ပေါတလိယသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် မဟီမြစ်မြောက်ဖက် အင်္ဂနိုင်ငံ အာပဏနိဂုံးအနီး တောအုပ် ကြီးအတွင်း တစ်ပင်သောသစ်ပင်ရင်း၌ သီတင်းသုံးနေတော်မူစဉ် လမ်းလျှောက်ရင်း ရောက်လာသော “ပေါတလိယသူကြွယ်၏ မေးလျှောက်ထားချက်အရ-

၁။ အပါဏာတိပါတကိုမှီ၍ ပါဏာတိပါတကို ပယ်ရမည်။

၂။ ဒိန္နာဒါနကိုမှီ၍ အဒိန္နာဒါနကို ပယ်ရမည်။

၃။ သစ္စဝါစာကိုမှီ၍ မုသာဝါဒကို ပယ်ရမည်။

၄။ အပိသုဏဝါစာကိုမှီ၍ ပိသုဏဝါစာကိုပယ်ရမည်။

၅။ အဂိဒ္ဓိလောဘကိုမှီ၍ ဂိဒ္ဓိလောဘကို ပယ်ရမည်၊

၆။ အနိန္ဒာရောသကိုမှီ၍ နိန္ဒာရောသကို ပယ်ရမည်၊

၇။ အက္ကောဓူပါယာသကိုမှီ၍ ကောဓူပါယာသကို ပယ်ရမည်။

၈။ အနတိမာနကိုပယ်၍ အတိမာနကို ပယ်ရမည်-ဟူသော ဘုရားရှင် သာသနာတော်၌ ဝေါဟာရသမုစ္ဆေဒ-အသုံးအနှုံးဖြစ်ခြင်း ၈-မျိုးနှင့် အဋ္ဌိကင်္ကလူပမာ, မံသပေသူပမာ, တိဏူက္ကူပမာ, အင်္ဂါရကာသူပမာ, သုပိနကူပမာ, ယာစိတကူပမာ, ရုက္ခဖလူပမာ-ဟူသော ကာမဂုဏ်၏အပြစ် ၇-မျိုးတို့ကို တစ်မျိုးစီ တစ်မျိုးစီ အကျယ်ဝေဖန်၍ ကာမဂုဏ်တို့သည် များစွာ ဆင်းရဲခြင်းရှိကုန်၏။ များစွာ ပင်ပန်းခြင်းရှိကုန်၏။ ဤကာမဂုဏ်တို့၌ အပြစ်များလှကုန်၏-ဟု ဟုတ်မှန်သည့် အတိုင်း မှန်ကန် သောပညာဖြင့် သိမြင်ပြီးလျှင် အထူးထူးသောသဘောရှိသော, အထူးထူးသော သဘောကိုမှီသော, ဥပေက္ခာမျိုးကို ရှောင်ကြဉ်၍ တစ်ခုတည်းသော သဘောရှိသော, တစ်ခုတည်းသော သဘောကိုမှီသော အချင်းခပ်သိမ်း လောက၌ တဏှာသည် သုံးသပ်အပ်သော ကာမဂုဏ်ငါးပါးကို စွဲလမ်းမှုဆန္ဒရာဂ အကြွင်းမဲ့ ချုပ်ငြိမ်းရာ ဥပေက္ခာကိုသာ ပွားများနေ၏။

ထိုအရိယာသာဝကသည် ဤအနုတ္တရဥပေက္ခာသတိပါရိသုဒ္ဓိသို့ ရောက်၍ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ်တို့ကို မျက်မှောက်ဘဝ၌ပင်ရရှိပြီး မြတ်စွာဘုရားသာသနာတော်၌ အခါခပ်သိမ်း, အချင်းခပ်သိမ်း ဝေါဟာရ သမုစ္ဆေဒဖြစ်ပုံကို ဟောကြားတော်မူပါသည်။

ပေါတလိယသူကြွယ်သည် တစ်ချိန်က အညတိတ္ထိယပရိဗ္ဗာဇကများနှင့် ရဟန်းတော်များအပေါ်၌ မှားယွင်းသောအယူအမြင်ကို ပယ်ဖျောက်၍ မှန်ကန်သော အယူအမြင်ဖြစ်ပုံကို အကျယ်တဝင့်လျှောက်ထားပြီး ဥပါသကာအဖြစ် ခံယူသွားပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌ ဇမ္ဗူဒီပါကျွန်း၏ အကျယ်အဝန်း၊ ရေနေလေးထောင်၊ ကုန်း နေသုံးထောင်နှင့် ဟိမဝန္တာတောင်နှင့် ဆက်စပ်နေသော သိမှတ်ဖွယ်ရာများ၊ မြစ်ကြီး ငါးသွယ်စီးဆင်းနေပုံ၊ အင်္ဂုတ္တရာပ, အာပဏ-အမည်ရပုံ အစရှိသည်တို့နှင့် တကွ ဖွင့်သင့်သော အနက်အဓိပ္ပါယ်များကို ဖွင့်ဆိုထားပါသည်။

ဋီကာ၌လည်း ဖွင့်ဆိုချက်များ ရှိပါသည်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ်-

၁။ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သင့်လျော်သောအခါ၌ ကဲ့ရဲ့ထိုက်သောပုဂ္ဂိုလ်၏ ဟုတ်မှန်သောကဲ့ရဲ့အပ်သောအပြစ်ကို ပြောဆိုသောပုဂ္ဂိုလ်, သင့်လျော်သောအခါ၌ ချီးမွမ်းထိုက်သောပုဂ္ဂိုလ်၏ ဟုတ်မှန်သော ချီးမွမ်းအပ်သောဂုဏ်ကျေးဇူးကို မပြောဆိုသောပုဂ္ဂိုလ်၊

၂။ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သင့်လျော်သော (ပြောသင့်သော) အခါ၌ ချီးမွမ်းထိုက်သောပုဂ္ဂိုလ်၏ ချီးမွမ်းအပ်သော ဟုတ်မှန်သော ဂုဏ်ကျေးဇူးကို ပြောဆိုတတ်သောပုဂ္ဂိုလ်, သင့်လျော် (ပြောဆိုသင့်)သောအခါ၌ ကဲ့ရဲ့ထိုက်သောပုဂ္ဂိုလ်၏ ဟုတ်မှန်သောအပြစ်ကို ပြောဆိုတတ်သောပုဂ္ဂိုလ်၊

၃။ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သင့်လျော်(ပြောဆိုသင့်)သောအခါ၌ ကဲ့ရဲ့ထိုက်သောပုဂ္ဂိုလ်၏ ဟုတ်မှန်သော ကဲ့ရဲ့အပ်သောအပြစ်ကို မပြောဆိုသောပုဂ္ဂိုလ်, သင့်လျော်(ပြောဆိုသင့်)သောအခါ၌ ချီးမွမ်းထိုက်သောပုဂ္ဂိုလ်၏ ဟုတ်မှန်သော ချီးမွမ်းအပ်သောဂုဏ်ကျေးဇူးကို မပြောဆိုသောပုဂ္ဂိုလ်၊

၄။ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သင့်လျော်(ပြောဆိုသင့်)သော အချိန်၌ ကဲ့ရဲ့ထိုက်သောပုဂ္ဂိုလ်၏ ဟုတ်မှန်သော ကဲ့ရဲ့အပ်သောအပြစ်ကို ပြောဆိုတတ်သောပုဂ္ဂိုလ်, သင့်လျော်(ပြောဆိုသင့်)သောအခါ၌ ချီးမွမ်းထိုက်သောပုဂ္ဂိုလ်၏ ဟုတ်မှန် သော ချီးမွမ်းအပ်သောဂုဏ်ကျေးဇူးကို ပြောဆိုတတ်သောပုဂ္ဂိုလ်-ဟု ပုဂ္ဂိုလ် လေးမျိုးရှိပုံ၊ ထိုပုဂ္ဂိုလ်လေးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်ကို အထူးသဖြင့် ကောင်းသည်၊ အထူးသဖြင့် မြင့်မြတ်သည်ဖြစ်၍ သင်နှစ်သက်သနည်း”ဟု ဘုရားရှင်က ပေါတလိယပရဗိုဇ်အား မေးတော်မူပါသည်။

ပေါတလိယပရဗိုဇ်က လျစ်လျူရှုမှု ဥပေက္ခာသည် အလွန်ကောင်းမြတ်သောကြောင့် အမှတ်(၃)ပုဂ္ဂိုလ်ကို အထူးသဖြင့်ကောင်း၊ အထူးသဖြင့်မြင့်မြတ်သည်ဖြစ်၍ အကျွန်ုပ် နှစ်သက်ပါ၏ဟု လျှောက်ထားပါသည်။

ဘုရားရှင်က ထိုထိုအရာ၌ သင့်လျော်သောအခါကို သိတတ်သောကြောင့် အမှတ်(၄)ပုဂ္ဂိုလ်ကို အထူးသဖြင့်ကောင်း၏။ အထူးသဖြင့် မြင့်မြတ်၏ဟု မိန့်ကြားတော်မူပါသည်။

ပေါတလိယပရဗိုဇ်ကလည်း ဘုရားရှင် မိန့်တော်မူသည့်အတိုင်း အမှတ် (၄)ပုဂ္ဂိုလ်သည် အထူးသဖြင့်ကောင်းပါကြောင်း၊ အထူးသဖြင့် မြင့်မြတ်ပါကြောင်း လျှောက်ထားပြီး ဒေသနာတော်ကို ချီးမွမ်း၍ ဥပါသကာအဖြစ် ခံယူပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌ အမှတ်(၄)ပုဂ္ဂိုလ်သည် ထိုထိုအရာ၌ အချိန်အခါကို သိခြင်းကြောင့် ထိုထိုအချိန်ကာလကိုသိ၍ “ကဲ့ရဲ့ထိုက်သောပုဂ္ဂိုလ်၏ ကဲ့ရဲ့အပ်သော အပြစ်ကို ပြောဆိုခြင်း၊ ချီးမွမ်းထိုက်သောပုဂ္ဂိုလ်၏ ချီးမွမ်းအပ်သော ဂုဏ်ကျေးဇူးကို ပြောဆိုခြင်းသည် ပညာရှိတို့၏ ပင်ကိုယ်သဘောသဘာဝကို ပြရာဖြစ်၏”ဟု ဖွင့် ဆိုထားပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၂။ ၂၂-၃၁။ မ၊မြန်၊၂၊၂၅-၃၅။ မ၊ဋ္ဌ၊၃၊၂၄-၃၁။ မ၊ဋီ၊၃၊၂၀-၂၄။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၁-ဂဟပတိဝဂ္ဂ၊ စတုတ္ထသုတ်။
  2. -အံ၊၁၊၄၁၃-၅။ အံ၊မြန်၊၁၊၄၂၆-၈။ အံ၊ဋ္ဌ၊၂၊၃၂၆။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၁၀)၅-အသုရဝဂ္ဂ၊ ဒသမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ