မဟာစုန္ဒသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] အရှင်မဟာစုန္ဒမထေရ် စေတိနိုင်ငံ သဟဇာတိယနိဂုံး၌ သီတင်းသုံးနေတော်မူ နေစဉ်-“ငါ့ရှင်တို့၊ ဤဘုရားမြတ်စွာသာသနာတော်၌ ဓမ္မယောဂ (=တရားဟော ဓမ္မကထိက)ရဟန်းတို့သည် ဈာယီ (=ဈာန်ဝင်စားသော) ရဟန်းတို့ကို ကဲ့ရဲ့ပုတ်ခတ်ပြောဆိုကြကုန်၏။ မကြည်ညိုကြကုန်။ ဈာယီရဟန်းတို့က ဓမ္မယောဂရဟန်းတို့ကို ပုတ်ခတ်ကဲ့ရဲ့ကြကုန်၏။ မကြည်ညိုကြကုန်။

ဤသို့တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပုတ်ခတ်ကဲ့ရဲ့ ပြောဆိုကြခြင်းသည် လူအများတို့ စီးပွားဖြစ်ရန်၊ လူအများတို့ချမ်းသာဖြစ်ရန်၊ လူအများ၏ နတ်လူတို့၏အကျိုးစီးပွား ချမ်းသာရန် ကျင့်ကြကုန်သည်မဟုတ်ကုန်။

ဓမ္မယောဂ ရဟန်းတို့အချင်းချင်း၏သာ ချီးမွမ်းအပ်သောဂုဏ်ကျေးဇူးကို ပြောဆိုကြကုန်၏။ ဈာယီရဟန်းတို့၏ဂုဏ်ကျေးဇူးကို မပြောဆိုကြကုန်။ ဈာယီ ရဟန်းတို့ကို မကြည်ညိုကြကုန်။

ဈာယီရဟန်းတို့သည် ဈာယီရဟန်းတို့၏သာ ဂုဏ်ကျေးဇူးကိုပြောဆိုကြကုန်၏။ ဓမ္မယောဂရဟန်းတို့၏ဂုဏ်ကျေးဇူးကို မပြောဆိုကြကုန်၊ ဓမ္မယောဂရဟန်းတို့ကို မကြည်ညိုကြကုန်။

ဤသို့ပြောဆိုနေကြခြင်းသည် လူအများတို့ အကျိုးစီးပွားများရန်၊ ချမ်းသာ များရန်၊ လူအများ၏ နတ်လူတို့၏အကျိုးစီးပွား ချမ်းသာများရန် ပြုကျင့်ကြသည် မဟုတ်။

ငါ့ရှင်တို့ ဓမ္မယောဂရဟန်းတို့သည် ဈာယီရဟန်းတို့၏ ဈာယီရဟန်းတို့သည် ဓမ္မယောဂရဟန်းတို့၏ ဂုဏ်ပုဒ်တို့ကိုဖော်ထုတ်ပြီး အချင်းချင်း ချီးမွမ်းစကားပြောကြား နိုင်အောင် ကျင့်သုံးကြရမည်။ (တစ်ပါးနှင့်တစ်ပါး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပုတ်ခတ်ကဲ့ရဲ့ မပြောကြားဘဲ ကျေးဇူးဂုဏ်ပုဒ်ကိုသာ (ဝမ်းမြောက်ဝမ်းသာ) ပြောကြားကြရမည်ဟု ရဟန်းတို့အား မဟာစုန္ဒထေရ် မိန့်ကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်များရှိပါသည်။


[၂] အရှင်မဟာစုန္ဒထေရ် စေတီနိုင်ငံ သဟဇာတိမြို့၌ သီတင်းသုံးတော်မူနေစဉ်ငါ့ရှင်တို့ ဉာဏဝါဒကိုပြောဆိုသော ရဟန်း၊ ဘာဝနာဝါဒကိုပြောဆိုသော ရဟန်း၊ ဉာဏဝါဒ, ဘာဝနာဝါဒ နှစ်မျိုးပြောဆိုသော ရဟန်းတို့အား လောဘ-ဒေါသ-မောဟ-ကောဓ-ဥပနာဟ-မက္ခ-ပဠာသ-မစ္ဆရိယ-ပါကာ ဣဿာ-ပါပိကာဣစ္ဆာတို့ ကုသိုလ်စိတ်ကိုလွှမ်းမိုး၍ တည်တံ့နေအံ့၊ ဤအရှင်ကို လောဘ ... ပါပိကာဣစ္ဆာ လွှမ်းမိုး၍တည်နေ၏ဟု သိအပ်၏။

ရဟန်းတို့ ဥစ္စာမဲ့မွဲ ပစ္စည်းနည်း၍ ဆင်းရဲသောယောက်ျားသည် ဆင်းရဲသူ ဖြစ်လျက် ချမ်းသာကြွယ်ဝသောစကားကို ပြောကြားရာ၏။ ပစ္စည်းဥစ္စာမရှိသူဖြစ်လျက် ပစ္စည်းဥစ္စာရှိသောစကားကို ပြောကြားရာ၏။ စည်းစိမ်မရှိဖြစ်လျက် စည်းစိမ် ရှိသောစကားကို ပြောကြားရာ၏။ တစ်စုံတစ်ခုပြုဖွယ်ကိစ္စဖြစ်ပေါ်လာလျှင် ဥစ္စာ၊ စပါး၊ ရွှေ၊ ငွေကို ပြုဖွယ်ကိစ္စအသုံးချရန် မတတ်နိုင်ရာ။ ထိုယောက်ျားကို ပစ္စည်း ဥစ္စာမရှိသူဟု သိရာသကဲ့သို့၊ ဤအတူ ဤရဟန်းကိုလည်း လောဘ ပါပိစ္ဆာ လွှမ်းမိုးနှိပ်စက်ခံနေရသူဟု သိရာ၏။

ထိုရဟန်းသုံးမျိုးတို့အား လောဘ ... ပါပိကာဣစ္ဆာတို့ မလွှမ်းမိုး မနှိပ်စက် နိုင်သူဟု သိရာ၏ဟု ကဏှပက္ခ, သုက္ကပက္ခ ရဟန်းတစ်မျိုးစီကို အသီးအသီး အကျယ်ဝေဖန်၍ ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၃၁၂-၃။ အံ၊မြန်၊၂၊၃၉၉-၄၀၁။ အံ၊ဋ္ဌ၊၃၊၁၁၇။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ ၁-ပဌမပဏ္ဏာသက၊ ၅-ဓမ္မိကဝဂ္ဂ၊ စတုတ္ထသုတ်။
  2. -အံ၊၃၊၂၈၉-၂၉၃။ အံ၊မြန်၊၃၊၂၉၀-၃။ အံ၊ဋ္ဌ၊၃၊၃၀၀။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၃-မဟာဝဂ္ဂ၊ စတုတ္ထသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ