ဒေဝဒဟသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] ဘုရားရှင် သကျနိုင်ငံ ဒေဝဒဟမြို့တော်အနီး လုမ္ဗိနီဥယျာဉ်တော်၌ သီတင်းသုံးတော်မူစဉ် နိဂဏ္ဌတို့၏ ပုဗ္ဗေကတဟေတုကဒိဋ္ဌိနှင့် ဒုက္ခချုပ်ငြိမ်းပုံ အယူဝါဒ၊ ယင်းဝါဒနှင့် ဆက်စပ်၍ “အဟုဝမှေဝ အစရှိသော ပြဿနာ ငါးချက်ကို သိ၊ မသိ မေးမြန်း၍ မြှားစူးဝင်ခံရသူဥပမာဖြင့် နိဂဏ္ဌဝါဒကို ချေဖျက်ပုံ၊ နိဂဏ္ဌတို့က “နာဋပုတ္တ နိဂဏ္ဌ၏ မိန့်ကြားချက်၊ ယင်းမိန့်ကြားချက်ကို နှစ်သက်ကြေနပ်ပုံ၊ ဘုရားရှင်က မှန်၊ မမှန် အကျိုးနှစ်မျိုးရှိသော သဒ္ဓါအစရှိသော တရားငါးမျိုးဖြင့် စီစစ်ပြရာ နိဂဏ္ဌတို့ ပြန်လည်မချေပနိုင်ပုံ၊ ဘုရားရှင်က “နိဂဏ္ဌတို့ကျင့်စဉ်၌ ဆင်းရဲဒုက္ခခံစားမှုရှိ၊ မရှိကို မေးမြန်း၍ နိဂဏ္ဌဝါဒ စိစစ်ပြတော်မူရာ နိဂဏ္ဌတို့ ပြန်လည်မချေပနိုင်ပုံ၊ ဘုရားရှင်က “ဒိဋ္ဌဓမ္မဝေဒနီယကံကို သမ္ပရာယဝေဒနီယကံ၊ သုခဝေဒနီယကံကို ဒုက္ခဝေဒနီယကံ၊ ပရိပက္ကဝေဒနီယကံကို အပရိပက္ကဝေနီယကံ၊ အပ္ပဝေဒနီယကံကို ဗဟုဝေဒနီယကံ၊ သဝေဒနီယကံကို အဝေဒနီယကံတို့ အပြန်အလှန်ဖြစ်အောင် လုံ့လပြုအားထုတ်၍ ရနိုင်၊ မရနိုင်ကို မေးမြန်းစိစစ်တော်မူပုံ၊ ပုဗ္ဗေကတဟေတု၊ ဣဿရနိမ္မာနဟေတု၊ သင်္ဂတိဘာဝဟေတု၊ အဘိဇာတိဟေတု၊ ဒိဋ္ဌဓမ္မူပက္ကမဟေတုကြောင့် သတ္တဝါတို့ သုခဒုက္ခခံစားရလျှင် နိဂဏ္ဌတို့သည် ပုဗ္ဗေဒုက္ကဋကမ္မကာရီပုဂ္ဂိုလ် ပါပကေန ဣဿရေန နိမ္မိတပုဂ္ဂိုလ်၊ ပါပသင်္ဂတိကပုဂ္ဂိုလ်၊ ပါပါဘိဇာတိက ပုဂ္ဂိုလ်၊ ဒိဋ္ဌဓမ္မူပက္ကမ ပုဂ္ဂိုလ်များဖြစ်ပုံ၊ နိဂဏ္ဌဝါဒသည် “ဒသသဟဓမ္မိက ဝါဒါနုဝါဒ ဂါရယှ ဌာန”သို့ ရောက်ရှိပုံ။ နိဂဏ္ဌဝါဒ၌ ဥပက္ကမ, ပဓာနလုပ်ငန်းတို့ အကျိုးမရှိပုံကို မိန့်ကြားတော် မူပါသည်။

နိယျာနိကသာသနာတော်၌ အားထုတ်မှု, လုံ့လဝီရိယ၏ အကျိုးရှိပုံ၊ အမျိုးသမီးတစ်ဦး၌ ချစ်ကြိုက်နေသော ယောက်ျားဥပမာဖြင့် ရှင်းလင်း မိန့်ကြားတော်မူပြီး၊ သုခဝိဟာရ, ဒုက္ခဝိဟာရတို့၌ အကုသိုလ်တရားတို့ ဆုတ်ယုတ်မှု, ကုသိုလ်တရားတို့ တိုးပွားမှုကို သုံးသပ်၍ မြားဖြောင့်အောင် ပြုလုပ်သော ယောက်ျားဥပမာဖြင့် အားထုတ်မှု လုံ့လဝီရိယ၏ အကျိုးရှိပုံကို မိန့်ကြားတော်မူပါသည်။

ဆက်လက်၍ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ဘုရားရှင်နှင့် တရားတော် အပေါ် ယုံကြည်သက်ဝင်ပုံ၊ ရဟန်းပြုပုံ၊ သီလနှင့်ပြည့်စုံပုံ၊ အနဝဇ္ဇသုခ ခံစားရပုံ၊ ဣန္ဒြိယ သံဝရသီလနှင့်ပြည့်စုံပုံ၊ သတိသမ္ပဇဉ်နှင့်ပြည့်စုံပုံ၊ တရားအားထုတ်ရာအရပ်၌ တရား အားထုတ်ပုံ၊ ဥပစာရသမာဓိ, အပ္ပနာ သမာဓိနှင့် ပြည့်စုံပုံ၊ ရူပဈာန်လေးပါးရရှိပုံ၊ ပု, ဒိ, အာ, ဝိဇ္ဇာသုံးပါးရရှိပြီး ရဟန္တာဖြစ်ပုံ၊ ဤသို့ ဝါဒရှိတော်မူသော အားထုတ်မှု၊ လုံ့လဝီရိယ၏ အကျိုးရှိပုံ၊ ဘုရားရှင်တို့၏ ဒသသဟဓမ္မိကပါသံသဌာနသို့ ရောက်ရှိပုံတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များနှင့်အတူ ဒိဋ္ဌဓမ္မဝေဒနီယ ကုသိုလ်ကံအရာဝယ် ပုဏ္ဏသေဋ္ဌိဝတ္ထု၊ ကာဠဝဠိယသေဋ္ဌိဝတ္ထု, မလ္လိကာ ဒေဝီဝတ္ထု၊ အကုသိုလ်အရာ၌ နန္ဒမာဏဝကဝတ္ထု နန္ဒယက္ခဝတ္ထုတို့ကို ပြဆိုထားပါသည်။

ဋီကာ၌လည်း မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။


[၂] ဘုရားရှင် သကျနိုင်ငံ ဒေဝဒဟနိဂုံး၌ သီတင်းသုံးတော်မူစဉ် ပစ္ဆာဘူမိ အရပ်သို့သွား၍ နေလိုကြသော လျှောက်ထားလာသော ရဟန်းတို့အား အရှင်သာရိပုတ္တရာကို ပန်ကြားပြီးမှ ခရီးထွက်ကြရန် ဘုရားရှင်က မိန့်တော်မူပါသည်။

အရှင်သာရိပုတ္တရာက ခွင့်ပန်လာကြသော ရဟန်းတော်များအား နိုင်ငံခြား၌ မင်း, ပုဏ္ဏား, သူကြွယ်, ရဟန်းပညာရှိများ စူးစမ်းတတ်သောလူများက ပြဿနာ မေးလာလျှင် ဘုရားရှင် ဟောတော်မူသည့်အတိုင်း ဟောကြားရန်, ဘုရားရှင်အား မဟုတ်မမှန်သောအားဖြင့် စွပ်စွဲရာမရောက်ရန်, တရားတော်အားလျော်သော တရားကိုသာ ဖြေကြားရန်၊ မိမိပြောဆိုသောဝါဒ, ဝါဒအားလျော်သောစကားကို အကြောင်း နှင့်တကွ ကဲ့ရဲ့ရာ မရောက်အောင် ဓမ္မကိုနာကြား, သင်ယူမှု မှန်ကန်စွာ နှလုံးသွင်း၊ မှန်ကန်စွာ ဆောင်ထားပြီး, ပညာဖြင့် ထိုးထွင်း၍သိဖို့ လိုအပ်ပုံကို မိန့်ကြားတော်မူသည့်အခါ ရဟန်းတို့၏ လျှောက်ထားချက်အရ (၁) မြတ်စွာဘုရားသည် ခန္ဓာငါးပါးတို့၌ ဆန္ဒရာဂကို ပယ်ဖျောက်ဖို့ရန် ဟောတော်မူပုံ၊ (၂) ခန္ဓာငါးပါး၌ ဆန္ဒ ရာဂ, ပေမ, ပိပါသ, ပရိဠာဟ, တဏှာ, မကင်းသေးသူအား ခန္ဓာငါးပါး ဖောက်ပြန်ခြင်း, တမျိုးတမည် ပြောင်းလဲဖြစ်ခြင်းကြောင့် သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ ဥပါယာသတို့ ဖြစ်လာပုံ၊ ဤအပြစ်ကို မြင်၍ ဆန္ဒ ရာဂ ပယ်ဖျောက်ရန် ဟောတော်မူပုံ၊ (၃) ခန္ဓာငါးပါး၌ ဆန္ဒရာဂတဏှာကင်းပြီးသောသူအား ခန္ဓာငါးပါး ဖောက်ပြန်ခြင်း အစရှိသည်ကြောင့် သောကအစရှိသော ပူပန်မှုများ မရှိပုံ၊ ထို့ကြောင့် ဆန္ဒရာဂကို ပယ်ဖျောက်ရမည်ဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီ အသေးစိတ် ဟောတော်မူပုံ၊ (၄) အကုသိုလ်တရားများ ဖြစ်နေသော သူအား မျက်မှောက်ဘဝ၌ ဆင်းရဲ ပင်ပန်း, ပူပန်စွာနေရပုံ၊ ကွယ်လွန်ပြီးနောက် ဒုဂ္ဂတိဘဝသို့ရောက်နိုင်ပုံ၊ (၅) ကုသိုလ် တရားတို့ ဖြစ်နေသောသူသည် မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရပုံ၊ ကွယ်လွန် ပြီးနောက် သုဂတိဘဝသို့ ရောက်ရပုံတို့ကိုဖြေကြားရမည်ဟု အရှင်သာရိပုတ္တရာက ပစ္ဆာဘူမိအရပ်သို့ ခရီးထွက်မည့် ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။


[၃] ဘုရားရှင် သကျနိုင်ငံ ဒေဝဒဟနိဂုံး၌ သီတင်းသုံးတော်မူစဉ် ရဟန္တာပုဂ္ဂိုလ်၏ ဂုဏ်ရည်များကို မိန့်ကြားတော်မူပြီး ရဟန္တာပုဂ္ဂိုလ်တို့အား ဖဿာယတန(အာရုံ)၊ (၆)ပါးတို့၌ အပ္ပမာဒဖြင့် ပြုကြပြီး၊ မေ့လျော့ခြင်း မဖြစ်ထိုက်သောကြောင့် အပ္ပမာဒဖြင့် ပြုရမည်ဟု ဟောတော်မမူပုံ၊ အရဟတ္တဖိုလ်သို့ မရောက်သေးကုန် ယောဂကုန်ရာ နိဗ္ဗာန်ကို တောင်းတ၍ကျင့်နေကြကုန်သော ရဟန်းတို့အား ဝိညာဏ်(၆)ပါးတို့ဖြင့် သိအပ်ကုန်သော စိတ်၏မွေ့လျော်ဖွယ်ဖြစ်ကုန်, မွေ့လျော်ဖွယ်မဖြစ်ကုန်သော အာရုံ (၆)ပါးတို့သည် တွေ့ထိကုန်၍ တွေ့ထိကုန်၍ ကုသိုလ်စိတ်ကိုကုန်စေ၍ မတည်နိုင် ခြင်းကြောင့် တွန့်တိုဆုတ်နစ်မှု မရှိအောင် ဝီရိယကို အားထုတ်ထားခြင်းကြောင့် သတိသည် မပျောက်မပျက် အာရုံ၌ စွဲမြဲစွာ တည်နေ၏။ နာမကာယ၊ ရူပကာယသည် ပူပန်မလိမ်း ငြိမ်းအေးနေ၏၊ စိတ်သည် အာရုံတစ်ခုတည်း၌ ငြိမ်သက်စွာတည်နေ၏။ အပ္ပမာဒ၏အကျိုးကို သိမြင်ကြကုန်သော ထိုရဟန်းတို့အား ဖဿာယတန (အာရုံ) (၆)ပါးတို့၌ တွေ့ထိကုန်၍ တွေ့ထိကုန်၍ ကုသိုလ်စိတ်ကိုကုန်စေ၍ မတည်နိုင်အောင် မမေ့မလျော့ အားထုတ်သပြုရမည်ဟု ငါဘုရား ဟောတော်မူ၏ဟု ဖဿာယတန နှင့်ဝိညာဏ် တစ်ပါးစီ တစ်ပါးစီကို ဝေဘန်၍ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၃၊၁-၁၇။ မ၊မြန်၊၃၊၁-၁၉။ မ၊ဋ္ဌ၊၄၊၁-၁၀။ မ၊ဋီ၊၃၊၂၁၁-၈။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၁-ဒေဝဒဟဝဂ္ဂ၊ ပထမသုတ်။
  2. -သံ၊၂၊၅-၈။ သံ၊မြန်၊၂၊၅-၈။ သံ၊ဋ္ဌ၊၂၊၂၃၆-၈။ သံ၊ဋီ၊၂၊၂၀၈-၉။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ ၁-နကုလပိတုဝဂ္ဂ၊ ဒုတိယသုတ်။
  3. -သံ၊၂၊၃၄၀-၁။ သံ၊မြန်၊၂၊၃၃၃-၄။ သံ၊ဋ္ဌ၊၃၊၄၄။ သံ၊ဋီ၊၂၊၃၁၃။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၁၄) ၄-ဒေဝဒဟဝဂ္ဂ၊ ပဌမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ