မလ္လိကာသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ်

ကောသလ-“မလ္လိကာ သင့်အား မိမိထက် ပို၍ချစ်အပ်သောသူရှိသလား။

မလ္လိကာ-မဟာရာဇာ အကျွန်ုပ်အား အကျွန်ုပ်ထက်ပို၍ချစ်အပ်သောသူ မရှိပါ။

မလ္လိကာ-မဟာရာဇာ အရှင်မင်းမြတ်အား အရှင်မင်းမြတ်ထက် ပို၍ချစ်အပ်သောသူရှိပါသလား။

ကောသလ-မလ္လိကာ ငါ့အား ငါ့ထက်ပို၍ချစ်အပ်သောသူ မရှိပါ။

ထိုသို့ အချင်းချင်းမေးမြန်းပြောဆိုကြပြီး ကောသလမဟာရာဇာသည် ဘုရားရှင်ထံတော်သို့သွားရောက်၍ ပြာသာဒ်ထက်၌ မိမိနှင့် မလ္လိကာမိဖုရားတို့ နှစ်ကိုယ်ကြားပြောကြားခဲ့သော ဤစကားတို့ကိုလျှောက်ထားပါသည်။ ထိုအခါ ဘုရားရှင်က-

အလုံးစုံသော အရပ်မျက်နှာတို့ကို စိတ်ဖြင့်အစဉ်လှည့်လည်ရှာဖွေသော်လည်း တစ်စုံတစ်ခုသောအရပ်မျက်နှာ၌မျှ မိမိထက်ပို၍ချစ်အပ်သောသူကိုမရခဲ့။ ဤသို့ မိမိကိုယ်ကို သူတစ်ပါးတို့ထက် များစွာချစ်အပ်၏။ ထို့ကြောင့် မိမိ၏အကျိုး စီးပွားကို လိုလားသောသူသည် သူတစ်ပါးကို မညှဉ်းဆဲ မနှိပ်စက် မသတ်ဖြတ်ရာဟု ဤဂါထာကို မိန့်တော်မူလေသည်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ကောသလဘုရင် ဘုရားဖူးရန်ရောက်လာစဉ် အညတရပုရိသက ကောသလဘုရင်၏ နား၏အနီးသို့ ကပ်၍ “မလ္လိကာမိဖုရား သမီးတော်ရတနာဖွားမြင်ပါကြောင်း” သံတော်ဦးတင်လာပါသည်။ ထိုအခါ ကောသလဘုရင် မနှစ်သက်ကြောင်းကို သိတော်မူသော ဘုရားရှင်က-

လူတို့ကိုအစိုးရသော ကောသလမင်းကြီး သမီးတော်ကို ကျွေးမွေးသုတ်သင်လော့၊ ပညာရှိသော အကျင့်သီလရှိသော ယောက္ခမကို နတ်ကဲ့သို့ ရိုသေသော၊ လင်ကိုပြုစုလုပ်ကျွေးသော အချို့သောမိန်းမသည် မြင့်မြတ်၏။

အရပ်မျက်နှာတို့၏အရှင်ဖြစ်သော ကောသလမင်းကြီး ထိုသို့အကျင့်သီလ နှင့်ပြည့်စုံခြင်း အစရှိသော ကောင်းမြတ်သောသဘောရှိသော ထိုမိန်းမမြတ်၏သားသည် ရဲစွမ်းသတ္တိရှိ၏၊ တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်နိုင်၏-ဟု ဟောတော်မူပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၇၄-၅။ သံ၊မြန်၊၁၊၇၄-၅။ သံ၊ဋ္ဌ၊၁၊၁၂၉။ သံ၊ဋီ၊၁၊၁၇၈။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၃-ကောသလသံယုတ္တ၊ ၁-ပဌမဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. -သံ၊၁၊၈၆။ သံ၊မြန်၊၁၊၇၄-၅။ သံ၊ဋ္ဌ၊၁၊၁၄၂။ သံ၊ဋီ၊၁၊၁၈၇။ -သံယုတ္တနိကာယ၊ ... ၂-ဒုတိယဝဂ္ဂ၊ ဆဋ္ဌသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ