ပိဏ္ဍပါတပါရိသုဒ္ဓိသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ်-ဘုရားရှင်၏ မေးမြန်းတော်မူခြင်းကြောင့် “သုညတ (ဖလသမာပတ္တိ) ဝိဟာရဖြင့် များစွာနေပါကြောင်း အရှင်သာရိပုတ္တရာက လျှောက်ထားပါသည်။ ဘုရားရှင်က “သုညတဝိဟာရသည် မဟာပုရိသဝိဟာရဖြစ်ကြောင်း မိန့်ကြားတော်မူပြီး ဆွမ်းခံဝင်, ဆွမ်းခံပြန်ချိန်၌ စက္ခုဝိညေယျ=ရူပါရုံ, သောတဝိညေယျ= သဒ္ဒါရုံ, ဃာနဝိညေယျ-ဂန္ဓာရုံ ဇိဝှါဝိညေယျ= ရသာရုံ, ကာယဝိညေယျ=ဖောဋ္ဌဗ္ဗာရုံ, မနောဝိညေယျ= ဓမ္မာရုံတို့တွင် တစ်ပါးစီ တစ်ပါးစီတို့၌ ဆန္ဒ, ရာဂ, ဒေါသ, မောဟ, ပဋိဃ, စိတ် ရှိ/မရှိ ဆင်ခြင်ရမည်။ အကယ်၍ ရှိနေခဲ့လျှင် ယင်းအကုသိုလ် တရားတို့ကို ပယ်စွန့် နိုင်အောင် အားထုတ်ရမည်။ မရှိခဲ့သော် ထိုပီတိပါမောဇ္ဇဖြင့် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး အားထုတ်နေရမည်ဟုလည်းကောင်း။

ကာမဂုဏ်ငါးပါး, နီဝရဏငါးပါးတို့ကို မပယ်ရသေး, ပယ်စွန့်ပြီးတို့ကို -ရှုဆင်ခြင်သည်ရှိသော် အကယ်၍ မပယ်စွန့်ရသေးပါမူ ပယ်စွန့်နိုင်အောင် အားထုတ်ရမည်။ ပယ်စွန့်ပြီးလျှင် ထိုပီတိပါမောဇ္ဇဖြင့် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး အားထုတ်နေရမည်။

ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ပိုင်းခြား၍သိပြီး မသိရသေးသည်ကိုလည်း ရှုဆင်ခြင်ရမည်။ ပိုင်းခြား၍ မသိရသေးလျှင် ပိုင်းခြား၍သိအောင် အားထုတ်ရမည်။ ပိုင်းခြား၍ သိပြီးလျှင် ထိုပီတိပါမောဇ္ဇဖြင့် ကုသိုလ်တရားတို့၌ နေ့ ညဉ့်ပတ်လုံး အားထုတ်နေရ မည်။

ဗောဓိယပက္ခိယတရား ၃၇-ပါးတို့နှင့် သမထ, ဝိပဿနာတို့တွင် တစ်ပါးစီ တစ်ပါးစီ မပွားများရသေး, ပွားများပြီးသည်ကိုလည်း ရှုဆင်ခြင်ရမည်။ မပွားများရသေးလျှင် ပွားများနိုင်အောင် အားထုတ်ရမည်။ ပွားများပြီးလျှင်လည်း ထိုပီတိပါမောဇ္ဇဖြင့် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး အားထုတ်နေရမည်။

ဝိဇ္ဇာ, ဝိမုတ္တိတရားတို့ကို မျက်မှောက်ပြုအပ်ပြီး/ မျက်မှောက်မပြုအပ်သေး သည်ကိုလည်း ရှုဆင်ခြင်နေရမည်။ မျက်မှောက် မပြုအပ်သေးလျှင် မျက်မှောက် ပြုနိုင်အောင် အားထုတ်ရမည်။ မျက်မှောက်ပြုအပ်ပြီးလျှင် ထိုပီတိပါမောဇ္ဇဖြင့် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး အားထုတ်နေရမည်။

သာရိပုတ္တရာ “အတိတ်ကာလ၌ သမဏ, ဗြာဟ္မဏအားလုံးတို့သည် ဤနည်း အတိုင်း ဆင်ခြင်ကြကုန်၍ ပိဏ္ဍပါတကို သုတ်သင်ခဲ့ကြသည်။ အနာဂတ်ကာလ၌ သုတ်သင်ကြကုန်လိမ့်လတ္တံ့၊ ပစ္စုပ္ပန်ကာလ၌လည်း ဤနည်းအတိုင်း သုတ်သင်ကြ ကုန်အံ့”ဟု ဤသို့သာ သင်ချစ်သားတို့ ကျင့်ကြရမည်”ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၃၊၃၄၂-၇၊ မ၊မြန်၊၃၊၃၄-၃၅၁။ မ၊ဋ္ဌ၊၄၊၂၄၉-၂၅၀။ မ၊ဋီ၊၃၊၄၃၇-၈။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၅-သဠာယတနဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ