ပါသာဒိကသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် သကျနိုင်ငံ ဝေဓညမည်သော သာကီဝင်တို့၌ သရက်ဥယျာဉ် ပြသာဒ်၌ သီတင်းသုံးတော်မူနေစဉ် ပါဝါမြို့၌ နာဋပုတ္တနိဂဏ္ဌသေပြီးကာစ တပည့် တက္ကဒွန်းတို့ နှစ်ဖက်ကွဲပြီး တစ်ဖက်နှင့်တစ်ဖက် ငြင်းခုံကြ, စကားများ ရန်ဖြစ်ကြ သတ်ဖြတ်ကြသဖြင့် ဒကာများ စိတ်ပျက်ကြပုံ, ကြည်ညိုမှု, ရိုသေလေးစားမှု ကင်းမဲ့ကြပုံ

= ဘုရားမဟုတ်သူ တည်ထောင်သောသာသနာ၌ ဘုရားမဟုတ်ခြင်းကြောင့် ဓမ္မမှန်ကန်မှု မရှိပုံ၊ ဓမ္မမမှန်ကန်ခြင်းကြောင့် ဗြဟ္မစရိယ မမှန်ကန်ပုံ၊ ဗြဟ္မစရိယ မမှန်ကန်ခြင်းကြောင့် ဓမ္မကျင့်သူများ ကိလေသာငြိမ်းအေးမှုမဖြစ်ဘဲ မကောင်းမှု များစွာကို ဖြစ်ပွားစေကြပုံ၊ ယင်းသာသနာ၌ ဆရာ, ဓမ္မနှင့် ဓမ္မကျင့်သူများကို ကဲ့ရဲ့ထိုက်ပုံ၊ ဓမ္မကို မကျင့်သူအား ချီးမွမ်းထိုက်ပုံကိုလည်းကောင်း။

= ဘုရားရှင်အစစ် တည်ထောင်သောသာသနာတော်၌ ဘုရားရှင်အစစ်ဖြစ်ခြင်းကြောင့် ဓမ္မဝိနယတို့မှန်ကန်ပုံ, ဓမ္မဝိနယမှန်ကန်ခြင်းကြောင့် ဗြဟ္မစရိယမှန်ကန်ပုံ, ဗြဟ္မစရိယမှန်ကန်ခြင်းကြောင့် ဗြဟ္မစရိယကိုကျင့်သုံးသူများ ကိလေသာငြိမ်းအေးကြပုံ, ကောင်းမှုကုသိုလ်များစွာဖြစ်ပုံ, ဆရာ, ဓမ္မ, ဓမ္မကိုကျင့်သုံးသူတို့အား ချီးမွမ်းထိုက်ပုံ, ဓမ္မကိုမကျင့်သော သာဝကတို့အား ကဲ့ရဲ့ထိုက်ပုံကိုလည်းကောင်း။

= ဘုရားရှင် အစစ်အမှန်ပင်ဖြစ်သော်လည်း တည်သောအပ်သော ဓမ္မဝိနယတို့ မကျယ်ပြန့်သေးမီ၊ တပည့်သာဝကများ ဓမ္မဝိနယကို ပြည့်ပြည့်ဝဝသိမြင်အောင် မကျင့်နိုင်သေးမီ၊ ဓမ္မဝိနယကို မစုဆောင်းနိုင်သေးမီ၊ ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူ ခဲ့ပါမူ တပည့်များပူပန်မှုဖြစ်ကြပုံကိုလည်းကောင်း။

= ဘုရားရှင် အစစ်အမှန်ဖြစ်ပြီး ကိလေသာငြိမ်းစေနိုင်သော တရားတော်ကို ဟောတော်မူခြင်း, တပည့်သာဝကများလည်း သစ္စာသိမြင်, ဓမ္မကို ကျွမ်းကျင်လိမ္မာသည့် အခြေအနေသို့ရောက်ရှိခြင်း၊ ဓမ္မဝိနယ၏ လူ့ပြည်တွင်မက နတ်ပြည်, ဗြဟ္မာ ပြည်တိုင်အောင် ကျယ်ပြန့်ပြီးရာအချိန်၌ ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူသွားသော်လည်း တပည့်သာဝကများ စိုးရိမ်ပူပန်မှု မဖြစ်တော့ပုံကိုလည်းကောင်း။

၁။ ဆရာဖြစ်တော်မူသော ဘုရားရှင်သည် ထေရ, ရတ္တညူ, စိရပဗ္ဗဇိတ, အဒ္ဓဂတ, ဝယောအနုပ္ပတ္တဂုဏ် (အရည်အချင်း)တို့နှင့် ပြည့်စုံခြင်း၊

၂။ထေရဖြစ်သော သာဝကရဟန်းတော်တို့သည်၊ ယင်းတို့၏ သာဝကရဟန်းတော်တို့သည်။

၃။ မဇ္ဈိမဖြစ်သော သာဝကရဟန်းတော်တို့သည်၊ ယင်းတို့၏ သာဝက ရဟန်းတော်တို့သည်။

၄။ နဝဖြစ်သော သာဝကရဟန်းတော်တို့သည်၊ ယင်းတို့၏ သာဝကရဟန်းတော်တို့သည်။

၅။ ထေရ, မဇ္ဈိမ, နဝဘိက္ခုနီများ၊ ယင်းတို့၏ သာဝိကာဘိက္ခုနီမများ၊

၆။ ဗြဟ္မစာရီ အဝတ်ဖြူဝတ်သော ဥပါသကာများ။

၇။ ကာမဘောဂီ အဝတ်ဖြူဝတ်သော ဥပါသကာများ။

၈။ ဗြဟ္မစာရိနီ ဥပါသိကာမများ၊

၉။ ကာမဘောဂိနီ ဥပါသိကာမများတို့သည်- ဝိယတ္တ, ဝိနီတ, ဝိသာရဒ, ပတ္တယောဂက္ခမ အလံ သမ္မက္ခာတုံ သဒ္ဓမ္မဿ အလံ ဥပ္ပန္နံ ပရပ္ပဝါဒံ သဟဓမ္မေဟိ သုနိဂ္ဂဟံ နိဂ္ဂဟေတွာ သပ္ပါဋိဟာရိယံ ဓမ္မံ ဒေသေတုံ-ဟူသော အရည်အချင်းပြည့်ပုဂ္ဂိုလ်များဖြစ်ခြင်း။

၁၀။ ဗြဟ္မစရိယ (သာသနာတော်)၏ စည်ပင်, ပြန့်ပွား, ကျယ်ပြန့် လူအများလည်းသိ, ကြီးကျယ်၍ လူ့ပြည်တွင်မက နတ်ပြည်အထိ ပျံ့နှံ့ထင်ရှားကာ လာဘဂ္ဂ, ယသဂ္ဂပတ္တဖြစ်ခြင်း-ဟူသော အချက်များနှင့် ပြည့်စုံခြင်းသည် သာသနာတော်၏ ပြည့်စုံခြင်းဖြစ်ပုံ၊ ထိုအချက်များနှင့် မညီမညွတ်သော သာသနာသည် မပြည့်စုံသော သာသနာဖြစ်သည်ကိုလည်းကောင်း။

ဘုရားမြတ်စွာ သာသနာတော်သည် ထိုဆိုခဲ့ပြီးသောအရည်အချင်း ၁၀ ပါးလုံးတို့နှင့် ပြည့်စုံနေပုံကိုလည်းကောင်း၊ ဘုရားမြတ်စွာ သာသနာတော်၏ ဝဋ်ဆင်း ရဲမှ ထွက်မြောက်ခြင်း၏ အလုံးစုံ ထက်ဝန်းကျင်မှ ပြည့်စုံနေပုံကိုမြင်၍ ပယ်နုတ်ဖွယ်, ဖြည့်စွက်ဖွယ်မရှိသော သာသနာတော်ဖြစ်ပုံကိုလည်းကောင်း၊ မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ဖြင့် ထိုးထွင်း၍ သိတော်မူအပ်ကုန်သော ဗောဓိပက္ခိယတရား (၃၅)ပါးတို့ကို သာသနာတော် အရှည်ခံ့၍ တည်တံ့ရန် ရဟန်းတော်များက သံဂါယနာတင်ထားသင့်ပုံ၊ ငြင်းခုံခြင်းကို မပြုသင့်ပုံ၊ သံဂါယနာ တင်ခြင်းသည် နတ်, လူအများတို့ စီးပွားချမ်းသာအလို့ငှါဖြစ်ပုံ, သတ္တလောကကို စောင့်ရှောက်ရာရောက်ပုံကိုလည်းကောင်း၊

သံဃာ့အလယ်၌ ဓမ္မကိုဟောပြောသောပုဂ္ဂိုလ်၏ ဟောပြောချက်သည် သဒ္ဒါ, အနက်, အဓိပ္ပါယ်တစ်မျိုးမျိုးဖြစ်စေ၊ နှစ်မျိုးသုံးမျိုးဖြစ်စေ မှားယွင်းခဲ့သော် ထိုစကားကိုနှစ်သက်ခြင်း, လက်ခံခြင်း, ငြင်းပယ်ခြင်း မပြုသေးဘဲ မှားယွင်းနေသောအနက်, သဒ္ဒါတို့ကို စူးစမ်းဆင်ခြင်ရန် ထိုအရှင်ကိုသိစေရမည်၊ မြှင့်တင်ချီးမွမ်းခြင်း၊ နှိမ်ချခြင်း၊ ခြောက်လှန့်ခြင်းတို့ကို မပြုဘဲ အဓိပ္ပါယ်, အနက်, သဒ္ဒါတို့ မှန်ကန်မှုကိုသာ စူးစမ်းဆင်ခြင် သိမြင်စေရမည်ကိုလည်းကောင်း၊

မှန်ကန်စွာ ဟောပြောနိုင်သောအရှင်ကို နှစ်သက်, လက်ခံ, သာဓုခေါ်၍ ချီးမွမ်းစကား ပြောကြားရမည်ကိုလည်းကောင်း၊

ဘုရားရှင်သည် ပစ္စုပ္ပန်, တမလွန်လောက၌ဖြစ်သော အာသဝေါတရားတို့ကို ပယ်ဖျောက်နိုင်ရန် တရားဟောတော်မူပုံကိုလည်းကောင်း ပစ္စည်းလေးပါး ခွင့်ပြု ခြင်းအကြောင်းကိုလည်းကောင်း၊

လူမိုက်၏ ချမ်းသာခံစားပုံ, အကျင့်နှင့်အပြစ်, ရဟန်းတော်တို့၏ ချမ်းသာ ခံစားပုံ, အကျင့်နှင့်အကျိုးကျေးဇူး သာသနာတော်၌ ချမ်းသာစွာခံစားခြင်း အကျင့်၏ အကျိုးလေးပါး, အာသဝေါကင်းပြီးသောပုဂ္ဂိုလ်၏ လွန်ကျူး၍မကျင့်ထိုက်သော အရာ (၉)မျိုး, အတိတ်, အနာဂတ်, ပစ္စုပ္ပန်အကြောင်းတို့တွင် မဟုတ်မမှန် အကျိုးမရှိသော အရာ, ဟုတ်မှန်သော်လည်း အကျိုးမရှိသောအရာတို့ကို ဘုရားရှင် မိန့်ကြားတော်မမူပုံ ဟုတ်မှန်၍ အကျိုးရှိသောအရာကိုသာ အခါအားလျော်စွာ မိန့်ကြားတော်မူပုံကို လည်းကောင်း။

ဘုရားရှင်၏ တထာဂတအမည်ရပုံ ၅-မျိုး ဘုရားရှင် ဟောကြားတော်မမူသော အရာဌာန (၈)မျိုးနှင့် ယင်းတို့ကို ဟောတော်မမူခြင်း၏အကြောင်းများ၊ ဘုရားရှင် ဟောကြားတော်မူအပ်သော သစ္စာ ၄-ပါး, ယင်းတရားတို့ကို ဟောတော်မူခြင်း အကြောင်းများ၊

ပုဗ္ဗန္တကပ္ပက မိစ္ဆာဝါဒ (၁၈)မျိုး, အပရန္တကပ္ပိကမိစ္ဆာဝါဒ (၈)မျိုး ထိုမိစ္ဆာဝါဒတို့ကို ပယ်ဖျောက်ခြင်းမှ လွတ်မြောက်ခြင်းငှါ သတိပဋ္ဌာန်တရားလေးပါးတို့ကို ဘုရားရှင် ဟောတော်မူအပ်ကုန်၏-ဟု အရှင်စုန္ဒထေရ်အား မိန့်ကြားတော်မူပါသည်။

ဘုရားရှင်၏ နောက်တော်ပါး၌ ယပ်ခပ်ပေးနေသော အရှင်ဥပဝါဏထေရ်၏ လျှောက်ထားချက်အရ ဤဒေသနာတော်ကို “ပါသာဒိက”ဒေသနာတော်ဟူ၍ မှတ်သားလေလော့-ဟု ဘုရားရှင် မိန့်ကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ နာဋပုတ္တနိဂဏ္ဌ ပါဝါမြို့၌ ကွယ်လွန်းခြင်းအကြောင်း၊ တပည့်များ ကွဲအောင် ဖန်တီးခဲ့ပုံ, ဓမ္မရတနပူဇာဝတ္ထု အစရှိသော မှတ်သားဖွယ် ဖွင့်ဆိုချက်များ ပါရှိပါသည်။ ဋီကာ၌လည်း ဖွင့်ဆိုချက်များ ရှိပါသည်။ [၂]


အပြစ်ကင်းသော ဘာသာရေးဂိုဏ်းအကြောင်းကို ဤသုတ်၌ ရှင်းလင်းထင်ရှားစေသည်။ ပါဝါပြည် စုန္ဒရဟန်းကိုအကြောင်းပြု၍ ဤသုတ်ကိုဟောရသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -ဒီ၊၃၊၉၇-၁၁၆။ ဒီ၊မြန်၊၃၊၁၀၇-၁၃၃။ ဒီ၊ဋ္ဌ၊၃၊၈၉-၁၀၀။ ဒီ၊ဋီ၊၃၊၈၇-၉၉။ -ဒီဃနိကာယ၊ ပါထိကဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။