မဟာကစ္စာနဘဒ္ဒေကရတ္တသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ တပေါဒါရာမ၌ သီတင်းသုံးတော်မူစဉ်အရှင်သမိဒ္ဓိထေရ် စောစောစီးစီးထ၍ တပေါဒါမြစ်၌ ရေချိုးပြီး သင်ပိုင်းတစ်ထည် ဝတ်လျက် ရေသုတ်နေစဉ် နတ်သားတစ်ယောက်ရောက်လာပြီး “ရဟန်း၊ သင်သည် ဘဒ္ဒေကရတ္တသုတ်၏ ဥဒ္ဒေသနှင့် ဝိဘင်္ဂကိုဆောင်ထားသလော”ဟု မေးပါသည်။

အရှင်သမိဒ္ဓိ -ဘဒ္ဒေကရတ္တသုတ်၏ ဥဒ္ဒေသနှင့် ဝိဘင်္ဂကို ငါမဆောင်ထားပါ။ သင်နတ်သားကော ဆောင်ထားပါသလား။

နတ်သား -အကျွန်ုပ်လည်း မဆောင်ထားပါ၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၌လာသော ဂါထာတို့ကိုဆောင်ထားပါသလား။

အရှင်သမိဒ္ဓိ-မဆောင်ထားပါ၊ သင်နတ်သားကော ဆောင်ထားပါသလား။

နတ်သား -တပည့်တော်လည်းမဆောင်ထားပါ။ ရဟန်း-သင်သည် ဘဒ္ဒေကရတ္တသုတ်၏ ဥဒ္ဒေသနှင့် ဝိဘင်္ဂကို သင်ယူပေလော၊ နာခံမှတ်သားဆောင်ထားလေလော့၊ ရဟန်း ဘဒ္ဒေကရတ္တသုတ်၏ ဥဒ္ဒေသနှင့် ဝိဘင်္ဂသည် အကျိုးစီးပွားနှင့်စပ်ယှဉ်၏၊ ဗြဟ္မစရိယ၏ လက်မွန်မဆွဖြစ်ပေ၏-ဟု လျှောက်ထားပြီး ကွယ်ပျောက်သွားပါသည်။

အရှင်သမိဒ္ဓိထေရ်သည် ထိုညဉ့်ကိုလွန်ရာအခါ၌ ဘုရားရှင်ထံချဉ်းကပ်ပြီး မိမိအား အညတရနတ်သားလျှောက်ထားသည့်စကားကို ပြန်ကြားလျှောက်ထား၍ မြတ်စွာဘုရား ဘဒ္ဒေကရတ္တသုတ်၏ ဥဒ္ဒေသနှင့် ဝိဘင်္ဂကို ဟောကြားတော်မူပါရန် လျှောက်ထားသဖြင့် ဘုရားရှင်က “အတီတံ ... အာစိက္ခဝေ မုနိ”-ဟု လေးဂါထာကို ဟောတော်မူပြီး ကျောင်းတော်သို့ဝင်ကြွတော်မူသွားပါသည်။

ရဟန်းတော်များက ဘုရားရှင်၏အကျဉ်းချုပ်စကားတော်ကို အကျယ်အားဖြင့် သိမှတ်ရအောင် ဟောကြားပေးပါရန်လျှောက်ထားကြသဖြင့် အရှင်မဟာကစ္စာနထေရ်က ငါ့ရှင်တို့ ငါ့အား အတိတ်ကာလ၌ စက္ခုပသာဒနှင့် ရူပါရုံတို့ရှိခဲ့ပြီ။ ထို စက္ခုပသာဒ, ရူပါရုံတို့၌ ဆန္ဒရာဂဖြင့်ဆပ်စပ်နသော စက္ခုဝိညာဏ်ဖြစ်ခဲ့ပြီ။ စက္ခုဝိညာဏ်၏ ဆန္ဒရာဂဖြင့်ဆက်စပ်နေခြင်းကြောင့် ထိုပသာဒအာရုံတို့ကို အလွန် နှစ်သက်မှုဖြစ်၏။ ထိုပသာဒအာရုံတို့ကို အလွန်နှစ်သက်သောပုဂ္ဂိုလ်သည် တဏှာ ဒိဋ္ဌိတို့ဖြင့် အစဉ်လိုက်လေတော့၏။

ထို့အတူသောတပသာဒ၊ သဒ္ဒါရုံ၊ သောတဝိညာဏ်၊ ဃာနပသာဒ၊ ဂန္ဓာရုံ၊ ဃာနဝိညာဉ်၊ ဇိဝှါပသာဒ၊ ရသာရုံ၊ ဇိဝှါဝိညာဉ်၊ ကာယပသာဒ၊ ဖောဋ္ဌဗ္ဗာရုံ၊ ကာယ ဝိညာဉ်၊ ဘဝင်စိတ်၊ ဓမ္မာရုံ၊ မနောဝိညာဏ်တို့၌လည်း ဆန္ဒရာဂဖြင့်ဆက်စပ်မှု၊ အလွန်အကဲနှစ်သက်မှု တဏှာဒိဋ္ဌိတို့ဖြင့် အစဉ်လိုက်မှုတို့ကြောင့် အတိတ်ကာလ၌ တဏှာဒိဋ္ဌိတို့ဖြင့် အစဉ်လိုက်မှုဖြစ်ခဲ့၏။

ထိုဒွါရခြောက်ပါး၊ အာရုံခြောက်ပါးတို့၌ ဝိညာဏ်၏ ဆန္ဒရာဂဖြင့် ဆပ်စပ်မှု မရှိ၊ လွန်လွန်ကဲကဲ မနှစ်သက်သောသူသည် အတိတ်ကာလ၌ တဏှာ ဒိဋ္ဌိတို့ဖြင့် အစဉ်တစိုက်မလိုက်တော့ပေ။

ငါ့ရှင်တို့၊ အနာဂတ်ကာလ၌ ဒွါရခြောက်ပါးတို့တွင် မရသေးသော အာရုံ ခြောက်ပါးတို့ရရှိရန် စိတ်ဖြင့်တောင့်တမှု လွန်လွန်ကဲကဲနှစ်သက်မှု၊ လွန်လွန်ကဲကဲ နှစ်သက်သောပုဂ္ဂိုလ်သည် အနာဂတ်ကို တဏှာ-ဒိဋ္ဌိတို့ဖြင့် အလိုရှိ၏။

ထိုဒွါရခြောက်ပါး၊ အာရုံခြောက်ပါးတို့၌ ဆန္ဒရာဂဖြင့် လွန်လွန်ကဲကဲ နှစ်သက်မှုမရှိသောသူသည် အနာဂတ်ကို တဏှာ၊ ဒိဋ္ဌိတို့ဖြင့် အလိုမရှိတော့ပါပေ။

ငါ့ရှင်တို့၊ ပစ္စုပ္ပန် ဒွါရခြောက်ပါး အာရုံခြောက်ပါးတို့၌ ဆန္ဒရာဂဖြင့် ငြိတွယ် နေသော ဝိညာဉ်ခြောက်ပါးဖြစ်လျှင် ပစ္စုပ္ပန်ဓမ္မတို့၌ တွန့်တိုမှုမရှိတော့ပေ-ဟု အဇ္ဈတ္တိကာယတနခြောက်ပါးတို့၌ တဏှာဒိဋ္ဌိတို့ဖြင့် အတိတ်ကာလ၌ အစဉ်လိုက်မှု အနာဂတ်ကာလ၌အလိုရှိမှု၊ ပစ္စုပ္ပန်ကာလ၌တွန့်တိုမှုကိုလည်းကောင်း ဆန္ဒရာဂဖြင့် ငြိတွယ်ဆက်စပ်နေသော ဝိညာဏ်မဖြစ်လျှင် တဏှာ, ဒိဋ္ဌိတို့ဖြင့် အတိတ်ကာလ၌ အစဉ်လိုက်နေသော ဝိညာဏ်မဖြစ်၊ အနာဂတ်ကာလ၌ တောင့်တမှု မဖြစ်၊ ပစ္စုပ္ပန် ကာလ၌ တွန့်တိုမှုမဖြစ်တော့ပုံကို အကျယ်ဝေဖန်၍ ရဟန်းတို့အား ဟောကြားပါသည်။

ရဟန်းတို့က ဘုရားရှင်အား အရှင်မဟာကစ္စာန၏ ဖြေကြားပုံကိုလျှောက်ထားကြရာ ရဟန်းရှင်က မဟာကစ္စာနဟောကြားသည့်အတိုင်း မှတ်သားကြဟု မိန့်ကြားတော်မူပြီး မဟာကစ္စနထေရ်အား “သံခိတ္တေန ဘာသိတဿ ဝိတ္တာရဝိဘဇန ဧတဒဂ်အရာပေးတော်မူကြောင်း အဋ္ဌကထာ (မ၊ဋ္ဌ၊၄၊၁၇၃)၌ မိန့်ဆိုထားပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၃၊၂၃၁-၉။ မ၊မြန်၊၃၊၂၃၅-၂၄၂။ မ၊ဋ္ဌ၊၄၊၁၇၂-၃။ မ၊ဋီ၊၃၊၃၆၉-၃၇။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၄-ဝိဘင်္ဂဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ