ဘူမိစာလသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့တော်အနီး မဟာဝုန်တော ကူဋာဂါရ သာလာကျောင်းတော်ဝယ် သီတင်းသုံးတော်မူနေစဉ် အရှင်အာနန္ဒာကိုခေါ်တော်မူပြီး စာပါလစေတီ(နတ်ကွန်း)၌ သီတင်းသုံးတော်မူပါသည်။

ဝေသာလီမြို့တော်၌ ဥဒေနစေတီ၊ ဂေါတမကစေတီ၊ သတ္တမ္ဗစေတီ၊ ဗဟုပုတ္တကစေတီ၊ သာရန္ဒဒစေတီ၊ စာပါလစေတီ-ဟူသော နတ်ကွန်းကြီးခြောက်ခု နှင့် ဝေသာလီမြို့တော်သည် စိတ်ဓာတ်ကြည်ပျော် မွေ့လျော်ဖွယ်ရှိပုံ၊ ဣဒ္ဓိပါဒ်လေးပါးကို ဗဟုလီကတ၊ ယာနီကတ၊ဝတ္ထုကတ၊ အနုဋ္ဌိတ၊ ပရိစိတ၊ သုသမာရဒ္ဓ ဖြစ်အောင် ပွားများထားသူသည် အလိုရှိလျှင် အာယုကပ္ပ၊ ကပ္ပါဝသေသေတိုင်အောင် တည်နေနိုင်ပုံ၊ ထိုသို့တည်နေနိုင်အောင် မြတ်စွာဘုရားသည် ဣဒ္ဓိပါဒ်လေးပါးကို ပွားများထားပုံကို သုံးကြိမ်တိုင်တိုင် ထင်ထင်ရှားရှား မိန့်ကြားတော်မူပါသော်လည်း “အာယုကပ်ပတ်လုံး တည်နေတော်မူပါ”ဟု မလျှောက်ထားနိုင်အောင် မာရ်နတ်က နှောင့်ယှက်ထားသောကြောင့် အရှင်အာနန္ဒာ မလျှောက်မိပုံ။

အရှင်အာနန္ဒာ ဖဲခွာသွားချိန်တွင် မာရ်နတ်ဝင်ရောက်၍ ဘုရားရှင်အား ပရိနိဗ္ဗာန်ပြုတော်မူပါရန်လျှောက်ထားပုံနည်းများ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူရန် ကတိပေးတော်မူပုံ၊ အာယုသင်္ခါရလွှတ်တော်မူပုံ၊ မြေငလျင်ပြင်းထန်စွာလှုပ်ပုံ၊ အရှင်အာနန္ဒာ မေးလျှောက်ခြင်းကြောင့် မြေငလျင်လှုပ်ခြင်း အကြောင်းရှစ်မျိုးကို အရှင်အာနန္ဒာအား ဘုရားရှင် ဟောတော်မူသည့်သုတ်။

မြေငလျင်လှုပ်ခြင်းအကြောင်း ရှစ်မျိုးတို့တွင် သဘာဝငလျင်လှုပ်ပုံ၊ တန်ခိုးရှင်များ၏ လုံ့လပယောဂကြောင့်လုပ်ပုံနှင့် ဘုရားရှင်နှင့်ဆက်စပ်သည့် ငလျင်လှုပ်ပုံ ခြောက်မျိုးတို့ကို တွေ့မြင်နိုင်ပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်အမျိုးမျိုးတို့ကို ဖွင့်ဆိုထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၁၂၈-၁၃၃။ အံ၊မြန်၊၃၊၁၂၉-၁၃၄။ အံ၊ဋ္ဌ၊၃၊၂၄-၂၅၁။ အံ၊ဋီ၊၃၊၂၅၁-၂၆၄။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၇) ၂-ဘူမိစာလဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ