ဗီဇသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မျိုးစေ့ငါးမျိုး၊ ကြီးပွားစည်ပင် ပြန့်ပွားနိုင်သော (အောင်မြင်သော) မျိုးစေ့၊ မကြီးပွား မစည်ပင် မပြန့်ပွားနိုင် (မအောင်မြင်)သောမျိုးစေ့၊ ဝိညာဏဋ္ဌိတိလေးမျိုးနှင့် ပထဝီဓာတ်၊ နန္ဒီရာနှင့် အာပေါဓာတ် မျိုးစေ့ငါးမျိုးနှင့် အကြောင်းနှင့် တကွသော ကမ္မဝိညာဏ်တို့တူကြပုံ၊ ကမ္မဝိညာဏ်တည်သည်ရှိသော် ခန္ဓာငါးပါးသို့ ကပ်၍တည်ပုံ၊ ခန္ဓာငါးပါးမှတစ်ပါး ကမ္မဝိညာဏ်၏ လာရောက်ရာ၊ သွားရောက်ရာ၊ စုတိနှင့်ပဋိသန္ဓေ ကြီးပွားစည်ပင် ပြန့်ပွားမှုကို မပညတ်နိုင်ပုံ၊ ခန္ဓာငါးပါးဟူသော ဓာတ်၌ ရာဂကိုပယ်ပြီးလျှင် ကမ္မဝိညာဏ်၏တည်ရာ အာရုံပြတ်သွားပုံ ပြုစီရင်မှု ကိလေသာမှလွတ်မြောက်သွားပုံ၊ ရောင့်ရဲနိုင်ပုံ၊ တောင့်တမှုမရှိတော့ပုံ၊ မျက်မှောက် ဘဝ၌ ငြိမ်းအေးပုံ၊ “ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယ”ဟု သိနိုင်ပုံကို ခန္ဓာတစ်ပါးစီ တစ်ပါးစီ အကျယ်ဝေဖန်၍ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဗီဇဂါမ်၊ ဘူတဂါမ် အားလုံးတို့သည် မြေကြီးကိုမှီ၍ မြေကြီး၌တည်၍ ကြီးပွားစည်ပင် ပြန့်ပွားခြင်းသို့ရောက်သကဲ့သို့ ထို့အတူ သီလကိုမှီ၍ သီလ၌တည်၍ ဝိဝေကနိဿိတ၊ ဝိရာဂနိဿိတ၊ နိရောဓနိဿိတ၊ ဝေါဿဂ္ဂပရိဏာမီဖြစ်အောင် အဋ္ဌင်္ဂိကအရိယာမဂ်ကို ပွားများသည်ရှိသော် ဓမ္မတို့၌ ကြီးပွားစည်ပင်ပြန့်ပွားခြင်းသို့ရောက်ပုံ၊ အဋ္ဌင်္ဂိကအရိယာမဂ်ကို တစ်ပါးစီ တစ်ပါးစီ ပွားများပုံအပြည့်အစုံကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၃] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တမာမျိုးစေ့၊ သဗွတ်ခါးမျိုးစေ့ ဗူးခါးမျိုးစေ့မျိုးစေ့တို့သည် ခါးစပ်သော အရသာကို ဖြစ်စေသကဲ့သို့ ထို့အတူ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ၊ မိစ္ဆာဉာဏ၊ မိစ္ဆာဝိမုတ္တိ ကာယကံ၊ ဝစီကံ၊ မနောကံသည် အယူအားလျော်စွာ ပြည့်စုံသည်ရှိသော် စေတနာ၊ ပတ္ထနာ၊ ပဏိဓိ၊ သင်္ခါရတရားတို့သည် အနိဋ္ဌ၊ အကန္တ၊ အမနာပ၊ အဟိတဖြစ်သော ဒုက္ခ ဖြစ်ရန် ဖြစ်၏။ ယုတ်မာသော အယူအမြင်ရှိခြင်းကြောင့်ပေတည်း။ ကြံမျိုးစေ့၊ သလေးမျိုးစေ့၊ မုဒရက်(သဗြက်)မျိုးစေ့တို့သည် သာယာချိုမြိန် သောအရသာကို သွန်းလောင်းခြင်းငှာဖြစ်သကဲ့သို့ အယူအမြင်၏ ကောင်းခြင်းကြောင့် သမ္မာဒိဋ္ဌိ ... သမ္မာဝိမုတ္တိရှိသောပုဂ္ဂိုလ်၏ ကာယကံ၊ ဝစီကံ၊ မနောကံတို့သည် အယူအမြင်အားလျော်စွာ ဆောက်တည်အပ် ပြီးစေအပ်သော စေတနာ၊ ပတ္ထနာ၊ ပဏိဓိ၊ သင်္ခါရတို့သည် ဣဋ္ဌ၊ ကန္တ၊ မနာပ၊ ဟိတ၊ သုခအတွက်ဖြစ်ကုန်၏ဟု သမ္မာမဂ္ဂင် ၁၀-ပါး၊ မိစ္ဆာမဂ္ဂင် ၁၀-ပါးတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၄၄-၅။ သံ၊မြန်၊၂၊၄၃-၄။ သံ၊ဋ္ဌ၊၂၊၂၅၀-၂။ သံ၊ဋီ၊၂၊၂၂၃။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၆) ၁-ဥပယဝဂ္ဂ၊ ဒုတိယသုတ်။
  2. -သံ၊၃၊၄၃-၄။ သံ၊မြန်၊၃၊၄၆။ သံ၊ဋ္ဌ၊၃၊၁၇၁။ သံ၊ဋီ၊၂၊၄၁၁။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁-မဂ္ဂသံယုတ္တ၊ ၆-ဗဟုကရဏီယဝဂ္ဂ၊ ဒုတိယသုတ်။
  3. -အံ၊၃၊၄၂၈-၉။ အံ၊မြန်၊၃၊၄၂၀-၁။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ၃-တတိယပဏ္ဏာသက၊ (၁၁) ၁-သမဏသညာဝဂ္ဂ၊ စတုတ္ထသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ