တိကိစ္ဆကသုတ်

ဝီကီပီးဒီးယား မှ

[၁] သလိပ်၊ သည်းခြေ၊ လေကြောင့်ဖြစ်ကုန်သော ရောဂါဝေဒနာတို့ကို ကင်းပျောက်စေရန် သမားတော်ကြီးတို့သည် ဝမ်းနုတ်ဆေးကို ပေးကြကုန်၏။ (ကိစ္စ) ပြီးသည်လည်းရှိ၏။ မပြီးသည်လည်းရှိ၏။

ငါဘုရား ဟောကြားတော်မူအပ်သော အရိယဝမ်းနုတ်ဆေးသည် (ကိစ္စ) ပြီးစီးသည်သာဖြစ်၏။ မပြီးစီးသည်မရှိ။

ငါဘုရား ဟောကြားတော်မူအပ်သော အရိယဝမ်းနုတ်ဆေးကို အကြောင်းပြု၍ ဇာတိသဘောရှိသော သတ္တဝါတို့သည် ဇာတိမှလည်းကောင်း၊ ဇရာသဘောရှိကုန်သော သတ္တဝါတို့သည် ဇရာမှလည်းကောင်း၊ မရဏသဘောရှိကုန်သော သတ္တဝါတို့သည် မရဏမှလည်းကောင်း၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘောရှိကုန်သော သတ္တဝါတို့သည် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘောမှလည်းကောင်း၊ လွတ်မြောက်ကြကုန်၏။

အရိယဝမ်းနုတ်ဆေးဟူသည် သမ္မာဒိဋ္ဌိ (မှန်ကန်သောအယူအမြင်) ရှိသောသူအား မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိလျှင် အကြောင်းရှိကုန်သော များစွာသော ယုတ်ညံ့သော အကုသိုလ်တရားတို့ ပယ်နုတ်ပြီး ဖြစ်ကုန်၏။ သမ္မာဒိဋ္ဌိဟူသောအကြောင်းကြောင့် များစွာသော ကုသိုလ်တရားတို့ ပွားများပြည့်စုံခြင်းသို့ ရောက်ကုန်၏။

သမ္မာသင်္ကပ္ပ (မှန်ကန်သော အကြံအစည်) ရှိသောသူအား မိစ္ဆာသင်္ကပ္ပ၊ သမ္မာဝါစာရှိသောသူအား မိစ္ဆာဝါစာ၊ သမ္မာကမ္မန္တရှိသောသူအား မိစ္ဆာကမ္မန္တ၊ သမ္မာအာဇီဝရှိသောသူအား မိစ္ဆာအာဇီဝ၊ သမ္မာဝါယာမရှိသောသူအား မိစ္ဆာဝါယာမ, သမ္မာသတိရှိသောသူအား မိစ္ဆာသတိ, သမ္မာသမာဓိရှိသောသူအား မိစ္ဆာသမာဓိ, သမ္မာဉာဏရှိသောသူအား မိစ္ဆာဉာဏ၊ သမ္မာဝိမုတ္တိရှိသောသူအား မိစ္ဆာဝိမုတ္တိ၊ မိစ္ဆာဝိမုတ္တိဟူသောအကြောင်းကြောင့် များစွာယုတ်မာကုန်သော အကုသိုလ်တရားတို့ ပယ်နှုတ်ပြီးဖြစ်ကုန်၏။ သမ္မာဝိမုတ္တိဟူသော အကြောင်းကြောင့် များစွာသော ကုသိုလ် တရားတို့ ပွားများပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ဤအရိယာဝမ်းနုတ်ဆေးသည် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဟူသော ဆင်းရဲဒုက္ခ ဝေဒနာတို့ ကင်းပျောက်ပြီးစီးကုန်၏။ မပြီးစီးသည်မရှိဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၄၃၃-၄။ အံ၊မြန်၊၃၊၄၂၅-၇။ အံ၊ဋ္ဌ၊၃၊၃၃၅။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၁) ၁-သမဏသညာဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ