မရဏဿတိသုတ်

ဝီကီပီးဒီးယား မှ

(၄)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ဝဇ္ဇီနိုင်ငံ နာတိကရွာ အုတ်ကျောင်းတော်၌ သီတင်းသုံးတော်မူ နေစဉ် ရဟန်းတို့ မရဏဿတိကိုပွားများသည်ရှိသော် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်ရှိသော် များသောအကျိုးရှိ၏။ များသောအာနိသင်ရှိ၏၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏။ အမြိုက်နိဗ္ဗာန်လျှင် အပြီးအဆုံးရှိ၏-ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူပါသည်။

ရဟန်းတစ်ပါးက “မိမိ မရဏဿတိကို ပွားများပါကြောင်း” လျှောက်ထား၏။ ဘုရားရှင်က အဘယ်သို့ပွားများသနည်းဟု မေးတော်မူ၏။ အညတရ ရဟန်းက “ငါတစ်နေ့တစ်ညဉ့်မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ ဘုရားရှင်၏အဆုံးအမကို နှလုံးသွင်းရာ၏။ များစွာလိုက်နာသမှု ပြုအပ်ရာ၏”ဟု နှလုံးသွင်းကြောင်းလျှောက်ထားပါသည်။

ရဟန်းတစ်ပါးက တစ်နေ့မျှ အသက်ရှင်ရပါမူ ကောင်းလေစွ။

ရဟန်းတစ်ပါးက “ဆွမ်းတစ်နပ်စားချိန်မျှ အသက်ရှင်ရပါမူကောင်းလေစွ”

ရဟန်းတစ်ပါးက “ဆွမ်းလေးလုပ်, ငါးလုပ်မျှစား၍ မျိုချနေချိန်မျှ

ရဟန်းတစ်ပါးက “ဆွမ်းတစ်လုပ်စား၍ မျိုချနေချိန်မျှ

ရဟန်းတစ်ပါးက “ဝင်သက်ကိုရှူ၍ ထွက်သက်ကိုရှိုက်နေသမျှ-အသက်ရှင်ရပါမူ ကောင်းလေစွ။ ဘုရားရှင်၏ အဆုံးအမတော်ကို နှလုံးသွင်းရာ၏။ များစွာလိုက်နာသမှု ပြုရာ၏”ဟု နှလုံးသွင်းပါကြောင်း လျှောက်ထားသည်။

ရဟန်းတို့ ... မရဏဿတိကိုပွားများနေကြသော ဤရဟန်းတို့သည် မမေ့မလျော့ သတိတရားဖြင့်နေကြကုန်၏။ အာသဝေါတရားတို့ ကုန်ခန်းစေရန် ထက်မြတ်စွာ မရဏဿတိကို ပွားများနေကြပေကုန်၏။

“ငါတို့ မမေ့မလျော့ သတိတရားဖြင့်နေကြကုန်အံ့။ အာသဝေါတရားတို့ ကုန်ခန်းစေရန် မရဏဿတိကို ထက်ထက်မြက်မြက် ပွားများကြကုန်အံ့-ဟု ကျင့်ရ မည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ဝဇ္ဇီနိုင်ငံ နာတိကရွာ အုတ်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် အထက်သုတ်တော်အတိုင်း မရဏဿတိပွားများခြင်းနှင့် အကျိုးအာနိသင်တို့ကို မိန့်ကြားတော်မူပါသည်။

ရဟန်းတို့ နေ့ကိုလွန်မြောက် ညဉ့်သို့ရောက်သည်ရှိသော် “ငါ့မှာ သေခြင်း၏ အကြောင်းတရားတို့ များစွာရှိကုန်၏၊ ထိုသေခြင်းအကြောင်းတစ်မျိုးမျိုးကြောင့် ငါ့အား အန္တရာယ်ရှိရာ၏၊ ညဥ့်အခါသေသောငါ့အား အန္တရာယ်ကိုပြုတတ်ကုန်သော မပယ် အပ်ကုန်သေးသော အကုသိုလ်တရားတို့ ရှိကုန်သေးသလော”ဟု ဆင်ခြင်ရမည်။ ထိုအကုသိုလ်တရားတို့ ရှိနေသည်ကိုသိသောရဟန်းသည် ပုဆိုးမီးလောင်၊ ဦးခေါင်းမီးလောင်နေသောသူသည် ထိုမီးကို ငြိမ်းသတ်ခြင်းငှာ လွန်ကဲသောအလိုဆန္ဒ၊ လွန်ကဲသောဝီရိယ၊ အတိုင်းထက်အားထုတ်မှု၊ မဆုတ်မနစ်မှု၊ သတိ၊ ဉာဏ်ပညာကို ပြုအပ်သကဲ့သို့ ထို့အတူ ထိုအကုသိုလ်တရားတို့ကိုပယ်ရန် လွန်ကဲသောအလိုဆန္ဒ၊ သတိ, ဆင်ခြင်ဉာဏ်ကို ပြုအပ်၏။

ညဉ့်ကိုလွန်မြောက် နေ့သို့ရောက်သည်ရှိသော် ရှေးနည်းအတူဆင်ခြင်ပြီး အားထုတ်သမှုပြုရာ၏။

နေ့ပိုင်း၌ကွယ်လွန်သောငါ့အား အန္တရာယ်ကိုပြုတတ်ကုန်သော မပယ်အပ်သော အကုသိုလ်တရားတို့ မရှိတော့ကုန်ဟုသိသော ရဟန်းသည် ကုသိုလ်တရားတို့၌ ထိုပီတိပါမောဇ္ဇဖြင့်နေရမည်။ ရဟန်းတို့ မရဏသတိကိုပွားများအပ် ကြိမ်ဖန် များစွာ အလေ့အလာပြုအပ်သော် များစွာအကျိုးကြီး များစွာအာနိသင်ကြီးမား၏။ အမတောဂဓ၊ အမတပရိယောသာနဖြစ်၏-ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော် မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။


[၃] ဘုရားရှင် ဝဇ္ဇီနိုင်ငံ နာတိကရွာ အုတ်ကျောင်းတော်၌ သီတင်းသုံးတော်မူနေ စဉ် အထက်သုတ်(၁)နှင့်တူပါသည်။ ဤသုတ်၌...

ပထမရဟန်း -ညဉ့်နေ့မျှ

ဒုတိယရဟန်း -တစ်နေ့မျှ

တတိယရဟန်း -နေ့ဝက်မျှ

စတုတ္ထရဟန်း -ဆွမ်းတစ်ထပ်စားနေရုံမျှ

ပဉ္စမရဟန်း -ဆွမ်းထက်ဝက်စားနေရုံမျှ

ဆဋ္ဌရဟန်း -ဆွမ်းလေးလုပ်, ငါးလုပ်စားနေချိန်မျှ

သတ္တမရဟန်း -ဆွမ်းတစ်လုပ်စားနေချိန်မျှ

အဋ္ဌမရဟန်း -ဝင်လေထွက်လေ ရှူရှိုက်နေချိန်မျှ-ဤမျှထူးပါသည်။


[၄] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် မရဏဿတိပွားများပုံ၊ သေခြင်းတရားဆင်ခြင်ပုံ၊ သေချိန်၌အန္တရာယ်ပြုနိုင်သော မပယ်ရသော အကုသိုလ် တရားတို့ကို ပြင်းပြင်းထန်ထန် ပယ်သတ်နိုင်အောင် ကြိုးစားအားထုတ်ပုံ ပယ်ပြီးပါက ထိုပီတိသောမနဿဖြင့် ကုသိုလ်ကောင်းမှုတို့၌ နေ့ညဉ့်ပတ်လုံးကျင့်သုံးလျက်နေရန် အကျိုးအာနိသင်ကြီးမားသော မရဏဿတိကို အားထုတ်ကြရန် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၂၆၈-၂၇၀။ အံ၊မြန်၊၂၊၃၄၆-၈။ အံ၊ဋ္ဌ၊၃၊၉၈-၉။ အံ၊ဋီ၊၃၊၉၈-၉။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ ၁-ပထမပဏ္ဏာသက၊ ၂-သာရဏီယဝဂ္ဂ၊ နဝမသုတ်။
  2. -အံ၊၂၊၂၇၀-၂။ အံ၊မြန်၊၂၊၃၄၈-၃၅၀။ -အင်္ဂုတ္တရနိကာယ ... ဒသမသုတ်။
  3. -အံ၊၃၊၁၃၅-၈။ အံ၊မြန်၊၃၊၁၃၇-၁၄၀။ အံ၊ဋ္ဌ၊၃၊၂၅၂။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၈) ၃-ယမကဝဂ္ဂ၊ တတိယသုတ်။
  4. -အံ၊၃၊၁၃၈-၁၄၀။ အံ၊မြန်၊၃၊၁၄၀-၁။ -အင်္ဂုတ္တရနိကာယ ... စတုတ္ထသုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ