ပိယဇာတိကသုတ်

ဝီကီပီးဒီးယား မှ

မြတ်စွာဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “ချစ်လှစွာသော သေလွန်သွားသော တစ်ဦးတည်းသော သားလေးကို အကြောင်းပြု၍ လုပ်ငန်းကိုလည်း မလုပ်နိုင်၊ ထမင်းလည်း မစားနိုင်ဘဲ သုသာန်သို့သွား၍ ငိုကြွေးနေသော သူကြွယ်သည် ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားသည့်အခါ ဘုရားရှင်က “သူကြွယ် ... သောက, ပရိဒေဝ, ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏။ ချစ်ခြင်းလျှင် အမွန်အစ ရှိကုန်၏”ဟု မိန့်ကြားတော်မူပါသည်။

သူကြွယ်က “သောက အစရှိသည်တို့သည် ချစ်ခြင်းကြောင့် မဖြစ်ပါကုန်။ နှစ်သက်ခြင်း, ဝမ်းမြောက်ခြင်းတို့သည်သာ ချစ်ခြင်းကြောင့် ဖြစ်ပါသည်။ ချစ်ခြင်းလျှင် အမွန်အစ ဖြစ်ပါကုန်၏”ဟု ဆန့်ကျင်ဘက်စကား ပြောကြားပြီး ထသွားပါသည်။ အနီးအနားရှိ ကြွေအံသမားတို့က ဝိုင်းဝန်း၍ ထောက်ခံကြပါသည်။

ထိုသတင်းသည် နန်းတော်သို့ရောက်သွားလေရာ ကောသလဘုရင်ကလည်း သူကြွယ်၏စကားကိုသာလက်ခံပြီး မလ္လိကာမိဖုရားကို မေးမြန်းရာ မလ္လိကာမိဖုရားက “ဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း မှန်ကန်ကြောင်း” သံတော်ဦးတင်သည့် အခါ မလ္လိကာမိဖုရားကို ငေါက်ငမ်းပြီး မောင်းထုတ်ပါသည်။

မလ္လိကာမိဖုရားသည် နာဠိဇင်္ဃပုဏ္ဏားကိုခေါ်၍ ဘုရားရှင်ထံ သွားရောက်၍ မေးမြန်း လျှောက်ထားစေခဲ့ပါသည်။ ဘုရားရှင်က “မိသားစု ကွယ်လွန်သည့်အခါ သောကစသည်ဖြစ်ပုံကို အကျယ်ဟောပြတော်မူပါသည်။ နာဠိဇင်္ဃပုဏ္ဏားထံက တစ်ဆင့် ဘုရားရှင် ဟောကြားတော်မူလိုက်သော ဒေသနာတော်ကို နည်းယူ၍ ဝဇိရာသတို့သမီး, ဝါသဘခတ္တိယာမင်းသမီး, ဝိဋဋူဘစစ်သူကြီး, မိမိ, ကာသိတိုင်း, ကောသလတိုင်းသူ ပြည်သားတို့ ပျက်စီးမှုအကြောင်းပြု၍ သောကအစရှိသည်တို့သည် ချစ်ခြင်းကြောင့်ဖြစ်ပုံ၊ ချစ်ခြင်းလျှင်အမွန်အစရှိပုံကို ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူကြောင်းကို အသီးအသီး (ပြန်လည် ပြောပြသည့်အခါ ကောသလ ဘုရင် သဘောပေါက်နားလည်ပြီး ခံတွင်းဆေး, မျက်နှာသစ်ပြီးလျှင် ဘုရားရှင် ရှိတော်မူရာသို့ နေရာမှထ, ပခုံးပေါ်တဘက်တင်ပြီးလျှင် “နမော တဿ” မဟာ ပဏာမဖြင့် သုံးကြိမ်တိုင်တိုင် ဥဒါန်းကျူးရင့်ပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ရာ ဖွင့်ဆိုများ ပါရှိပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၃၀၉-၃၁၄။ မ၊မြန်၊၂၊၃၁၃-၉။ မ၊ဋ္ဌ၊၃၊၂၃၇-၈။ မ၊ဋီ၊၃၊၁၆၁။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၄-ရာဇဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ