မဟာသကုလုဒါယိသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော် မူနေစဉ် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်ရန် အချိန်စောနေသေးသဖြင့် “အန္နဘာရ” “ဝရဓရ” “သကာလုဒါယီ” အစရှိသော ထင်ရှားကျော်ကြားသော ပရိဗိုဇ်တို့နေထိုင်ရာ “မောရနိဝါပ”ပရိဗိုဇ်ကျောင်းတိုက် သကုလုဒါယီပရိဗိုဇ်ထံသို့ ကြွတော်မူ၏။ သကုလုဒါယိပရိဗိုဇ်သည် တိရစ္ဆာနကထာအမျိုးမျိုးဖြင့် မြင့်တက်သောအသံ ကျယ်လောင်သောအသံဖြင့် ပြောဆိုနေကြသော ပရိဗိုဇ်တို့ကို “ရဟန်းဂေါတမ ကြွလာနေတယ်၊ ရဟန်းဂေါတမက အသံတိတ်ဆိတ်ခြင်းကို ချီးမွမ်းပြောဆိုလေ့ရှိတယ်၊ တိတ်ဆိတ် ငြိမ်သက်စွာနေကြပါ”ဟု ပရိသတ်ကို အသံတိတ်ဆိတ်ငြိမ်သက်စေပါသည်။

ဘုရားရှင်ရောက်လာသည့်အခါ မြင့်မြတ်သောနေရာပေး၍ နိမ့်သောနေရာ တစ်ခုထိုင်နေပြီး နှုတ်ဆက်စကားလျှောက်ထားပါသည်။ ဘုရားရှင်က စကားပြောနေသည့် အကြောင်းအရာကို မေးတော်မူသည့်အခါ အထူးအဆန်းစကား မဟုတ်ပါကြောင်းလျှောက်ထားပြီး “အရှင်ဘုရား ရှေးနေ့များ၌ “ကုတူဟလသာလာ”၌ စည်းဝေးကြသော နာနာတိတ္ထိယ သမဏဗြဟ္မာဏတို့က “အင်္ဂ-မဂဓနိုင်ငံသူ နိုင်ငံသားတို့ အရတော်ပါပေစွ၊ လူဖြစ်ရကျိုးနပ်ပါပေစွ၊ သင်္ဃီ, ဂဏီ, ဂဏာစရိယ, ဉာတယသဿီ, တိတ္ထိကရ, သာဓုသမ္မတ ဖြစ်ကြကုန်သော တိတ္ထိဆရာကြီးခြောက်ဦးနှင့် ရဟန်းဂေါတမတို့ ရာဇဂြိုဟ်မြို့၌ ဝါကပ်ကြကုန်၏ ဤပုဂ္ဂိုလ်တို့တွင် အဘယ်ပုဂ္ဂိုလ်ကို သာဝကတို့သည် အရိုအသေ အလေးအမြတ်ပြုကြကုန်၍ နေကြသနည်း”ဟု စကားပြောဆိုကြပါသည်။

တိတ္ထိဆရာကြီးခြောက်ဦးတို့ကို သူတို့၏တပည့်များက အရိုအသေ အလေး အမြတ်မပြုကြ၊ မမြတ်နိုးကြ၊ မပူဇော်ကြပုံ၊ ရဟန်းဂေါတမကို တပည့်တို့က အရို အသေ အလေးအမြတ်ပြုကြ၊ မြတ်နိုးကြ၊ ပူဇော်ကြပုံ၊ မြတ်စွာဘုရား တရားဟောတော်မူသည့်နေရာ၌ ချောင်းဟန့်သံ, ခြေဆတ်သံမရှိ တိတ်ဆိတ်ငြိမ်သက်စွာ တရားတော်ကို နာယူကြပုံ။ လမ်းလေးခုအဆုံ၌ ပျားရည်ဝေငှနေသောယောက်ျားကို လူအများ မျှော်လင့်တောင့်တနေကြ၊ အရိုအသေပြုနေကြသကဲ့သို့ သာသနာတော်မှ ရွေ့လျော၍ လူ့ဘဝ၌နေကြကုန်သောသူတို့ကလည်း ရတနာသုံးပါးဂုဏ်ကျေးဇူးများကို ချီးကျူးပြောဆိုနေကြပုံ၊ အာရာမ်စောင့်လုပ်ငန်းကို လုပ်ကိုင်နေကြ ဥပါသကာ ဖြစ်ကြကုန်လျက် ငါးပါးသီလကိုဆောက်တည်ကျင့်သုံးနေကြပုံ။ ရဟန်းဂေါတမကို အရိုအသေ အလေးအမြတ်ပြုလျက်နေကြပုံတို့ကို ပြောဆိုကြပါသည်ဟု လျှောက်ထားပါသည်။

ဘုရားရှင်က “ဥဒါယီ၊ ငါဘုရားကို တပည့်သာဝကတို့က ရိုသေလေးစား မြတ်နိုးပူဇော်ကြသော ဓမ္မများကို သင်ဘယ်မျှလောက် တွေ့မြင်မိသနည်း”ဟု မေးတော် မူပါသည်။

သကာလုဒါယီပရိဗိုဇ်က အပ္ပါဟာရ, ဣတရီတရစီဝရ သန္တောသ၊ ဣတရီတရပိဏ္ဍပါတသန္တောသ၊ ဣတရီတရ သေနာသနသန္တောသ ပဝိဝိတ္တ-ဟူသော တရားငါးပါးကို တွေ့မြင်မိပါကြောင်း အကျယ်တဝင့် လျှောက်ထားပါသည်။

ဘုရားရှင်က ယင်းတရားငါးမျိုးတို့ အခါခပ်သိမ်းမဖြစ်ကြောင်း၊ အမြဲ ဓုတင် ဆောင် အပ္ပါဟာရတပည့်များ၊ စီဝရသန္တောသ ပံ့သကူဓုတင်ဆောင်တပည့်များ၊ ပိဏ္ဍပါတ်ဓုတင်ဆောင်တပည့်များ၊ အရညကင်ဓုတင်ဆောင်တပည့်များက မိမိထက် ဓုတဓမ္မတို့ကိုဆောက်တည်လျက် ကျင့်သုံးကြကြောင်း၊ သင်လျှောက်ထားသည် ဓမ္မ ငါးမျိုးတို့ကြောင့် တပည့်သာဝကများက ငါဘုရားကို အရိုအသေ အလေးအမြတ် မြတ်နိုးကြသည်မဟုတ်၊ ပရမသီလက္ခန္ဓသမန္နာဂတ၊ အဘိက္ကန္တဉာဏဒဿန၊ အဓိပညာ, စတုသစ္စဗျာကရဏ, ဗောဓိပက္ခိယအက္ခာတ, အဋ္ဌဝိမောက္ခအက္ခာတ, အဋ္ဌအဘိဘာယနအက္ခာတ, ဒသကသိဏအက္ခာတ, ရူပါဝစရဈာနအက္ခာတ, ကာယနှင့် ဝိညာဏပဋိဗဒ္ဓအက္ခာတ၊ မနောမယကာယ, ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ဒိဗ္ဗစက္ခု၊ အာသဝက္ခယအက္ခာတ ဓမ္မတို့ကို လက်တွေ့ကျင့်သုံးကြ၊ လက်တွေ့အကျိုးခံစားကြရသဖြင့် သာဝကတို့က ငါဘုရားကို အရိုအသေ အလေးအမြတ်ပြု မြတ်နိုးကြ ပူဇော်နေကြကြောင်းကို ဘုရားရှင် အကျယ် တဝင့် ရှင်းလင်းဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များစွာရှိပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၁၉၄-၂၁၄။ မ၊မြန်၊၂၊၂၀၅-၂၂၆။ မ၊ဋ္ဌ၊၃၊၁၆၃-၁၈၂။ မ၊ဋီ၊၃၊၁၁၂-၁၂၇။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၃-ပရိဗ္ဗာဇကဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ