“ကာမဝိတက်၂ နေရစ်လော့၊ ဗျာပါဒဝိတက်၃ နေရစ်လော့၊ ဝိဟိံသဝိတက်၄ နေရစ်လော့၊ ကာမဝိတက် သင့်နယ်ကား ဤမျှသာ ရှိ၏၊ ဗျာပါဒဝိတက် သင့်နယ်ကား ဤမျှသာ ရှိ၏၊ ဝိဟိံသဝိတက် သင့်နယ်ကား ဤမျှသာရှိ၏”ဟု (ဥဒါန်း ကျူးရင့်၏)။

၂၆၁။ အာနန္ဒာ ထို့နောက် မဟာသုဒဿနမင်းသည် မဟာဝိယူဟမည်သော ပြာသာဒ်ဆောင်သို့ ဝင်၍ရွှေပလ္လင်ထက်၌ ထိုင်လျက် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော ‘နီဝရဏ’ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ရောက်၍ နေ၏။

ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။

နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူ ရှုလျက်နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။

ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင် လျှင်ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ကြောင့် ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။

၂၆၂။ အာနန္ဒာ ထို့နောက် မဟာသုဒဿနမင်းသည် မဟာဝိယူဟမည်သော ပြာသာဒ်ဆောင်မှထွက်ပြီးလျှင် ရွှေဖြင့်ပြီးသော ပြာသာဒ်ဆောင်သို့ ဝင်၍ ငွေပလ္လင်ထက်၌ ထိုင်နေလျက်ချမ်းသာစေလိုခြင်း ‘မေတ္တာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာသို့ ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက်အရပ်မျက်နှာကို။ လေးခုမြောက်အရပ်မျက်နှာကိုပျံ့နှံ့စေ၍ နေ၏။ ဤ နည်းဖြင့် အထက် အောက် ဖီလာအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာသို့ ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်အရပ်မျက်နှာကို။ သုံးခုမြောက်အရပ်မျက်နှာကို။ လေးခုမြောက်အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသောလျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

၁။ ဒမဟူသည်မှာ အဋ္ဌင်္ဂဥပုသ် ကျင့်သုံးလျက် မိမိကိုယ်ကို ဆုံးမခြင်းပင် ဖြစ်သည်ဟု အဋ္ဌကထာ၌ ဆို၏။

၂။ ကာမဝိတက် — ကာမဂုဏ်ကို ကြံစည်ခြင်း။

၃။ ဗျာပါဒဝိတက် — သူတစ်ပါးကို သေကျေပျက်စီးရန် ကြံစည်ခြင်း။

၄။ ဝိဟိံ သဝိတက် — သူတစ်ပါးကို ညှဉ်းဆဲရန်ကြံစည်ခြင်း။

မြို့ပေါင်း ရှစ်သောင်း လေးထောင် စသည်[ပြင်ဆင်ရန်]

၂၆၃။ အာနန္ဒာ မဟာသုဒဿနမင်းအား ကုသာဝတီနေပြည်တော်လျှင် အချုပ်အခြာရှိသောမြို့ပေါင်းရှစ်သောင်းလေးထောင် ရှိကုန်၏၊ ဓမ္မမည်သော (နန်း) ပြာသာဒ်လျှင် အချုပ်အခြာရှိသော ပြာသာဒ်ပေါင်းရှစ်သောင်းလေးထောင် ရှိကုန်၏၊ မဟာဝိယူဟ ပြာသာဒ်ဆောင်လျှင် အချုပ်အခြာရှိသော ပြာသာဒ်ပေါင်းရှစ်သောင်းလေးထောင်ရှိကုန်၏၊ မွေးရှည်ကော်ဇောကြီး သားမွေးဖြူကော်ဇော ပန်းပြောက်ခြယ်ကော်ဇော ဝံပိုင့်ရေအခင်းမြတ်တို့ဖြင့် ခင်းထားကုန်သော (နီသော) မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိကုန်သော ရွှေ ငွေ ဆင်စွယ် စန္ဒကူးနှစ်တို့ဖြင့် ပြီးကုန်သော သလွန် ‘ပလ္လင်’ ပေါင်း ရှစ်သောင်းလေးထောင်ရှိကုန်၏။

ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားကုန်သော ဥပေါသထဆင်မင်းအမှူးရှိသော ဆင်ပေါင်း ရှစ်သောင်းလေးထောင် ရှိကုန်၏။

ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားကုန်သော ဝလာဟကမြင်းမင်းအမှူးရှိသော မြင်းပေါင်း ရှစ်သောင်းလေးထောင် ရှိကုန်၏။

ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားကုန်သော ခြင်္သေ့ရေကျားရေ သစ်ရေ ဖျော့တော့သော ကမ္ဗလာအကာအရံရှိကုန်သော ဝေဇယန္တာရထားလျှင် အထွတ် အမြတ်ရှိသော ရထားပေါင်း ရှစ်သောင်းလေးထောင် ရှိကုန်၏။

ဝေဠုရိယပတ္တမြားရတနာလျှင် အထွတ်အမြတ်ရှိသော ပတ္တမြားပေါင်း ရှစ်သောင်းလေးထောင် ရှိကုန်၏။

သုဘဒ္ဒါမိဖုရားလျှင် အမှူးရှိသော မိဖုရားပေါင်း ရှစ်သောင်းလေးထောင် ရှိကုန်၏။

သူဌေးရတနာလျှင် အမှူးရှိသော သူဌေးပေါင်း ရှစ်သောင်းလေးထောင် ရှိကုန်၏။

သားကြီးရတနာလျှင် အမှူးရှိသော ဩဇာခံမင်းပေါင်း ရှစ်သောင်းလေးထောင် ရှိကုန်၏။

နို့ထွက်သန်၍ ရွှေခွက်တို့ဖြင့် ခံယူရသော နို့ညှစ်နွားမပေါင်း ရှစ်သောင်းလေးထောင် ရှိကုန်၏။

သိမ်မွေ့သော ခုံ ‘ခေါမ’ ချည် ဝါချည် ပိုးချည် သိုးမွေးချည်တို့ဖြင့် ယက်ထားသော အဝတ်ပုဆိုး ပေါင်းကုဋေရှစ်သောင်းလေးထောင် ရှိကုန်၏။

အာနန္ဒာ မဟာသုဒဿနမင်းအား ညဉ့်တိုင်း နံနက်တိုင်း တင်ဆက်သော ပွဲတော်စာတို့သည် ထမင်းအိုးရှစ်သောင်းလေးထောင်ချက် ရှိကုန်၏။

၂၆၄။ အာနန္ဒာ ထိုစဉ်အခါ၌ ရှစ်သောင်းလေးထောင်သော ဆင်တို့သည် မဟာသုဒဿနမင်းအားညဉ့်တိုင်း နံနက်တိုင်း လာရောက်ခစား နေကုန်၏။

အာနန္ဒာ ထိုအခါ မဟာသုဒဿနမင်းအား ဤသို့သော အကြံသည် ဖြစ်၏၊ “ဤရှစ်သောင်းလေးထောင်သော ဆင်တို့သည် ငါ့အား ညဉ့်တိုင်း နံနက်တိုင်း လာရောက်ခစား နေကုန်၏၊ အနှစ်တစ်ရာ အနှစ်တစ်ရာလွန်မှ လေးသောင်းနှစ်ထောင် လေးသောင်းနှစ်ထောင်သော ဆင်တို့သည်တစ်ကြိမ် တစ်ကြိမ် သာလျင် လာရောက် ခစားကုန်မူကား ကောင်းလေစွ”ဟု (အကြံဖြစ်၏)။

အာနန္ဒာ ထိုအခါ မဟာသုဒဿနမင်းသည် သားကြီးရတနာကို (ဤသို့) မိန့်ဆို၏၊ “အမောင်သားကြီးရတနာ ဤရှစ်သောင်းလေးထောင်သော ဆင်တို့သည် ငါ့အား ညဉ့်တိုင်း နံနက်တိုင်း လာရောက့်ခစား နေကုန်၏၊ အမောင်သားကြီးရတနာ သို့ဖြစ်ရာဝယ် အနှစ်တစ်ရာ အနှစ်တစ်ရာလွန်မှလေးသောင်း နှစ်ထောင် လေးသောင်းနှစ်ထောင်သော ဆင်တို့ကို တစ်ကြိမ် တစ်ကြိမ်သာလျှင်လာရောက်ခစားစေကုန် လော့”ဟု (မိန့်တော်မူ၏)။

အာနန္ဒာ သားကြီးရတနာသည် “ကောင်းပါပြီ အရှင်မင်းမြတ်”ဟု မဟာသုဒဿနမင်းအား ဝန်ခံ၏။

အာနန္ဒာ ထိုအခါ မဟာသုဒဿနမင်းအား နောက်ကာလ၌ အနှစ်တစ်ရာ အနှစ်တစ်ရာ လွန်မှလေးသောင်းနှစ်ထောင် လေးသောင်းနှစ်ထောင်သော ဆင်တို့သည် တစ်ကြိမ် တစ်ကြိမ်သာလျှင်လာရောက် ခစားကုန်၏။

သုဘဒ္ဒါမိဖုရားကြီး ခစားခြင်း[ပြင်ဆင်ရန်]

၂၆၅။ အာနန္ဒာ ထို့နောက် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာလွန်သောအခါ၌ သုဘဒ္ဒါမိဖုရားအား ဤသို့သော အကြံသည် ဖြစ်၏၊ “ငါသည် မဟာသုဒဿနမင်းကိုမတွေ့မြင်ရသည်မှာ ကြာပြီ၊ ငါသည် မဟာသုဒဿနမင်းကို တွေ့မြင်ရန် ချဉ်းကပ်ရမူ ကောင်းလေစွ”ဟု (အကြ ံဖြစ်၏)။ ထိုအခါ သုဘဒ္ဒါမိဖုရားသည် မောင်းမအပေါင်းကို ဤသို့ပြောဆို၏၊ “ရှင်မတို့ လာကြလော့၊ ဦးခေါင်းဆေးလျှော်ကြလော့၊ အဝါရောင် အဝတ်တို့ကို ဝတ်ဆင်ကြလော့၊ ငါတို့သည် မဟာသုဒဿနမင်းကို မတွေ့မြင်ရသည်မှာ ကြာပြီ၊ မဟာသုဒဿနမင်းကို တွေ့မြင်ရန် ချဉ်းကပ်ကုန်အံ့”ဟု (ပြောဆို၏)။

အာနန္ဒာ မောင်းမအပေါင်းသည် “ကောင်းပါပြီ အရှင်မ”ဟု သုဘဒ္ဒါမိဖုရားအား ဝန်ခံပြီးလျှင်ဦးခေါင်းဆေးလျှော်၍ အဝါရောင်အဝတ်တို့ကို ဝတ်ဆင်လျက် သုဘဒ္ဒါမိဖုရားထံသို့ ချဉ်းကပ်ကုန်၏။

အာနန္ဒာ ထိုအခါ သုဘဒ္ဒါမိဖုရားသည် သားကြီးရတနာကို (ဤသို့) ပြောဆို၏၊ “အမောင်သားကြီးရတနာ အင်္ဂါလေးပါးရှိသော စစ်တပ်ကို ပြင်ဆင်ပါလော့၊ ငါတို့သည် မဟာသုဒဿနမင်းကိုမတွေ့မြင်ရသည်မှာ ကြာပြီ၊ မဟာသုဒဿနမင်းကို တွေ့မြင်ရန် ချဉ်းကပ်ကုန်အံ့”ဟု (ပြောဆို၏)။

အာနန္ဒာ သားကြီးရတနာသည် “ကောင်းပါပြီ အရှင်မိဖုရား”ဟု သုဘဒ္ဒါမိဖုရားအား ဝန်ခံ၍ အင်္ဂါလေးပါးရှိသော စစ်တပ်ကို ပြင်ဆင်စေပြီးလျှင် “အရှင်မိဖုရား အင်္ဂါလေးပါးရှိသော စစ်တပ်ကို ပြင်ဆင်ပြီးပါပြီ၊ ယခုအခါ သွားရန်မှာ အရှင်မိဖုရား၏ အလိုအတိုင်းပင် ဖြစ်ပါသည်”ဟု ပြန်ကြား၏။

အာနန္ဒာ ထိုအခါ သုဘဒ္ဒါမိဖုရားသည် မောင်းမအပေါင်းနှင့်အတူ ဓမ္မမည်သော (နန်း) ပြာသာဒ်သို့အင်္ဂါလေးပါးရှိသော စစ်တပ်ဖြင့် ချဉ်းကပ်ပြီးလျှင် ဓမ္မမည်သော (နန်း) ပြာသာဒ်သို့ တက်၍ မဟာဝိယူဟမည်သော ပြာသာဒ်ဆောင်သို့ ချဉ်းကပ်ပြီးသော် တံခါးပေါင်ကို မှီလျက် ရပ်နေလေ၏။

အာနန္ဒာ ထိုအခါ မဟာသုဒဿနမင်းသည် အသံကို ကြားသဖြင့် “မည်သို့သော အသံပေနည်း၊ လူပေါင်းများစွာ၏ အသံနှင့် တူပါတကား”ဟု (ဆင်ခြင်၍) မဟာဝိယူဟမည်သော ပြာသာဒ်ဆောင်မှထွက်လာလတ်သော် တံခါးပေါင်ကို မှီလျက် ရပ်နေသော သုဘဒ္ဒါမိဖုရားကို မြင်လေလျှင် “မိဖုရား ဤနေရာ၌ပင် ရပ်နေလော့၊ (အတွင်းသို့) မဝင်လင့်”ဟု သုဘဒ္ဒါမိဖုရားကို မိန့်ဆို၏။

အာနန္ဒာ ထိုအခါ မဟာသုဒဿနမင်းသည် မင်းချင်းယောကျာ်းတစ်ယောက်ကို “အချင်းယောကျာ်းလာလော့၊ သင်သည် မဟာဝိယူဟမည်သော ပြာသာဒ်ဆောင်မှ ရွှေသလွန် ‘ပလ္လင်’ ကို ထုတ်ဆောင်၍ ရွှေအတိပြီးသော ထန်းတော၌ ခင်းလော့”ဟု မိန့်ဆို၏။ အာနန္ဒာ ထိုယောကျာ်းသည် “ကောင်းပါပြီ အရှင်မင်းကြီး”ဟု မဟာသုဒဿနမင်းအား ဝန်ခံပြီးလျှင် မဟာဝိယူဟမည်သော ပြာသာဒ်ဆောင်မှ ရွှေသလွန် ‘ပလ္လင်’ ကို ထုတ်ဆောင်၍ ရွှေအတိပြီးသော ထန်းတော၌ ခင်းလေ၏။

အာနန္ဒာ ထို့နောက် မဟာသုဒဿနမင်းသည် (လက်ယာ) ခြေ၌ (လက်ဝဲ) ခြေကို စဉ်းငယ်လွန်ကာတင်ထား၍ သတိရှိလျက် လက်ယာနံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုလေ၏။

၂၆၆။ အာနန္ဒာ ထိုအခါ သုဘဒ္ဒါမိဖုရားသည် “မဟာသုဒဿနမင်း၏ ဣန္ဒြေတို့သည် အထူးကြည်လင်ကုန်၏၊ အရေအဆင်းသည် သန့်ရှင်းစင်ကြယ်၏၊ ဝင်းပြောင်တောက်ပ၏၊ မဟာသုဒဿနမင်းသည် နတ်ရွာမစံပါစေလင့်”ဟု ကြံစည်တောင့်တပြီးလျှင် မဟာသုဒဿနမင်းအား ဤစကားကို လျှောက်တင်၏၊ “အရှင်မင်းမြတ် ကုသာဝတီနေပြည်တော်လျှင် အချုပ်အခြာရှိသော ဤမြို့ပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (မြို့) တို့၌ တွယ်တာတော်မူပါဦးလော့၊ အသက်၌ ငဲ့ကွက်တော်မူပါဦးလော့။

အရှင်မင်းမြတ် ဓမ္မ (နန်း) ပြာသာဒ်လျှင် အချုပ်အခြာရှိသော ဤပြာသာဒ်ပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ပြာသာဒ်) တို့၌တွယ်တာတော်မူ ပါဦးလော့၊ အသက်၌ ငဲ့ကွက်တော်မူပါဦးလော့။

အရှင်မင်းမြတ် မဟာဝိယူဟပြာသာဒ်ဆောင်လျှင် အချုပ်အခြာရှိသော ဤပြာသာဒ်ဆောင်ပေါင်းရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ်ဤ (ပြာသာဒ်ဆောင်) တို့၌ တွယ်တာတော်မူပါဦးလော့၊ အသက်၌ ငဲ့ကွက်တော်မူပါဦးလော့။

အရှင်မင်းမြတ် မွေးရှည်ကော်ဇောကြီး သားမွေးဖြူကော်ဇော ပန်းပြောက်ခြယ်ကော်ဇော ဝံပိုင့်ရေအခင်းမြတ်တို့ဖြင့် ခင်းထားကုန်သော နီသော မျက်နှာကြက်နှင့်တကွ အုံးနီနှစ်ဖက်ရှိကုန်သော ရွှေ ငွေဆင်စွယ်စန္ဒကူး နှစ်တို့ဖြင့်ပြီးကုန်သော ဤသလွန် ‘ပလ္လင်’ ပေါင်း ရှစ်သောင်းလေးထောင်တို့သည်အရှင်မင်း မြတ်အားရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ပလ္လင်) တို့၌ တွယ်တာတော်မူပါဦးလော့၊ အသက်၌ငဲ့ကွက်တော် မူပါဦးလော့။

အရှင်မင်းမြတ် ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းထားကုန်သောဥပေါသထဆင်မင်းလျှင် အမှူးရှိသော ဤဆင်ပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အားရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ဆင်) တို့၌ တွယ်တာတော်မူပါဦးလော့၊ အသက်၌ ငဲ့ကွက်တော်မူပါဦးလော့။

အရှင်မင်းမြတ် ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းထားကုန်သောဝလာဟကမြင်းမင်းလျှင် အမှူးရှိသော ဤမြင်းပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အားရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (မြင်း) တို့၌ တွယ်တာတော်မူပါဦးလော့၊ အသက်၌ ငဲ့ကွက်တော်မူပါဦးလော့။

အရှင်မင်းမြတ် ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းထားကုန်သောခြင်္သေ့ရေ ကျားရေ သစ်ရေ ဖျော့တော့သော ကမ္ဗလာအကာအရံရှိကုန်သော ဝေဇယန္တာရထားလျှင်အထွတ်အမြတ်ရှိသော ဤရထားပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ရထား) တို့၌ တွယ်တာတော်မူပါဦးလော့၊ အသက်၌ ငဲ့ကွက်တော်မူပါဦးလော့။

အရှင်မင်းမြတ် ဝေဠုရိယပတ္တမြားရတနာလျှင် အထွတ်အမြတ်ရှိသော ဤပတ္တမြားပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ပတ္တမြား) တို့၌ တွယ်တာတော်မူပါဦးလော့၊ အသက်၌ ငဲ့ကွက်တော်မူပါဦးလော့။

အရှင်မင်းမြတ် မိဖုရားကြီး ရတနာလျှင် အမှူးရှိသော ဤမိဖုရားပေါင်း ရှစ်သောင်းလေးထောင် တို့သည်အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (မိဖုရား) တို့၌ တွယ်တာတော်မူပါဦးလော့၊ အသက်၌ငဲ့ကွက်တော်မူပါဦးလော့။

အရှင်မင်းမြတ် သူဌေး ရတနာလျှင် အမှူးရှိသော ဤသူဌေးပေါင်း ရှစ်သောင်းလေးထောင်တို့သည်အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (သူဌေး) တို့၌ တွယ်တာတော်မူပါဦးလော့၊ အသက်၌ငဲ့ကွက်တော်မူပါဦးလော့။

အရှင်မင်းမြတ် သားကြီး ရတနာလျှင် အမှူးရှိသော ဤဩဇာခံမင်းပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ဩဇာခံမင်း) တို့၌ တွယ်တာတော်မူပါဦးလော့၊ အသက်၌ ငဲ့ကွက်တော်မူပါဦးလော့။

အရှင်မင်းမြတ် နို့ထွက်သန်၍ ရွှေခွက်တို့ဖြင့် ခံယူရသော ဤနို့ညှစ်နွားမပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (နွားမ) တို့၌ တွယ်တာတော်မူပါဦးလော့၊ အသက်၌ ငဲ့ကွက်တော်မူပါဦးလော့။

အရှင်မင်းမြတ် သိမ်မွေ့သော ခုံ (ခေါမ) ချည် ဝါချည် ပိုးချည် သိုးမွေးချည်တို့ဖြင့် ရက်ထားသောဤအဝတ်ပုဆိုးပေါင်း ကုဋေရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (အဝတ်ပုဆိုး) တို့၌ တွယ်တာတော်မူပါဦးလော့၊ အသက်၌ ငဲ့ကွက်တော်မူပါဦးလော့။

အရှင်မင်းမြတ် ညဉ့်တိုင်း နံနက်တိုင်း အရှင်မင်းမြတ်အား တင်ဆက်သော ဤပွဲတော်စာတို့သည်ထမင်းအိုးပေါင်း ရှစ်သောင်းလေးထောင်ချက် ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ပွဲတော်စာ) တို့၌ တွယ်တာတော်မူပါဦးလော့၊ အသက်၌ ငဲ့ကွက်တော်မူပါဦးလော့”ဟု (လျှောက်တင်၏)။

၂၆၇။ အာနန္ဒာ ဤသို့လျှောက်တင်သော် မဟာသုဒဿနမင်းသည် “မိဖုရား သင်သည် နာလိုဖွယ်နှစ်သက်ဖွယ် ချစ်ခင်ဖွယ် မြတ်နိုးဖွယ် စကားတို့ဖြင့် ရှည်မြင့်စွာ ကာလပတ်လုံး ငါ့အား ပြောဆိုခဲ့ပါလျက်နောက်ဆုံးအချိန်ကျမှ မနာလိုဖွယ် မနှစ်သက်ဖွယ် မချစ်ခင်ဖွယ် မမြတ်နိုးဖွယ် စကားတို့ဖြင့် အဘယ့်ကြောင့် ငါ့အား ပြောဆိုဘိသနည်း”ဟု သုဘဒ္ဒါမိဖုရားအား မိန့်ဆို၏။

အရှင်မင်းမြတ် အဘယ်သို့လျှင် အရှင်မင်းမြတ်အား လျှောက်ဆိုရပါအံ့နည်းဟု (လျှောက်၏)။

မိဖုရား သင်သည် ငါ့အား ဤသို့ လျှောက်ဆိုလော့—

“အရှင်မင်းမြတ် ချစ်ခင်ဖွယ် မြတ်နိုးဖွယ် အားလုံးတို့နှင့် (ရှင်လျက်) ကွဲကွာခြင်း၊ (သေ၍) ကွဲကွာခြင်း၊ ဘဝခြားလျက် ကွဲကွာခြင်းသည် ဖြစ်မြဲပါတည်း။ အရှင်မင်းမြတ် အရှင်မင်းမြတ်သည် ငဲ့ကွက်ခြင်း ရှိလျက်စုတေတော်မမူပါလင့်၊ ငဲ့ကွက်ခြင်းရှိလျက် စုတေခြင်းသည် ဆင်းရဲပါ၏၊ ငဲ့ကွက်ခြင်းရှိလျက် စုတေခြင်းသည် အကဲ့ရဲ့လည်း ခံရပါ၏။

အရှင်မင်းမြတ် ကုသာဝတီနေပြည်တော်လျှင် အချုပ်အခြာရှိသော ဤမြို့ပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (မြို့) တို့၌ တွယ်တာခြင်းကိုစွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် ဓမ္မ (နန်း) ပြာသာဒ်လျှင် အချုပ်အခြာရှိသော ဤပြာသာဒ်ပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ပြာသာဒ်) တို့၌တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် မဟာဝိယူဟပြာသာဒ်ဆောင်လျှင် အချုပ်အခြာရှိသော ဤပြာသာဒ်ဆောင်ပေါင်းရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ်ဤ (ပြာသာဒ်ဆောင်) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် မွေးရှည်ကော်ဇောကြီး သားမွေးဖြူကော်ဇော ပန်းပြောက်ခြယ်ကော်ဇော ဝံပိုင့်ရေအခင်းမြတ်တို့ဖြင့် ခင်းထားကုန်သော နီသောမျက်နှာကြက်နှင့်တကွ အုံးနီနှစ်ဖက်ရှိသော ရွှေငွေဆင်စွယ်စန္ဒကူးနှစ်တို့ဖြင့် ပြီးကုန်သော ဤသလွန် ‘ပလ္လင်’ ပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ပလ္လင်) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားကုန် သောဥပေါသထဆင်မင်းလျှင် အမှူးရှိသော ဤဆင်ပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ် အား့ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ဆင်) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ငဲ့ကွက်တော်မမူပါလင် ့။

အရှင်မင်းမြတ် ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထား ကုန်သောဝလာဟကမြင်းမင်းလျှင် အမှူးရှိသော ဤမြင်းပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (မြင်း) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားကုန် သောခြင်္သေ့ရေ ကျားရေ သစ်ရေ ဖျော့တော့သော ကမ္ဗလာအကာအရံရှိကုန်သော ဝေဇယန္တာရထားလျှင်အထွတ်အမြတ်ရှိသော ဤရထားပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ရထား) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် ဝေဠုရိယပတ္တမြားရတနာလျှင် အထွတ်အမြတ်ရှိသော ဤပတ္တမြားပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ပတ္တမြား) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် မိဖုရားကြီး ရတနာလျှင် အမှူးရှိသော ဤမိဖုရားပေါင်း ရှစ်သောင်းလေးထောင် တို့သည်အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (မိဖုရား) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် သူဌေး ရတနာလျှင် အမှူးရှိသော ဤသူဌေးပေါင်း ရှစ်သောင်းလေးထောင်တို့သည်အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (သူဌေး) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် သားကြီး ရတနာလျှင် အမှူးရှိသော ဤဩဇာခံမင်းပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ဩဇာခံမင်း) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် နို့ထွက်သန်၍ ရွှေခွက်တို့ဖြင့် ခံယူရသော ဤနို့ညှစ်နွားမပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (နွားမ) တို့၌ တွယ်တာခြင်းကိုစွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် သိမ်မွေ့သော ခုံ (ခေါမ) ချည် ဝါချည် ပိုးချည် သိုးမွေးချည်တို့ဖြင့် ရက်အပ်ကုန် သောဤအဝတ်ပုဆိုးပေါင်း ကုဋေရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (အဝတ်ပုဆိုး) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် ညဉ့်တိုင်း နံနက်တိုင်း အရှင်မင်းမြတ်အား တင်ဆက်သော ဤပွဲတော်စာတို့သည်ထမင်းအိုးပေါင်း ရှစ်သောင်းလေးထောင်ချက် ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ပွဲတော်စာ) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်”ဟု (လျှောက်ဆိုလော့ဟူ၍ မိန့်ဆို၏)။

၂၆၈။ အာနန္ဒာ ဤသို့ မိန့်ဆိုသော် သုဘဒ္ဒါမိဖုရားသည် မျက်ရည်ကျလျက် ငိုကြွေးလေ၏။ အာနန္ဒာထိုအခါ သုဘဒ္ဒါမိဖုရားသည် မျက်ရည်တို့ကို သုတ်၍ မဟာသုဒဿနမင်းအား ဤစကားကို လျှောက်ဆို၏။

“အရှင်မင်းမြတ် ချစ်ခင်ဖွယ် မြတ်နိုးဖွယ် အားလုံးတို့နှင့် (ရှင်လျက်) ကွဲကွာခြင်း၊ (သေ၍) ကွဲကွာခြင်း၊ ဘဝခြားလျက် ကွဲကွာခြင်းသည် ဖြစ်မြဲပါတည်း၊ အရှင်မင်းမြတ် အရှင်မင်းမြတ်သည် ငဲ့ကွက်ခြင်းရှိလျက် စုတေတော်မမူပါလင့်၊ ငဲ့ကွက်ခြင်းရှိလျက် စုတေခြင်းသည် ဆင်းရဲပါ၏၊ ငဲ့ကွက်ခြင်း ရှိလျက့်စုတေခြင်းသည် အကဲ့ရဲ့လည်း ခံရပါ၏။

အရှင်မင်းမြတ် ကုသာဝတီနေပြည်တော်လျှင် အချုပ်အခြာရှိသော ဤမြို့ပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (မြို့) တို့၌ တွယ်တာခြင်းကိုစွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် ဓမ္မ (နန်း) ပြာသာဒ်လျှင် အချုပ်အခြာရှိသော ဤပြာသာဒ်ပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ပြာသာဒ်) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် မဟာဝိယူဟပြာသာဒ်ဆောင်လျှင် အချုပ်အခြာရှိသော ဤပြာသာဒ်ဆောင်ပေါင်းရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ပြာသာဒ်ဆောင်) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် မွေးရှည်ကော်ဇောကြီး သားမွေးဖြူကော်ဇော ပန်းပြောက်ခြယ်ကော်ဇော ဝံပိုင့်ရေအခင်းမြတ်တို့ဖြင့် ခင်းထားကုန်သော နီသောမျက်နှာကြက်နှင့်တကွ အုံးနီနှစ်ဖက်ရှိသော ရွှေ ငွေ ဆင်စွယ်စန္ဒကူးနှစ်တို့ဖြင့် ပြီးကုန်သော ဤသလွန် ‘ပလ္လင်’ ပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ပလ္လင်) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထား ကုန်သောဥပေါသထဆင်မင်းလျှင် အမှူးရှိသော ဤဆင်ပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင် မင်းမြတ်အားရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ဆင်) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ငဲ့ကွက်တော်မမူပါလင် ့။

အရှင်မင်းမြတ် ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထား ကုန်သောဝလာဟကမြင်းမင်းလျှင် အမှူးရှိသော ဤမြင်းပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (မြင်း) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားကုန် သောခြင်္သေ့ရေ ကျားရေ သစ်ရေ ဖျော့တော့သော ကမ္ဗလာအကာအရံရှိကုန်သော ဝေဇယန္တာရထားလျှင်အထွတ် အမြတ်ရှိသော ဤရထားပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ရထား) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော် မမူပါလင့်။

အရှင်မင်းမြတ် ဝေဠုရိယပတ္တမြားရတနာလျှင် အထွတ်အမြတ်ရှိသော ပတ္တမြားပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ပတ္တမြား) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် မိဖုရားကြီး ရတနာလျှင် အမှူးရှိသော ဤမိဖုရားပေါင်း ရှစ်သောင်းလေးထောင် တို့သည်အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (မိဖုရား) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် သူဌေး ရတနာလျှင် အမှူးရှိသော ဤသူဌေးပေါင်း ရှစ်သောင်းလေးထောင်တို့သည်အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (သူဌေး) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် သားကြီး ရတနာလျှင် အမှူးရှိသော ဤဩဇာခံ မင်းပေါင်း ရှစ်သောင်းလေးထောင့်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ဩဇာခံမင်း) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် နို့ထွက်သန်၍ ရွှေခွက်တို့ဖြင့် ခံယူရသော ဤနို့ညှစ်နွားမပေါင်း ရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (နွားမ) တို့၌ တွယ်တာခြင်းကိုစွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် သိမ်မွေ့သော ခုံ (ခေါမ) ချည် ဝါချည် ပိုးချည် သိုးမွေးချည်တို့ဖြင့် ရက်အပ်ကုန်သောဤအဝတ်ပုဆိုးပေါင်း ကုဋေရှစ်သောင်းလေးထောင်တို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (အဝတ်ပုဆိုး) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်။

အရှင်မင်းမြတ် ညဉ့်တိုင်း နံနက်တိုင်း တင်ဆက်သော ဤထမင်းအိုးပေါင်း ရှစ်သောင်းလေးထောင် ချက်ပွဲတော်စာတို့သည် အရှင်မင်းမြတ်အား ရှိပါကုန်၏၊ အရှင်မင်းမြတ် ဤ (ပွဲတော်စာ) တို့၌ တွယ်တာခြင်းကို စွန့်ပယ်တော်မူပါလော့၊ အသက်၌ ငဲ့ကွက်တော်မမူပါလင့်”ဟု (လျှောက်ဆို၏)။

ဗြဟ္မာ့ပြည်သို့ လားတော်မူခြင်း[ပြင်ဆင်ရန်]

၂၆၉။ အာနန္ဒာ ထို့နောက် မကြာမီပင် မဟာသုဒဿနမင်းသည် (နတ်ရွာစံလေ၏)။ အာနန္ဒာမဟာသုဒဿနမင်းအား သေဖို့ရန်ဖြစ်ပေါ်လာသော ဝေဒနာသည် ဥပမာအားဖြင့် သူကြွယ်အားဖြစ်စေ၊ သူကြွယ်သားအားဖြစ်စေ နှစ်သက်ဖွယ်အစာကို စားပြီးသောအခါ ထမင်းဆီယစ်သလောက်မျှသာ ဖြစ်ပေ၏။ အာနန္ဒာ မဟာသုဒဿနမင်းသည် နတ်ရွာစံပြီးလတ်သော် ကောင်းသောသူတို့၏ လားရာဖြစ်သောဗြဟ္မာ့ပြည်သို့ ရောက်လေ၏။

အာနန္ဒာ မဟာသုဒဿနမင်းသည် အနှစ်ရှစ်သောင်းလေးထောင်ပတ်လုံး သူငယ်တို့၏ ကစားခြင်းဖြင့်ကစား၏၊ အနှစ်ရှစ်သောင်းလေးထောင်ပတ်လုံး အိမ်ရှေ့မင်းအဖြစ်ဖြင့် စံ၏၊ အနှစ်ရှစ်သောင်းလေးထောင် ပတ်လုံး စကြဝတေးမင်းအဖြစ်ဖြင့် မင်းပြု၏။ အနှစ်ရှစ်သောင်းလေးထောင်ပတ်လုံး လူ့ဝတ်နှင့်ပင် ဓမ္မ (နန်း) ပြာသာဒ်ထက်၌ မြတ်သော အကျင့်ကိုကျင့်သုံး၏။ ထိုမဟာသုဒဿနမင်းသည် ဗြဟ္မဝိဟာရတရား လေးပါးတို့ကို ပွါးများပြီးလျှင်ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ဗြဟ္မာ့ပြည်သို့ လားလေ၏။

၂၇ဝ။ အာနန္ဒာ “ထိုစဉ်အခါက မဟာသုဒဿနမင်းသည် အခြားသူ ဖြစ်လေသလော”ဟု သင်တွေးထင်မူလည်း တွေးထင်ရာ၏။

အာနန္ဒာ ဤအရာကို ဤသို့မမှတ်အပ်၊ ငါသည်ပင် ထိုစဉ်အခါက မဟာသုဒဿနမင်း ဖြစ်ခဲ့၏။

ကုသာဝတီနေပြည်တော်လျှင် အချုပ်အခြာရှိသော ထိုမြို့ပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါ၏မြို့များ ဖြစ်ခဲ့ကုန်၏။

ဓမ္မ (နန်း) ပြာသာဒ်လျှင် အချုပ်အခြာရှိသော ထိုပြာသာဒ်ပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါ၏ပြာသာဒ်များ ဖြစ်ခဲ့ကုန်၏။

မဟာဝိယူဟပြာသာဒ်ဆောင်လျှင် အချုပ်အခြာရှိသော ထိုပြာသာဒ်ဆောင်ပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါ၏ ပြာသာဒ်ဆောင်များ ဖြစ်ခဲ့ကုန်၏။

မွေးရှည်ကော်ဇောကြီး သားမွေးဖြူကော်ဇော ပန်းပြောက်ခြယ်ကော်ဇော ဝံပိုင့်ရေအခင်းမြတ်တို့ဖြင့်ခင်းထားကုန်သော နီသော မျက်နှာကြက်နှင့်တကွ အုံးနီနှစ်ဖက်ရှိသော ရွှေ ငွေ ဆင်စွယ် စန္ဒကူးနှစ်တို့ဖြင့်ပြီးကုန်သော ဤသလွန် ‘ပလ္လင်’ ပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါ၏ ပလ္လင်များ ဖြစ်ခဲ့ကုန်၏။

ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားကုန်သော ဥပေါသထ့ဆင်မင်းလျှင် အမှူးရှိသော ထိုဆင်ပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါ၏ ဆင်များ ဖြစ်ခဲ့ကုန်၏။

ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားကုန်သော ဝလာဟကမြင်းမင်းလျှင် အမှူးရှိသော ထိုမြင်းပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါ၏ မြင်းများ ဖြစ်ခဲ့ကုန်၏။

ရွှေတန်ဆာဆင်ယင်ကာ ရွှေတံခွန်စိုက်လျက် ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားကုန်သော ခြင်္သေ့ရေကျားရေ သစ်ရေ ဖျော့တော့သော ကမ္ဗလာအကာအရံရှိကုန်သော ဝေဇယန္တာရထားလျှင် အထွတ်အမြတ်ရှိသော ထိုရထားပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါ၏ ရထားများ ဖြစ်ခဲ့ကုန်၏။

(ဝေဠုရိယ) ပတ္တမြားရတနာလျှင် အထွတ်အမြတ်ရှိသော ထိုပတ္တမြားပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါ၏ ပတ္တမြားများ ဖြစ်ခဲ့ကုန်၏။

မိဖုရားကြီး ရတနာလျှင် အမှူးရှိသော ထိုမိဖုရားပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါ၏ မိဖုရားများဖြစ်ခဲ့ကုန်၏။

သူဌေး ရတနာလျှင် အမှူးရှိသော ထိုသူဌေးပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါ၏သူဌေးများဖြစ်ခဲ့ကုန်၏။

သားကြီး ရတနာလျှင် အမှူးရှိသော ထိုဩဇာခံမင်းပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါ၏ဩဇာခံမင်းများ ဖြစ်ခဲ့ကုန်၏။

နို့ထွက်သန်၍ ရွှေခွက်တို့ဖြင့် ခံယူရသော ထိုနို့ညှစ်နွားမပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါ၏နွားမများ ဖြစ်ခဲ့ကုန်၏။

သိမ်မွေ့သော ခုံ (ခေါမ) ချည် ဝါချည် ပိုးချည် သိုးမွေးချည်တို့ဖြင့် ရက်အပ်ကုန်သော ထိုအဝတ်ပုဆိုးပေါင်း ကုဋေရှစ်သောင်းလေးထောင်တို့သည် ငါ၏ အဝတ်ပုဆိုးများ ဖြစ်ခဲ့ကုန်၏။

ညဉ့်တိုင်း နံနက်တိုင်း တင်ဆက်သော ထမင်းအိုး ရှစ်သောင်းလေးထောင်ချက် ထိုပွဲတော်စာတို့ သည်ငါ၏ ပွဲတော်စာများ ဖြစ်ခဲ့ကုန်၏။

၂၇၁။ အာနန္ဒာ ထိုမြို့ပေါင်း ရှစ်သောင်းလေးထောင်တို့တွင် ထိုစဉ်အခါ၌ ငါနေသောမြို့သည်ကားကုသာဝတီနေပြည်တော် တစ်မြို့တည်းသာလျှင် ဖြစ်၏။

အာနန္ဒာ ထိုပြာသာဒ်ပေါင်း ရှစ်သောင်းလေးထောင်တို့တွင် ထိုစဉ်အခါ၌ ငါနေသော ပြာသာဒ်သည်ကား ဓမ္မ (နန်း) ပြာသာဒ် တစ်ပြာသာဒ်တည်းသာလျှင် ဖြစ်၏။

အာနန္ဒာ ထိုပြာသာဒ်ဆောင် ရှစ်သောင်းလေးထောင်တို့တွင် ထိုစဉ်အခါ၌ ငါနေသော ပြာသာဒ်ဆောင်သည်ကား မဟာဝိယူဟပြာသာဒ်ဆောင် တစ်ဆောင်တည်းသာလျှင် ဖြစ်၏။

အာနန္ဒာ ထိုသလွန် ‘ပလ္လင်’ ပေါင်း ရှစ်သောင်းလေးထောင်တို့တွင် ထိုစဉ်အခါ၌ ငါသုံးဆောင်သောသလွန် ‘ပလ္လင်’ သည်ကား ရွှေသလွန်ဖြစ်စေ ငွေသလွန်ဖြစ်စေ ဆင်စွယ်သလွန်ဖြစ်စေ စန္ဒကူးသလွန်ဖြစ်စေ သလွန် ‘ပလ္လင်’ တစ်ခုတည်းသာလျှင် ဖြစ်၏။

အာနန္ဒာ ထိုဆင်ပေါင်း ရှစ်သောင်းလေးထောင်တို့တွင် ထိုစဉ်အခါ၌ ငါစီးသော ဆင်သည်ကားဥပေါသထဆင်မင်း တစ်စီးတည်းသာလျှင် ဖြစ်၏။

အာနန္ဒာ ထိုမြင်းပေါင်း ရှစ်သောင်းလေးထောင်တို့တွင် ထိုစဉ်အခါ၌ ငါစီးသော မြင်းသည်ကားဝလာဟကမြင်းမင်း တစ်စီးတည်းသာလျှင် ဖြစ်၏။

အာနန္ဒာ ထိုရထားပေါင်း ရှစ်သောင်းလေးထောင်တို့တွင် ထိုစဉ်အခါ၌ ငါစီးသော ရထားသည်ကားဝေဇယန္တာရထား တစ်စီးတည်းသာလျှင် ဖြစ်၏။

အာနန္ဒာ ထိုမိဖုရားပေါင်း ရှစ်သောင်းလေးထောင်တို့တွင် ထိုစဉ်အခါ၌ ငါ့ကိုလုပ်ကျွေးသော မိဖုရားသည်ကား မင်းအမျိုးသမီးဖြစ်စေ ကုန်သည် အမျိုးသမီးဖြစ်စေ မိဖုရားတစ်ဦးတည်းသာလျှင် ဖြစ်၏။

အာနန္ဒာ ထိုအဝတ်ပုဆိုးအစုံပေါင်း ကုဋေရှစ်သောင်းလေးထောင်တို့တွင် ထိုစဉ်အခါ၌ ငါဝတ်သော ပုဆိုးအစုံသည်ကား သိမ်မွေ့သော ခုံ ‘ခေါမ’ ချည်ထည်ဖြစ်စေ ဝါချည်ထည်ဖြစ်စေ ပိုးချည်ထည်ဖြစ်စေသိုးမွေးချည်ထည်ဖြစ်စေ အဝတ်ပုဆိုးတစ်စုံတည်းသာလျှင် ဖြစ်၏။

အာနန္ဒာ ထိုထမင်းအိုးပေါင်း ရှစ်သောင်းလေးထောင်ချက် ပွဲတော်စာတို့တွင် ထိုစဉ်အခါ၌ ငါသုံးဆောင်သော တန်လောက်ရုံဟင်းနှင့် တစ်ကွမ်းစားချက်မျှ ထမင်းသည်ကား ထမင်းအိုးတစ်လုံးချက်တည်းမှပွဲတော်စာသာလျှင် ဖြစ်၏။

၂၇၂။ အာနန္ဒာ ရှုလော့၊ ထိုအလုံးစုံသော သင်္ခါရတရားတို့သည် ကွယ်လွန်သွားလေကုန်ပြီ၊ ချုပ်ပျောက်သွားလေကုန်ပြီ် ဖောက်ပြန်ပြောင်းလဲသွားလေကုန်ပြီ။ အာနန္ဒာ သင်္ခါရတရားတို့သည် ဤသို့ပင် မမြဲကြသည်ချည်းသာတည်း။ အာနန္ဒာ သင်္ခါရတရားတို့သည် ဤသို့ပင် မတည်တံ့ကြသည်ချည်းသာတည်း၊ အာနန္ဒာ သင်္ခါရတရားတို့သည် ဤသို့ပင် အားမကိုးလောက်ကြသည်ချည်းသာတည်း၊ အာနန္ဒာအလုံးစုံသော သင်္ခါရတရားတို့၌။ ငီးငွေ့ခြင်းငှါ အလွန်ပင် သင့်လှလေပြီ၊ စွဲမက်ခြင်းကင်းခြင်းငှါအလွန်ပင် သင့်လှလေပြီ၊ (သင်္ခါရတရားတို့မှ) လွတ်မြောက်ခြင်းငှါ အလွန်ပင် သင့်လှလေပြီ၊ အာနန္ဒာငါသည် ဤ (ကုသာဝတီနေပြည်တော်) အရပ်၌ ကိုယ်ကောင်ကို ခြောက်ကြိမ်တိုင်တိုင်စွန့်ပစ်ခဲ့ရဖူးသည်ကို အမှတ်ရ၏၊ ထိုခြောက်ကြိမ်စလုံးပင် တရားစောင့်သော တရားနှင့်အညီ မင်းပြုသောသမုဒ္ဒရာလေးစင်း အပိုင်း အခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်သောတိုင်းနိုင်ငံကို တည် ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်းဖြစ်လျက်ချည်းသာလျှင်စွန်ပစ်ခဲ့ရ၏၊ ဤသည်ကား ကိုယ်ကောင်ကို ခုနစ်ကြိမ်မြောက် စွန့်ပစ်ခြင်းပေတည်း။

အာနန္ဒာ မြတ်စွာဘုရား၏ ကိုယ်ကောင်ကို ရှစ်ကြိမ်မြောက်စွန့်ပစ်ရန် အရပ်ကို နတ် မာရ်နတ်ဗြဟ္မာနှင့် တကွသော ဤနတ်လောက၌လည်းကောင်း၊ သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသောဤလူ့လောက၌လည်းကောင်း ငါမမြင်တော့ချေဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤ (တရားတော်) ကို ဟောတော်မူ၏။ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤ (တရားတော်) ကို ဟောတော်မူပြီးလျှင် လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ထိုမှတစ်ပါး ဤဂါထာကိုလည်း မိန့်တော်မူပြန်သတည်း—

ပြုပြင်ရသော ‘သင်္ခါရတရား’ တို့သည် ဖြစ်ခြင်း ပျက်ခြင်းသဘောရှိ၍ မမြဲလေကုန်စွ တကား။ ဖြစ်ပေါ်ပြီးနောက် ချုပ်ပျောက်လေကုန်စွတကား။ ထို (သင်္ခါရတရား) တို့၏ ငြိမ်းခြင်းသည်သာလျှင်ချမ်းသာပေတော့သည်တကား။

အကိုးအကား[ပြင်ဆင်ရန်]

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။