မဂ္ဂသုတ်

ဝီကီပီးဒီးယား မှ

(၄)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် မဂဓနိုင်ငံ နေရဉ္ဇရာမြစ်ကမ်း ဥရုဝေလတော အဇပါလညောင်ပင်ရင်း၌ ဘုရားဖြစ်တော်မူပြီး သီတင်းသုံး နေတော်မူခဲ့စဉ်ကပင် သတ္တဝါတို့ ကိလေသာအညစ်အကြေးတို့ မညစ် မလူး အထူးအားဖြင့် သန့်ရှင်းစင်ကြယ်ရန်၊ သောက ပရိဒေဝတို့ကို ကျော်လွန်နိုင်ရန်၊ ဒုက္ခ ဒေါမနဿတို့ ချုပ်ငြိမ်းရန်၊ အရိယမဂ်ဉာဏ်ကိုရဖို့ရန်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန် သတိပဋ္ဌာန်လေးပါးသည် တစ်ကြောင်းတည်းသော လမ်းမှန်ပေတည်း-ဟု စိတ်အကြံ အစည်ဖြစ်တော်မူပုံ၊ သတိပဋ္ဌာန်လေးပါးပွားများပုံ၊ သဟမ္ပတိဗြဟ္မာ လာရောက်လျှောက်ထားပုံတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ရဟန်းတို့အား ဘုရားရှင်မဖြစ်သေးမီ အလောင်းတော်ဘဝ၌ပင် “ဣဒ္ဓိပါဒဘာဝနာ မဂ္ဂ=လမ်းစဉ်၊ ကျင့်စဉ်=ပဋိပဒါကား အဘယ်နည်း?ဟု ကြံစည်တော်မူပြီး ဣဒ္ဓိပါဒ်လေးပါးကို ပွားများတော်မူခဲ့ပုံ၊ ဣဒ္ဓိပါဒ်လေးပါးကို ပွားများတော်မူခြင်းကြောင့် ဣဒ္ဓိဝိဓအဘိညာဉ် ဖြစ်ပေါ်လာပုံ၊ အရဟတ္တဖိုလ်သို့ မျက်မှောက်ဘဝမှာပင် ရောက်ရှိတော်မူပုံအကျယ်ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်နေစဉ် မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသင်္ကပ္ပ, မိစ္ဆာဝါစာ, မိစ္ဆာကမ္မန္တ တရားလေးပါးတို့နှင့်ပြည့်စုံသော ဗာလ-အဗျတ္တ ဖြစ်သော သူယုတ်မာသည် မိမိ၏ကုသိုလ်မူလကို တူးဖြိုဖျက်ဆီး၍ မိမိကိုယ်ကို ဆောင်၏၊ အပြစ်လည်းရှိ၏၊ ပညာရှိတို့လည်း ကဲ့ရဲ့ကြကုန်၏၊ များစွာသော မကောင်းမှုကိုလည်း တိုးပွားစေ၏။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ တရားလေးပါးတို့နှင့် ပြည့်စုံသော ပဏ္ဍိတ, ဝိယတ္တဖြစ်သော သူတော်ကောင်းသည် မိမိ၏ကုသိုလ်မူလကို မတူးဖြို မဖျက်ဆီးဘဲ မိမိကိုယ်ကိုဆောင်၏။ အပြစ်မရှိ ပညာရှိတို့ မကဲ့ရဲ့အပ်သူ၊ များစွာသော ကုသိုလ်ကိုပွားစေသူ-ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၄] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်နေစဉ် မိစ္ဆာအာဇီဝ, မိစ္ဆာဝါယမ, မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ-ဟူသော တရားလေးပါးတို့ပြည့်စုံ ဗာလ၊ အဗျတ္တဖြစ်သော သူယုတ်မာသည် ... တိုးပွားစေ၏။

သမ္မာအာဇီဝ, သမ္မဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ-ဟူသော တရား လေးပါးတို့နှင့်ပြည့်စုံသော ပဏ္ဍိတ, ဝိယတ္တဖြစ်သော သူတော်ကောင်းသည် ... တိုးပွားစေ၏-ဟု အထက်သုတ်တော်အတိုင်း ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၁၆၁-၂။ သံ၊မြန်၊၃၊၁၆၇-၈။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၃-သတိပဋ္ဌာနသံယုတ္တ၊ ၁-အမတဝဂ္ဂ၊ တတိယသုတ်။
  2. -သံ၊၃၊၂၄၅-၆။ သံ၊မြန်၊၃၊၂၄၈-၉။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၇-ဣဒ္ဓိပါဒသံယုတ္တ၊ ၃-အယောဂုဠဝဂ္ဂ၊ ပဌမသုတ်။
  3. -အံ၊၁၊၅၅၁။ အံ၊မြန်၊၁၊၅၆၇။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၅-ပဉ္စမပဏ္ဏာသက၊ (၂၃) ၃-ဒုစ္စရိတဝဂ္ဂ၊ ပဉ္စမသုတ်။
  4. -အံ၊၁၊၅၅၂။ အံ၊မြန်၊၁၊၅၆၇။ -အင်္ဂုတ္တရနိကာယ၊ ... ဆဋ္ဌသုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ