ဓာတုသုတ်

ဝီကီပီးဒီးယား မှ

(၅)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, အာကာသဓာတ်, ဝိညာဏဓာတ်ဟူသော ဓာတ် (၆)ပါးတို့တွင် တစ်ပါးစီ တစ်ပါးစီကို အနတ္တလက္ခဏသုတ် ဒေသနာတော်နည်းဖြင့် မေးမြန်းတော်မူပြီး သားတော် ရာဟုလာအား ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အထက်သုတ်ပါ ဓာတ်(၆)ပါးတို့၏ စတင်၍ဖြစ်ခြင်း, တည်တံ့ခြင်း, အသစ်ဖြစ်ပေါ်ခြင်း ထင်ရှားစွာဖြစ်ခြင်းသည် ဆင်းရဲဒုက္ခ၏ စတင်၍ဖြစ်မှု, အနာရောဂါတို့၏ တည်တံ့မှု, ဇရာမရဏ၏ ထင်ရှားစွာ ဖြစ်ပေတည်းဟု လည်းကောင်း၊ ယင်းဓာတ် (၆)ပါးတို့၏ ချုပ်ခြင်း၊ ငြိမ်းပျောက်ခြင်း, ကွယ်ပျောက်ခြင်းသည် ဆင်းရဲ၏ချုပ်မှု ရောဂါတို့၏ငြိမ်းမှု, ဇရာ မရဏ၏ ကွယ်ပျောက်မူပေတည်းဟု လည်းကောင်း ဓာတ်တစ်ပါးစီ တစ်ပါးစီကို ခွဲခြမ်းဝေဖန်၍ အနုလောမ, ပဋိလောမ နည်းအားဖြင့် ရဟန်းတို့အား ဟောတော်မူသည့်သုတ်။


[၃] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အထက်သုတ်ပါ ဓာတ်(၆)ပါးတို့၌ ဆန္ဒရာဂဖြစ်ခြင်းသည် စိတ်၏ညစ်နွမ်းမှုဖြစ်ကြောင်း၊ ယင်းဆန္ဒရာဂကို ပယ်နိုင်သောအခါ စိတ်၏ညစ်နွမ်းမှုကို ပယ်ပြီးဖြစ်ပုံ၊ ကာမမှထွက်မြောက်မှု၌ စိတ်ညွတ်ပုံ၊ နေက္ခမ္မဖြင့် ထုံမွမ်းအပ်သော စိတ်သည် အဘိညာ, သစ္ဆိကရဏီယဓမ္မတို့၌ (သိနိုင်, မျက်မှောက်ပြုနိုင်ရန်)ခံ့ပုံ၊ ဓာတ် တစ်ပါးစီ တစ်ပါးစီ ခွဲခြမ်းဝေဖန်တော်မူ၍ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၄] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကာမဓာတ်ကိုပယ်ရန် နေက္ခမ္မဓာတ်ကို ပွါးများရမည်။ ဗျာပါဒဓာတ်ကို ပယ်ရန် အဗျာပါဒဓာတ်ကို ပွါးများရမည်။ ဝိဟိံသာဓာတ်ကို ပယ်ရန် အဝိဟိံသာဓာတ်ကို ပွားများရမည်ဟု အချင်းချင်း ဆန့်ကျင်ဘက်ဓာတ်များကို ဘုရားရှင်, ရဟန်းတော်တို့အား ဟောတော်မူသည့်သုတ်။


[၅] ရူပဓာတ်ကို ပိုင်ခြားသိ၍ အရူပဓာတ်တို့၌ မကပ်ငြိပဲ နိရောဓဓာတ်၌ အာရုံပြုကာ အရိယာမဂ်ဖြင့် ကိလေသာမှ လွတ်သောသူတို့သည် သေခြင်းမှ လွတ် မြောက်ပုံ၊ အာသဝေါကင်းပြီးသော မြတ်စွာဘုရားသည် နာမကာယဖြင့် ဥပဓိကင်းသော အမတဓာတ်သို့ ရောက်တော်မူ၍ ဥပဓိတို့ကို စွန့်လွှတ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူပြီး စိုးရိမ်မှု, ကိလေသာ မြူကင်းသော နိဗ္ဗာန်တရားတော်ကို ဟောတော်မူပုံကို ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ ဟောကြားသည့်သုတ်။

အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ [၆]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၄၂။ သံ၊မြန်၊၁၊၄၃၁။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၇-ရာဟုလသံယုတ္တ၊ ပဌမဝဂ္ဂ၊ နဝမသုတ်။
  2. -သံ၊၂၊၁၉၂။ သံ၊မြန်၊၂၊၁၈၃။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၅-ဥပ္ပါဒသံယုတ္တ၊ နဝမသုတ်။
  3. -သံ၊၂၊၁၉၆။ သံ၊မြန်၊၂၊၁၈၆။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၆-ကိလေသသံယုတ္တ။ နဝမသုတ်။
  4. -အံ၊၂၊၃၈၉။ အံ၊မြန်၊၂၊၄၉၂။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ၁၁-တိကဝဂ္ဂ၊ ပဉ္စမသုတ်။
  5. -ဣတိဝုတ်၊၂၂၆။ ဣတိဝုတ်၊မြန်၊၂၁၀။ ဣတိဝုတ်၊ဋ္ဌ၊၁၇၃-၅။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ ၃-တိကနိပါတ၊ ဒုတိယသုတ်။
  6. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ