ဗောဓိရာဇကုမာရသုတ်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
ဘုရားရှင် ဘဂ္ဂနိုင်ငံ သုသုမာရဂိရမြို့အနီး ဘေသကဠာ(ဘေးမဲ့ ပဲစဉ်းငုံ) တောအုပ်၌ သီတင်းသုံးတော်မူစဉ် ဗောဓိမင်းသား၏ ကောကနဒပြာသာဒ်တက်ပွဲ အခမ်းအနား၌ သဉ္စိကာပုတ္တအား ဘုရားပင့်လွှတ်ပုံ၊ ဘုရားရှင်အား ပင့်လျှောက်ပုံ၊ စောင်းတန်းဦး၌ ဗောဓိမင်းသားသည် ဘုရားရှင်အား ကြိုဆိုရှိခိုးပုံ၊ ရည်ရွယ်ချက်ဖြင့် ခင်းထားသော ပုဆိုးဖြူ၊ အခင်းများပေါ် နင်းကြွတော်မမူ၊ အရှင်အာနန္ဒာ ရုပ်သိမ်းခိုင်းပုံ ဆွမ်းပုံ၊ ဆွမ်း ပြီး ဗောဓိမင်းသားက “သုခဖြင့် သုခကို မရနိုင်ကြောင်း ဒုက္ခဖြင့်သာ သုခကိုရနိုင်ကြောင်း”ဟူသော မိမိအယူဝါဒကို ဘုရားရှင်အား လျှောက်ထားပါသည်။
ဘုရားရှင် “မိမိကိုယ်တိုင် ဘုရားရှင်မဖြစ်သေးမီက ဤသို့ အယူရှိခဲ့ပုံကို တောထွက်၍ အာဠာရ၊ ဥဒကရသေ့တို့ထံနည်းခံပြီး အရူပဈာန်ရသည်အထိ အားထုတ်ခဲ့ပုံ၊ ငြီးငွေ့ပြီးထွက်ခဲ့ပုံ၊ နိဗ္ဗာန်တရားရှာမှီးရင်း သေနာနိဂုံးသို့ရောက်ခဲ့ပုံ၊ ရေစိုသောထင်းနှင့် ရေခြောက်သွေ့နေသောထင်းတို့ကို မီးထွက်အောင်ပွတ်သည့် ဥပမာနှစ်မျိုးဖြင့် ကာမသုခလ္လိကာနုယောဂအကျင့်နှင့် အတ္တကိလမထာနုယောဂ အကျင့်တို့ကိုနှိုင်းယှဉ်ပြီး ဒုက္ကရစရိယာအကျင့်များကို ပြင်းပြင်းထန်ထန် ပင်ပန်းခံ၍ ကျင့်ခဲ့ပုံ၊ အာဟာရပြတ်ပြီးလဲနေသည်ကို နတ်တို့က သေပြီဟုထင်မြင်ကြပုံ နတ်တို့၏ မွှေးညင်းပေါက်များကနေ၍ အာဟာရသွင်းပေးမည့်အစီအစဉ်ကို လက်မခံခဲ့ပုံ၊ ခန္ဓာကိုယ်၏ ပုံစံအနေအထားနှင့် ဒုက္ကရစရိယာအကျင့်၏ အကျိုးကျေးဇူးကို ဆင်ခြင်ပြီး ဘုရားဖြစ်နိုင်သော အကျင့်မဟုတ်သဖြင့် စွန့်လွှတ်ပြီး ခမည်းတော် သုဒ္ဓေါဒန မင်းကြီး လယ်ထွန်မင်္ဂလာပွဲ၌ အားထုတ်ခဲ့သော အာနာပါနစတုတ္ထဈာန် အကျင့်ကို ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ပုံ၊ သေနာနိဂုံး၌ ဆွမ်းခံဘုဉ်းပေးခဲ့ပုံ၊ ပဉ္စဝဂ္ဂီများ စိတ်ပျက်ပြီး ဝတ်ကြီးဝတ်ငယ် မပြုတော့ဘဲ ထွက်ခွာသွားကြပုံ၊ ထိုအာနာပါန အကျင့်ဖြင့် ပု-ဒိ-အာ ဝိဇ္ဇာဉာဏ်သုံးပါးကို ထိုးထွင်းသိမြင်ပြီး သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်ရှိပုံ၊ ဗြဟ္မယာစနကထာ၊ ဓမ္မစက္ကပဝတ္တနသုတ္တန် အနတ္တလက္ခဏ သုတ္တန် ဟောတော်မူပုံ ပဉ္စဝဂ္ဂီရဟန်းတော်များ အာသဝေါကုန်ခန်း ရဟန္တာဖြစ်ကြပုံကို အကျယ်တဝင့် ရှင်းလင်းဟောကြားတော်မူပါသည်။
ထိုအခါ ဗောဓိမင်းသားက “မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း တရား အားထုတ်လျှင် အရဟတ္တဖိုလ်ကို အဘယ်မျှကြာအောင် အားထုတ်မှ ရပါမည်နည်း? ဟု မေးလျှောက်ပါသည်။
မြတ်စွာဘုရားက ဆင်စီးအတတ်၊ ချွန်းကိုင်အတတ်ကို ဗောဓိမင်းသား သင်ပေးသောဥပမာဖြင့်ပင် ပဓာနိယင်္ဂတရားငါးပါးနှင့် ပြည့်စုံသောရဟန်း၏ အရဟတ္တဖိုလ်ကို သိနိုင်သည့် အတိုင်းအတာအချိန်ကာလတို့ကို အကျယ်တဝင့် ဟောတော်မူပါသည်။
ဗောဓိမင်းသားက တရားတော်ကို ချီးကျူးလျှောက်ထားပြီး သရဏဂုံ မဆောက်တည်ပုံကို သဉ္ဇိကာပုတ္တကပြောဆိုရာ မိမိ သရဏဂုံကို ခံယူဆောက်တည် သည်မှာ ယခုအခါဖြင့်ဆိုလျှင် သုံးကြိမ်ရှိပြီဖြစ်ကြောင်း လျှောက်ထားပြောကြားသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ဗောဓိမင်းသား၊ ကောကနဒပြာသာဒ်နှင့်တကွ သုတ်တော်၌လာသော သိသင့်သောပုဒ်တို့ကို အကျယ်တဝင့် ဖွင့်ဆိုထားပါသည်။ မှတ်သားဖွယ် များစွာရှိပါသည်။ [၁] [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -မ၊၂၊၂၇၇-၃၀၀။ မ၊မြန်၊၂၊ ၂၈၆-၃၀၆။ မ၊ဋ္ဌ၊၃၊၂၂၂-၂၂၆။ မ၊ဋီ၊၃၊၁၅၂-၄။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၄-ရာဇဝဂ္ဂ၊ ပဉ္စမသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ