ပုဗ္ဗကောဋ္ဌကသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်က အရှင်သာရိပုတ္တရာထေရ်အား “သာရိပုတ္တရာ သဒ္ဓါအစရှိသော ဣန္ဒြေငါးပါးတို့ ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည် ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သည်, အမြိုက်နိဗ္ဗာန်ဟူသော လည်းလျောင်းရာ ရှိသည်, အမြိုက်နိဗ္ဗာန်ဟူသော အပြီးအဆုံးရှိသည်ကို ယုံကြည်၏လော”ဟု မေးတော်မူပါသည်။ အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ... ဣန္ဒြေငါးပါးတို့ကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် အမတောဂဓ, အမတပရာယဏ, အမတပရိယောသာနဖြစ်သည်ကို မြတ်စွာဘုရားကို ယုံကြည်ရုံမျှဖြင့် တပည့်တော် သိသည်မဟုတ်ပါ။ ဣန္ဒြေငါးပါးတို့ကို ပွားများခြင်း, ကြိမ်ဖန်များစွာ အလေ့အလာ ပြုခြင်း၏အကျိုးတို့ကို ဉာဏ်ဖြင့်မမြင်အပ်, ထင်ထင်ရှားရှား မသိအပ်, ကိုယ်တိုင် မသိအပ်, ကိုယ်တိုင် မတွေ့အပ်သောပုဂ္ဂိုလ်တို့သည် သူတစ်ပါးတို့ကို ယုံကြည်သောအားဖြင့် သိကြကုန်ရာပါ၏။ ဣန္ဒြေငါးပါးတို့ကို ပွားများခြင်း၏ အထွဋ်အထိပ်သို့ရောက်သော အကျိုးတို့ကို ကိုယ်တိုင်ဉာဏ်ပညာဖြင့် သိအပ်ပြီးသော, ထင်ထင်ရှားရှား သိအပ်ပြီးသော, ကိုယ်တိုင်သိ တွေ့မြင်အပ်ပြီးသောပုဂ္ဂိုလ်များ၌ ထိုဣန္ဒြေငါးပါးတို့၌ ယုံမှားမှုမရှိတော့ပါ။ တွေးတောမှုသံသယ မရှိတော့ပါ။

မြတ်စွာဘုရား ... ဤဣန္ဒြေငါးပါးတရားတို့ကို တပည့်တော်သည် ဉာဏ် ပညာဖြင့် သိအပ်ပါပြီ ထင်ထင်ရှားရှား သိအပ်ပါပြီ။ ကိုယ်တိုင်တွေ့ထိ သိအပ်ပါပြီး ထိုဣန္ဒြေငါးပါးတရားတို့၌ ယုံမှားသံသယ မရှိတော့ပါ။ သို့လော သို့လော တွေးတောမှု မရှိတော့ပါ-ဟု လျှောက်ထားပါသည်။

ဘုရားရှင်က သာဓုခေါ်တော်မူပြီ၊ ဣန္ဒြေငါးပါးတို့ကို ဉာဏ်ဖြင့် မမြင်အပ်၊ ထင်ထင်ရှားရှား မသိအပ်၊ ကိုယ်ထိလက်ရောက် မျက်မှောက်မပြုအပ်၊ မတွေ့အပ် ဖူးသောသူတို့သည် ထိုဣန္ဒြေငါးပါးတို့ကို ပွားများမှု ကြိမ်ဖန်များစွာ အလေ့အလာ ပြုမှုကြောင့်ရရှိသော နိဗ္ဗာန်နှင့်စပ်သောအကျိုးတို့၌ သူတစ်ပါးတို့ကို ယုံကြည်သောအားဖြင့် သိကုန်ရာ၏။ ဉာဏ်ဖြင့်ထင်ထင် သိမြင်, ထင်ထင်ရှားရှား သိမြင်, ကိုယ်တိုင် တွေ့ထိအပ်ပြီးသောပုဂ္ဂိုလ်တို့သည် ထိုဣန္ဒြေငါးပါးတရားတို့၌ တွေးတောယုံမှားမှု သံသယမရှိတော့ကုန်-ဟု မိန့်ကြားတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၁၉၄-၅။ သံ၊မြန်၊၃၊၁၉၉-၂၀၀။ သံ၊ဋ္ဌ၊၃၊၂၇၉-။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၄-ဣန္ဒြိယသံယုတ္တ၊ ၅-ဇရာဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ