နာဂသုတ်

ဝီကီပီးဒီးယား မှ

(၆)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဒါယကာတို့အိမ်သို့ အလွန်ကြာမြင့်စွာ ချဉ်းကပ်မှုနှင့်ပတ်သက်၍ မထေရ်မြတ်တို့၏ ပြောဆိုဆုံးမမှုကို မလိုက်နာသော ရဟန်းငယ်ကို အကြောင်းပြု၍ တောအုပ်အတွင်း ရေအိုင်ကြီးဝယ် ကြာစွယ်ကြာရင်းကို နတ်ယူစားသောက်သော ဆင်ကြီးတို့ကို အတုလိုက်၍စားသဖြင့် သေဆုံးခြင်း၊ သေလုနီးပါးဆင်းရဲကို ခံစားရသော ဆင်ငယ်ဥပမာဖြင့် ရရှိဖြစ်ပေါ်လာသော လာဘ်ကို သင့်မြတ်စွာအသုံးပြုပုံ မသင့်မြတ်သောအသုံးပြုပုံတို့ကို မိန့်ကြားတော်မူပြီး ဤသာသနာတော်၌ ဖြစ်ပေါ် လာသောလာဘ်ကို မတပ်မက်, မတွေဝေ, တဏှာဖြင့် မလွှမ်းမိုး အပြစ်ကိုရှုလျက် ထွက်မြောက်ကြောင်း ပညာရှိသည်ဖြစ်၍ သုံးဆောင်ကြကုန်အံ့ဟု သင်တို့ကျင့်ကြရ မည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် နဂါးတို့သည် ဟိမဝန္တာတောင်မင်းကို အမှီပြုကြကုန်၍ ကိုယ်ကိုကြီး ပွားစေ၍ အင်အားကိုယူစေကြကုန်၍ ထူးအိုင်မှစ၍ အဆင့်ဆင့် မဟာသမုဒ္ဒရာသို့ သက်ဆင်းကြပြီး မဟာသမုဒ္ဒရာ၌ ကိုယ်ဖြင့် ကြီးမားပြန့်ပြောခြင်းသို့ ရောက်ကြကုန် သကဲ့သို့ ထို့အတူ ရဟန်းတော်သည် သီလ၌တည်လျက် အဋ္ဌင်္ဂိကအရိယ မဂ်တစ်ပါး တစ်ပါးစီကို ဝိဝေကနိဿိတ, ဝိရာဂနိဿိတ, နိရောဓ နိဿိတ, ဝေါဿဂ္ဂ ပရိဏာမီ ဖြစ်အောင် ပွားများ, ကြိမ်ဖန်များစွာ အလေ့အလာပြုလျှင် ဓမ္မတို့၌ ကြီးမြတ်ခြင်း ပြန့်ပြောခြင်းသို့ ရောက်နိုင်၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၃] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မင်း၏စီးတော်ဆင် မင်းအသုံးအဆောင် မင်း၏အင်္ဂါ အစိတ်အပိုင်းဖြစ် ထိုက်သော စီးတော်ဆင်၏ အင်္ဂါလေးပါးကို ပမာထား၍ အာဟုနေယျ အစရှိသော ရဟန္တာပုဂ္ဂိုလ်၏ အင်္ဂါငါးရပ် အရည်အချင်းဖြစ်နိုင်သော ရဟန်းတော်၏ အင်္ဂါလေးမျိုး နှိုင်းယှဉ်၍ ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ ရှိပါသည်။


[၄] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ အစိရဝတီမြစ် ပုဗ္ဗကောဋ္ဌက ရေချိုး ဆိပ်၌ ကောသလမင်းကြီး၏ ဆင်ဖြူတော်ရတနာ ရေချပြီး ပြန်တက်လာသည့် အခါ လူအပေါင်း၏ ချီးကျူးသောစကားကို အကြောင်းပြု၍ ဘုရားရှင်က “မဟန္တ ဗြဟန္တ ကာယူပပန္န ဖြစ်သော ဆင်, မြင်း, နွား, နဂါး, လူတို့ကို လူအပေါင်းက “နာဂ” ဟု ပြောဆိုချီးမွမ်းကြပုံ၊ စင်စစ်သော်ကား “ဩကာသလောက, သတ္တလောက၌ ကာယ, ဝစီ, မနဒွါရ သုံးပါးတို့တွင် တစ်ပါးပါးဖြင့် မကောင်းမှုကို မပြုလုပ်, မပြောဆို, မကြံစည်သူကိုသာ “နာဂ”ဟု မိန့်ဆိုတော်မူကြောင်း မိန့်ကြားတော်မူချက် ဒေသနာတော်ကို ကာဠုဒါယီထေရ်က ချီးကျူးပြီး (၁၆) ဂါထာတို့ဖြင့် ဝမ်းမြောက် နမော် သာဓုကာရပြုသည်ကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဘုရားရှင် ရေသုံးသပ်တော်မူခြင်းနှင့်ဆက်စပ်၍ သိမှတ်ဖွယ်, ကြည်ညိုဖွယ်ရာများနှင့်တကွ မှတ်သားဖွယ်တို့ ဖွင့်ဆိုထားသည်။


[၅] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် “ဆင်အုပ်နှင့် အတူနေရခြင်းကြောင့်ဖြစ်သော ဆင်းရဲဒုက္ခကို ငြီးငွေ့ စိတ်ပျက် စက်ဆုပ် ရွံမုန်း၍ တစ်စီးတည်း နေရခြင်းကြောင့်ဖြစ်သော ချမ်းသာသုခကို အောက်မေ့ပြီး သစ်ခက်ကိုချိုး၍ ကိုယ်ကိုပွတ်သပ်ပြီး နှာမောင်းကို မြှောက်ချီ ဝမ်းသာနေသော တောဆင်ပြောင်ကြီးကဲ့သို့ အပေါင်းအဖော်ပရိသတ်နှင့် ခွဲခွာပြီး တောရကျောင်း၌ ဘာဝနာလုပ်ငန်းကို အချိန်ပြည့်အားထုတ်ရသဖြင့် ဈာန်မဂ်, ဖိုလ်, ကို ရရှိပြီး အာသဝေါကုန်ခမ်း နှစ်သက် ဝမ်းမြောက်ရပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်များပါရှိပါသည်။


[၆] ဘုရားရှင် ပါလိလေယျကတောအုပ်၌ တစ်ပါးတည်း သီတင်းသုံးတော်မူစဉ် (ဝိဝေကသုခ) ပရိသတ် မရှိခြင်းကြောင့်ဖြစ်သော သုခကို အကြောင်းပြုတော်မူ၍ လည်းကောင်း၊ ပါလိလေယျကဆင်မင်း၏ ဆင်အုပ်မှထွက်၍ တစ်စီးတည်းနေရခြင်းကြောင့်ဖြစ်သော ချမ်းသာသုခကို အောက်မေ့နေပုံကိုလည်းကောင်း၊ ပါလိလေယျက ဆင်မင်း၏ စိတ်ကို ကိုယ်တော်၏စိတ်ဖြင့် သိတော်မူခြင်းကြောင့် “ဧတံ နာဂဿ နာဂေန အစရှိသော ဂါထာတော်ဖြင့် ဥဒါန်းကျူးရင့်တော်မူပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌ ပါလိလေယျက တောအုပ်သို့ တစ်ပါးတည်း ကြွတော်မူခြင်း အကြောင်း အစရှိသည်တို့ကို ဖွင့်ပြတော်မူထားပါသည်။ [၇]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၅၈-၉။ သံ၊မြန်၊၁၊၄၄၇-၈။ သံ၊ဋ္ဌ၊၂၊၂၁၂။ သံ၊ဋီ၊၂၊၁၉၂။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၉-ဩပမ္မသံယုတ္တ၊ နဝမသုတ်။
  2. -သံ၊၃၊၄၄။ သံ၊မြန်၊၃၊၄၆-၇။ သံ၊ဋီ၊၂၊၄၁၁။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁-မဂ္ဂသံယုတ္တ၊ ၆-ဗလကရဏီယဝဂ္ဂ၊ တတိယသုတ်။
  3. -အံ၊၁၊၄၃၁-၃။ အံ၊မြန်၊၁၊၄၄၄-၅၊ အံ၊ဋ္ဌ၊၂၊၃၂၉။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၃-တတိယပဏ္ဏာသက၊ (၁၂) ၂-ကေသိဝဂ္ဂ၊ စတုတ္ထသုတ်။
  4. -အံ၊၂၊၃၀၂-၅။ အံ၊မြန်၊၂၊၃၈၈-၃၉၂။ အံ၊ဋ္ဌ၊၃၊၁၁၀-၃။ အံ၊ဋီ၊၃၊၁၀၉-၁၁၃။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၅-ဓမ္မိကဝဂ္ဂ၊ ပထမသုတ်။
  5. -အံ၊၃၊၂၃၀-၃။ အံ၊မြန်၊၃၊၂၃၀-၂။ အံ၊ဋ္ဌ၊၃၊၂၈၂။ -အင်္ဂုတ္တရနိကာယ၊ နဝကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၄-မဟာဝဂ္ဂ၊ နဝမသုတ်။
  6. -ဥဒါန၊၁၂၅-၅။ ဥဒါန၊မြန်၊၁၁၃-၄။ ဥဒါန၊ဋ္ဌ၊၂၂၅-၈။ -ခုဒ္ဒကနိကာယ၊ ဥဒါန၊ ၄-မေဃိယဝဂ္ဂ၊ ပဉ္စမသုတ်။
  7. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ